အလံများအား မချိုးဖျက်ဘဲ အပိုင်သိမ်းခြင်း
Vol. 011 Ch. 1074
အင်ပါယာလီမြို့တွင်ကား အပျက်အစီးပုံများနှင့် လူသေအလောင်းများ နေရာတိုင်းတွင် ပြန့်ကျဲနေတော့သည်။
သားရဲများက သိမ်းငှက်နက်အား အေးစက်စွာ ကြည့်ကြသည်။ အင်ပါယာလီမြို့၏ အလံကို သည်အတိုင်း ဖြတ်တောက်ရန်မှာ အလွန်တရာ လွယ်ကူပေသည်။ အရေးကြီးသည့် အချက်မှာ အင်ပါယာရှားမြို့မှ တိုက်ပွဲဖြစ်၏။ ထိုတိုက်ပွဲက နတ္ထိဘုံတိုက်ပွဲ၏ အနိုင်အရှုံးအား အဆုံးအဖြတ် ပေးပေမည်။ အင်ပါယာရှားမြို့သာ ကျရှုံးကာ သူတို့၏ တော်ဝင်အလံ ဖြတ်တောက်ခံရပါက နတ္ထိဘုံ၏ရလဒ်ကို ဆုံးဖြတ်ပေး နိုင်ပေသည်။ အင်ပါယာရှားမြို့သာ ရှုံးနိမ့်ခဲ့ပါက သည်တစ်ကြိမ် နတ္ထိဘုံတိုက်ပွဲတွင် ဒီမွန်းမြို့က အနိုင်ရပေတော့မည်။
သို့သော်လည်း အင်ပါယာရှားမြို့မှ လူများသာ ရှုံးနိမ့်ခဲ့ပါက သူတို့သည် ဒီမွန်းမြို့မှ အလံအား သွားရောက် ချိုးဖျက်ရန် သေချာပေါက် ကြိုးစားကြပေမည်။
“အိမ်ပြန်ပြီးတော့ တော်ဝင်အလံကို ကာကွယ်ကြ” နွားသိုးခေါင်းဆောင်က အမိန့်ပေးသည်။ သားရဲများက လေထဲသို့ တက်ကာ အဝေးသို့ မြန်ဆန်စွာ ပျောက်ကွယ် သွားကြ၏။
သားရဲများ ထွက်ခွာ သွားပြီးနောက် ယိရှောင်ရှီ ပေါ်လာကာ မရေမတွက်နိုင်သော နွယ်ပင်များအား ဖြန့်ကြက်ကာ ကျန်ရစ်သော သိုလှောင် လက်စွပ်များနှင့် တော်ဝင် ရတနာများအား ကောက်ယူ သိမ်းဆည်းသည်။ အထက်ဘုံမှ လူများကား အမှန်တကယ် ချမ်းသာကြ၏။ သားရဲများသည် တော်ဝင်ရတနာများအား ကောက်ယူရန်ပင် စိတ်မဝင်စားခဲ့ကြပေ။
တိုက်ပွဲ အရှိန်အဟုန် မြင့်တက်နေချိန်တွင် သည်ကိစ္စမှာ အရေးပါဟန် မရှိပေ။ သို့သော်လည်း ယိရှောင်ရှီအတွက်မူ ကွဲပြား ခြားနားပေသည်။
ချမ်းသာ ကြွယ်ဝခြင်းကား လူသားတို့၏ အခြေခံ လောဘတစ်ခု မဟုတ်ပါလား။
အထက်ဘုံမှ လူများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် များစွာသော ရတနာပစ္စည်းများအား အလေးမထား ကြသော်လည်း သူက တော်ဝင်ကျဲ နန်းတော်သို့ ပြန်ရောက်သောအခါ လူအများအား ကြွားဝါကာ ပြန်လည် ပေးဝေနိုင်ပေသည်။ ဤနည်းဖြင့် အောက်ဘုံမှ လူများမှာ သူ့အပေါ် ကြီးစွာ လေးစား ကြည်ညို ကြပေလိမ့်မည်။
“ဒီ ဖက်တီးကတော့ …” ကော့တေးမှ လူများက ယိရှောင်ရှီအား ကြည့်ကာ ဆွံ့အရသည်။ သို့သော်လည်း သူတို့က ဘာမှ အထူးတလေ မပြောကြပေ။ ပြည်နယ်ကိုးခုကား အမှန်တကယ် ဆင်းရဲပေသည်။ အထက်ဘုံမှ ထိပ်သီး အင်အားစုများနှင့် ကွဲပြားခြားနားစွာ အောက်ဘုံတွင် သာမန် တော်ဝင်ရတနာများပင် အလွန်တရာ ရှားပါးပေသည်။
နတ္ထိဘုံ၏ဖွဲ့စည်းမှုမှာ မဟာလမ်းစဉ်၏ အပိုင်းအစတစ်ခုမှ ဖြစ်လာခြင်းဟု ပြောကြသည်။ စစ်ပွဲပြီးသွားသောအခါ သူတို့က နေရာအနှံ့လိုက်လံ ကြည့်ရှုရပေမည်။ တချို့ ရတနာများမှာ တော်ဝင်ရတနာများ သွန်းလုပ်နိုင်ပြီး အချို့မှာ ကွန်းရှီများနှင့် ရှန့်ထိုများအား ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းရန် အထောက်အကူ ဖြစ်ပေသည်။
လက်ရှိစစ်မြေပြင်သို့ လိုက်ပါလာကြသော ပြည်နယ်ကိုးခုမှ လူများ အားလုံးသည် ကွန်းရှီများ ဖြစ်ကြ၏။ သူတို့အနေဖြင့် ဆက်လက် လေ့ကျင့်ပါလျှင် ရှန့်ထိုအဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်း ရှိပေသည်။
ယူချင်းက အဝေးသို့ အေးစက်စွာ ကြည့်ကာ တစ်စုံတစ်ခုအား စောင့်ဆိုင်းနေဟန် ရသည်။
သူကဲ့သို့ပင် တခြားလူများကလည်း တစ်စုံတစ်ခုအား စောင့်ဆိုင်း နေကြဟန် ရသည်။
သိမ်းငှက်နက်က အင်ပါယာလီမြို့မှ အလံဘေးတွင် ရပ်နေသည်။ သူ၏လက်သည်းများက အလံအူတိုင်အား တေ့ထားကာ အချိန်မရွေး ဖြတ်တောက်ရန် ပြင်ထား၏။ သို့သော်လည်း သူက ဖြတ်တောက်ခြင်းတော့ မပြုပေ။ သူက တခြားလူများ ကဲ့သို့ပင် တစ်စုံတစ်ခုအား စောင့်ဆိုင်းနေသည်။
အင်ပါယာလီမြို့မှ အင်ပါယာရှားမြို့သို့ သွားရောက် တိုက်ခိုက်သူများသည် သေချာပေါက် အင်ပါယာလီမြို့သို့ စစ်ရှုံးကာ နောက်ဆုတ်လာကြမည် ဖြစ်သည်။ အကယ်၍ သူတို့သည် အင်ပါယာလီမြို့တွင် ဖြစ်ပျက်နေသည်များအား တွေ့ပါက မည်သို့ နေမည်နည်း။
***
အင်ပါယာလီမြို့မှ အင်အားစုများနှင့် ဒီမွန်းမြို့မှ သားရဲများ ရုတ်တရက် တိုက်ခိုက်ကြခြင်းက အင်ပါယာရှားမြို့ကို အသာစီးရစေခဲ့ပြီး အချိန်တိုအတွင်း သူတို့အနေဖြင့် များစွာသော တန်ခိုးရှင်များအား သတ်ဖြတ်နိုင်ခဲ့ကြ၏။
ဒီမွန်းမြို့မှ သားရဲများကလည်း အခြေအနေ အမှန်ကို ရိပ်မိလိုက်ကြ၏။ သူတို့ကား ကြီးစွာ ဒေါသထွက်ကြသည်။ သူတို့အနေဖြင့် ဒေါသ ထွက်ကြသော်လည်း ကိုယ်ပိုင် သဘောဖြင့် တိုက်ခိုက်၍တော့ မဖြစ်ပေ။
ခွန်ရွှမ်၏ အေးစက်သော မျက်လုံးများက ရီဖူရှင်းအား ဒေါသတကြီး ကြည့်နေသည်။ သူမကိုယ်တိုင်က ရီဖူရှင်းအား ရှုံးနိမ့်လိမ့်မည်ဟု မထင်ထား။
ပြောရလျှင် ရီဖူရှင်းသည် ဒီမွန်းမြို့မှ သားရဲများအား သွေးဆောင် ခေါ်ယူခဲ့စဉ်က သူမနှင့် တိုက်ခိုက်ခဲ့ရာတွင် သူ၏စွမ်းရည်များအား တမင် ဖုံးကွယ်ထားခဲ့၏။ အကယ်၍ ရီဖူရှင်းသာ သည်မျှ စွမ်းအားကြီးသည်ကို သိခဲပါက သားရဲများအား သူ၏နောက်သို့ လိုက်ပါ တိုက်ခိုက်စေမည် မဟုတ်ပေ။
ပို၍ ဒေါသထွက်စရာ ကောင်းသည်ကား ရီဖူရှင်းက သားရဲများကို ထိန်းချုပ်ခဲ့သော်လည်း သူမ သံသယ မဝင်စေရန်အတွက် ဒီမွန်းမြို့မှ သားရဲ အများအပြားကို သတ်ဖြတ်ခဲ့ခြင်းပင်။
ခွန်ကျန်းက ခွန်ရွှမ်၏ဘေးသို့ ရောက်လာကာ ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောသည် … “ဒီမွန်းဘုံက ရှုံးသွားရင်တောင် မင်းကို ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး”
“အရှင့်သား … ကျုပ်တို့ အလံ ကျိုးပျက်သွားပါပြီ” အဝေးမှ အသံတစ်သံကို ကြားကြရသည်။ သားရဲများ တစ်ကောင်ပြီးတစ်ကောင် မြန်ဆန်စွာ ပျံသန်းလာခဲ့ကြကာ ဒီမွန်းမြို့မှ ကျိုးပျက်နေသော အလံအား ယူလာခဲ့ကြသည်။
စက္ကန့်ပိုင်းအတွင်း ဒီမွန်းသားရဲများ၏ စိတ်ဓာတ်များ အောက်ဆုံးသို့ ကျဆင်း သွားခဲ့ကြသည်။ သူတို့၏နောက်ဆုံး မျှော်လင့်ချက်ကား ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
တော်ဝင်အလံကား မရှိတော့။
ဥဒေါင်း အင်ပါယာဘုံသည် ပြိုင်ပွဲ၌ ရှုံးနိမ့် ထွက်ခွာရတော့မည် ဖြစ်သည်။
ခွန်ရွှမ်က ခေါင်းမော့ကာ အဝေးမှ ပျံသန်းလာသော သားရဲများအား ကြည့်သည်။ ထိုသားရဲများက ထိန်းချုပ်ခံလား ပုံမှန်လား ဟူသည်ကိုပင် သူမ မသိပေ။
“ဥဒေါင်း အင်ပါယာမြို့က နတ္ထိဘုံတိုက်ပွဲမှာ ရှုံးနိမ့်သွားပြီ။ ရှင်တို့အားလုံး စစ်မြေပြင်က ဆုတ်ခွာပေးပေါ “ရှားရှင်းယွန်က ရီဖူရှင်းဘေးသို့ ရောက်လာကာ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့အား ပြောသည်။
ခွန်ရွှမ်က တော်ဝင်အလံထံမှ အကြည့်လွှဲလိုက်ကာ မျက်လုံးသည် သွေးနီရောင်ပင် ထလာခဲ့သည်။ သူမက ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့အား ကြည့်ကာ ပြောသည် … “ဥဒေါင်း အင်ပါယာဘုံက တိုက်ပွဲမှာ ရှုံးနိမ့်သွားပြီးပြီဖြစ်လို့ သူက ထိန်းချုပ်ထားတဲ့ သူတွေကို လွှတ်ပေးသင့်တယ်”
သူမ၏အသံက အလွန်အမင်း အေးစက်နေသည်။ သူမတို့က အရှုံးကို လက်ခံခဲ့သည်။ သို့သော်လည်း သားရဲများအား ရီဖူရှင်း၏ အသံချခံများ ဆက်လက် ဖြစ်နေမည်ကိုမူကား မလိုလားပေ။
“ကောင်းပြီ …” ရီဖူရှင်းက ခေါင်းညိတ်သည် … “ဒီမွန်းသားရဲဘုံက တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီဖြစ်လို့ သားရဲတွေ အကုန်လုံး စစ်မြေပြင်မှာ မပါဝင်တော့ဘူး”
သူ ထိန်းချုပ်ထားသော သားရဲများ အားလုံးက စစ်မြေပြင်မှ ဆုတ်ခွာကြသည်။ တခြားသော သားရဲများကလည်း နောက်ဆုတ်ကြ၏။
“နတ္ထိဘုံတိုက်ပွဲ ပြီးသွားတဲ့အခါ ကျုပ်က သူတို့ကို ထိန်းချုပ်ထားတာကနေ လွှတ်ပေးပါ့မယ်” ရီဖူရှင်းက ခွန်ကျန်းနှင့် ခွန်ရွှမ်တို့အား ပြောသည်။ ထို့နောက် သူက ရပ်နေရာမှ ပျောက်ကွယ်သွားကာ အင်ပါယာလီဘုံမှ တန်ခိုးရှင်များ ဆုတ်ခွာသွားရာဘက်သို့ ပျံသန်းပျောက်ကွယ်သွားတော့သည်။
သူကား မည်သည့်အခါကမှ ဥဒေါင်းအင်ပါယာဘုံနှင့် တိုက်ခိုက်လိုခဲ့ခြင်း မရှိခဲ့ပေ။ နတ္ထိဘုံတိုက်ပွဲက ဘုံသုံးခုအကြား အားပြိုင်ပွဲဖြစ်နေခဲ့ရာ သူက ဒီမွန်းသားရဲတို့ကို အသုံးချကာ မိမိတို့ဘက်မှ အားသာအောင် လုပ်ရပေမည်။ တိုက်ပွဲပြီးသွားသော အခါတွင်ကား ထိုသားရဲများကို သူက ထိန်းချုပ်ထားစရာ အကြောင်း မရှိတော့ပေ။ မဟုတ်လျှင် ဒီမွန်းဘုံမှ စွမ်းအားကြီး သားရဲများက သူ့ထံသို့ လာရောက် ရန်ရှာကြပေလိမ့်မည်။
“သူ့နောက်က လိုက် …” ရှားရှင်းယွန်က အမိန့်ပေးသည်။ သူမကပင် ပြောစရာ မလိုပေ။ စစ်တပ်ကား စတင် ထွက်ခွာရန် ပြင်နေကြပြီ ဖြစ်သည်။
တိုက်ပွဲအတွင်း အလှည့် အပြောင်းများက များပြားလွန်းပေသည်။ တစ်ဖက်ကျူးကျော် တိုက်ခိုက် လာသူများသည် အမှန်ပင် အချင်းချင်း တိုက်ခိုက်ခဲ့ကြကာ သူတို့အတွက် အသာစီး ရစေခဲ့၏။ လက်ရှိတွင် သူတို့က နတ္ထိဘုံတိုက်ပွဲကို အနိုင်ရရန် လက်တစ်ကမ်း အလိုဖြစ်သည်။
လေထဲတွင် အင်ပါယာလီဘုံမှ အင်အားစုများသည် ကစဉ့်ကလျား ဆုတ်ခွာနေကြ၏။ လီယောင်၏မျက်နှာက အလွန်တရာ သုန်မှုန်နေသည်။ အခြေအနေက ဤသို့ဖြစ်လာမည်ဟု သူလုံးဝ မထင်ထားပေ။ နတ္ထိဘုံတိုက်ပွဲက သူ့လက်ထဲတွင် ရောက်နေပြီဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင် သူတို့ကသာ ရှုံးနိမ့်ခဲ့ရသည်။ သူတို့ကား ယုတ်လျော့ အားနည်းစွာ ဆုတ်ခွာလာခဲ့ကြပြီး သည်မတိုင်ခင် ဝင့်ကြွားသော ဟန်ပင်များ မရှိကြတော့ပေ။
“ကျုပ် တော်တော် ပေါ့ဆတယ် …” ယွင်ကျင်းက နောင်တရစွာ ပြောသည်။ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့က သစ္စာဖောက်ခြင်း မဟုတ်ကြောင်း သူနားလည်ခဲ့သည်။ အရာအားလုံးမှာ ရီဖူရှင်း၏ သားရဲများကို ထိန်းချုပ်နိုင်သော စွမ်းရည်ကြောင့် ဖြစ်၏။
ရီဖူရှင်းက ထိုသို့ အဆက်မပြတ် ရန်စခြင်းမှာ ဤသို့သော ရည်ရွယ်ချက်များ ရှိနေမည်ဟု မည်သူတို့ တွေးထင်မိမည်နည်း။ သူကား ယခင်ကတည်းက ထောင်ချောက်များ ဆင်နေခဲ့ခြင်း ဖြစ်သည်။
“သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ ထိပ်သီး တန်ခိုးရှင်တွေ ရှိတယ် ဆိုပေမဲ့ ဒီလောက် သားရဲတွေ အများကြီးကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်တဲ့သူကိုတော့ တွေ့ဖို့ အရမ်းခက်တယ်။ ဒါက ဘယ်သူမှ မထင်မှတ်ထားတဲ့ ကိစ္စဖြစ်လို့ စီနီယာအစ်ကိုရဲ့ အမှား မဟုတ်ပါဘူး” လီယောင်က ယွင်ကျင်းအား အပြစ်မတင်ပေ။
“ဒါပေမဲ့လည်း ဘယ်လို အခြေအနေမှာမဆို မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်တဲ့ ကျုပ် အားနည်းချက်ပါပဲ” ယွင်ကျင်းက သက်ပြင်းချသည်။ တစ်ဖက်ရန်သူ၏ စွမ်းရည်ကို နားလည်ခြင်းက အနိုင်ရရန် အခွင့်အလမ်း ပိုများစေသည်။ သူတို့က ရီဖူရှင်းအား အထင်သေးကာ သူနှင့်ပတ်သက်၍ သေသေချာချာ စုံစမ်းလေ့လာ ထားခြင်းက ဤသို့ ရလဒ်ကို ဖြစ်ပေါ်စေသည်။
“တော်ဝင်အလံ မကျိုးသေးသရွေ့ ကျုပ်တို့က ဆက်ပြီးတော့ တိုက်ခိုက် နိုင်သေးတာပဲ … ဒါပေမဲ့ အလံသာ ကျိုးသွားခဲ့ရင်တော့ …” ယွင်ကျင်းက ဆက်လက်၍ မပြောတော့။ လွန်ခဲ့သော ဆယ်နှစ်ခန့်က သူ၏ စီနီယာအစ်ကိုကြီးသည် အင်ပါယာလီဘုံအတွက် နိုင်ပွဲရယူပေးခဲ့၏။ ယခု မိမိကသာ အရှုံးဖြင့် အိမ်ပြန်သွားခဲ့ပါက သူ၏ဆရာနှင့် စီနီယာအစ်ကိုတို့အား မည်သို့ မျက်နှာပြရမည်ကို သူမသိပေ။
အင်ပါယာလီဘုံက ဆုတ်ခွာကြသည် ဆိုသော်လည်း သူတို့က စည်းစနစ်ကျစွာပင် ဆုတ်ခွာကြ၏။ ရန်သူများက ပိုမိုမြန်ဆန်စွာပင် လိုက်ပါလာသည့်တိုင် သူတို့က ဤနည်းဖြင့် ဆုတ်ခွာခြင်းသည် ပြန်လည် တုံ့ပြန် တိုက်ခိုက်ရန် အမြဲ အဆင်သင့် ဖြစ်နေစေသည်။
***
“အမြန်နှုန်း မြင့်တဲ့သူတွေ ကျုပ်နဲ့လိုက်ခဲ့ပါ …” ရီဖူရှင်းက ရန်သူများနောက်မှ လိုက်ပါသွားရင်းက ပြောသည်။ လူအများအပြားက ရှားရှင်းယွန်ကို ကြည့်လျှင် သူမက ပြောသည် … “သူ့စကားတွေက ငါ့အမိန့်ပဲ”
သူမက ထိုသို့ပြောလျှင် လှုပ်ရှားမှု မြန်ဆန်သူများက ရီဖူရှင်းနောက်မှ လိုက်ကြသည်။
အလင်းတန်းများ ဖြစ်ပေါ်လာကာ ရီဖူရှင်းက လူတစ်စုနှင့်အတူ အင်ပါယာလီဘုံမှ လူများနောက်သို့ လိုက်သည်။ မကြာခင် သူတို့က အင်ပါယာလီဘုံမှ လူများအား မြင်လာကြရရာ လီယောင်နှင့် ယွင်ကျင်းတို့ကလည်း အမိန့်ပေးကြသည် … “အမြန်နှုန်း မြှင့်လိုက်ကြ …”
ရီဖူရှင်းက သူတို့မတိုင်မှီ အင်ပါယာလီမြို့သို့ ရောက်သွားမည်ကို သူတို့လည်း စိုးရိမ်ကြသည်။
ထို့ကြောင့် သူတို့ကလည်း စစ်တပ်မှ မြန်နှုန်းမြင့် တစ်ဖွဲ့အား ခွဲထွက်စေကာ မြို့သို့ အမြန်ပြန်စေသည်။
ကောင်းကင်ထက်မှ အင်အားစုနှစ်ခုသည် အင်ပါယာလီမြို့နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့၏။
အင်ပါယာအလံသည် အင်ပါယာလီမြို့၏ အမြင့်ဆုံး၌ တလွင့်လွင့် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း အလံဘေးတွင် သိမ်းငှက်နက်တစ်ကောင် ရပ်နေသည်။ ယူချင်းနှင့် တခြားလူများကလည်း အလံအနီးတွင် ရပ်ကာ စောင့်နေကြ၏။ အင်ပါယာလီမြို့မှ လူသေ အလောင်းများမှာ မြေပြင်ပေါ်၌ ပြန့်ကျဲနေ၏။
အင်ပါယာလီဘုံမှ အင်အားစုများသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ရပ်တန့်လိုက်ကြပြီး လီယောင်အား လှမ်းကြည့်ကြ၏။
သူတို့၏ တော်ဝင်အလံကား အပိုင်သိမ်းခံရကာ ရန်သူက အလံအား အချိန်မရွေး ချိုးဖျက်နိုင်သည်။
တခြား တစ်ဖက်တွင် ရီဖူရှင်းသည် နှေးကွေးသွားခြင်း မရှိပေ။ သူက ရန်သူများအား ကျော်ဖြတ်ကာ ယူချင်းတို့နှင့် ပူးပေါင်းသည်။
ထို့ကြောင့် အခြေအနေမှာ ရှားရှင်းယွန်တို့က နောက်မှ တစ်ဖွဲ့ လိုက်ပါလာကြသူများ ဖြစ်ပြီး ယူချင်းနှင့် ရီဖူရှင်းတို့က အင်ပါယာလီမြို့၏ အလံအနီးတွင် ရှိနေသည်။
အင်ပါယာရှားမြို့မှ လူများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်သက်သာ သွားကြသည်။ သူတို့က နတ္ထိဘုံတိုက်ပွဲကို အနိုင်ရထားပြီး ဖြစ်သည်။ ယခု လုပ်ရန်ကျန်သော တစ်ခုတည်းသော အရာမှာ အလံကို ဖြတ်တောက်ရန် ဖြစ်သည်။
“ရီဖူရှင်း … တော်ဝင်အလံကို ဖြတ်လိုက်တော့ …” ရှားရှင်းယွန်၏ ဘေးနားတွင် ရှိနေသော ရှောင်ရှမ်းက ပြောသည်။
ရီဖူရှင်းက ဘာမှ ပြန်မပြောပေ။ သူက ယူချင်း၊ ရီဝူချင်း၊ ဓားသခင်၊ ဟောင်ကျူဂီနှင့် တခြားလူများနှင့်အတူ အင်ပါယာလီဘုံမှ အင်အားစုများထံသို့ ဦးတည်လိုက်သည်။ သူတို့၏ အမူအရာများက အလွန်တရာ အေးစက်နေသည်။
တော်ဝင်ကျဲနန်းတော်၌ စစ်ပွဲတွင် ရှန့်ထိုကျဲ၏ မထင်မှတ်ဘဲ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များသည် သူ၏မျက်လုံးများထဲ တရိပ်ရိပ်ဖြင့် ပြန်ပေါ်လာသည်။
သူတို့က လက်တုံ့ပြန် ရပေဦးမည်။
“သူတို့က အလံကို သိမ်းပြီးပေမဲ့ မဖြတ်တောက် ရသေးဘူး။ အရှင့်သား … သူက ကျုပ်တို့အားလုံးကို အဆုံးသတ်ချင်တာပဲ” ယွင်ကျင်းကလည်း အေးစက်စွာ ပြောသည်။
လီယောင်က ရီဖူရှင်းတို့၏အပြုအမူမှာ သူ့ကြောင့်ဖြစ်သည်ကို နားလည်သည်။
“ဒီလိုဆိုမှတော့ ကျုပ်တို့မှာ အခွင့်အရေး ရှိသေးတာပဲ” ယွင်ကျင်းကလည်း အေးစက်စွာ ပြောသည်။ သူက ရှားရှင်းယွန်အား ကြည့်၏။ သူတို့ကသာ ရှားရှင်းယွန်၏ စစ်တပ်အား ထိန်းချုပ်နိုင်ပါက ရန်သူများအား အလံကို လက်လွှတ်ရန် တွန်းအားပေး နိုင်ပေသည်။
“သတ် …” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သူက လျှပ်စီးတန်းအလား ပျံသန်းသွားကာ ရတနာလှံဖြင့် ရန်သူစစ်တပ်ထဲသို့ ဝင်ရောက် တိုက်ခိုက်သည်။
“သူတို့ကို သတ် …” ရှားရှင်းယွန်ကလည်း အမိန့်ပေးသည်။ သူမကလည်း ရွှေရောင် ကြာပန်းများနှင့်အတူ ရှေ့သို့ တက်လာ၏။ ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာခဲ့ကြကာ ထောင်ပေါင်းများစွာသော လောကပျက်သုဉ်းခြင်း ဓားများအဖြစ် ပြောင်းလဲသွားပြီး ရန်သူများအား သတ်ဖြတ်သည်။
“သတ် …” လီယောင်ကလည်း ရီဖူရှင်းအား ကြည့်ကာ ပြောသည်။ သည်တစ်ကြိမ် နတ္ထိဘုံတိုက်ပွဲအရှုံးမှာ ရီဖူရှင်းကြောင့် ဖြစ်သည်။
သူတို့အားလုံး ရီဖူရှင်း၏ လှည့်စားခြင်းကို ခံကြရသည်။
စွမ်းအားမြင့် တန်ခိုးရှင်များ ရှေ့သို့ တစ်ဟုန်ထိုး ပြေးလာခဲ့ကြသည်။ တစ်ဖက်တွင် ရီဖူရှင်းက တိုက်ခိုက်မှုများအား လျစ်လျူရှုကာ သည်အတိုင်း ရန်သူများ အကြားသို့ ပြေးဝင်လာခဲ့၏။
ဘုန်း …
ရွှေရောင်အလင်းတန်းသည် လေထုကို ခွင်းသွား၏။ လှံရှည်ဝှေ့ယမ်းမှုတွင် စွမ်းအားမြင့် တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် သေကျေ ပျက်စီးရသည်။
***