သူရဲကောင်းကျော်တော်ကြီး
Vol. 4 Ch. 58
ရှို့တိနယ်နိမိတ်ထဲဝင်လာပြီဆိုတာနဲ့ အိုက်ရှားနဲ့ယှဉ်ရင် ကွဲပြားမှုတော်တော်များများတွေ့ရပေမယ့် ရိုးရှင်းတဲ့ လူသားသဘာဝတွေကတော့ အတူတူပါပဲ။ ရှို့တိက နေရာတိုင်းမှာ သူရဲကောင်း ဝတ်စုံ ဝတ်ဆင်ထားတဲ့ စစ်သည်တော်တွေကို တွေ့နေရတယ်။ ဝေးလံခေါင်များတဲ့ ရွာတွေမှာလဲ အတူတူပဲ။ ရှို့တိက စစ်ရေးအဆင်အလာကို ဂုဏ်ယူလေးစားတယ်ဆိုတာ အရမ်းသိသာတယ်။
လမ်းခရီးမှာ ဆရာတိပေးလိုက်တဲ့ အလင်းမှော်ပညာကျမ်းထဲကနေ အရင်က မသုံးနိုင်သေးတဲ့ အဆင့်(၈)မန္တန်တွေကို လေ့ကျင့်တာပေါ့။ ဒီမန္တန်တွေက အဆင့်တစ်ခုပဲ မြင့်တယ်ဆိုပေမယ့် သူ့စွမ်းအားတွေက အံ့ဩလောက်အောင်ကို မိုးနဲ့မြေလိုကွာတယ်။ ကျုပ်ခွန်အားတွေ တိုးလာပြီဆိုတော့ ဒီလက်တွေ့လေ့လာရေး ခရီးစဉ် ပြီးမြောက်အောင်မြင်ဖို့ တော်တော်လေး ယုံကြည်မှုရှိလာတယ်။
ကျုပ်က ကျန့်ဟူပေးထားတဲ့ ကမ္ဘာမြေအဆင့် သူရဲကောင်းဝတ်စုံ ဝတ်ထားတော့ ရှို့တိနိုင်ငံရဲ့ မြို့တော်ထဲကို အခက်အခဲမရှိ ရောက်လာတယ်ဗျ။ အား…..ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်တဲ့ အဆောက်အုံတွေ၊ မြင့်မားလိုက်တဲ့ မြို့ရိုးမျှော်စင်တွေလဲဗျာ၊ ပထမဆုံး မြင်လိုက်ရတဲ့ အမြင်နဲ့တင် လူတွေကို ရှိန်လောက်စေတယ်။ ကျွန်တော် မြင်ရသလောက်ဆိုရင် မြို့စောင့်တပ်ဖွဲ့ဝင်တွေက တကယ်ကို အဆင့်မြင့် စစ်သည်တွေဗျ။
မြို့စောင့်တပ်က အရာရှိတွေနဲ့ အပြင်က အရပ်သားတွေက ကမ္ဘာမြေ သူရဲကောင်းဝတ်စုံ ဝတ်ထားတဲ့ ကျုပ်ကိုမြင်တော့ သူတို့တွေ အရမ်းကို လေးစားအားကျတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာ။ မြို့ထဲဝင်ကာနီးမှာ လူတစ်ယောက်က..
“ ရှေ့ကလူတွေ လမ်းဖယ်ပါ၊ လမ်းဖယ်ပါ”
ကျုပ်လဲ မသိစိတ်နဲ့ လမ်းဘေးကို ကပ်ပေးလိုက်ပြီး မြို့ထဲဘက်ကို ကြည့်လိုက်မိတယ်။ အာ.. အဲဒါကြီးက မြေနဂါးလား။
ဧရာမ အကောင်ကြီး (၁၀)ကောင် အပြေးအလွှား ဖြတ်သွားတာ တွေ့လိုက်ရတယ်။ သတ္တဝါ တစ်ကောင်စီပေါ်မှာ (၃.၆)မီတာလောက် ရှည်တဲ့ နဂါးလှံကြီးတွေ ကိုင်ထားတဲ့ သံချပ်ကာသူရဲကောင်း တစ်ယောက်စီ ထိုင်နေတယ်။ တော်တော် အံ့ဩဖို့ကောင်းတာပဲ။ ဒီကောင်ကြီးတွေက မြေနဂါးပဲ ဖြစ်လောက်တယ်။ သူ့တို့ အရှည်က ရှောင်ကျင်းနဲ့ တော်တော်လေးတူပြီး သေချာကြည့်တော့ အဲ့ကောင်ကြီးတွေက နည်းနည်းလေး တိုနေသေးတယ်။ သူတို့ ခန္ဓာကိုယ်က (၅)မိတာလောက် ရှည်ပြီး၊ ခြေထောက် တုတ်တုတ်ကြီး နှစ်ချောင်းက (၂)မီတာလောက်ရှိတယ်။ သူတို့နှစ်ဖူးပေါ်မှာလဲ လည်သည်းလိုမျိုး (၂)ချောင်းနဲ့။ ကျားတစ်ကောင်ကိုတောင် ဆွဲဖြဲပစ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ သံသယဖြစ်စရာကို မလိုဘူးရယ်။
ဘေးနားက လူကိုပဲ..
“အဲဒါ မြေနဂါးကြီးတွေလား”
“မင်းက ဒီဇာတိမဟုတ်ဘူးနဲ့တူတယ်။ မြေနဂါးတပ်ဖွဲ့က မြို့ထဲမှာ နေ့တိုင်း ကင်းလှည့်လေ့ရှိတယ်လေ။ သူတို့တွေက ငါ့တို့ စံပြ ပုဂ္ဂိုလ်တွေပေါ့”
“ဟဲ.. ဟဲ။ ဟုတ်တယ်ဗျ။ သူရဲကောင်း ကျောင်းတော်ကြီးကို တက်ဖို့လာခဲ့တာလေ။ ဒီမြေနဂါးကြီးတွေကို တခါမှ မမြင်ဖူးခဲ့သေးဘူးလေ။ ဒီကောင်ကြီးတွေ တော်တော် အထင်ကြီးစရာပဲ”
“နောက်ဆို မင်းလဲ မြေနဂါးတပ်ဖွဲ့ဝင် ဖြစ်လာမှာ သေချာပါတယ်”
ရှို့တိမြို့ထဲကို ဆက်လျှောက်သွားလိုက်တော့ မြို့ရဲ့ နေရာအနှံ့မှာ စိတ်လှုပ်ရှားသံတွေနဲ့ ဆူညံ့ပြီး စည်ကားလိုက်တာဗျာ။ တစ်ခါမေးလိုက်ယုံနဲ့ တော်ဝင်သူရဲကောင်းကျောင်းတော်ကြီးနေရာကို တမ်းသိလိုက်ရတယ်။ ကျောင်းတော် အဝင်ဂိတ် ရောက်တော့ တစ်ယောက်ထွက်တားတယ်။
“ဆရာ.. မင်းဘယ်သူ့ကို ရှာနေတာလဲ”
“ကျုပ်က အိုက်ရှားနိုင် တော်ဝင်အထက်တန်းကျောင်းတော်က ဘွဲ့ရထားသူ တစ်ယောက်ပါ။ ကျောင်းအုပ်ကြီး လောင်လွင်တိ ကိုယ်စား ဒီက တော်ဝင်ကျောင်းတော်ကြီးက ကျောင်းအုပ်ကြီး လီခယ်ဝမ် ကိုတွေ့ဖို့ လာရှာတာပါ”
“ဒါဆို မင်းက အိုက်ရှားကလာတာပေါ့။ မင်းကို ကျောင်းအုပ်ကြီးနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်”
“ဒါဆို ကျေးဇူးတင်ပါတယ်ဗျာ”
အဲ့လူက တခြားအစောင့်တစ်ယောက်ကို သေချာရှင်းပြပြီး သူရဲကောင်း ကျောင်းတော်ကြီးထဲ ကျုပ်ကို ခေါ်သွားတယ်။ တံခါးကနေဝင်လိုက်တာနဲ့ ပထမဆုံးမြင်လိုက်ရတာက မြင့်မြတ်တဲ့ မြင်းရုပ်တုကြီး တစ်စုံဗျ။ ဒါတွေက သူရဲကောင်းတွေရဲ့ အမှတ်သင်္ကေတ တခုဖြစ်မယ်ထင်တယ်။ ကျောင်းစောင့်နဲ့ ကျုပ် (၇)ကြိမ်လောက် ချိုးလိုက်ကွေ့လိုက်နဲ့ အဆောက်အဦကြီး (၈)လုံးရယ်၊ လေ့ကျင့်ရေး ကွင်းတွေရယ်ကို ဖြတ်ပြီး ကျောင်းဝင်းရဲ့ ဒေါင့်တနေရာကို ရောက်လာပါရော။ ဒီပတ်ဝန်းကျင်က တော်တော်ကို ကောင်းတာပဲ။ တောအုပ်လေး တစ်ခုကျနေတာပဲ။ အပင်တွေ အများကြီး ပေါက်နေတာလေ။ တောအုပ်အလယ်မှာကျ ခြံဝင်းငယ်လေးတစ်ခုရှိပြီး ခြံလယ်မှာ အခန်းလေးတစ်ခု။ အဝေးကနေပြီး စကားသံတွေ ဝေ့ဝဲကြားနေရတယ်။
လူတစ်ယောက် ထန်မာန်အပြည့် လေသံနဲ့..
“မင်း ဘယ်လိုကောင်လဲကွ ဟေ။ ပြောင်းလွယ် ပြင်လွယ်မဟုတ်တဲ့ သိုင်းကွက်သေတွေကို မသုံးဘဲ၊ ကိုယ်တိုင် လေ့လာ အသစ်ဖန်တီးထား တာတွေကို သုံးပါဆိုနေမှပဲ။ ပျော့ပြောင်းအောင် ဆက်ပြီးလေ့ကျင့်ရင် ထာဝရ သူရဲကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးလား”
“ဟုတ်ကဲ့ပါ ဆရာ”
“ငါကိုယ်၌က အရူးလိုဖြစ်နေလား မသိပါဘူး၊ လုပ်စမ်း နောက်တစ်ခေါက်”
ကျုပ် အစောင့်ကို ကပ်ပြီး..
“အဲဒါ ဘာတွေဖြစ်နေတာလဲဗျ”
“ကျောင်းအုပ်ကြီး သူ့တပည့်ကို သင်ပေးနေတာပါဗျာ။ လာ သွားကြရအောင်”
“ကျုပ်တို့ သွားနှောက်ယှက်လို့ ကောင်းပါ့မလား”
ကျုပ်အသံ နည်းနည်းလေး ကျယ်သွားတယ်ထင်တယ်။ အခန်းထဲကနေ ထည်ဝါတဲ့ အသံကြီးက..
“ဘယ်သူလဲကွ။ ငါ့ကို စိတ်အနှောက်အယှက်ဖြစ်စေမယ့် ဘယ်သူ့ကိုမဆို ခွင့်မလွှတ်ဘူးလို့ အမိန့်ထုတ်ထားတယ်မို့လား”
“ကျောင်းအုပ်ကြီးခင်ဗျ။ အိုက်ရှားနိုင်ငံရဲ့ မဟာမှော်သခင်ကြီး လောင်လွင်တိက ဆရာကြီးကိုရှာဖို့ တစ်ယောက်လွှလိုက်လို့ပါ”
“အိုး… လာ၊ လာ၊ မြန်မြန်လာ”
အစောင့်နဲ့အတူ ခြံထဲ လိုက်ဝင်သွားလိုက်တယ်။ တစ်ယောက်က အရပ်(၂)မီတာလောက်ရှည်ပြီး မုတ်ဆိတ်မွှေးအရှည်ကြီးတွေနဲ့ အဘိုးကြီးတစ်ယောက်။ သူက စစ်သည်တော် ဝတ်စုံကို ချပ်ယပ်နေအောင် ဝတ်ထားပြီး သစ်သားဓား တစ်ချောင်း ကိုင်ထားတယ်။ သူ့ဘေးမှာတော့ ကျုပ်နဲ့ မတိမ်းမယိမ်း ဆယ်ကျော်သက်လေး တစ်ယောက်ရှိတယ်။ သူက ကျုပ်ထက် နည်းနည်းလေး အရပ်ပိုမြင့်သလိုပဲ။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းက သန်မားတဲ့ ကြွက်သားကြီးတွေပေါ်မှာ အနီရောင် အရှိုးရာတွေနဲ့။ စောစောတုန်းက သစ်သားဓားတွေနဲ့ အပြန်အလှန် တိုက်ခိုက်တေကြတာထင်တယ်။
အဘိုးကြီးရှေ့သွားပြီး လေးလေးနက်နက် ဂါရဝ ပြုလိုက်တယ်။ ပြီးတော့ ခေါင်းငုံ့ပြီး..
“မင်္ဂလာပါ ဆရာကြီး လီခယ်ဝမ်။ ကျွန်တော် အိုက်ရှားနိုင်ငံ တော်ဝင်မှော်ပညာအထက်တန်းကျောင်းက ဘွဲ့ရထားတဲ့ ကျန်းကုန်းဝေပါ။ ဆရာတိက ဆရာကြီးနဲ့တွေ့ဖို့ လွှတ်လိုက်လို့ပါ။”
ဆရာဝမ် ကျုပ်တစ်ကိုယ်လုံးကို ခေါင်းအစခြေအဆုံး ကြည့်ပြီး ပြုံးပြုံးကြီးနဲ့..
“ဟို လူအိုကြီး လောင်လွင် ငါ့ကို မေ့နေပြီ ထင်နေတာ။ မင်းက သူ့တပည့်လား။ အခုအချိန်ထိတောင် သူ့အလင်းမှော် ပညာကို သင်ချင်တဲ့သူတွေ ရှိနေတုန်းပဲလားဟ။ မင်းအရည်အချင်းက မဆိုးဘူးဆိုပေမယ့် ငါလေ့လားထားတဲ့ ကိုယ်ခံပညာတွေနဲ့ နှိုင်းယှဉ်ကြည့်ရရင်တော့ မမှီနိုင်သေးဘူး။ ဟာ ဟ။”
အရမ်း ရိုးရှင်းလွန်းတဲ့ စရိုက်တစ်ခုဆိုပေမယ့် သူ့စကားတွေက ကျုပ်ကို အရှက်ရစေတယ်။ ဒီတော့ ကျုပ်လဲ နှိမ့်ချတာလဲမဟုတ် မောက်မာတာလဲမဟုတ်တဲ့ ပုံစံနဲ့ …
“ဆရာတိရဲ့ အလင်းမှော်ပညာက တော်တော်ကို အစွမ်းထက်နေဆဲပါပဲဗျ။ ဆရာကြီးရဲ့ သိုင်းပညာတွေလိုပဲ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အရည်အချင်း တစ်မျိုးစီနဲ့ပါ။ ဒီကျောင်းသားလေးက ဒီကိစ္စကို လက်မခံနိုင်တာ ခွင့်လွှတ်ပေးပါ။ ဒါ ဆရာတိရဲ့ပါ။ ကျေးဇူးပြုပြီး ကြည့်ပေးပါအုံး”
“ဒီလိုတော့ တရားသေမပြောရဘူးကွ။ ကြားရတာ နားဝင်မချိုလိုက်တာ။ အဘိုးကြီးတိရေးထားတဲ့စာကို ဖတ်ကြည့်လိုက်အုံးမယ်။”
သူ စာကို ခပ်မြန်မြန်ပဲဖတ်လိုက်ပြီး ကျုပ်ကို ခေါင်းအစခြေအဆုံး ထပ်ကြည့်နေပြန်ရော။ နောက်ဆုံး ကျုပ်ရဲ့ ဖျောင့်စင်းနေတဲ့ ဆံပင်တွေကိုကြည့်ပြီး…
“အို့ အို… အဘိုးကြီးတိက မင်းကို တော်တော်ကြီး ယုံကြည်မှုရှိတယ်လို့ ရေးထားတယ်ကွ။ မင်းဟာ မှော်ပါရမီရှင် တစ်ယောက်လို့လဲ ပြောတယ်။ မင်းဘယ်လောက်ထိ ထက်မြက်နိုင်မလဲတော့ ငါမသိသေးဘူးပေါ့ကွာ”
အဘိုးကြီးရဲ့ ဒေါသအိုးကို တုတ်နဲ့ထပ်ထိုးသလိုဖြစ်မှာစိုးလို့ ကျုပ်ဘာမှ ပြန်မဖြေရဲဘူး။ သူ့ တပည့်ကပဲ ကျုပ်ဒုက္ခကို ကူညီဖြေရှင်းပေးလိုက်တယ်။
“ဆရာကြီး ဧည့်သည်ရောက်နေတယ်ဆိုတော့ ဧည့်ခန်းထဲကို ခေါ်လိုက်မလား။ ဆရာကြီး သူ့ကို ဖြဲခြောက်နေတာလား”
“ဟေး ဟေး။ ကောင်ပြီ။ မင်းတို့ လူငယ်တွေ အချင်းချင်း အနာဂါတ်မှာ ရင်းနှီးကြမှဖြစ်မှာမို့လား။ ဟွင့်။ ကဲကဲ အခန်းထဲသွားကြတာပေါ့။ အစောင့် မင်းပြန်လို့ရပြီ”
ကျုပ်တို့လဲ သစ်သားအခန်းထဲ ဝင်လိုက်ကြတယ်။ ဆရာဝမ်ကတော့ ဆရာတိ အခြေအနေမေးတယ်။ သူ့မေးခွန်းတွေကို ကြည့်ရတာ သူနဲ့ ဆရာတိကြားမှာ နက်နက်နဲနဲ ခင်မင်မှုရှိတယ်လို့တော့ ခံစားရတာပဲ။
“အင်း.. ငါမင်းကို မိတ်ဆက်မပေးရသေးဘူးပဲ။ ဒါက ငါ့တပည့် တုန်းရီဟော်တဲ့။ သူက နတ်(နတ်သူငယ်)သွေးနှော တစ်ယောက်ပေါ့။ ဆရာ့ စိတ်နေစိတ်ထားကို အရမ်းခံစားနားလည်နိုင်တဲ့ ကလေးပေါ့။ ဟား ဟား။”
ဆရာဝမ်ရဲ့ စကားကြောင့် တုန်းရီ နည်းနည်းရှက်သွားပုံပဲ။ ဘာဖြစ်ဖြစ် ကျုပ်ကို ခေါင်း ညိတ်ပြပြီး နွေးထွေးတဲ့ အပြုံးနဲ့…
“မင်္ဂလာပါ။ နောက်နောင် ငါ့ကို ဂရုစိုက်ပေးပါအုံး”
============= (*^*)=============
အပိုင်း(၅၉)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား