#အခုတောင်ထိပ်ကိုပြောင်းဖို့အရမ်းနောက်ကျသွားပြီလား#
Vol. 35 Ch. 503
ငန်းဆိပ်ကမ်းဂိုဏ်းက နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်၌ ရှေးအကျဆုံးဂိုဏ်းဖြစ်သည်။
ယခုကျဆင်းနေပြီဖြစ်သော်လည်း အခြေခံအုတ်မြစ်တချို့တော့ရှိပါသေးသည်။
ဂိုဏ်းချုပ်ယန်ဝေရှန်းက မြေအင်မော်တယ်နယ်ပယ်ကိုရောက်နေပြီဖြစ်သည့် ထိပ်တန်းစွမ်းအားရှင်တစ်ဦးဖြစ်သည်။
သို့စေကာမူ မြေအင်မော်တယ်နယ်ပယ်၏ မူလဖိနှိပ်မှုကလည်းရှိနေဆဲပင်။
သူ့၏ထူးမခြားနားသည့်စကားလုံးများက ဂေါင်ရွီအား နောက်ဆုတ်သွားစေချင်သည်။
သို့သော် ဂေါင်ရွီက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ကိုယ်စားပြုသည်။
"ဂိုဏ်းခေါင်းဆောင်ယန်၊ ခင်ဗျားကို နှောက်ယှက်မိတဲ့အတွက် စိတ်မကောင်းပါဘူး" ထို့နောက် ဂေါင်ရွီလက်အစုံကိုဖြန့်ကာ ပြုံးသည်။
"ဒါပေမယ့် ထိပ်တန်းပါရမီရှင်နှစ်ယောက်က အခုလေးတင် ငန်းဆိပ်ကမ်းဂိုဏ်းကို ၀င်ခဲ့တယ်လို့ ကျုပ်ကြားခဲ့ရတယ်"
ဂေါင်ရွီက ယဲ့ချိုးပိုင်အားကြည့်ကာ ပြုံးလိုက်သည်။
"ယဲ့ချိုး၊ ဟုတ်တယ်နော်၊ တကယ်လို့ မင်းငါ့ရဲ့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ၀င်မယ်ဆိုရင် မင်းအခုလုပ်ခဲ့တာကို အခြေခံပြီး ငါမင်းကို နယ်နိမိတ်မဲ့သမုဒ္ဒရာမျှော်စင်ကို ၀င်ဖို့ အခွင့်အရေးတခုပေးမယ်"
နယ်နိမိတ်မဲ့သမုဒ္ဒရာမျှော်စင်!
လူတိုင်း၏အမူအရာများကပြောင်းလဲသွားကြသလို တောင်ထိပ်သခင်သုံးဦး၏ မျက်နှာများကလည်း ကြည့်ရဆိုးသွားကြသည်။
ဒီနေရာက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက စိတ်ဝိဉာဉ်ပညာရပ်မျိုးစုံကိုစုစည်းထားသည့်နေရာပေတည်း။
စိတ်ဝိဉာဉ်ပညာရပ်များက အဆင့်မြင့်ကျင့်ကြံရေးနည်းစနစ်များဖြစ်ကြသည်။
ထိုပညာရပ်များကိုလည်း ကောင်းကင်၊ ကမ္ဘာမြေ၊ အနက်နှင့် အဝါရောင်ဟူ၍ အဆင့်လေးဆင့်ခွဲခြားထားသည်။
နယ်နိမိတ်မဲ့သမုဒ္ဒရာမျှော်စင်တွင် အနိမ့်ဆုံးက ဆန်းကြယ်အဆင့်စိတ်ဝိဉာဉ်ပညာရပ်ဖြစ်သည်။
ထို့ထဲကတခုကပင် သွေးအိုင်တခုကိုဖြစ်စေနိုင်သည်။
"ဂေါင်ရွီ၊ မင်းတကယ်ပဲ စစ်ပဲတခုကို စတင်ချင်နေတာလား"
ဂေါင်ရွီဘာတခုမှမပြောဘဲ ယင်းအစား ယဲ့ချိုးပိုင်အားပြုံးပြရင်း သူ့ဆုံးဖြတ်ချက်ကို စောင့်နေသည်။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက ကြီးမားပြီး ငြီးငွေ့ဖို့ကောင်းတယ်"
"အားနည်းတဲ့ဂိုဏ်းတဂိုဏ်းကို အာဏာရှင်တယောက်ကို စိန်ခေါ်ဖို့အတွက် ဦးဆောင်ရတာက ပိုစိတ်လှုပ်ရှားစရာကောင်းတယ်လို့ ခင်ဗျားမထင်ဘူးလား"
ထိုစကားကိုကြားသောအခါ လူတိုင်းထိတ်လန့်သွားကြ၏။
ဒါက နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို စစ်ကြေညာလိုက်တာပဲမလား!
သူ့ပါရမီက အရမ်းကြောက်ဖို့ကောင်းရင်တောင် သူ့ရဲ့လက်ရှိအာရုံထွေပြားခြင်းတ၀က်နယ်ပယ်ခွန်အားနဲ့ ဒီလိုရဲတင်းတဲ့ စကားလုံးတွေကို ပြောရဲတယ်၊ ဒါပေမယ့် ဒါကသူ့ကိုယ်သူအရမ်းတန်ဖိုးထားနေတာမလား!
ဂိုဏ်းချုပ်ယန်ဝေရှန်းက ယဲ့ချိုးပိုင်အား လေးစားသဘောကျသည့်အသွင်ဖြင့် စိုက်ကြည့်နေသည်။
ဒီကောင်လေးက အတော်လေးစိတ်ဝင်စားဖို့ကောင်းသားပဲ!
လီရူဖိန်နှင့် မင်ချောင်ထင်းတို့ကလည်း နှာခေါင်းရှုံ့လိုက်ကြသည်။
"သူကကိုယ့်ကိုကိုယ်အမြင့်ကြီးမှန်းနေတာပဲ"
"နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်ရဲ့ အရှင်သခင်ဖြစ်တဲ့ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက မင်းစိန်ခေါ်နိုင်တဲ့အရာတခုမဟုတ်ဘူး"
ဒါ့အပြင်သူတို့နှစ်ယောက်က အတော်လေးယုံကြည်မှုရှိကြသည်။
ယာယီပါရမီက ဘာမှမဟုတ်ပေ။
ငှက်ကောင်းတကောင်က နားခိုရန်အတွက် သစ်ပင်ကောင်းကိုရွေးချယ်ရသည်။
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏နောက်ခံ၊ အရင်းအမြစ်များနှင့် ကျင့်ကြံခြင်း၀န်းကျင်အရ သူတို့ကပို၍ရှေ့ဆက်နိုင်ပေလိမ့်မည်။
ယဲ့ချိုး!
သူတို့က အနှေးနှင့်အမြန်သူ့အား ကန်ထုတ်ပစ်နိုင်မည်သာ။
ဂေါင်ရွီကလက်ခုပ်တီးကာရယ်မောသည်။
"မဆိုးဘူး၊ သွေးပူနေတဲ့ကောင်လေးပဲ"
"ဒါပေမယ့်အိပ်မက်ဆိုတာက အိပ်မက်ပါပဲ၊ ဒါတွေက အတွေးသာဖြစ်ပြီး လက်တွေ့မကျဘူး"
"ငါမင်းကိုပြောပြမယ်"
ထို့နောက် ဂေါင်ရွီ၏မျက်နှာထက်တွင် ရှင်းပြ၍မရနိုင်သည့်အပြုံးတပွင့်ပေါ်လာသည်။
"သုံးလအတွင်းမှာ နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနဲ့ ငန်းဆိပ်ကမ်းဂိုဏ်းတို့က သာမန်မူလတောင်ရဲ့အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ကြမယ်၊ အဲဒီအချိန်ကျရင် မင်း လီရူဖိန်၊ မင်ချောင်ထင်းတို့နဲ့တိုက်ခိုက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"
ထို့နောက် ဂေါင်ရွီက ယန်ဝေရှန်းကိုကြည့်သည်။
"ဂိုဏ်းချုပ်ယန်၊ ကျုပ်တို့သာရှုံးခဲ့ရင် သာမန်မူလတောင်အရင်းအမြစ်ရဲ့ ၂၀ရာခိုင်နှုန်းကို ကျုပ်တို့လက်လျှော့ပေးမယ်"
နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းက သာမန်မူလတောင်၏ ၆၀ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီး ငန်းဆိပ်ကမ်းဂိုဏ်းက ၄၀ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်။
ဒီအခြေအနေက အရမ်းရက်ရောလွန်းရာကျသည်။
"ဒါပေမယ့်ခင်ဗျားတို့ရှုံးရင် ယဲ့ချိုးနဲ့ မုပိုင်တို့က ကျုပ်တို့ရဲ့နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းကို ၀င်ရမယ်၊ ဘယ်လိုသဘောရလဲ"
ယန်ဝေရှန်းခေါင်းညိတ်သည်။
"သေချာတာပေါ့"
ယဲ့ချိုးပိုင်ကလည်းမငြင်းပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့အနိုင်ရနေသရွေ့ ငန်းဆိပ်ကမ်းဂိုဏ်းတွင် သူနှင့်မုဇီရှင်းတို့၏ပြောပိုင်ခွင့်က ပိုမြှင့်မားလာမည်မဟုတ်ပေလော။
"ဒီလိုဆိုမှတော့ ကျုပ်ထွက်သွားပါတော့မယ်"
ထို့နောက် သူကယဲ့ချိုးပိုင်အား ထပ်မံစိုက်ကြည့်သည်။
"မင်းဒီအတွက် နောင်တမရဖို့ ငါမျှော်လင့်ပါတယ်...."
၎င်းနောက်တွင် သူကလီရူဖန်နှင့် မင်ချောင်ထင်းတို့ဖြင့် ထွက်သွားလေတော့သည်။
ထိုအချိန်တွင် ယန်ဝေရှန်းကလည်း လှည့်လာပြီး ယဲ့ချိုးပိုင်အားကြည့်ကာ ခပ်ပေါ့ပေါ့ပြုံးသည်။
"မင်းကမဆိုးဘူးဘဲ"
ထို့နောက်သူပျောက်ကွယ်သွား၏။
ဒီစကားကိုကြားသောအခါ လူတိုင်းထိတ်လန့်သွားကြသည်။
ယဲ့ချိုးကအခုမှဂိုဏ်းကို၀င်တာသေးလေ၊ ဒါတောင်ဂိုဏ်းချုပ်က အသိအမှတ်ပြုလိုက်ပြီလား!
ဤသို့ဆိုလျှင်ပင် သုံးလအကြာတွင် သူကသေချာပေါက်ရှုံးနိမ့်ရမည်သာ။
အဆုံးသတ်တွင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်း၏ ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် ၀န်းကျင်က ငန်းဆိပ်ကမ်းဂိုဏ်းထက်အများကြီးပိုကောင်းသည်။
ယာယီပါရမီက ဘာကိုမှမဆိုလိုပေ။
ထိုအချိန်တွင် ကောင်းကင်မြင့်တောင်ထိပ်သခင်ကပြောသည်။
"ယဲ့ချိုး၊ မင်းပါရမီကမဆိုးပေမယ့် သုံးနှစ်အတွင်း လီရူဖိန်နဲ့ မင်ချောင်ထင်းတို့ကို အနိုင်ယူဖို့ဆိုတာက နည်းနည်းခက်လိမ့်မယ်"
"ဘာပဲဆိုဆို၊ ဒီသုံးလအတွင်းမှာ တဖက်က အဲဒီနှစ်ယောက်ကို လုံး၀ထိန်ချန်မထားဘဲ အစွမ်းကုန်ပြုစုပျိုးထောင်ပေလိမ့်မယ်"
"မင်းရဲ့စွဲလန်းမှုနဲ့ ကောင်းကင်မုန်းတီးတောင်ထိပ်ကို၀င်ခဲ့တော့ ငါစိုးရိမ်မိတာက....."
ကောင်းကင်မြင့်တောင်ထိပ်သခင် ဘာပြောချင်သလဲဆိုတာ ယဲ့ချိုးပိုင်သိပါသည်။
ထို့ကြောင့်သူကညင်သာစွာပြုံးသည်။
"စီနီယာရဲ့တန်ဖိုးထားမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်စိတ်ဆုံးဖြတ်ထားပြီးပါပြီ"
သူကကျင့်ကြံရန်အတွက် ဂိုဏ်းကနေ အရင်းအမြစ်များစွာမလိုအပ်ပါ။
လုချန်ရှန်းပေးထားသည့် ကျင့်ကြံခြင်းနည်းစနစ်များကပင် သူတို့၏နည်းများထက် လုံး၀သာလွန်နေသည်။
သူလိုချင်တာက တတ်နိုင်သမျှအမြန်ဆုံး ဂိုဏ်း၏အာရုံစိုက်မှုကိုရရန်ဖြစ်သည်။
"ဒီလိုဆိုမှတော့ ငါဘာမှမပြောတော့ပါဘူး"
"ဒါပေမယ့် မင်းနားမလည်တာတခုခုရှိရင် ငါ့ကိုအချိန်မရွေးမေးလို့ရတယ်"
"သုံးလအကြာမှာလောင်းကြေးက မင်းတယောက်တည်းရဲ့ကိစ္စဖြစ်ရုံတင်မက ငါတို့ငန်းဆိပ်ကမ်းဂိုဏ်းရဲ့ဂုဏ်သတင်းလည်းဖြစ်တယ်"
ထို့နောက် ယဲ့ချိုးပိုင်က ကောင်းကင်မုန်းတီးတောင်ထိပ်ကိုဝင်ခဲ့သလို မုဇီရှင်းကမူ အလ်ကိုက်တောင်ထိပ်ကို၀င်ခဲ့ပြီး အလ်ကိုက်တောင်ထိပ်ခေါင်းဆောင်၏ ကိုယ်ပိုင်တပည့်အဖြစ် တိုက်ရိုက်က်လက်ခံခြင်းကို ခံခဲ့ရသည်။
အလားတူပင် နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းရဲ့လောင်းကြေးကလည်း ငန်းဆိပ်ကမ်းဂိုဏ်းတခုလုံးအတွင်း ပျံ့နှံ့သွားသည်။
တကယ်တမ်းတွင် မည်သူကမှ ယဲ့ချိုးပိုင်ကို အမြင့်မမှန်းထားကြပေ။
ကောင်းကင်မုန်တီးတောင်ထိပ်က တခါက ကြီးကျယ်ခဲ့သော်လည်း အကြောင်းရင်းတချို့ကြောင့် လုံး၀ကျဆင်းသွားခဲ့သည်။
ယဲ့ချိုးပိုင် သူ့ရှေ့ကတောင်ထိပ်ကိုကြည့်လိုက်သည်။
တောင်ခြေရင်းကိုပင်လျှင် ကျန်သောတောင်ထိပ်လေးခုကဲ့သို့ တပည့်များဖြင့် ကာကွယ်ထားခြင်းမရှိပေ။ ဒါက အင်မတန်ကို ဗလာကျင်းပြီး အထီးကျန်နေပုံရသည်။
ယဲ့ချိုးပိုင်ခါးသီးစွာပြုံးသည်။
"ငါကတကယ်သနားစရာကောင်းတာပဲ..."
သူ့တွင်ရွေးချယ်စရာမရှိပါ။
သူငိုယိုရမည်ဆိုလျှင်ပင် သူရွေးချယ်ခဲ့သည့်လမ်းကြောင်းကို ပြည့်စုံအောင် လုပ်ရပေမည်။
ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင်အကူအညီမဲ့စွာခေါင်းခါယမ်းရင်း တလှမ်းချင်းတက်ရန် ပြင်ဆင်လိုက်သည်။
ဒါကယဲ့ချိုးပိုင်မပျံသန်းချင်သောကြောင့်မဟုတ်ပါ။ အကြောင်းရင်းက တောင်ထိပ်တိုင်းတွင် ပျံသန်းခြင်းကိုတားမြစ်ထားသည့်အစီအရင်တခုရှိနေသောကြောင့်ပင်။
တောင်ထိပ်ရောက်သောအခါ ယဲ့ချိုးပိုင်မြင်ရတာက ကျိုးပဲ့နေသည့်ခြံ၀င်းကြီးတခုတည်းပင်။
ဘေးတွင် သစ်သားတဲအနည်းငယ်ရှိပြီး မြေကြီးနှင့်အမိုးများကလည်း အရွက်ကျဲကျဲဖြင့်ဖုံးနေသည်။ ဒီနေရာတွင် လူမနေတာ အတော်လေးကြာမြင့်နေပုံရသည်။
"ဟယ်လို၊ ဒီမှာတယောက်ယောက်ရှိပါသလား"
ယဲ့ချိုးပိုင် အကူအညီမဲ့စွာအော်ဟစ်သည်။
ထိုအချိန်တွင် ပေါ့ပါးသည့်အဝါရောင်၀တ်အမျိုးသမီးတစ်ဦးက ခြံ၀င်းဘေးက သစ်သားအိမ်လေးထဲမှ ထွက်လာသည်။
"အာ၊ ဘယ်သူ့ကိုရှာနေတာလဲ"
ယဲ့ချိုးပိုင်ဆွံအစွာပြောသည်။
"ကျုပ်ကတပည့်အသစ်ပါ"
အမျိုးသမီးကရှေ့လျှောက်လာပြီး ယဲ့ချိုးပိုင်အားဂရုတစိုက် တိုင်းတာကြည့်သည်။ ထို့နောက် သူမ၏လှပသောနှာတံလေးကို ပွတ်ရင်း သိချင်စိတ်ဖြင့်မေးလိုက်၏။
"ဟမ်၊ အချိန်အရပြောရမယ်ဆိုရင် အခုက ဒုတိယစမ်းသပ်မှုအချိန်မလား"
ယဲ့ချိုးပိုင်ရှင်းပြသည်။
"ကျုပ်ပါရမီကအရမ်းကောင်းနေတော့ သူတို့တိုက်ရိုက်ဖြတ်သန်းခွင့်ပေးတာပါ"
"အိုး၊ ငါသိပြီ"
ဒီလိုမျိုးလား၊ ဟမ်!
ဒါပဲလား!
အမျိုးသမီးကပြုံးသည်။
"ဒါဆိုကြည့်ရတာ နင့်ပါရမီကမဆိုးဘူးဘဲ"
"ဒါပေမယ့် ဘာလို့အရာတိုင်းကို ခက်ခဲအောင်လုပ်ပြီး ကောင်းကင်မုန်းတီးတောင်ထိပ်ကို ၀င်ရတာလဲ"
"ကလေးစုတ်လေး၊ အရာတိုင်းကို ခက်ခဲအောင်လုပ်တယ်ဆိုတာက ဘာလို့ဆိုလိုချင်တာလဲ၊ မင်းငါ့ကိုဘယ်လိုလုပ် ဒီကို စော်ကားရဲရတာလဲ"
ထိုအချိန်တွင် ခြံ၀င်းထဲကနေ အဖိုးအိုတစ်ယောက် ကျိန်ဆဲကာထွက်လာသည်။
ထို့နောက်သူကယဲ့ချိုးပိုင်အားကြည့်သည်။
"ကောင်းပြီ၊ မင်းဘာတွေးနေသလဲဆိုတာ ငါမသိပေမယ့် ၀င်လာပြီးဆိုမှတော့ ကောင်းကောင်းကျင့်ကြံပါ"
"ဟုတ်ကဲ့၊ ဒီမှာကျင့်ကြံခြင်းလျှို့ဝှက်နယ်မြေတခုခုများရှိလား"
"ကျင့်ကြံခြင်းလျှို့ဝှက်နယ်မြေ"
အဖိုးအိုကခေါင်းခါယမ်းသည်။
"ငါတို့ကဘာလို့ဒီလိုနယ်မြေမျိုးလိုအပ်မှာလဲ၊ ကျင့်ကြံခြင်းကငါတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းစဉ်ပဲ၊ သမားရိုးကျမဟုတ်တဲ့အရာတွေကို တွေးမနေနဲ့"
ယဲ့ချိုးပိုင်တုန်လှုပ်သွားသည်။
အင်း၊ သူပြောတာလည်းအဓိပ္ပာယ်ရှိသားပဲ!
ထိုအချိန်တွင် အမျိုးသမီးက တီးတိုးပြောသည်။
"တကယ်တော့ ငါတို့ကောင်းကင်မုန်းတီးတောင်ထိပ်က အရမ်းဆင်းရဲလွန်းတာမို့ ငါတို့မှာဘာမှမရှိပါဘူး"
ယဲ့ချိုးပိုင် "...."
အခုတောင်ထိပ်ပြောင်းဖို့အရမ်းနောက်ကျသွားပြီလား!