← Chapters

ခန္ဓာကိုယ် လေ့ကျင့်ခန်း

Vol. 4 Ch. 59

ခန္ဓာကိုယ် လေ့ကျင့်ခန်း

Vol. 4 Ch. 59

“လာကွာ… ထမင်းစားရအောင်”

ကျောင်းအုပ်ကြီးရဲ့ ထမင်းစားခန်းထဲ ရောက်နေကြပြီ။ အစပိုင်းတော့ စိတ်လှုပ်ရှားနေလို့ တို့ကနန်း ဆိပ်ကနန်းပဲ စားနေတာ။ ဒါပေမယ့် တကယ်တမ်းစားတဲ့အချိန်ကျ ဆရာဝမ်ရဲ့ အစစ်အမှန် ပုံစံမြင်ရတော့ ကျုပ်အရင်တုန်း ပုံစံအတိုင်း ရိုးရိုးရှင်းရှင်းနဲ့ အဆင်ပြေနေတယ်လို့ ခံစားလာရတယ်။

ဆရာဝမ်က ခုံပေါ်ကနေ ခြေတစ်ဖက်ချပြီး ပလုပ်ပလောင်းနဲ့ အသံထွက်အောင်ကို စားနေတာဗျ။ တုန်းရီကတော့ ရှက်ပြုံး ပြုံးနေပြီ။

“ကျန်းကုန်း စားလေ။ ဘာလို့သိပ်မစားတာလဲ။ စားစား မြန်မြန်စားလိုက်”

ဆရာဝမ် စကားကြားလိုက်တော့ ကျုပ်စိတ် ပြတ်သားသွားတယ်။ ထမင်းဝိုင်းကို လေဆင်နှာမောင်း တိုက်သလား မှတ်ရလောက်အောင်ကို စားပစ်တာ။ မနက်ကတည်းက ခရီးထွက်လာတာ ရိက္ခာခြောက်လေး နည်းနည်းပဲ စားထားရသေးတာကိုး။ ဗိုက်က အရမ်းဆာနေပြီပေါ့။ ဒီတခါတော့ သူတို့စိတ်ပြောင်းလဲဖို့ အလှည့်ပေါ့၊ ဟဲ ဟဲ။ ဆရာဝမ်က တော့ ဘာမှ ဂရုစိုက်မနေဘဲ အချိန်ခဏလေးနဲ့ စားပွဲပေါ်က စားစရာတစ်ဝက်လောက် စားပြီးသွားပြီ။

“အာ ဟ။ ဒီကလေး အီသီယိုပီးယားကနေလာပြီး ဒီမှာအတိုးချစားနေသလိုပဲ”

ဆရာတိကတောင် စနေပြီ။

(ဘာသာပြန်သူမှတ်ချက်။ ယခုအချိန်ကာလအရ #အီသီယိုပီးယား ဟု သုံးနှုန်းရန် မသင့်လျော်သော်လည်း စိတ်အတွင်း အမြဲမှတ်မိစေရန်သာ ရည်ရွယ် ရေးသားမိပါသည်။”

တစ်လုပ်စားလဲ ထမင်းဆိုတော့ စားလက်စနဲ့ မထူးတော့ဘူးလေ။ ဗိုက်မပြည့်မချင်း ထပ်စားနေအုံးမှာပဲ။ ဟီး ဟီး။

“ဆရာဝမ် လက်နှေးရင် ခွက်ဆေးရမယ်နော်… အဟီး”

“အာ .. တုန်းရီ မြန်မြန်စားဟ။ ဒီကောင်စားတာ တအားမြန်တယ်။ လက်နှေးလို့ကတော့ ခွက်ပဲကျန်တော့မှာ၊ ဟေး ဟေး”

ဒီလိုပဲ စလိုက်၊ နောက်လိုက်၊ စကားပြောလိုက်နဲ့ အစားပြိုင်ပွဲတစ်ခုလို ဖြစ်သွားတော့တာ။ ထမင်းဝိုင်းလဲ ပြီးရော ကျုပ်ဗိုက်လဲ မလှုပ်နိုင်အောင်ကို ပြည့်နေပြီ။ ဆရာဝမ်ကတော့ ဒေါသထွက်နေသလို လေသံမျိုးနဲ့..

“အင်း နောက်ဆို ငါတို့ ရိက္ခာပြတ်မယ့် အရိပ်အခြေ မြင်နေရပြီ? ဟို အဘိုးကြီးတိကို ရိက္ခာတွေ ပို့ခိုင်အုံးမှပါကွာ”

သစ်လုံးအိမ်လေးကို ပြန်ရောက်တော့ ဆရာဝမ်က..

“အာ.. ကျန်းကုန်း။ အခုကစပြီး ဟိုဘယ်ဘက်က အိမ်လေးမှာ တုန်းရီနဲ့ အတူနေလိုက်ကွာ။ အဘိုးကြီးတိက မင်းကို နှစ်ဝက်လောက် လေ့ကျင့်ပေးရမယ်ပြောတယ်။ မင်း ခံနိုင်ရည်ရှိပါ့မလား”

သူ့မျက်လုံးထဲမှာ မြေခွေအိုကြီးတွေရဲ့ အကြည့်မျိုးတွေ မြင်နေရတယ်။ ကျုပ်ဘဝတော့ အနေအစား ကြပ်တော့မယ်ထင်ပါတယ်ဗျာ။ ဘာဖြစ်ဖြစ် ဆရာတိ မျက်နှာပျက်အောင်တော့ လုပ်လို့မဖြစ်ဘူး။ ကျုပ် ပြတ်ပြတ်သားသားပဲ ပြန်ဖြေပေးလိုက်တယ်။

“ကိစ္စမရှိပါဘူး။ ကျွန်တော် ခံနိုင်ရည်ရှိပါတယ်”

အစ်ကိုကြီးဆီက သင်လာတဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် တော်ယုံတန်ယုံကတော့ ကျော်ဖြတ်နိုင်မယ်ထင်တာပဲ။

ကျုပ်တို့ အေးအေးဆေးဆေး စကားပြောဖြစ်ကြတယ်။ အဲ့ဒီစကားဝိုင်းကနေပြီး ဆရာဝမ်က ကြယ်ပွင့်သူရဲကောင်းအဆင့် ဖြစ်ပြီး တုန်းရီကတော့ မြေသူရဲကောင်းအဆင့်လို့ သိလိုက်ရတယ်။ တုန်းရီရဲ့ ရွှေရောင်သန်းနေတဲ့ ဆံပင်တွေအောက်မှာ နတ်သူငယ်တွေရဲ့ ထူးထူးခြားခြား လက္ခဏာဖြစ်တဲ့ နားရွက်ချွန်လေးနဲ့။ (နတ်သူငယ် သွေးနှောများသည် လွန်စွာရှားပါးလှ၏။ လူသားမျိုးနွယ်နှင့် နတ်သူငယ်မျိုးနွယ် အိမ်ထောင်ကျမှုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ၎င်းတို့တွင် လူသားမျိုးနွယ်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် နတ်သူငယ်မျိုးနွယ်၏ ပင်ကိုယ်အရည်အချင်းများ ဆက်ခံပါဝင်နေသည်။ တုန်းရီသည် အကောင်းဆုံး လက်တွေ့ နမူနာသားဖြစ်ပေ၏။ လူ၏ ပုံပန်းသဏ္ဍာန်ရှိသော်လည်း နတ်သူငယ်များက မျက်နှာပေါက်များအတိုင်း လွန်စွာချောမောလွန်းလှသည်။) ဒီအတိုင်းဆိုရင် တုန်းရီရဲ့ အရည်အချင်းက ကျုပ်ထက် မနှိမ့်နိုင်ဘူးဆိုတာ ကျုပ်ဝန်ခံရတော့မှာပဲ။ ကျုပ်ကမှ သူ့လောက် ကံမကောင်းခဲ့တာကိုး။ ဟီးဟီး။ တုန်းရီရဲ့ မြှားပစ်စွမ်းရည်က ဘိုးဘွားစဉ်ဆက် မျိုးရိုးအမွေလို့တော့ ဆရာဝမ်ကပြောတယ်။ သူတို့ရဲ့ အစွမ်းထက်မှုတွေကို ပြောပြနေလေလေ သူတို့ သိမ်ငယ်သလို ခံစားနေရတယ်ဆို ဝန်ခံနေသလိုလို ဖြစ်နေရောပဲ။

“တုန်းရီရဲ့ မြှားပစ်စွမ်းရည်က တော်တော်ကောင်းတာပဲ။ မှော်မြှားတန်တွေ လုပ်နိုင်ဖို့ မှော်ပညာတစ်ခုခုသာ သင်လိုက်ရင် ပိုတောင် အားကောင်းလာအုံးမယ်”

သူတို့ နှစ်ယောက်စလုံး စကားသံတွေ မထွက်တော့ဘဲ ကျုပ်ကို ပြူးကြည့်နေကြတယ်။ တုန်းရီရဲ့ မျက်လုံးတွေက လက်မခံချင်တဲ့ အရိပ်အငွေ့တွေ အပြည့်နဲ့ဗျ။

“ဘာလဲ ငါပြောတာ မှားလို့လား”

ပထမဆုံးအကြိမ် ဆရာဝမ် အလေးအနက်ထားပြီး စကားပြောလာတယ်။

“မဟုတ်သေးဘူးကွ။ မင်းပြောတာတွေ အကုန်မမှန်သေးဘူး။ တကယ်လို့ မင်းသာရောက်မလာခဲ့ရင် ငါ တုန်းရီကို မှော်ပညာတစ်ခုခု သင်ပေးဖို့ အဘိုးကြီးတိဆီ လွှတ်မလို့ပဲ။ အခု မင်းရောက်လာပြီဆိုတော့ မင်းတို့နှစ်ယောက် အပြန်အလှန် သင်လို့ရပြီလေ။ အပြန်အလှန်အနေနဲ့ မင်းကို သိုင်းပညာ တစ်ချို့ သင်ပေးမျာပေါ့။”

“အရမ်းကြီးလဲ အလေးအနက်မထားပါနဲ့ ဆရာကြီး။ တုန်းရီနဲ့ ကျွန်တော် ဆရာကြီးနဲ့ ဆရာတိတို့ကို စိတ်ပျက်အောင် မလုပ်ပါဘူး”

………………..

နောက်နေ့ကစပြီး ဆရာဝမ်က ကျုပ်ကို တုန်းရီနဲ့ အတူတူ ခန္ဓာကိုယ် လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတော့တာ။ ဆရာဝမ်က အစ်ကိုကြီး ကျန့်ဟူထက် စည်းကမ်းပိုတင်းကြပ်တာပဲ။ ကျုပ်မှာသာ အတိုင်းအတာတစ်ခုအထိ အခြေခံအုတ်မြစ် မရှိခဲ့ရင် ဘုံးဘုံးလဲလောက်တယ်။ အခုကျ ကျုပ်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုစံနှုန်းက တခြား မှော်ဆရာတစ်ယောက်ရဲ့ ပုံစံမဟုတ်ဘူးလို့တောင် ဆရာဝမ် ချီးကျူးစကား ပြောလာလေရဲ့။ ကျုပ် (၂)လလုံးလုံး လေ့ကျင့်ခဲ့ရတာ သူမှမသိတာကိုး။

နောက်ဆုံးတော့ နေ့လည်ပိုင်းကျမှပဲ အနားယူနိုင်တော့တယ်။ အစကတော့ ဆရာဝမ်က ကျုပ်ကို တိုက်ခိုက်ရေးစိတ်ဝိညာဉ် သင်ပေးမလို့ပဲ။ သူငယ်ချင်းတစ်ယောက်ဆီက သင်ထားပြီးသားမို့ မပြောင်းလဲချင်တော့ဘူး လေ။ ဆရာဝမ် သူ့ကို လက်တွေ့သရုပ်ပြဖို့ပြောပေမယ့် သူငယ်ချင်းက တခြားလူတွေကို ထုတ်မပြရဘူးလို့ မှာထားတယ် ပြောလိုက်တော့ သူစိတ်ရှုတ်သွားတယ်။ ဆရာဝမ် ဒေါသနည်းနည်းထွက်သွားပြီး ဒီကိစ္စ သူဝင်မစွက်တော့ဘူး ပြောရော။ နောက်နေ့ကျ ခန္ဓာကိုယ်လေ့ကျင့်ခန်း အဆင့်တွေ အရမ်းမြှင့်ပစ်လိုက်တာ လူကို သေချင်းဆော်ပါနံတယ်။

ဒါလဲ ကောင်းတာပါပဲ။ ကြီးမြတ်သော နဂါးအမိန့်တော် တိုက်ပွဲစိတ်ဝိညာဉ်အတွက် လေ့ကျင့်ဖို့ နည်းလမ်းကောင်း တစ်ခုပဲလေ။ ခဏလေးလောက် သမထ ထိုင်လိုက်တာနဲ့ အားလုံးပြန်ကောင်းသွားမျာပဲကို။ ကျုပ်ရဲ့ မှော်စွမ်းအားကတော့ အတားအဆီးတစ်ခုနဲ့ တွေ့လိုက်ရတဲ့ပုံပဲ။ ရှေ့ဆက်တိုးဖို့ နည်းလမ်း လုံးဝရှာမတွေ့သေးပေမယ့် စွမ်းအားတော့ ပိုပြီး ပြည့်ဝ လာသလို ခံစားရတယ်။ ဒါပေမယ့် ကျုပ်ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် တောင်တွေကို ရွှေ့ပြီး ပင်လယ်ကိုတောင် ဖြည့်ပစ်လိုက်နိုင်သလိုမျိုး ခံစားမိနေတယ်။ ကျုပ်ရဲ့ မှော်စွမ်းအားတွေက ရေတွက်လိုမရနိုင်အောင် များလွန်းတဲ့ ယန်ဇီမြစ်ရေတွေလိုပဲ။

တုန်းရီကို အလင်းမှော်ပညာ သင်ပေးရတာ အကိုကြီး ကျန့်ဟူကို သင်ပေးရတာနဲ့ အတူတူပါပဲ။ သူ့ သင်ယူနိုင်စွမ်းက ကျန့်ဟူထက် ပိုမြန်တယ်ဗျ။ သူ့ဆီက ဓားသိုင်းကို ကျွန်တော် သင်ယူလေ့ကျင့်လိုက်တဲ့ အချိန်မှာတော့ သူတို့တွေ တော်တော်ဖြုံသွားကြတယ်။ မီတာ(၈၀၀)အတွင်းမှာဆိုရင် စိတ်စွမ်းအားကိုသုံးပြီး ယင်တစ်ကောင်ရဲ့ ဘယ်ဘက်အတောင်ကို မထိဘဲနဲ့ ညာဘက်အတောင် တစ်ချောင်းတည်းကိုတောင် ဖြတ်ပစ်နိုင်တယ်ဆိုပဲ။ တုန်းရီက တစ်ချက်လေး ကြည့်ယုံနဲ့ ယင်ကောင် အဖိုအမ တောင် တမ်းခွဲနိုင်တယ်ဆိုပြီး ဆရာဝမ် ကြွားလုံးတွေ ထုတ်နေတာ။ တုန်းရီရဲ့ စရိုက်ကတော့ တော်တော်လေး ရိုးတယ်ဗျ။ သူ့စရိုက်လက္ခဏာတွေ တော်တော်များများက ကျုပ်နဲ့ တော်တော်ကိုတူတာ။ တစ်ယောက်နဲ့တစ်ယောက် သိတာ မကြာသေးပေမယ့် ထူးထူးခြားခြားကို မိတ်ဆွေအရင်းကြီးတွေလို ဖြစ်နေကြပြီ။

အပြင်ထွက်ပြီး ပေါ့ပေါ့ပါးပါး နေလို့ရတဲ့ ညနေခင်းအချိန်တွေက ကျုပ်တို့အတွက်တော့ နိဗ္ဗာန်ပဲ။

……………………

အချိန်တွေကုန်တာ တော်တော်မြန်တာပဲ။ ဘာလိုလိုနဲ့ ကျုပ် ရှို့တိကိုရောက်တာ တစ်လကျော်သွားပြီ။ ဒီနေ့တော့ တုန်းရီနဲ့ ကျုပ် လျှောက်လည်ဖို့ ထွက်လာခဲ့လိုက်ကြတယ်။ တုန်းရီကို စောင့်ကြိုနေတဲ့ လူတစ်ယောက်က ကျောင်းအပြင်ဖက်မှာ အသင့်စောင့်နေလေရဲ့။

“အစ်ကိုကြီး တုန်းရီ”

တုန်းရီနဲ့ ကျုပ် တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြတယ်။ ကျုပ်ထက် တစ်နှစ်လောက်ငယ်မယ့် ဆံပင်နီနီနဲ့ ကောင်မလေး တစ်ယောက်ဗျ။ အဲ့ကောင်မလေးက အရည်လဲ့နေတဲ့ မျက်ဝန်းကြီးတွေအပြင် ဆံပင်အရှည်ကြီးနဲ့ဗျ။ ကျုပ်လဲ တုန်းရီလက်ကို ဆွဲပြီး..

“ဒါ မင်းရီးစားလား”

အဲ့ကောင် ချက်ချင်းကို မျက်နှာကြီး ရဲတွတ်သွားပြီး…

“အာ.. မဟုတ်ပါဘူး။ ရိုးရိုးသူငယ်ချင်းတွေပါ”

“တကယ်ကြီးလား။ ငါတော့ အဲလိုမထင်ဘူးနော်။ ဟား.. ဟား”

အဲ့အချိန်မှာပဲ ဆံနီမလေး ကျုပ်တို့ရှေ့ရောက်လာပြီး တုန်းရီကို…

“အစ်ကိုကြီး တုန်းရီ မတွေ့ရတာတောင် တော်တော်ကြာနေပြီ။ ဆရာဝမ် အရမ်းတွေ ကြပ်ထားတာလား။ နည်းနည်းတောင် ပိန်သွားသလိုပဲ”

အော… တစ်ယောက်က သူ့အတွက် အရမ်းတွေ စိတ်ပူပြနေပြီ။ သူက ရီးစားမဟုတ်ဘူး ငြင်းကောင်းနေတုန်းပဲ။

“ဟွားလွင် မိန်းကလေး မင်္ဂလာပါ…”

“နင့်ကို ငါပြောထားပြီးသားမဟုတ်ဘူးလား။ ငါ့ကို ဟွားလွင်မိန်းကလေးလို့ မခေါ်ပါနဲ့ဆို။ ငါ့ကို ဟုန်ရွှယ်လို့ပဲခေါ်။ အယ်.. သူကဘယ်သူလဲ”

အဲ့ကောင်မလေး အခုမှ ကျုပ်ကို သတိထားမိသွားတာပဲ။ ကျုပ်ကပဲ အရေးမပါတာလား။ တကယ့်လက်တွေ့မှာကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်ကို အမှတ်မခံရတဲ့အဖြစ်။

“ဟွားလွင်.. အာ မဟုတ်ဘူး.. ဟုန်ရွှယ်။ သူက ငါ့သူငယ်ချင်းလေ။ ဆရာဝမ်ဆီမှာ ပညာသင်ဖက်တွေပေါ့။ သူက မှော်ပညာ လိုက်စားတယ်လေ”

“မင်္ဂလာပါ ဟုန်ရွှယ်။ ငါက ကျန်းကုန်းဝေပါ”

“ဟုတ်။ မင်္ဂလာပါ။ ငါက ဟုန်ရွှယ်ဟွားလွင် ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။

“တုန်းရီ။ ငါ့မှာ လုပ်စရာလေးတစ်ခုရျိလို့ မင်းနဲ့ ဟွားလွင်တို့ စကားပြောနေလိုက်ကြအုံး။ ငါသွားပြီ”

တုန်းရီဆီက အဖြေမစောင့်တော့ဘဲ ကျုပ်တန်းလစ်သွားတော့တာ။ အာဟ။ ဒီကောင့်ကို အခွင့်အရေးတစ်ခုတော့ ပေးခဲ့လိုက်ပြီ။

============= (*^*)=============

အပိုင်း(၆၀)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters