#အင်မော်တယ်မျောက်ဝံစင်မြင့်#
Vol. 35 Ch. 498
နောက်တစ်ရက်တွင် ရှောင်ဟိုင် ရေတံခွန်အောက်ကနေ ထွက်လာခဲ့သည်။
မျောက်ဝံနတ်ဆိုးသွေးကြောကို အပြည့်အ၀အမွေရထားသည့် ယွမ်ရှောင်ပင်လျှင် အလွန်အမင်းအံ့ဩသင့်နေရသည်။
သူကပထမတကြိမ်မှာပင် တနေ့နဲ့တညတောင်ကြာခဲ့တာလား!
ကျေးရွာခေါင်းဆောင်ကသာ လုံး၀အံ့ဩသင့်ခြင်းမရှိပေ။ ယင်းအစားသူကပြောသည်။
"ဒါကမင်းရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ကိုက်ညီပါတယ်"
သို့စေကာမူ ရှောင်ဟိုင်၏ကိုယ်က ဆေးလုံးများ၏အကူအညီကြောင့် သက်သာသွားပြီဖြစ်သော်လည်း ထွက်လာသောအခါ စိတ်ပိုင်းဆိုင်ရာအတော်လေးပင်ပန်းနေသည်။
ယခုလိုပြင်းထန်မြင့်မားလှသည့်ဖိအားအောက်တွင် သူ့စိတ်ခွန်အားက အလွန်အမင်းကုန်ခမ်းနေသည်။
နောက်ဆုံးတွင် သူရေတံခွန်ထဲကျသွားပြီးနောက် သတိလစ်သွားခဲ့ရသည်။
သုံးရက်ကြာပြီးမှသာ ရှောင်ဟိုင်ပြန်သတိရလာခဲ့သည်။
သူ့ကိုယ်ခန္ဓာကိုခံစားလိုက်စဉ် အရင်ကထက် နှစ်ဆနီးပါးအားကောင်းနေတာကို ရှောင်ဟိုင်ရှင်းလင်းစွာခံစားနေရသည်။ ဒါ့အပြင်ဒါက တရက်တာကျင့်ကြံမှုအဆင့်သာရှိသေးသည်။
ထို့နောက် သူက ထာ၀ရနတ်ဆိုးကိုယ်ထည်အဆင့်ငါး၀င်ပေါက်သို့ တရား၀င်တက်လှမ်းသွားခဲ့သည်။
ဒါကရှောင်ဟိုင်ကိုအံ့ဩသင့်သွားစေသည်။
ဒီကျင့်ကြံခြင်းနည်းလမ်းက သူ့အတွက် အတော်လေးအသုံး၀င်သည်။
ထိုစဉ် ယွမ်ဟန်၀င်လာသည်။
"ရှောင်ဟိုင်၊ မင်းနိုးလာပြီလား"
ယွမ်ဟန်လက်ထဲက အမျိုးမျိုးသော တောင်ပေါ်ရတနာများကိုကြည့်ရင်း ရှောင်ဟိုင်အနည်းငယ်ကြက်သေသေသွားသည်။
ယွမ်ဟန်ညင်သာစွာပြုံးသည်။
"ငါတို့နယ်မြေမှာ ငါတို့က မဆာလောင်တတ်တဲ့နယ်ပယ်ကိုရောက်နေပြီဆိုပေမယ့် ဒီငှက်အသားရဲ့အဆင့်က အရမ်းထူးခြားတယ်"
"ဒါအားလုံးကိုစားလိုက်၊ အရင်ကကျင့်ကြံခြင်းရလဒ်တွေကလည်း ပိုပြီးတည်ငြိမ်သွားလိမ့်မယ်"
ပန်းကန်ထဲက အသားပြားကြီးကိုကြည့်ရင်း ဒါကအရှည်နှင့်အကျယ်ပေသုံးဆယ်ခန့် ရှိသည်ဟုပင်ဆို၍ရသည်။ ဒါ့အပြင် အထဲတွင် ပြည့်နှက်နေသည့် ဝိဉာဉ်ချီကလည်း အတော်လေးကြီးမားသည်။
ဒါတွေကို အင်မော်တယ်မျောက်ဝံကျေးရွာကရွာသားများက နေ့စဉ်အမဲလိုက်ခြင်းကနေ ရလာကြခြင်းဖြစ်သည်။
ထို့နောက်ယွမ်ဟန်ကပြောသည်။
"ဒီနေ့ ငါတို့မှာယဇ်ပူဇော်ပွဲတခုရှိတယ်၊ အဲဒီထဲက ပွဲတော်တခုကစိန်ခေါ်ခြင်းပဲ၊ ငါတို့က တခြားနည်းလမ်းတွေမသုံးဘဲ ရုပ်ခန္ဓာတခုတည်းကိုသုံးရင်း တိုက်ခိုက်ရမယ်"
"အနိုင်ရသူက ဘိုးဘေးရုပ်တုကို အရိုအသေပေးနိုင်မှာ"
ထိုစကားလုံးများကိုကြားသောအခါ ရှောင်ဟိုင်၏မျက်လုံးများကလင်း၀င်းသွား၏။ သူကအစကတည်းက တိုက်ပွဲကိုလိုလားသည့် အရူးတစ်ယောက်ဖြစ်သည်။။
ဒါ့အပြင် သူ့အရင်ကျင့်ကြံခြင်းတွင် ဘယ်လောက်ထိတိုးတက်လာသလဲဆိုတာကို သူစစ်ဆေးအတည်ပြုချင်သည်။
ဒါကိုတွေးမိသောအခါ ရှောင်ဟိုင် အလျင်အမြန်ပင် ခေါင်းညိတ်သည်။
ယွမ်ဟန်ကကျယ်လောင်စွာရယ်မောသည်။
"ထင်ထားတဲ့အတိုင်းပဲ မင်းရဲ့ပင်ကိုယ်စရိုက်က ငါတို့နဲ့အတော်လေးတူတာပဲ၊ မင်းလည်းတိုက်ခိုက်တာကိုသဘောကျတာပဲ"
ထို့နောက် ရှောင်ဟိုင်၏ပခုံးကို လက်ဖြင့်ရစ်ပတ်ကာ အင်မော်တယ်မျောက်ဝံစင်မြင့်ဆီသို့လျှောက်သွားကြသည်။
အင်မော်တယ်မျောက်ဝံစင်မြင့်က မျောက်ဝံနတ်ဆိုးများတိုက်ခိုက်ကြသည့်နေရာဖြစ်သည်။
ထိုအချိန်တွင် အင်မော်တယ်မျောက်ဝံကျေးရွာမှ ရွာသားများကလည်း အင်မော်တယ်မျောက်ဝံစင်မြင့်ကို၀န်းရံနေကြသည်။
အထက်တွင်လူနှစ်ယောက်တိုက်ခိုက်နေကြပြီဖြစ်ကာ သူတို့ကဝိဉာဉ်ချီ သို့မဟုတ် ကျင့်ကြံခြင်းနည်းစနစ်များကို အသုံးမပြုကြပေ။
သူတို့လုပ်နိုင်တာက စိတ်ကြိုက်ထိုးနှက်ရန်သာဖြစ်သည်။
မကြာခင်မှာပင် နှစ်ယောက်ထဲက တစ်ယောက်က အထိုးခံလိုက်ရပြီး အင်မော်တယ်မျောက်စံစင်မြင့်ပေါ်ကနေ လွင့်စင်သွားရသည်။
ယွမ်ဟန်ပြုံးလိုက်သည်။
"မင်းသူတို့ကိုစိန်ခေါ်ချင်လား၊ သူတို့က လူငယ်မျောက်ဝံနတ်ဆိုးတွေဖြစ်ပြီး သူတို့ရဲ့ရုပ်ခွန်အားက မင်းနဲ့အနီးစပ်ဆုံးပဲ"
အင်မော်တယ်မျောက်ဝံမျိုးနွယ်က အလွန်အမင်းအစွမ်းထက်သည့် သွေးကြောကိုပိုင်ဆိုင်ထားသော မျိုးနွယ်စုဖြစ်ပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် ထိပ်တန်းမျိုးနွယ်စုတခုလည်းဖြစ်သည်။
လူငယ်မျောက်ဝံနတ်ဆိုးက အာရုံထွေပြားခြင်းနယ်ပယ်အထွပ်အထိပ်အဆင့်ကျင့်ကြံသူနှင့်ပင် ရင်ဆိုင်နိုင်သည့် ခွန်အားရှိနေလေပြီ။
အကယ်၍သူသာသွေးစွမ်းအားကို အသုံးပြုမည်ဆိုပါက သဟဇာတတာအိုနယ်ပယ်ကကျင့်ကြံသူပင်လျှင် သတိထားရပေလိမ့်မည်။
သို့စေကာမူ မျောက်ဝံနတ်ဆိုးကလန်က အမြဲလိုလိုနိမ့်ကျနေကြသဖြင့် လူသိနည်းသည်။
ရှောင်ဟိုင်၏မျက်နှာက တိုက်ခိုက်သည့်စိတ်ဓာတ်ဖြင့်ပြည့်နှက်နေပြီး ခေါင်းညိတ်ကာ ခုန်တက်လိုက်သည်။
အနီးအနားကရွာသားများကလည်း ဒါကိုမြင်သောအခါ သိချင်လာကြသည်။
သူတို့က ရှောင်ဟိုင်၏လုပ်ရပ်များကို တနည်းအားဖြင့်သိနားလည်ထားကြသည်။
ပထမ၀င်ရောက်မှုမှာတင် ယွမ်ရှောင်၏ စံချိန်ကိုကျော်လွှားနိုင်ခဲ့သည့် ဒီအပြင်လူက ဘယ်လောက်အားကောင်းသလဲဆိုတာ သူတို့လည်းမြင်ချင်ကြသည်။
မျောက်ဝံနတ်ဆိုးကလန်က အမြဲလိုလို အားကောင်းသူများကိုထောက်ခံကြသည်။
ကျေးရွာခေါင်းဆောင်ကလည်းပြုံးရင်း ကြေငြာသည်။
"မင်းတို့အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ကြတော့"
ရှောင်ဟိုင်ရှေ့က မျောက်ဝံနတ်ဆိုးက ပြုံးသည်။
"သတိထားနော်"
ထို့နောက် သူက အင်မော်တယ်မျောက်ဝံစင်မြင့်ပေါ်သို့တက်နင်းလိုက်လေရာ မြေကြီးတခုလုံးပင်လျှင် တုန်ခါသွားရသည်။
အစွမ်းထက်ရုပ်ခွန်အားဖြင့် သူ့ကိုယ်ခန္ဓာက ရှောင်ဟိုင်ဆီသို့ အမြောက်ဆန်တခုပမာ ၀င်ရောက်သွားသည်။
ရုတ်ချည်းပင် သူကရှောင်ဟိုင်ရှေ့သို့ရောက်လာပြီး လက်သီးနှင့်ထိုးလိုက်သည်။
၎င်းလက်သီးချက်က လေဟာနယ်ကိုဖြတ်သွားပြီး လေထုပေါက်ကွဲသံများကိုပင် ကြားနေရသည်။
ကြည့်ရသည်မှာ ဒီလက်သီးအားကြောင့် လေထုက စုတ်ပြဲသတ်သွားသည့်အလားပင်။
ရှောင်ဟိုင်၏ပါးစွန့်ထောင့်စွန်းက ကွေ့ညွတ်သွားပြီး တိုက်ပွဲဆန္ဒက ထိုးတက်လာသည်။
တချက်အော်ဟစ်ရင်း သူကနောက်လည်းမဆုတ်သလို ရှောင်လည်းမရှောင်ဘဲ လက်သီးပြန်ထိုးလိုက်လေသည်။
သူ့လက်မောင်းကကြွက်သားများက အရူးအမူးဖောင်းပွလာကြပြီး သူ့သွေးကြောများက တီကောင်များပမာ တွားတွားသွားနေကြ၏။
ဘန်း.....!
လက်သီးချက်နှစ်ချက်က တွေ့ဆုံသွားသောအခါ လေထဲတွင် မိုးကြိုးသံကိုပင် ကြားနေရသည်။
ထို့နောက်တွင် ရှောင်ဟိုင်နောက်သို့သုံးလှမ်းဆုတ်လိုက်ရသော်လည်း သူ့ရှေ့က မျောက်ဝံနတ်ဆိုးကမူ လုံး၀နောက်မဆုတ်ခဲ့ပေ။
သို့စေကာမူ တခဏအကြာတွင် ရှောင်ဟိုင်ပြေးသွားပြီး မျောက်ဝံနတ်ဆိုးရှေ့သို့ နောက်တကြိမ်ရောက်လာသည်။ ထို့နောက် လက်သီးကျစ်ကျစ်ဆုပ်ကာ တူတစ်ချောင်းအလား အပေါ်ကနေအောက်သို့ ပြင်းထန်စွာ ထိုးချလိုက်သည်။
"ကောင်းတယ်"
မျောက်ဝံနတ်ဆိုးကလည်း တိုက်ခိုက်ရေးစိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည်။
တကယ်တမ်းတွင် ဒီမတိုင်ခင်က ဒီတိုက်ပွဲက မနှစ်မြို့ဖွယ်ရာဖြစ်လာမည်ကို သူစိုးရိမ်နေခဲ့သည်။
ရှောင်ဟိုင်၏ရုပ်ပိုင်းဆိုင်ရာပါရမီက အတော်လေးကြောက်စရာကောင်းသော်လည်း သူ့အမြင်တွင် ကြီးထွားလာရန်လိုအပ်သေးသည်။
သို့သော် ရှောင်ဟိုင်၏တင်ဆက်မှုက သူမျှော်လင့်ထားတာထက်ပိုနေသည်။
သူကလုံး၀နောက်မဆုတ်သလိုရပ်လည်းမရပ်ဘဲ လက်သီးချက်များကလည်း မရပ်မနားရှိနေသည်။
သူကရှေ့နောက်ဘာကိုမှဂရုမစိုက်ဘဲ သူ့ဘ၀ကိုရပ်တန့်ခြင်းမရှိသလို တိုက်ပွဲကိုလည်းမရပ်ခဲ့ပါ။
ပတ်ပတ်လည်က ရွာသားများကလည်း အားပေးနေကြသည်။
မျောက်ဝံနတ်ဆိုးကလည်း လက်နှစ်ဖက်ကိုမြှောက်လိုက်သည်။
နှစ်ယောက်သားက ထပ်မံတွေ့ဆုံကြပြန်သည်။
ဘန်း........!
အင်မော်တယ်မျောက်၀ံစင်မြင့်ပေါ်၌ နောက်ဆက်တွဲငလျင်လှိုင်းများနှင့် လေဖိအားပေါက်ကွဲသံများက အဆက်မပြတ်မြည်ဟီးနေသည်။
သူကရှေ့တလှမ်းတိုးကာ နောက်ဆုတ်ရင်း ထပ်ပြီးထိုးနှက်လိုက်ပြန်သည်။
လက်သီးချက်တိုင်းက တဖက်လူ၏ လက်သီးဆီသို့ပြင်းထန်စွာပင်ထိမှန်သည်။
ရှောင်ဟိုင်က ဘယ်တော့မှမပင်ပန်းတော့သည့်စက်တခုအလားပင်။
တချိန်တည်းမှာပင် ရှောင်ဟိုင်၏တိုက်ခိုက်ရေးစိတ်ဓာတ်ကလည်းပို၍ပင် မြင့်မားလာပြီး သူ့မျက်နှာကအပြုံးကလည်း ကျယ်ပြန့်လာသည်။
သူတို့ကစတင်ရယ်မောရင်း အော်ဟစ်နေကြသည်။
ယွမ်ချောင်က ကျေးရွာခေါင်းဆောင်ဘေးတွင်ရပ်နေပြီး အပြုံးဖြင့်ပြောသည်။
"တကယ်လို့သွေးကြောခြားနားမှုသာမရှိဘူးဆိုရင် မျောက်ဝံနတ်ဆိုးကဘယ်သူလဲဆိုတာ ကျွန်တော်ပြောနိုင်မှာမဟုတ်ဘူး"
ကျေးရွာခေါင်းဆောင်ကပြုံးသည်။
"သူ့သွေးကြောက ငါတို့ထက်အများကြီးပိုမြင့်မြတ်တယ်"
"ဟမ်၊ ဘာကိုဆိုလိုချင်တာလဲ"
ကျေးရွာခေါင်းဆောင်ကပြုံးနေသော်လည်း ဘာတခုမှမပြောတော့ပါ။
ဒါကိုမြင်သောအခါ ယွမ်ချောင် ရှောင်ဟိုင်ကိုမော့ကြည့်ပြီး တီးတိုးလေးပြောသည်။
"ကြည့်ရတာ ဒါတွေအားလုံးက တိုက်ဆိုင်မှုတခုမဟုတ်ဘူးဘဲ....."
အင်မော်တယ်မျောက်ဝံစင်မြင့်ပေါ်ရှိ မျောက်ဝံနတ်ဆိုးက တိုက်ပွဲဆက်ကြာလေလေ ပို၍ပင်သတ္တိရှိလာနေသည့် ရှောင်ဟိုင်ကိုစိုက်ကြည့်သည်။ သူကပို၍ပင် စိုးရိမ်လာသည်။
အမှန်ပြောရပါက သူကသွေးကြောစွမ်းအားကိုမသုံးခဲ့ပေ။
သူအနည်းငယ်ပင်ပန်းသလိုခံစားနေရလေပြီ။
သို့သော် ရှောင်ဟိုင်ကလုံး၀မရပ်တန့်ဘဲ ယင်းအစား လက်သီးချက်များကလည်း အရင်ကထက်ပို၍ပင်အားကောင်းလာသည်။
ဒီကောင်ကဘယ်သူလဲ!
နောက်ဆုံးတွင် သတိလက်လွတ်ဖြစ်မိသွားသည့်ကာလမှာပင် ရှောင်ဟိုင်၏ထိုးနှက်မှုက မျောက်ဝံနတ်ဆိုး၏ခံစစ်ကို ထိုးဖောက်ပြီး သူ့ရင်ဘတ်ပေါ်ကျသွားသည်။
ဖူး......!
သွေးများကသူ့ပါးစပ်ထောင့်စွန်းကနေ သီးကျလာပြီး မျောက်ဝံနတ်ဆိုးကလည်း အင်မော်တယ်မျောက်ဝံစင်မြင့်ကနေ ဆင်းသွားရသည်။
ရှောင်ဟိုင် အင်မော်တယ်မျောက်ဝံစင်မြင့်ပေါ် ရှေ့တလှမ်းတိုးလိုက်စဉ် သူ့ပုံစံက အကြီးအကျယ်ပြောင်းလဲသွား၏။
သူ့မျက်လုံးများက တည်ငြိမ်နေသော်လည်း မောက်မာနေသည်။
သူကသက်ရှိအားလုံးကို အထင်သေးနေသည့်အလား ဘေဘီဝဲယာကြည့်ကာပြောသည်။
"ဘယ်သူကျုပ်ကိုစိန်ခေါ်ချင်သေးလဲ၊ တက်လာခဲ့ပါ"
သို့စေကာမူ မျောက်ဝံနတ်ဆိုးများက ဒေါသထွက်သလိုမခံစားရဘဲ ယင်းအစားခေါင်းညိတ်ကြသည်။
လူသားမျိုးနွယ်၏ဟန်ဆောင်သည့်ပုံစံကို သူတို့အရမ်းရွံရှာကြသည်။ ယခုလိုရိုးရှင်းတည့်တိုးဆန်သည့်အရာမျိုးက သူတို့အကြိုက်ဖြစ်သည်။
ယခုတွင်မူ မျောက်ဝံနတ်ဆိုးရွာက မျောက်ဝံနတ်ဆိုးတိုင်းက အပြင်လူတစ်ယောက်ဖြစ်သည့် ရှောင်ဟိုင်ကို အမှန်တကယ် အသိအမှတ်ပြုနေကြလေပြီ။
ထိုအချိန်တွင် ကျေးရွာခေါင်းဆောင်ပြောသည်။
"ရှောင်ဟိုင်၊ ဒီကိုလာခဲ့၊ ငါမင်းကို နေရာတနေရာကိုခေါ်သွားမယ်...."