← Chapters

ဒီမွန်းအင်ပါယာဘုံ ကျရှုံးခြင်း

Vol. 011 Ch. 1072

ဒီမွန်းအင်ပါယာဘုံ ကျရှုံးခြင်း

Vol. 011 Ch. 1072

ခွန်ကျန်းက သူမအား ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့ နေ့စဉ်နေ့တိုင်း နတ္ထိဘုံတိုက်ပွဲ စတင် ကတည်းက မည်သို့ ရန်စ စော်ကားသည်များအား ပြန်လည် အမှတ်ရသည်။

အားလုံးကို ခြုံကြည့်လျှင် အရာအားလုံးမှာ ယနေ့အတွက် ထောင်ချောက် ဆင်ထားခြင်း ဖြစ်သည်။

ကျားလို့ဖုန်းကဲ့သို့ စွမ်းအားကြီးသူက သူမ၏အမိန့်ကို ငြင်းဆန်ခြင်း၊ နွားသိုးများက အင်ပါယာလီမြို့မှ အလံကို သွားရောက် ဖြတ်တောက်ရန် မှားယွင်းသော အမိန့်များ ပေးခံရခြင်းတို့ အားလုံးက ထိုအချက်များအား ပေါ်လွင်စေသည်။

ဆိုလိုသည်က ဒီမွန်းမြို့သည် နတ္ထိဘုံတိုက်ပွဲတွင် မူလကတည်းက ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ နွားသိုးများ ထိန်းချုပ် ခံရခြင်းသည် ရန်သူအတွက် ဒီမွန်းမြို့မှ အလံအား ဖြတ်တောက်ရန် ထမင်းစား  ရေသောက် သကဲ့သို့ပင် ခက်ခဲမည် မဟုတ်ပေ။ သို့သော်လည်း နွားသိုးများက ထိုသို့ မလုပ်သလို ရီဖူရှင်းကလည်း သူမတို့အား ပြိုင်ပွဲမှ ကန်ထုတ်ရန် အရင်လိုဟန် မရပေ။

အကြောင်းပြချက်ကား ဒီမွန်းမြို့မှ သားရဲများသည် ရီဖူရှင်း အတွက် အသုံးဝင် နေသေးသောကြောင့် ဖြစ်၏။ ထိုအရာများ အားလုံးက ယခု သူတို့ မျက်လုံးရှေ့မှ တိုက်ပွဲ အခြေအနေများ ဖြစ်လာသော အကြောင်းအရင်းများ ဖြစ်ကြ၏။

အားလုံး ခြုံငုံကြည့်လျှင် သူတို့သည် မူလစဦး နတ္ထိဘုံတိုက်ပွဲ စတင်ကတည်းက ရီဖူရှင်း၏ အသုံးချခံ နယ်ရုပ်တစ်ခုထက် မပိုခဲ့ပေ။ ထိုအရာက အဓိပ္ပာယ် ကင်းမဲ့လွန်းရကား လက်ရှိ ခွန်ရွှမ်၏စိတ်ထဲတွင် မည်သို့ ဖြစ်နေမည်ကို စဉ်းစား၍ပင် မရနိုင်ပေ။ ထိုအရာက သူမအား စကားအားဖြင့် စော်ကားပြောဆိုသည်ထက် ပိုမိုနာကျင်ဖွယ် ကောင်း၏။

“ကျုပ်ကို ခွင့်လွှတ်ပေးပါ မင်းသမီး … နတ္ထိဘုံတိုက်ပွဲမှာ အရာအားလုံးက တရားမျှတ ပါတယ်။ ဒါပေမဲ့ ကျုပ်တို့က ဒီမွန်းမြို့နဲ့ အသေအကြေ တိုက်ခိုက်ဖို့ ဆန္ဒမရှိပါဘူး။ ခင်ဗျားတို့က စစ်မြေပြင်က နောက်ဆုတ် နိုင်ပါတယ်။ နတ္ထိဘုံတိုက်ပွဲ ပြီးသွားတဲ့အခါ ဒီမွန်းဘုံက သားရဲတွေကို ပြန်ပြီးတော့ လွှတ်ပေးပါ့မယ်” ရီဖူရှင်းက ခွန်ရွှမ်အား တောင်းပန်စကား ဆိုသည်။ မူလ ကတည်းက သူ၏ပစ်မှတ်သည် ဒီမွန်းမြို့ မဟုတ်ခဲ့ပေ။

ရီဖူရှင်း၏ စကားများက ရက်စက်သည်ဟု ခွန်ရွှမ် ခံစားရသော်လည်း အမှန်တကယ်အားဖြင့် ဥဒေါင်း အင်ပါယာဘုံသည် နတ္ထိဘုံတိုက်ပွဲတွင် ရှုံးနိမ့်နေပြီးဖြစ်ရာ သူမတို့အနေဖြင့် ဆက်လက် တိုက်ခိုက်နေခြင်းမှာ အဓိပ္ပာယ် မရှိတော့ကြောင်း ကောင်းကောင်း နားလည်ပေ၏။

သို့တိုင်အောင် ဤမျှ အခြေအနေအထိ လှည့်စားခံရခြင်း၊ ဒီမွန်းသားရဲများ ရီဖူရှင်း၏ လက်အောက်တွင် ထိန်းချုပ်ခံရခြင်း၊ ဒီမွန်းသားရဲဘုံက ရီဖူရှင်း၏ နယ်ရုပ်အဖြစ် အသုံးချခံရခြင်းတို့အား တွေးကြည့်လျှင် သူမသည် သည်းခံနိုင်စွမ်း မရှိပေ။

ကိုးရောင်စုံ နတ်ဘုရား အလင်းနှင့် တော်ဝင် အရှိန်အဝါတို့ ခွန်ရွှမ်၏ သားမွေးများမှ ဖြာထွက်လာခဲ့၏။ အလင်းသည် နေရာတိုင်းကို ဖြန့်ကြက်သွားခဲ့ကာ စစ်မြေပြင်မှ များစွာသော တန်ခိုးရှင်များက ထိုနေရာကို လှမ်းကြည့်ကြ၏။

ခွန်ရွှမ်၏နောက်မှ နတ်ဘုရား သားမွေးများသည် ဖြန့်ကြက်လာခဲ့ကာ သူမအားလည်း တော်ဝင် အလင်းများ ရစ်ပတ်ထားလျှင် သူမသည် ပြိုင်စံရှား နတ်မိမယ်တစ်ပါး အလား ကျက်သရေရှိလွန်း လှသဖြင့် ကြည့်သူမြင်သူတိုင်းမှာ တစ်သက်တာ မေ့လျော့နိုင်ဖွယ် မရှိတော့။

သို့သော်လည်း သူမထုတ်ဖော်ပြသသော အလှတရားသည် အလွန်တရာ အန္တရာယ်များသည်မှာ သံသယဖြစ်စရာ မလို။

အထူးသဖြင့် ထိုနေရာတွင် ရှိသော ရီဖူရှင်းသည် သူ့ထံသို့ ရိုက်ခတ်လာသော အန္တရာယ်၏ အငွေ့အသက်များအား ကောင်းကောင်း ခံစားရ၏။

ဥဒေါင်း အင်ပါယာ၏ ချစ်သမီးဖြစ်သော ခွန်ရွှမ်သည် အင်ပါယာရှားဘုံမှ ရှားရှင်းယွန်နှင့် တန်းတူညီသော အဆင့်အတန်းအား ပိုင်ဆိုင်၏။ သူမက စစ်မြေပြင်သို့ သူမ၏အဖေ တပ်ဆင်ပေးလိုက်သော တော်ဝင်ရတနာများဖြင့် ရောက်လာခြင်း ဖြစ်၏။ သူမ၏အဖေထံမှ သားမွေးကိုးခုသည် သူမ၏နောက်မှ နတ်ဘုရား သားမွေးများနှင့် ပေါင်းစပ်နေကြ၏။ သူ၏ စွမ်းအားများက ထိုသားမွေးများတွင် ပါဝင် ပေါင်းစပ်နေခဲ့ရာ ထိုရတနာသည် ရန်ဟောင် တန်ခိုးရှင်၏ ကြီးမားသော စွမ်းအားများ ပါဝင်နေပေသည်။ ထို့အပြင် သားမွေးများသည် ခွန်ရွှမ်နှင့် ပြီးပြည့်စုံအောင် ပေါင်းစပ်နေခဲ့၏။

ဥဒေါင်း သတ္တဝါ၏ကြီးမားသော ပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ အတောင်ပံများကို ဖြန့်လျှင် ကောင်းကင်သည်ပင် ပိတ်ဆို့သွားခဲ့ကာ သူမ၏ ရန်သူများသည်ပင် ထိုအလှတရားအား အံ့အားသင့်ဖွယ် ရင်သပ်ရှုမောဖွယ် ဖြစ်ရ၏။

သို့သော်လည်း ဧရာမဦဒေါင်း၏ သားမွေးများပေါ်တွင် မျက်လုံးပေါင်းများစွာ ရှိနေဟန်ရသည်။ ခွန်ရွှမ်က သူမ၏လက်များအား ဆန့်တန်းကာ ရီဖူရှင်းအား အုပ်မိုးစေ၏။ ထိုအခိုက်တွင် ရီဖူရှင်းက သူ့အား ဥဒေါင်း၏ အလင်းများဖြင့် ဖိနှိပ်ခံရသည်ဟု ခံစားရ၏။ ကြောက်မက်ဖွယ် ဝါးမျိုခြင်း စွမ်းအားသည် အရာအားလုံးကို စားသုံးဝါးမျိုခဲ့ရာ မဟာလမ်းစဉ်၏ စွမ်းအားများပင် အလွတ်ပေးသည့်ဟန် မရှိပေ။

ဝါးမျိုခြင်းစွမ်းအားက ရီဖူရှင်း စုစည်းနိုင်သော စွမ်းအားများနှင့် မည်သည့် လောကဓာတ်ကိုမဆို ဖျက်ဆီးနိုင်စွမ်း ရှိ၏။ ခွန်ရွှမ်၏ အဆုံးစွန်သော တိုက်ခိုက်မှုအောက်၌ ရီဖူရှင်းကား သေးငယ်လွန်းကာ သူကား ထိုလှပခမ်းနားမှု၏ အောက်၌ ကျဆုံးတော့မည်ဟု ထင်ရသည်။

ရီဖူရှင်းက လက်ထဲမှ ပြည်နယ်ကိုးခု ရတနာအဆင့်၌ တတိယနေရာတွင် ရှိသော အချိန်နှင့် လေဟာနယ်လှံကို တင်းတင်း ဆုပ်ကိုင်သည်။ ရတနာလှံသည် ခွန်ရွှမ်၏ လက်နက်အား ယှဉ်နိုင်ဟန် မရှိပေ။ သို့သော် ခွန်ရွှမ်၏ အဆင့်အတန်းဖြင့် ဆိုပါက ထိုအရာမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။

ခွန်ရွှမ်၏ တော်ဝင် ရတနာသည်သာ မဟုတ်၊ ကုန်းစွန်းကျောင်း၏ နတ်ဘုရား ဆေးအိုးသည်ပင် အချိန်နှင့် လေဟာနယ်လှံနှင့် ယှဉ်နိုင်ပေသည်။ မည်သို့ဆိုစေ တိမ်တိုက်တောင်ကြားမှ အရှင်သခင်ကား အင်ပါယာရှားဘုံတွင် အတော်ဆုံး ချပ်ဝတ်လက်နက် သွန်းလုပ်သူဖြစ်၏။

လောကဓာတ် အလင်းများ ရီဖူရှင်း ခန္ဓာကိုယ်ကို စီးဆင်းလာသည်။ သူ၏ရုပ်ခန္ဓာကိုယ်သည် အလွန်တရာ အားကောင်း သန်မာသည် ဆိုသော်လည်း လောကဓာတ်များဖြင့် ထပ်မံ အားဖြည့်ရန်တော့ လိုအပ်ပေသည်။ ကိုးရောင်စုံ နတ်ဘုရား အလင်းများက သူ့အား လာရောက် ထိရိုက်သည်။ သူ့ခန္ဓာကိုယ်မှ လောကဓာတ်များ ကျိုးပျက် သွားခဲ့သလို ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာ တုန်ယင်သွား၏။

ရှန့်ထို မဖြစ်သေးသော်လည်း ခွန်ရွှမ်သည် သူ၏ ဆေးစမ်းသပ်မှု ခံယူထားသော ရုပ်ခန္ဓာကိုယ်အား အန္တရာယ်ပေးနိုင်သော အနေအထားသို့ ရောက်နေပြီဖြစ်သည်။ ဆိုလိုသည်မှာ ခွန်ရွှမ်သည် ဥဒေါင်းအင်ပါယာ၏ တော်ဝင်သားမွှေးများကို အသုံးပြုကာ တိုက်ခိုက်ခြင်းက မဟာလမ်းစဉ်၏ စွမ်းအာများကို ချိုးဖျက်နိုင်စွမ်း ရှိသည်။

မဟာလမ်းစဉ်အား ဝါးမျိုသော စွမ်းအားသည် ရီဖူရှင်း၏ခန္ဓာကိုယ်ထံသို့ ဆင်းသက် လာ၏။ သူတို့၏အနီးတဝိုက်မှ အရာအားလုံးသည် ခွန်ရွှမ်ရပ်နေရာသို့ စီးဆင်းသွားနေဟန် ရ၏။

ရီဖူရှင်းသည်လည်း ကြောက်မက်ဖွယ် ဆွဲငင်အား လေပွေလှိုင်းထဲ မိသွားကာ ခွန်ရွှမ်ထံသို့ ဆွဲငင်ခံရသည်။

ခန္ဓာကိုယ်မှ တောက်ပသော အလင်းများ ကွဲထွက်လာကာ ရီဖူရှင်းသည် အချိန်နှင့် လေဟာနယ်လှံအား တင်းတင်း ဆုပ်ကိုင်သည်။ တစ်ကိုယ်လုံးမှ သွေးကြောမ ခုနစ်ခု အသက်ဝင်လာခဲ့လျှင် သူ့ခန္ဓာကိုယ်က ပိုမိုကြီးထွား လာခဲ့သယောင် ထင်ရ၏။ သူ့ရုပ်ခန္ဓာကိုယ်၏ အကန့်အသတ်က ကျော်လွန်သွားခဲ့ကာ သူကား ယခင်ထက် ပိုမိုအားကောင်း လာခဲ့သည်။ ထိုအခြေအနေတွင် သူကား မဟာလမ်းစဉ်နှင့်ပင် ထိတွေ့လာခဲ့ကာ သူ့ရုပ်ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ ကိုယ်စားတော်ဖြစ်ပြီး ပြိုင်ဘက်ကင်း ခွန်အားကို ပိုင်ဆိုင်၏။

ဘုန်း …

လောကပျက်သုဉ်းခြင်း အလင်းများ ထွက်ပေါ်လာကာ အနီးမှ အရာအားလုံးကို ရိုက်ခတ်စေသည်။ မုန်တိုင်းမှ ထွက်ပေါ်လာသော အလင်းမှုန်များသည် ခွန်ရွှမ်အား ထိသည်။ သူတို့အနီးတွင် ကမ္ဘာပျက်ဖွယ် မြင်ကွင်းများ ဖြစ်ပေါ်လာပြီး ခွန်ရွှမ်သည် သူမ၏ စိတ်စွမ်းအားများ ပြင်းထန်စွာ ဖိနှိပ်မှုအား ခံရသည်။ ဖျက်ဆီးခြင်း စွမ်းအားသည် သူမ၏စိတ်အား တိုက်ရိုက် လာရောက် တိုက်ခိုက်သည်။

တစ်ချိန်တည်းတွင် ရီဖူရှင်း၏ ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ သူက ဝါးမျိုခြင်း လောကဓာတ်အား တားဆီးခြင်း မပြုတော့ဘဲ အဆုံးမဲ့အရိပ်ကို အသုံးပြုကာ အမြန်ဆုံးသော အရှိန်အဟုန်ဖြင့် ရွေ့လျားလိုက်သည်။

သူက လက်ထဲမှ လှံရှည်အား ဝှေ့ယမ်းလိုက်ကာ ဖျက်ဆီးခြင်း အလင်းအား လှံဖြင့် ပေါင်းစပ်လိုက်သည်။ ချက်ချင်းပင် ဝါးမျိုခြင်း ဥဒေါင်းပုံရိပ်သည် ထိုနေရာတွင်ပင် ပျက်စီးသွား၏။ သို့သော်လည်း ခွန်ရွှမ်က အလေးထားဟန် မရပေ။ သူမက လက်ဝှေ့ယမ်း လိုက်သည်နှင့် ကိုးရောင်စုံ နတ်ဘုရားအလင်းက သူမ၏လက်သို့ စီးဆင်းလာခဲ့ကာ ရှေ့သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူမ၏လက်သီးသည် ဥဒေါင်းအင်ပါယာ၏အလင်းနှင့် ပေါင်းစပ်ထားဟန် ရပြီး အချိန်နှင့် လေဟာနယ်လှံကို ထိပ်တိုက်ရင်ဆိုင်သည်။

ဘုန်း …

ရီဖူရှင်းသည် ကျယ်လောင်သော အသံနှင့်အတူ နောက်သို့ လွင့်သွားသလို ခွန်ရွှမ်သည်လည်း သူမ၏လက် ထုံကျဉ်သွား၏။ ဥဒေါင်းအင်ပါယာ၏ စွမ်းအားများဖြင့်ပင် တစ်ဖက်လူ၏ လက်နက်ကို ခုခံရာတွင် သူမ၏လက်က နာကျင်မှုကို ခံစားရ၏။ ရီဖူရှင်း၏စွမ်းအားက မည်မျှ ကြီးမားသည်ကို ခန့်မှန်းနိုင်သည်။

ထိုအခိုက်တွင် ခွန်ရွှမ်က သူမ၏ပြိုင်ဘက်သည် ခန္ဓာကိုယ်အား လှပစွာ ဝေ့ဝိုက်လျက် သူမထံသို့ တိုက်ရိုက် တိုက်ခိုက် လာသည်ကို မြင်၏။ ထိုတိုက်ခိုက်မှုက ပထမ တိုက်ကွက်ထက်ပင် ပိုမိုပြင်းထန်ဟန် ရှိသည်။

သူမ၏လှပသော အတောင်ပံများ ဖြန့်ကြက်ကာ ရှေ့သို့ တစ်လှမ်းတက်ပြီး နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်သည်။ ဥဒေါင်းပုံရိပ်နှင့်အတူ ထောင်ပေါင်း များစွာသော ကိုးရောင်စုံ သားမွေးများသည်  ရီဖူရှင်းအား ထိုနေရာတွင်ပင် နှစ်မြှုပ် သတ်ဖြတ်လိုသောပုံစံဖြင့် ဝင်လာကြ၏။

ရီဖူရှင်းသည် တစ်ဖန် နောက်သို့ လွင့်စဉ်သွားပြန်၏။ သူက မရေမတွက်နိုင်သော ရိုက်ချက်များအား ခံလိုက်ရသည်ဟု ခံစားရသည်။ သို့သော်လည်း သူက လေထဲတွင်ပင် လှပစွာ လှည့်ပတ်လျက် အောက်သို့ ထိုးစိုက် ဆင်းလာသည်။ ရီဖူရှင်း တဖြည်းဖြည်း အားကောင်း လာသည်ကို ခံစားမိလျှင် ခွန်ရွှမ်က အတောင်ပံကို ဖြန့်ကာ အပေါ်သို့ ပျံသန်းလာ၏။ နှစ်ဦးသား လေထဲတွင် ရင်ဆိုင်မိကာ ပတ်ဝန်းကျင်အား ကမ္ဘာပျက်ဖွယ် အားလှိုင်းများ ရိုက်ခတ် သွားသည်။ ပြင်းထန်သော အားလှိုင်းများသည် အရပ်မျက်နှာမျိုးစုံသို့ ရိုက်ခတ်သွားခဲ့ကာ သူတို့အနီးသို့ ချဉ်းကပ်ရန် ကြံနေသော တန်ခိုးရှင်အချို့မှာ ထိုအားလှိုင်းများကြောင့် နေရာတွင်ပင် အသက်ပျောက် သွားကြ၏။

ရီဖူရှင်းနှင့် ခွန်ရွှမ်တို့ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော အားလှိုင်းများကို မည်သူမှ ခံနိုင်ရည် မရှိပေ။ ထိုလူသားနှင့် သားရဲတို့ တိုက်ပွဲသည် မည်မျှ ပြင်းထန်သည်ကို သံသယ ရှိစရာမလို။

အချို့သော လူများ၏ အာရုံသည် သူတို့နှစ်ဦး၏ တိုက်ပွဲသို့ ရောက်လာ၏။ ရီဖူရှင်းသည် ထောင်ပေါင်း များစွာသော ပုံရိပ်များအဖြစ် ခွဲဖြာသွားခဲ့ကာ ပုံရိပ်များသည် အဆုံးမဲ့ဟန်ဖြင့် နေရာတိုင်း၌ ပေါ်လာသည်။ ပုံရိပ်ယောင်များက ပြင်းထန်စွာ တိုက်ခိုက်ကြ၏။ ဥဒေါင်း၏ နတ်ဘုရား အလင်းများ ဖျန်းပက်မှုကို ခံထားရသော်လည်း ထိုစွမ်းအားသည် ရီဖူရှင်းအား ထိန်းချုပ်နိုင်ခြင်း မရှိပေ။

ထိုအခိုက်တွင် ထောင်ပေါင်း များစွာသော အဆုံးမဲ့ပုံရိပ်များသည် တစ်ခုတည်းအဖြစ် ပြောင်းလဲသွား၏။ ပတ်ဝန်းကျင်က တုန်ဟည်းသွားကာ မဟာလမ်းစဉ်နှင့် ပေါင်းစပ်၏။ သူက လှံရှည်ကို အသုံးပြုကာ ကမ္ဘာပျက်ဖွယ် စွမ်းအားဖြင့် တိုက်ခိုက်သည်။

ဘုန်း …

ကျယ်လောင်သော အသံနှင့်အတူ ခွန်ရွှမ်၏ ခန္ဓာကိုယ်သည် နောက်သို့ ပြင်းထန်စွာ လွင့်သွား၏။ သူမ၏လက်က တုန်ယင်သွားကာ သူမထံမှ အလင်းများသည်လည်း တစ်မျိုးတစ်ဖုံ မှေးမှိန်သွားဟန် ရသည်။

ရီဖူရှင်းကို ဗဟိုပြုကာ အချိန်နှင့် လေဟာနယ် စီးဆင်းမှုသည် ရပ်တန့် သွားဟန်ရ၏။ ကိုးရောင်စုံ အလင်းများသည် လောကဓာတ်များအား ချိုးဖျက်လျက် ရိုက်ခတ် လာခဲ့သည်။ ခွန်ရွှမ်၏မျက်လုံးများက ရီဖူရှင်းအား စူးစိုက် ကြည့်နေသည်။

ကြောက်မက်ဖွယ် အားလှိုင်းသည် သူမထံသို့ ရိုက်ခတ်လာသည်ဟု ခံစားရကာ ထိုလှိုင်းသည် တဖြည်းဖြည်း အားပိုကောင်းလာပြီး အရာခပ်သိမ်းကို ဖျက်ဆီးနိုင်သော လောကဓာတ်များ ပါဝင်နေဟန် ရ၏။

ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အလင်းသည် သူမထံမှ ကိုးရောင်စုံ နတ်ဘုရား အလင်းနှင့် ရင်ဆိုင်မိကြသည်။ ရီဖူရှင်းက ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ လေဟာနယ်မှာ ပျက်စီး သွားတော့မည်ကဲ့သို့ တုန်ခါသွား၏။ သူကိုယ်တိုင်က လေဟာနယ်နှင့် တစ်သားတည်း ဖြစ်သွားကာ မဟာလမ်းစဉ်သည် သူနှင့် ပေါင်းစပ်၏။

ဘုန်း …

လေဟာနယ် ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာကာ လျှပ်တစ်ပြက် လေဟာနယ်အား ဖြတ်သန်း သွားသည်။ နတ်ဘုရား အလင်းသည် ရောက်လာသော အားလှိုင်းနှင့် ရင်ဆိုင်မိသော်လည်း လှံရှည်တစ်ချက် တိုက်ခိုက်မှုတွင် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်။

ထိုအရာကား ရီဖူရှင်း၏ စွမ်းအားအကြီးဆုံး လှံတိုက်ကွက် ဖြစ်သော အရာခပ်သိမ်း ကင်းမဲ့ခြင်း ဖြစ်သည်။

ကောင်းကင်အောက်မှ အရာခပ်သိမ်းမှာ ပျောက်ကွယ် သွားရပေမည်။

ခွန်ရွှမ်၏နောက်တွင် လင်းလက်နေသော ဥဒေါင်းပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ အဆုံးအစမဲ့သော ကိုးရောင်စုံအလင်းက ရိုက်ခတ်လာခဲ့ကာ ရီဖူရှင်းအား တိုက်ခိုက်ရန် ကြိုးစား၏။ ခွန်ရွှမ်၏ မိစ္ဆာမျက်လုံးများက ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။ သူမက လက်ဆန့်တန်း လိုက်လျှင် ချက်ချင်း အဆုံးအစမဲ့သော နတ်ဘုရား အလင်းသည် လေထုကို ခွင်းကာ ရီဖူရှင်းထံသို့ တိုးဝင်လာခဲ့သည်။

အချိန်နှင့် လေဟာနယ်လှံအား ဝှေ့ယမ်းလိုက်သည်။ ထိုအခိုက်တွင် ကိုးရောင်စုံ နတ်ဘုရား အလင်းသည် နှစ်ခြမ်းကွဲသွားကာ ရီဖူရှင်းအား သွေဖည်လျက် ဖြတ်သွားခဲ့သည်။

ထိုစွမ်းအားက ခွန်ရွှမ်အား အံ့အားသင့် စေခဲ့သည်။ နတ်ဘုရားသားမွေး အလင်းများသည် သူမအား ရစ်ပတ်လာခဲ့၏။ နတ်ဘုရား သားမွေးများ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့ကာ တစ်ဖက်ရန်သူ၏လက်နက်နှင့် ရင်ဆိုင်သည်။

ဒုန်း …

အချိန်နှင့် လေဟာနယ်လှံက နတ်ဘုရား သားမွေးများ၏ ကာကွယ်မှုကို ထွင်းဖောက်သွားကာ ခွန်ရွှမ်အား ထိသည်။ သူမ၏ခန္ဓာကိုယ်က နောက်သို့ လွင့်စဉ်သွားခဲ့ကာ ဖြန့်ထားသော အတောင်ပံတွင်လည်း များစွာသော အက်ကွဲကြောင်းများအား မြင်ကြရ၏။ ထိုအခိုက်တွင် သူမ၏လှပသော မျက်နှာသည် ပြာနှမ်းနေခဲ့ပြီး ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။

“ခွန်ရွှမ် …” ခွန်ကျန်းက ခေါ်သည်။ သူကား ထိုအခိုက်တွင် ရှားရှင်းယွန်နှင့် တိုက်ခိုက်နေခဲ့၏။ လျှပ်တစ်ပြက် သူက သူ့ညီမနေရာသို့ ပျံသန်းလာခဲ့ကာ မျက်လုံးကမူ ရီဖူရှင်းအား ဒေါသတကြီး ကြည့်နေခဲ့သည်။

“ငါ ရှုံးသွားပြီ …” ခွန်ရွှမ်က ပြာနှမ်းစွာဖြင့် ရေရွတ်သည်။ သူမက နေ့စဉ်နေ့တိုင်း ဒီမွန်းမြို့သို့ လာရောက်ကာ သူမအား ရန်စ စော်ကားသော ဆံပင်ဖြူလူငယ်ထံ၌ ရှုံးနိမ့်ခဲ့၏။

ဥဒေါင်းအင်ပါယာဘုံ၏ အင်အားစုသည် ရန်သူများ၏ အသုံးချခံ နယ်ရုပ်များ ဖြစ်ခဲ့သည်။ သူတို့က နတ္ထိဘုံတိုက်ပွဲတွင် ကြီးမားစွာ ဆုံးရှုံးခဲ့ကာ သူမကိုယ်တိုင် တစ်စုံ တစ်ယောက်ထံ၌ တစ်ဦးချင်း တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သူတို့ကား နတ္ထိဘုံ တိုက်ပွဲတွင် အမှန်တကယ် ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။

ခွန်ရွှမ်သည် နတ္ထိဘုံတိုက်ပွဲသို့ ဒီမွန်းသားရဲများကို ဦးဆောင်ကာ ရောက်ကာစ၌ ယုံကြည်မှု များလွန်စွာ ရှိခဲ့ကာ သည်တစ်ကြိမ် ဒီမွန်းဘုံအတွက် အနိုင်ရလဒ်ကို ယူသွားမည်ဟု မှတ်ထင်ခဲ့၏။ သို့သော်လည်း ဤသို့ ဆိုးဝါးစွာ အဆုံးသတ်ခဲ့မည်ဟု မည်သူတို့ ထင်မှတ်ခဲ့မည်နည်း။

“ဥဒေါင်းအင်ပါယာဘုံ …  စစ်မြေပြင် အတွင်းက နောက်ဆုတ်ပေးဖို့ အကြံပေးချင်တယ် …” ရီဖူရှင်းက ခွန်ရွှမ်ကို ပြောကာ လေထဲသို့ ပျံတက်သည်။ ထို့နောက် သူ့အာရုံအား စစ်မြေပြင်သို့ ပို့လိုက်၏။ သူတို့အနေဖြင့် ရန်သူများ အချင်းချင်း တိုက်ခိုက်နေစဉ် အင်ပါယာရှားဘုံက အခြေအနေကို ထိန်းချုပ်ကာ အင်ပါယာလီဘုံမှ စစ်သည် များစွာတို့အား အလစ်အငိုက်ဖမ်းကာ သတ်ဖြတ်နိုင်ခဲ့ကြ၏။

ယခု အင်ပါယာလီဘုံမှ အင်အားစုများသည် တိုက်ခိုက်လိုခြင်း မရှိတော့ဘဲ နောက်ဆုတ်နေကြပြီ ဖြစ်သည်။ သူတို့ကား အရှက်ရဖွယ် ရှုံးနိမ့်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

လီယောင်၊ ယွင်ကျင်းနှင့် တခြားလူများက နောက်ဆုတ်ကာ ကစဉ့်ကလျား အခြေအနေအား ပြန်လည် ထိန်းချုပ်လိုပြီး အင်ပါယာလီမြို့မှ ခုခံလိုကြသည်။ အလံမလဲသရွေ့ သူတို့၏ မျှော်လင့်ချက်မှာ မပြိုလဲသေးပေ။

***

All Chapters