← Chapters

တုန်းရီ ပြဿနာ

Vol. 4 Ch. 60

တုန်းရီ ပြဿနာ

Vol. 4 Ch. 60

“အို့.. နင့်သူငယ်ချင်းက တော်တော် အလိုက်သိတတ်တာပဲ။ တမ်းထွက်သွားလိုက်တာ မြန်မြန်ပဲ။”

တုန်းရီ စိတ်ထဲမှာတော့ ဒီကောင် ဘယ်လိုသူငယ်ချင်းမျိုးလဲဆိုတာ တွေးနေလောက်တယ်။ ဒီအချိန်မှာ ကျုပ်မပါဘဲ ဟုန်ရွှယ်နဲ့ နှစ်ယောက်ထဲ လွတ်လွတ်လပ်ပ် အချိန်ဖြုန်းလို့ရပြီလေ။

တုန်းရီနဲ့ ဟုန်ရွှယ် တို့နှစ်ယောက် ဘယ်လိုနေနေဆို ပစ်ထားခဲ့ပြိးတော့ လမ်းမကြီးအတိုင်း အေးအေးဆေးဆေး လျှောက်ပတ်သွားနေလိုက်တယ်။ အဲလိုသွားနေတုန်း လမ်းမကြီးတစ်နေရာမှာ လူတွေစုစု စုစနဲ့ ဖြစ်နေတာ သတိထားမိလိုက်တယ်။ သူတို့ ဘာတွေလုပ်နေကြပါလိမ့်။ ကျုပ်ရဲ့ စပ်စုချင်စိတ်က မထိန်းနိုင်တော့ဘဲ သွားကြည့်လိုက်တာပေါ့။ ကြော်ငြာတစ်ခု ကပ်ထားတာဗျ။ လူအုပ်ကြီးထဲ တိုးခွေ့ပြီး ရှေ့တိုးသွားလိုက်တယ်။ လာမယ့် လထဲမှာ တစ်နိုင်ငံလုံးဆိုင်ရာ သိုင်းပြိုင်ပွဲကြီးကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်မယ်လို့ ရေးထားတာ။ အနယ်နယ် အရပ်ရပ်က ပညာရှင်တွေကို ဝင်ပြိုင်ဖို့ ဖိတ်ခေါ်တာပေါ့လေ။ သိုင်းပညာတစ်ခုထဲ ကန့်သတ်မထားဘဲ မှော်ပညာတွေလဲ ခွင့်ပြုထားတယ်ဆိုပဲ။ ထိပ်တန်း(၁၀)ယောက် စာရင်းထဲဝင်ရင် မြေနဂါးတပ်ဖွဲ့ထဲကို တိုက်ရိုက်ဝင်နိုင်မယ်။ ကျုပ်မှာ လက်သည်း(၅)ခု ရွှေနဂါးကြီးရှိနေမှတော့ ဒါတွေ စိတ်မဝင်စားတော့ပါဘူး။ ဒီလို အပေါစား နဂါးတွေလောက်ကို စိတ်မဝင်စားတော့တာ ကျုပ်မှ မလွန်တာ။

ကျောင်းကို ပြန်လာတော့ တုန်းရီကို မတွေ့ရသေးဘူး။ ကြောငြာက ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဆရာဝမ်ကို မေးကြည့်မိတယ်။

“ကျန်းကုန်း မင်းဝင်ပြိုင်ချင်လို့လား။ ဒါမင်းအတွက် အခွင့်အရေးကောင်းကြီးတစ်ခုနော်”

“ကျွန်တော် ဝင်မပြိုင်ပါဘူးဗျာ။ ပြိုင်ပွဲဝင်တိုင်းက စစ်သည်တော်တွေ၊ ကျွန်တော် တစ်ယောက်တည်း မှော်ဆရာ ဖြစ်လိမ့်မယ်။ ဟို မြေနဂါးတပ်ဖွဲ့ထဲလဲ ကျွန်တော် မဝင်ချင်ဘူးလေ။ တုန်းရီသာ ဝင်ပြိုင်ရင် ပိုကောင်းမယ်”

အခုမှ ဆရာဝမ် တုန်းရီကို သတိထားမိသွားတာဗျို့။

“တုန်းရီ ဘယ်မှာကျန်ခဲ့လဲ”

“အာ.. သူအဆင်ပြေပါတယ်။ မိန်းကလေး ဟုန်ရွှယ် ဟွားလွင် နဲ့တွေ့လို့ စကားပြေနေတာ”

“ဒါဆို ဟုန်ရွှယ် မိန်းကလေးနဲ့ပေါ့”

“ဆရာလဲ သူ့ကိုသိတယ်လား”

“အမှန်ပဲ။ ငါသိတယ်။ သူက ဘုရင်မင်းမြတ်ရဲ့ တူမတော်လေ။ ဘုရင်မင်းမြတ် ညီမတော်က မွေးတာ။ တုန်းရီနဲ့ တော်ဝင် စံအိမ်တော်ကြီးမှာ ပွဲတစ်ပွဲ တက်ပြီးကတည်းက အဲ့ကောင်မလေး တုန်းရီကို လိုက်ကပ်နေတာ။ ဒီအတိုင်းဆိုရင် တုန်းရီရဲ့ သင်ကြားရေးပိုင်း ထိခိုက်မှာစိုးရတော့ သူနဲ့ တတ်နိုင်သမျှ ရှောင်ခိုင်းထားရမယ်”

“အာ.. ဒါတော့ ဆရာမှားနေပြီ။ ယောက်ျားလေး မိန်းကလေး လက်ထပ်တာ သဘာဝပဲလေ။ သူတို့ ချစ်သူတွေကြားမှာ ဆရာက ဘာလုပ်အုံးမလို့လဲဗျာ”

“လူယုတ်မာလေး။ မင်းကတော့ လောင်ယွင့် လမ်းစဉ်လိုက်ပြီး ခပ်ပေါ့ပေါ့ပဲပြောနေတော့တာပဲ။ အာ မဟုတ်သေးပါဘူး။ တုန်းရီပြန်လာတဲ့အခါ ငါမေးပြမယ် မင်းစောင့်နေ့”

အာ တုန်းရီရေ ငါ့ကို အပြစ်မတင်နဲ့နော်။ ငါတမင်လုပ်တာမဟုတ်ပါဘူးဟ။

နောက် တစ်နာရီလောက်ကြာတော့ တုန်းရီပြန်လာတယ်။ သူဝင်လာတာနဲ့ ရှုံမဲ့နေတဲ့ မျက်နာနဲ့..

“ဆရာ။ ကျွန်တော် ပြန်လာပြီ”

“ဟမ်။ ပြန်လာဖို့ သိသေးတယ်ပေါ့လေ။ မင်းက သိုင်းပညာနဲ့ ပတ်သက်ရင် ဖြစ်ဖြစ်မြောက်မြောက်သာမဟုတ်တာ မိန်းကလေးကိစ္စမှာတော့ တော်တော် စွံတာပဲ။ မင်း ငါ့မျက်နှာ အိုးမဲသုတ်နေတာလားကွ”

တုန်းရီအနေအထားက ကျုပ်တွေးထားသလိုမျိုးမဟုတ်ဘူးပဲ။ ကြောက်ကြောက်နဲ့ သူ့အမှားတွေ ဝန်ခံမယ့်အစား..

“ကျွန်တော်က မိဘမဲ့၊ သူက တော်ဝင်သွေးနဲ့မွေးလာတာ။ သူ့ကို စိတ်ဝင်စားရလောက်အောင်ထိ ကျွန်တော့မှာ ဘာအရည်အချင်းရှိလို့လဲ။ ကျွန်တော် သွားပြီး အနားယူတော့မယ်”

တုန်းရီငယ်ငယ်လေးကတည်းက ဆရာဝမ်က မွေးစားထားတာကိုး။ ဒါပြောပြီးတာနဲ့ ဆရာဝမ်ကို မျက်လုံးပြူးပြူးနဲ့ကြည့်ပြီး သူ့အခန်းဘက်ကို ဝင်သွားတော့တာ။

“ဒီကလေး ဘယ်လိုဖြစ်ပါလိမ့်။ မဟုတ်သေးပါဘူး။ ဘယ်တုန်းက ကလန်ကဆန် မလုပ်ဖူးပါဘူး”

ကျုပ် ခဏလေး စဉ်းစားပြီး..

“သူ့ကိုယ်သူ နိမ့်ကျတယ်လို့ ခံစားနေရတော့ အမှားလုပ်မိဖို့ သေချာသလောက်ပဲ။ စိတ်ပြေသွားအောင် ကျွန်တော် သွားချော့လိုက်အုံးမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ချို့ကိစ္စတွေက ကျွန်တော့ တာဝန်မကင်းဘူးလေ။ အဲ့တုန်းက ကျွန်တော် သူ့ကို ပြစ်မထားခဲ့သင့်ဘူး”

အခန်းထဲရောက်တော့ တုန်းရီ ဒေါင့်တစ်ဒေါင့်မှာ မှိုင်နေလေရဲ့။ ကျုပ် သူ့ကို မေးလိုက်မိတယ်။

“တုန်းရီ မင်းဘာဖြစ်နေတာလဲ။ မင်းကို ဘယ်သူအနိုင်ကျင့်လွှတ်လိုက်လဲ။ ငါမှားသွားတယ်ကွာ။ မင်းကို အဲ့နေရာမှာ မထားခဲ့သင့်ဘူး”

“ဒီကိစ္စက မင်းနဲ့ မဆိုင်ပါဘူးကွာ”

“အဲ့ကိစ္စဆိုတာ ဘာတုန်း။ မင်းဒီပုံစံနဲ့ မနေလို့ မရဘူးလား။ ငါလဲသာမန် လူတစ်ယောက် မဟုတ်ဘူးလား။ ဘယ်သူတွေ ဘာပြောပြော အရေးစိုက်မနေနဲ့ကွာ”

ရုတ်တရက်ကြီး တုန်းရီ ကျုပ်ကို ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်ပြီး..

“မင်းက သာမန်လူဆိုရင်တောင် မင်းမှာ အဖေအမေ အစုံရှိနေသေးတယ်။ ငါ့မှာ ဘာရှိလဲ။ ဘာမှမရှိဘူး။ ငါက မိဘမဲ့လေ။ ငါ့အကြောင်း သူတို့ ဘယ်လောက်ထိ ပြောလဲ မင်းသိလား။ ငါက သွေးရောတစ်ယောက်တဲ့။ ကပြား ဇာတ်ပျက်(မျိုးနွယ်သွေးပျက်) တစ်ယောက်တဲ့။ ဒါတွေကိုရော မင်းသိလား”

အဲ့အချိန် ဆရာဝမ် အပြေးလေး ဝင်လာပြီး တုန်းရီကို ဖက်ထားလိုက်တယ်။

“ကလေး အဲလိုမတွေးနဲ့လေ။ မင်းမှာ ငါတစ်ယောက်လုံးရှိတယ်လေ။ မင်းအတွက် အရင်းနှီးဆုံး ဆွေးမျိုးရင်းခြာလေ”

မျက်ရည်တွေပါ ကျလာလို့ တုန်းရီ ဆရာဝမ်ရဲ့ ရင်ခွင်ထဲမှာ နည်းနည်းလေး စိတ်ပြေသွားသလိုပဲ။ ဆရာဝမ် မျက်ရည် ထပ်မထွက်တော့တဲ့အထိ ဖက်ထားတာ။

“ကလေး ငါ့ကိုပြောစမ်း။ ဒီမျိုးရောဆိုတဲ့စကား ဘယ်သူပြောတာလဲ”

ဆရာတိ စကားသံတွေထဲမှာ သတ်ဖြတ်ခြင်းအငွေ့အသက်တွေကြောင့် ရေခဲနဲ့ ထိမိလိုက်သလိုမျိုး လူကို အေးကနဲ ဖြစ်သွားတာပဲ။ တုန်းရီ ပါးစပ်ကသာ နာမည်တစ်တစ်ခု ထွက်လာတာနဲ့ ဆရာဝမ် အဲ့လူကို သွားသတ်မှာ အသေအချာပဲ။ သူပြောလိုက်ရင် အဲလိုဖြစ်မယ်ဆိုတာ တုန်းရီလဲ သိနေတော့ ငိုရင်းနဲ့ပဲ..

“ဒါက ဆရာ မေးစရာမလိုတော့ပါဘူး”

“ငါ့ကို ပြောစမ်းပါ”

“ဆရာဝမ် ဒီကိစ္စကို ဆက်ပြီး ဖိအားမပေးပါနဲ့တော့။ တစ်ခုခု ဖြစ်သွားရင် ဆရာက လူငယ်တွေအပေါ် အနိုင်ကျင့်တယ်လို့ လူတွေ မြင်သွားလိမ့်မယ်။ လူငယ်ချင်းဖြစ်တဲ့ ကိစ္စ လူငယ်ချင်း ဖြေရှင်းတာကောင်းပါတယ်။ တရားမျှတမှု ရဖို့ ကျွန်တော် တုန်းရီနဲ့ လိုက်သွားလိုက်မယ်။”

ကျုပ်လဲ ဒေါသတွေ ပွက်ပွက်ထလာတယ်။ ကျုပ်ရင်ထဲက သူငယ်ချင်းကိုများ ဘယ်လိုကောင်က အနိုင်ကျင့်ဖို့ သတ္တိတွေ ကောင်းနေလဲမသိဘူး။ ဒင်းက သက်စိုးမရှည်ချင်တော့တဲ့ပုံပဲ။

အဲဒီတော့မှ ဆရာဝမ် ဒေါသတွေ တဖြည်းဖြည်း တည်ငြိမ်လာတယ်။

“အေးကွာ။ ကျန်းကုန်း ဒီကိစ္စ အားလုံးကို မင်းနဲ့ လွှဲထားလိုက်တော့မယ်”

“ဆရာ မသိပေမယ့် ကျွန်တော် ဒီကို ရောက်မလာခင်လေးမှာတင် မှော်သခင်ကြီး အဆင့် ရောက်ခဲ့ပြီးပြီ”

ကျုပ်အပေါ် ယုံကြည့်မှု ပိုတိုးလာဖို့က ကျုပ်ခွန်အားတွေ ဆက်ပြီး ဖုံးကွယ်ထားလို့ မဖြစ်တော့ဘူးလေ။

ဆရာဝမ်နဲ့ တုန်းရီတို့ နှစ်ယောက်လုံး တော်တော် အံ့အားသင့်သွားကြတယ်။ ဒီလို ငချွတ်လေးက မှော်သခင်းကြီး တဲ့လေ။ ဘယ်သူကရော လက်ခံနိုင်မှာတဲ့တုန်း။

သူတို့ မယုံနိုင်သေးတာသိတော့ အထက်ဒန်တျန်ထဲက ရွှေအမြူတေကို ထုတ်လိုက်တာ အားကောင်းတဲ့ အလင်းတန်းတွေ ထွက်လာပါလေရော။ ကျုပ်ကို ဝေ့ပတ်ပြီးမှ ကျုပ်ခေါင်းပေါ်မှာ ငြိမ်သွားတယ်။ ဒါ အလင်းမှော်ပညာထဲမှာမှ တိုက်ရိုက်အဆန်ဆုံးနဲ့ အစွမ်းအထက်ဆုံး မန္တန်တွေထဲက တစ်ခုဖြစ်တဲ့ စင်ကြယ်သောစွမ်းအင်တိုက်ခိုက်မှု တစ်ခုပဲလေ။

တုန်းရီတောင် သူ့အစောက အရှက်တရားတွေ ခဏမေ့သွားပြီး..

“အာ.. ကျန်းကုန်း မင်းတော်တော် အစွမ်းထက်တာပဲ”

ကျုပ် မှော်ပညာကို ပြန်ရုတ်သိမ်းလိုက်ပြီး တုန်းရီကို ပြတ်ပြတ်သားသားနဲ့ပဲ..

“ညီလေး။ မနက်ဖြန် မင်းကို အနိုင်ကျင့်ခဲ့တဲ့သူတွေကို သွားရှာပြီး လက်စားချေကြမယ်။ ငါတို့က လူတွေမဟုတ်ဘူးလား။ နောင်တစ်ချိန်ကျ ငါတို့တွေ ကိုယ့်ဘဝနဲ့ကိုယ် လမ်းကြောင်းတစ်ခုစီ ဖန်တီးနိုင်ကြမယ်ဆိုတာ သေချာတယ်”

ကျုပ်စကားတွေက တုန်းရီနဲ့ တော်တော် အလွမ်းသင့်သွားတယ်ထင်တယ်။ သူကျုပ်လက်တွေကို တင်းတင်း ကိုင်ထားတယ်။ ကျုပ်တို့တွေ စကားကုန် ပြောပြီးသွားပြီ။

ဆရာဝမ် အနားယူဖို့ ထွက်သွားပြီးတော့မှ ကျုပ် တုန်းရီကို ဘာကိစ္စရှိတယ်ဆိုတာ မေးလိုက်တယ်။ သူ အံကြိတ်ပြီး ဖြစ်ကြောင်း ကုန်စင် ပြန်ပြောပြတယ်။

ျကျုပ်ထွက်သွားပြီးတော့ ဟုန်ရွှမ် တုန်းရီလက်ကို ဆွဲပြီး လမ်းလျှောက်ဖို့ အတင်းနားပူနားဆာလုပ်တယ်။ သိပ်မကြာခင်ပဲ အထက်တန်းလွှာမိသားစုရဲ့ သားတစ်ယောက်နဲ့ တွေ့လိုက်ရတယ်။ မြို့စားတွေ၊ အထက်တန်းလွှာတွေဖြစ်စေ အားလုံးက ဟုန်ရွှမ်ကို ပိုးဖို့ ကြိုးစားနေကြတဲ့သူတွေ ကြီးပဲလေ။ အဲ့ကောင်မလေးက တကယ့်ကို ရေထဲက ကြာဖြစ်နေပုံပဲ။ ဆိုတော့ ဟုန်ရွှမ်နဲ့ ကပ်ပါလာတဲ့ တုန်းရီကို မနာလိုဖြစ်ကြမှာ သဘာဝပဲလေ။ ဒီတော့ သူတို့အချင်းချင်း ပြောသလိုလိုနဲ့ ဆဲလိုက်၊ ဆိုလိုက်၊ ချိုးနှိမ်လိုက် လုပ်ကြတာပေါ့။ တုန်းရီကလဲ ငယ်ငယ်လေးကတည်းက အပေါင်းအသင်း မရှိသလောက် နည်းခဲ့သလို ပြန်တိုက်ခိုက်တာ ဘာညာတွေလဲ မရှိခဲ့ဖူးသေးဘူးလေ။ ဟုန်ရွှမ်က သူ့ကိုယ်စား ပြန်တိုက်ခိုက်တဲ့ အချိန်ကျမှ ဒီကောင် ဒေါသထွက်ပြီး အဲ့ကောင်တွေကို တိုက်ခိုက်ဖို့ ဒေါသတကြီးပြေဝင်သွားခဲ့တာ။

============= (*^*)=============

အပိုင်း(၆၁)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters