ရှို့တိသို့ ဆက်လက်၍
Vol. 4 Ch. 57
ပတ်ဝန်းကျင်က အလင်းဓါတ်တွေ ကျုပ် အနားမှာ ရစ်ဝဲနေသလို ခံစားရတယ်။ ကျုပ်တစ်ကိုယ်လုံးလဲ အလင်းသမုဒ္ဒရာကြီးထဲမှာ နှစ်မြုပ်နေသလိုပဲ။ ဒါ ဘာကြောင့် ဖြစ်နေတာလဲ။ သိမ်မွေ့လွန်းတဲ့ အလင်းဒြပ်စင်တွေကို ကျန့်ဟူ သူ့ဘာသာသူ သေချာနားလည်နိုင်အောင် ထောက်ထားတဲ့ လက်ညှိုးကို ပြတ်ရုတ်ထားလိုက်တယ်။ ပြီးတော့ ကျုပ်ရဲ့ မှော်ရွှေအမြူတေကို အာရုံစိုက်လိုက်တော့ မှော်ရွှေအမြူတေက မူမမှန်ဘဲ အထက်ဒန်တျန်ထဲမှာ တုတ်တုတ်မှ မလှုပ်ဘူး။
မတ်တပ်ရပ်၊ အညောင်းအညာဖြေဖို့လောက်ပဲ တွေးပြီး စိတ်အေးလက်အေး နေလိုက်တယ်။ ရုတ်တရက်ကြီး ပတ်ဝန်းကျင်က အလင်းရောင်တွေ ကျုပ်ကို ဗဟိုပြုပြီး လှည့်ပတ်နေကြပါလေရော။ အလင်းဓါတ်တွေ ကျုပ်ခန္ဓာကိုယ် အနှံ့ကိုပျံ့သွားလိုက်တာ တော်တော်ကြီးကို စွမ်းအားကြီးတယ်။ ကျုပ် ခုခံတာ ဘာညာ မလုပ်ဝံ့တော့ဘဲ ခန္ဓာကိုယ်ကို ဖြေလျော့ထားပြီး အလင်းဓါတ် အနှစ်သာရတွေကို လက်ခံနေရတာပေါ့။ ကျုပ်ခန္ဓာကိုယ်ထဲက အလင်းဓါတ်တွေက လျှပ်စီးတွေလိုမျိုး စုစည်းနေတယ်။ ခေါင်းကနေ ခြေဖျားအထိ ခန္ဓာကိုယ်ကြီး ဖေါင်းကားလာလိုက်တာများ မီးပုံးပျံကြီးလိုပဲ။ နောက်ထပ် လုံးဝကို စုပ်ယူလို့ မရတော့တဲ့ အနေအထားဖြစ်လာပြီ။ အဲ့အချိန်ကျမှ မှော်ရွှေအမြူတေ စပြီးလှုပ်ရှားလာတယ်။ စပြီးလည်ပတ်လာတာနဲ့အမျှ သွေးကြောတွေထဲကတဆင့် အလင်းဒြပ်စင်တွေကို အမြန်နှုန်းနဲ့ စုပ်ယူနေတော့တာ။ ဖောရောင်နေတဲ့ ခံစားချက်လဲ တဖြည်းဖြည်းပျောက်သွားတယ်။ မှော်ရွှေအမြူတေရဲ့ စုပ်ယူနှုန်းက အရင်တုန်းကထက် သိသိသာသာကို အင်အားပိုကြီးနေတာ။ ခပ်မြန်မြန်ပဲ ကျုပ်ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ အလင်းဓါတ်ပြင်းပြင်းတွေ မျှခြေတစ်ခု ဖြစ်သွားတယ်။ နောက်ပိတ်ဆုံး စိတ်လျှော့ပြီး ဝင်သက်ပြင်းပြင်း ရှိုက်ပစ်လိုက်တယ်။ ကျုပ်ခန္ဓာကိုယ်ထဲကို အလင်းဓါတ်တွေ ထပ်တိုးမလာမချင်းတော့ ဒီအခြေအနေကို ထိန်းထားနိုင်မှဖြစ်မယ်။
အသက်ပြင်းပြင်းရှူရင်းနဲ့ ခန္ဓာကိုယ်ထဲက ရွှေအမြူတေကို သေချာထိန်းချုပ်ပြီး အထက်ဒန်တျန်ထဲမှာ ဖြည်းဖြည်းချင်း စစ်ကြည့်လိုက်တော့ ရွှေအမြူတေက လုံးဝကို တိုးလျှိုပေါက် ဖေါက်ထွင်းမြင်နိုင်တဲ့အထိဖြစ်နေတဲ့အပြင် အလင်းရောင်တွေနဲ့ တောက်ပနေတာမြင်လိုက်ရတော့ ကျုပ်တော်တော်အံ့ဩသွားရတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက ရှောင်ကျင်းကလဲ စိတ်အားတက်ကြွနေတဲ့ခံစားချက်တွေကို မနှောကနေတဆင့် အသိပေးလာတယ်။ စောစောက အရှိန်အဟုန်ပြင်းတဲ့ အလင်းဒြပ်စင်တွေကနေ မဆိုစလောက် အကျိုးကျေးဇူးတွေ ရလိုက်တယ်ထင်ပါရဲ့။ အဲတော့မှ အနည်းဆုံး (၄)နှစ်(၅)နှစ်အတွင်းမှာ ရွှေအမြူတေကို လုံးဝ ဖေါက်မြင်နိုင်တဲ့အထိ ကြည်လင်နေအောင် ကျိုးစားသင့်တယ်လို့ ဆရာတိ မှာလိုက်တဲ့စကား ပြန်သတိရလိုက်မိတယ်။ ဒါဆိုရင် အခုဟာက ဘာဖြစ်နိုင်လဲ။ အရင်တုန်းက အပြောင်းအလဲတွေကိုလဲ ပြန်စဉ်းစားလိုက်မိတယ်။ ကျုပ် ကျန့်ဟူကို အလင်းဒြပ်စင်တွေနဲ့ မိတ်ဆက်လမ်းပြလုပ်ပေးလိုက်လို့ သူတို့က ကျုပ်ကို အသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်း ထပ်ပြီး သက်သေပြတာများလား။ တော်တော်တော့ အံ့ဩစရာကောင်းတာပဲ။ ရင်ထဲမှာ အပျော်စိတ်တွေ ထိန်းမနိုင် သိမ်းမရ ခံစားလာရပါလေရော။ အနည်းဆုံးတော့ လောလောဆယ် ကျုပ်က ဒီတိုက်ကြီးမှာ (၁၀)ယောက်မြောက် စွမ်းအားအကြီးဆုံး မှော်သခင်ကြီးဖြစ်လာပြီပေါ့။ စွမ်းအားတွေနဲ့ အထိုင်ကျဖို့တော့ အချိန်နည်းနည်း လိုအုံးမျာပေါ့။ ကျုပ် ဘယ်သူ့အောက်မှ ကျစရာအကြောင်းမရှိတော့ဘူး။ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျန့်ဟူ အစောကတည်းက နိုးထနေပြီး ကျုပ်ကို စိုက်ကြည့်နေတာ။ ကျုပ်နိုးလာတာ မြင်တော့ အလျင်စလိုနဲ့….
“ကျန်းကုန်း မင်းဘာဖြစ်သွားတာလဲ။ စောစောလေးက မင်းခန္ဓာကိုယ်ကနေ ရွှေအလင်းရောင်ခြည်တွေ တောက်နေတာများ သာမန်အလင်းတွေကိုတောင် ဖုံးသွားတယ်။ အဲဒါ ဘာဖြစ်တာလဲ”
“အစ်ကိုကြီး။ ငါအောင်မြင်သွားပြီကွ။ ငါမင်းကို အလင်းဒြပ်စင်နဲ့ မိတ်ဆက်လမ်းပြလုပ်ပေးတုန်းက ဘာကြောင့်မှန်းမသိဘဲ အလင်းဓါတ်တွေရဲ့ အနှစ်သာရတွေကို ဖမ်းစုပ်မိလိုက်တာ။ အခုအချိန်မှာ ငါ့ကိုယ်ထဲက ရွှေအမြူတေက လုံးဝကြည်လင်သွားပြီ”
“ဖြေးဖြေး။ ဖြေးဖြေးပြောပါဟ။ အရမ်းမမြန်နဲ့။ မင်းစစားမြန်ရင် ငါနားမလည်တော့ဘူး၊ သေချာလဲ မကြားလိုက်ရဘူး”
“တနည်းပြောရမယ်ဆိုရင် မင်းညီရဲ့ မှော်အစွမ်းက မှော်သခင်ကြီး အဆင့်ရောက်သွားပြီ”
“ညီလေး။ မင်းလုပ်နိုင်သွားပြီပေါ့။ မင်းအောင်မြင်သွားပြီ။ ပြီးပြီပေါ့။ ဒီအစ်ကိုကြီးတောင် မင်းပြိုင်ဖက် မဖြစ်နိုင်တော့ဘူး။ ဟား.. ဟား.. ဟား.. အရမ်းကောင်းတယ်။ ငါ့မှာ မှော်သခင်ကြီးအဆင့် ညီလေးတစ်ယောက် ရှိတယ်ကွ။ ငါတို့ တစ်ခွက်စီသောက်ပြီး အောင်ပွဲခံလိုက်ကြရအောင်”
အောင်ပွဲခံနေရင်းနဲ့ အလင်းဓါတ်တွေကနေ ဘယ်လိုမျိုး ခံစားချက်ရလဲဆိုတာမေးလိုက်တော့ သူ့အနေနဲ့ သက်တောင့် သက်သာရှိတယ်လို့ပြောတယ်။ ကျုပ်သင်ပေးထားတဲ့ နည်းလမ်းတွေကိုလဲ လေးလေးနက်နက် ပြန်စဉ်းစား သုံးသပ်ရအုံးမယ် ပြောသေးတယ်။
မှော်ဆရာတွေ ဖြစ်လာပြီဆိုတော့ နှစ်ယောက်သား အချင်းချင်း ပညာဖလှယ်ကြတာပေါ့။ ဘာလိုလိုနဲ့ မျက်စိတစ်မှိတ်အတွင်းမှာကို (၂)လဆိုတဲ့ အချိန်ကုန်သွားပြီး ‘မဟာနဂါးအမိန့်တော်’ကို အခြေခံသိနာလည်ခြင်းအဆင့်ထိ လေ့ကျင့်နိုင်ခဲ့တယ်။ ကျန့်ဟူတောင် ကျုပ် သင်ယူနိုင်စွမ်းကို တော်တော် အံ့ဩသွားတယ်။ လက်ရှိ ကျုပ်ဝိညာဉ်စွမ်းအားတွေ တော်တော်အစွမ်းထက်တယ်လို့ ပြောတယ်။ ဒါကြောင့် မှော်စွမ်းအားတွေကို ထိန်းချုပ်နိုင်ယုံတင်မဟုတ်ဘူး တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကိုလဲ အဆင့်တစ်ခုအထိ ထိန်းချုပ်ဖို့ သုံးနိုင်နေပြီ။ ကျုပ်ခန္ဓာကိုယ်လဲ အရင်ကထက် အများကြီး ပိုသန်မာလာပြီး နေ့တိုင်း နင်းကန်စားလာတော့ ကိုယ်အလေးချိန်တောင် (၅)ကီလိုလောက်တိုးလာတာ။ နောက်ပြီးတော့ နေ့တိုင်း သိုင်းပညာလေ့ကျင့်ခန်းလုပ်ရတော့ ပိန်သွားပြန်ရော။ ကျန့်ဟူဆီကနေ ဓားပညာ (၃)မျိုး သင်ခဲ့နိုင်တယ်။ ကျုပ် တိုက်ပွဲစိတ်ဝိညာဉ်က မှော်ပညာသုံးတဲ့အချိန်မှာလဲ သူ့သဘာဝအတိုင်း အထောက်အပံ့ဖြစ်တယ်လေ။
ကျန့်ဟူတိုးတက်မှုကလဲ ကျုပ်လိုပဲ ကြီးမားတာပဲ။ အခြေခံ အလင်းမန္တန်တွေ သုံးနိုင်နေပြီ။ အဆင့်မြင့် တိုက်ခိုက်ရေး အလင်းမန္တန်တွေကျ အချိန်တိုလေးအတွင်း သင်လို့မရနိုင်တော့ သူ့အတွက် အထောက်အပံ့နဲ့ ဆွဲအားနည်းလမ်းတွေပဲ အဓိကထားသင်ပေးရတာပေါ့။ သူလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ သူရဲကောင်းဓါးနဲ့ တိုက်ပွဲမန္တန်တွေ၊ ပေါ့ပေါ့ပါးပါးသုံးလို့ရတဲ့ ပုံရိပ်ရောင်မန္တန်တွေ ရောသုံးနိုင်နေပြီ။ ဒီ ရလဒ်ကတင် တော်တော်ကြီးကို ထူးခြားနေပြီမဟုတ်ဘူးလား။ ကျုပ်သာ တော်ယုံ အဆင့်မြင့်တိုက်ခိုက်ရေး မန္တန်တွေသုံးပြီးတိုက်မယ်ဆိုရင် သူ့ကိုအယားပြေယုံလောက်ပဲ ရှိတော့တယ်။ သူ့ကို ရှင်းပြရတာလဲ အရမ်းလွယ်တယ်။ သူလဲ ကြယ်စင်သူရဲကောင်းအဆင့် ဖြစ်ဖို့ အစပျိုးနေပြီလို့ စိတ်တွေလှုပ်ရှားပြီး ပြောပြတယ်။ သူလဲ မကြာခင် အောင်မြင်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်လေ။ ကျုပ်ကို တစ်ယောက်တည်း ချွန်ပြီးတိုးတက်ဖို့ အခွင့်မပေးဘဲ ရအောင်ကျော်တက်မယ်လို့တော့ ပြောတာပဲ။
(၂)လတာ အတူတူနေထိုင်ခဲ့တဲ့ အကျိုးကျေးဇူးက ကျုပ်တို့နှစ်ယောက်ကို တစ်အူတုံဆင်း ညီရင်းအစ်ကိုတွေလိုမျိုးအထိ ဖြစ်သွားတယ်ဗျ။ စကားအပိုတွေ ပြောစရာကို မလိုတော့ဘူး။ ဆရာတိ ပေးထားတဲ့ တာဝန်အကြောင်းလဲ ပြောပြလိုက်တယ်။ ရှို့တိ ခရီးစဉ် ပြီးတဲ့အချိန် သူ့ကို ပြန်လာရှာဖို့ပြောတယ်။ ဒီကြောက်စရာ တာဝန်ကြီးပြီးဖို့ သူပါ ကျုပ်နဲ့ အတူတူလိုက်မယ်ဆိုပဲ။ ကျုပ်အရမ်းပျော်သွားတာပေါ့။ သူလို အစွမ်းထက်တဲ့ စစ်သည်တော်တစ်ယောက် ကျုပ်ကိုကူညီမယ်ဆိုရင် ဒီတာဝန်ပြီးဖို့ တော်တော်ကြီးကို အထောက်အကူဖြစ်မှာလေ။ ဒီညီအစ်ကို နှစ်ယောက်ပေါင်းလိုက်ရင် ရွှေတောင်ကြီးလဲ ဖြိုပစ်မှာပဲ။ ဟား… မာခယ် မဟုတ်ဘဲ ကျန့်ဟူ ပါလာလိမ့်မယ်လို့ တကယ်ကို မျှော်လင့်မထားမိဘူး။
အင်း။ ကျုပ်ခရီးဆက်ဖို့ အချိန်တန်ပြီ။ ကျန့်ဟူ ကျုပ်ကို ရွာအပြင်ထိလိုက်ပို့တယ်။ သူအရင်က ဝတ်ခဲ့ဖူးတဲ့ သူရဲကောင်း ဝတ်စုံတစ်စုံ လက်ဆောင်ပေးလာတယ်။ အရမ်းမလှပေမယ့် ဝတ်လိုက်တော့ စမတ်ကျတဲ့ပုံပဲ။ ဝတ်စုံနဲ့ လိုက်အောင် စွမ်းအားကောင်းပုံရတဲ့ ဓားတစ်ချောင်းပါ ထည့်ပေးလိုက်သေးတယ်။ ကျန့်ဟူကတော့ ဒီလိုပုံစံနဲ့သာဆိုရင် ရှို့တိက ကြိုဆိုမှာ အသေအချာပဲလို့ပြောတာပဲ။ လူတိုင်းရဲ့ လေးစားမှုကိုလဲ ရဖို့လွယ်လိမ့်မယ်တဲ့။ မြို့တွင်းထဲ ဝင်တဲ့အခါ တော်တော်လေး အဆင်ပြေသွားလိမ့်မယ်။
ရွာအဝင်မှာရပ်ပြီး သစ်သီးခြံလောက်ပဲရှိတဲ့ ရွာလေးကို တစ်ချက်ကြည့်ပြီး..
“အစ်ကိုကြီးရေ .. ဒီလိုမျိုးခွဲခွာရတာ တော်တော် မုန်းစရာပဲ”
“ညီလေး။ အရာအားလုံးက နောက်ဆုံးတော့ ပြီးသွားတာပါပဲ။ လမ်းခရီးမှာသာ ကိုယ့်ကိုကိုယ် ဂရုစိုက်။ ရှို့တိက ကိစ္စတွေပြီးရင်သာ ငါ့ကို လာရှာလိုက်။ ဘုရားသခင် သန့်ရှင်းသောဓါးကို ရှာဖို့ ငါလိုက်ကူပေးမယ်။ ဒါဆို မြန်မြန် တွေ့နိုင်တာပေါ့။ ဒို့ညီအစ်ကိုတွေ နှစ်ယောက်ပေါင်း လောင်းကျော်ပြီး ကမ္ဘာသစ်ကြီးတစ်ခု ဖန်တီးကြတာပေါ့”
“ကောင်းတယ် အစ်ကိုကြီး။ မင်းလဲ စိတ်ချမ်းသာအောင်သာနေပါ။ ငါအမြန်ပြန်လာခဲ့မယ်”
“မင်း ရှို့တိကိုရောက်တဲ့အခါ လမ်းကြုံရင် ငါ့အိမ်ကို သွားကြည့်ပေးလို့ရမလား၊ ငါ့အခြေအနေတွေကိုတော့ သူတို့ကို မပြောနဲ့ပေါ့။ သူတို့ ဘေးကင်းနေသ၍ ငါအဆင်ပြေပါတယ်”
“ဒါဆို ဘာလို့ မင်းကိုယ်တိုင် လိုက်မလာတာလဲ။ ဒါဆို နှစ်ယောက်သား ခွဲစရာတောင်မလိုတော့ဘူး။ မင်းကြီးလဲ အသက်ကြီးနေပြီပဲ။ သူ့မင်းကို အရမ်းမျှော်လင့်ထားတော့ မင်းကို နောက်တစ်ကြိမ် ထပ်ပြီး ထွက်သွားခွင့်တောင် ပေးမယ်မထင်ဘူး”
“မဟုတ်သေးဘူးကွ။ ဒါတွေ မင်းနာမလည်သေးပါဘူးကွာ။ မင်းပြန်လာမှ ဒီကြောင်းပြောပြီး သန့်ရှင်းသောဓါး သွားရှာကြတာပေါ့။ မင်းအခု သွားသင့်ပြီ။ မြန်မြန်သွား မြန်မြန်ပြန်လာခဲ့။”
ဘာပဲဖြစ်ဖြစ် ကျုပ်သူကို မယုံနိုင်အောင် ဖြစ်နေမိတယ်။ လွန်ခဲ့တဲ့ (၂)လကမှ ရခဲ့တဲ့ ပူပူနွေးနွေး အစ်ကိုကြီးကို စိတ်ပျက်လက်ပျက်နဲ့ နှုတ်ဆက်ရပြန်ပြီပေါ့။ ကျယ်ပြောလှတဲ့ ရှို့တိခရီးလမ်းကို မျက်နှာမူပြီး သံသရာခရီး ဆက်ပြီး သွားရအုံးမှာပေါ့လေ။
============= (*^*)=============
အပိုင်း(၅၈)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား