ဂုဏ်သရေအတွက် တိုက်ပွဲ Child of light (ကျန်းကုန်း)
Vol. 5 Ch. 63
Volume 3: Chapter 20 – A Battle of Honor
“ဘာဖြစ်လို့လဲ။ တရားသူကြီးက မြို့စားဘက်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်လို့လား”
ကျုပ်မနေနိုင်တော့ဘဲ ချက်ချင်းမေးလိုက်ပြီး တုန်းရီကတော့ စိုးရိမ်ပြီး ဆရာဝမ်ကို ကြည့်နေလေရဲ့။
“အဲလိုမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူးကွာ။ တရာသူကြီးမင်းက အရမ်း သမာသမတ်ကျတဲ့သူလေ။ ထက်လဲ ထက်မြက်တယ်။ ကြိမ်ဒဏ် (၅၀)ချမှတ်ရမယ့် အမှုဆို ကြိမ်ဒဏ် (၁)ချက်တောင် အလွဲခံမှာမဟုတ်ဘူး”
“ဒါဆို ဘာလို့ မှိုင်နေတာလဲ”
“တရာသူကြီးက ဘယ်ဘက်မှ ဘက်မလိုက်ဘဲ တော်တော်ခက်တဲ့ အလုပ်တစ်ခု ခိုင်းလိုက်တယ်ကွ။ ရှို့တိက (၅)နှစ် တစ်ကြိမ် သိုင်းပြိုင်ပွဲမှာ ဝင်ပြီးပြိုင်ဖို့ ငါတို့ကျောင်းက ကျောင်းသားတွေကို လွှတ်ခိုင်းလိုက်တယ်။ ပေါ်ကြည်လဲ ပြိုင်ပွဲဝင်တစ်ယောက် လွှတ်ရမယ်။ ပြီးတော့ ဝင်ပြိုင်တဲ့ သူတွေ နောက်ဆုံးရလဒ်ဖြစ်တဲ့ ဘယ်ဆင့်ထိ စွမ်းဆောင်နိုင်လဲ ဆိုတဲ့အပေါ်မူတည်ပြီး ဒီကိစ္စကို ဖြေရှင်နိုင်မယ်။ အနိုင်ရတဲ့အဖွဲ့ကို ရှုံးတဲ့အဖွဲ့က လူသိရှင်ကြား တောင်းပန်ရလိမ့်မယ်”
“အာ.. အဲလိုမျိုးကြီး အမိန့်ချလိုက်တယ်ပေါ့”
ဒါတော့ ယုတ္တိကိုမရှိတာပဲ။ ကျုပ်တို့က တရားတဲ့ဘက်က အဖွဲ့လေလို့။
“ကျန်းကုန်း မင်းမသိသေးလို့ပါ။ ပေါ်ကြည်ဆိုတဲ့လူကလဲ ရှို့တိမှာ တော်တော်လေး ဩဇာလွှမ်းတယ်ကွ။ တရားသူကြီးမင်းလဲ သူ့ကို အခွင့်အရေးတစ်ခု ပေးဖို့ကလွဲရင် တခြားရွေးစရာမရှိလို့လေ။ ဒါတင်မကဘူး ရှို့တိမှာ သိုင်းလောက ထုံးတမ်းတွေ ပြည့်နေတာဆိုတော့ သိုင်းပြိုင်ပွဲရဲ့ ရလဒ်ပေါ်မူတည်ပြီးတော့ပဲ ကိစ္စတွေ တော်တော်များများကို ဆုံးဖြတ်ကြတာလေ။”
“ဒါဆို ကျွန်တော်တို့ စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်တို့ ကျောင်းတော်မျာ အစွမ်းထက်တဲ့ ကျောင်းသားတွေ အများကြီးပဲဟာကို။ ပေါ်ကြူကို ကျွန်တော်တို့ ဘာကြောင့်ကြောက်နေရမှာလဲ”
တုန်းရီလဲ ဝင်ပြောလာတယ်။ ဒါလဲမှန်တာပဲ။ ကျုပ်တို့အင်အားတွေနဲ့ဆို မှူးမတ်တွေနဲ့တောင် ယှဉ်နိုင်နေပြီကို။
“အဲဒါပဲ ငါစိုးရိမ်နေတာ။ ပေါ်ကြူက မင်းတို့နှစ်ယောက် ဝင်ပါလာတာကို ဒေါသထွက်နေတာကွ။ သူက ပြိုင်ပွဲမှာ တင်ပြိုင်ဖို့ သူ့အကြီးဆုံးသားကို လွှတ်လိမ့်မယ်။ ပြိုင်ပွဲမှာ တစ်သင်းကို အသင်းသား(၅)ယောက်စီ ပါရမယ်။ ကျောင်းတော်က ကျောင်းသားတွေ စွမ်းအားကောင်းပေမယ့် အသက်အရွယ်ရဆိုရင် ငယ်ကြသေးတယ်။ သူတို့ခွန်အားကို လေးလေးနက်နက် ကျင့်ကြံဖို့မဖြစ်နိုင်ပေမယ့် ပေါ်ကြူတို့ဘက်မှာ အဲ့လို ပြဿနာမရှိဘူး။ သူ့အကြီးဆုံးသားက ဆက်ဆံရ အရမ်းခက်တယ်လို့ ကြားထားတယ်။”
“အဲ့ အဆီပြင်နဲ့ ခွေးလိုလူတွေ ကောင်းကျိုးကို မပေးဘူး။ သူ့သား အငယ်ကိုမြင်ရတဲ့ ပုံနဲ့ဆိုရင် လူမိုက်တစ်ယောက်ပဲ ဖြစ်မှာပဲ”
“ကျန်းကုန်း။ မင်းပြိုင်ဘက်တွေကို လျှော့မတွက်ရဘူး။ ရှို့တိရဲ့ အရက်စက်ဆုံးဆိုတဲ့ မြေနဂါးတပ်ဖွဲ့အကြောင်း မင်းသိမှာပါ။ သူ့အကြီးဆုံးသားက မြေနဂါးတပ်ဖွဲ့(၃)ဖွဲ့ မှာ အမှတ်(၂)တပ်ဖွဲ့ရဲ့ တပ်မှူးကွ။ ဒါမျိုးက လက်သိပ်ထိုး ရေလောင်း၊ မြို့စားအရှိန်အဝါကိုသုံးပြီး ယူလို့ရနိုင်တဲ့ ရာထူးမဟုတ်ဘူးကွ။ သူ့အကြီးဆုံးသားက အခုနှစ်ထဲမှာ (၃၈)နှစ် ပြည့်ပြီဆိုတော့ ရှို့တိရဲ့ ပညာရှိအဆင့် ဖြစ်နေပြီ။ အသက်(၃၀)မှာ ကောင်းကင်အဆင့် သူရဲကောင်း ဖြစ်နေပြီ။ အရင်တုန်းကဆိုရင် မြေနဂါးတပ်ဖွဲ့ရဲ့ အမှတ်(၃) တပ်မှူးပြီးရင် ဒုတိယမြောက်မင်းသား ချီလုရှို့တိ လို့ခေါ်တဲ့ ကျန့်ဟူ(စစ်ကျား)က ကျင့်ယွင်ရှို့တိရဲ့သားတော်ပဲ”
အာ.. အဲဒါ ငါ့အစ်ကိုကြီးပါလားဟ။ ဒီအတိုင်းဆို မြို့စားကြီးရဲ့ အကြီးဆုံးသားက အစ်ကိုကြီးထက် အားမနည်းလောက်ဘူးပဲ။
“ပြီးခဲ့တဲ့ (၈)နှစ်တာအတွင်းမှာ သူ ကြယ်စင်သူရဲကောင်းအဆင့် တက်နိုင်ခဲ့လား မတက်နိုင်ခဲ့ဘူးလားဆိုတာတော့ ဘုရားပဲသိလိမ့်မယ်။ ကျန်းကုန်းက မှော်ဆရာရဲ့ စွမ်းအားရှိပေမယ့် သူကျင့်ကြံခဲ့တဲ့ အတွေ့အကြုံက နည်းသေးတယ်။ ဒါတင်မကသေးဘူး ဟိုကောင် ပေါ်ကြူ တခြား ဘယ်လို ကျွမ်းကျင်သူတွေကို လွှတ်လိုက်မလဲဆိုတာ ငါတို့မသိနိုင် သေးဘူး။ ဒါကြောင့် ဒီပြိုင်ပွဲအတွက် တော်တော်ကို ဆိုးရိမ်နေရတာ။”
စိတ်ထဲတော့ တော်တော်လေး လန့်သွားမိတယ်။ ကြယ်စင်သူရဲကောင်း တစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်ဘူးဆိုပေမယ့် ဘယ်အရာမှ ပုံသေမှတ်လို့မှ မရတာကိုး။ ဒါပေမယ့် တစ်ဖက်ရန်သူအဖွဲ့ထဲက လူ(၅)ယောက်သာ အစ်ကိုကြီးလိုမျိုး ခွန်အားပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကျုပ်တို့ ရှုံးဖို့ သေချာနေပြီ။
စိတ်ထဲမှာ ယောက်ယက်ခတ်နေတဲ့အချိန် တုန်းရီ တအားကြီးကို တက်တက်ကြွကြွနဲ့..
“ဆရာကြီး။ ဒါဆို အလွယ်လေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ အနိုင်ယူလို့ရနိုင်မှာပါ။ ကျွန်တော်တို့က အမှန်တရား ဘက်တော်သားတွေပဲကို။ သူတို့ကို ဘာကြောင့် အနိုင်ယူခွင့်ပေးရမှာလဲ”
“မှန်တယ်။ ငါတို့ သေချာပေါက် အနိုင်ရမှာပါ”
“လူမိုက်လေး။ အမှန်တရားဆိုတဲ့အကြောင်း မင်းဘယ်လောက်ထိ နားလည်ထားလို့တုန်း။ စွမ်းအားရှိတဲ့သူတွေပဲ အမှန်တရားဆိုတဲ့ စကားပြောခွင့်ရှိတာကွ။ မှူးမတ်ဆိုးတွေကို အနိုင်ယူနိုင်တယ်ဆိုတာ မကောင်းမှုကို အနိုင်ယူနိုင်တဲ့ အဆင့်ပဲရှိသေးတာ။ ဟိုကောင် ပေါ်ကြူက အဲလိုမျိုး ခပ်ညံ့ညံ့ ဗီလိန်ကောင်တွေလို မဟုတ်ဘူးကွ။ သူ့မှာ အမှားတွေ ရှိနေရင်တောင် ဘာမှ ဖြစ်သွားမယ့်ကောင်မဟုတ်ဘူး”
တုန်းရီနဲ့ ကျုပ် တစ်ယောက်မျက်နှာ တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာနဲ့ ကြည့်လိုက်ပြီးတော့…
“ဒီလို အပြုအမူမျိုးတွေနဲ့တောင် ဗီလိန်အဆင့် မရောက်သေးဘူးပေါ့”
“မင်းတို့ (၂)ယောက် ငယ်သေးတော့ တော်တော်အသေးတာပဲ။ ဒီကမ္ဘာကြီးပေါ်မှာ လူဆိုးဆိုတာမရှိသလို၊ လူကောင်းဆိုတာလဲမရှိဘူး။ အယူအဆ မတူသူတွေပဲရှိတယ်။ ဒါကြောင့် ဘယ်လောက်ပဲ သေးတဲ့ ကုသိုလ်ပဲဖြစ်ဖြစ် လက်မလွတ်စေနဲ့။ ဘယ်လောက်ပဲ သေးတဲ့ အကုသိုလ်ပဲ ဖြစ်ဖြစ် မလုပ်မိစေနဲ့။ ပေါ်ကြူ ဆိုတဲ့ကောင်က ခပ်စွာစွာကောင်ရယ်။ သူ့မျိုးနွယ်စုနဲ့ ပတ်သက်ရင် မျိုးချစ်စိတ်အပြည့်နဲ့ ကာကွယ်ပေးတတ်တဲ့လူစား။ ဒါပေမယ့် အမှား အမှန်ရွေးရမယ်ဆိုတဲ့အချိန်ကျ အမှန်ကို ရွေးနိုင်သေးတော့ စုံလုံးကမ်းမဟုတ်သေးဘူး။ မင်းတို့တွေ သူ့ကို လူဆိုးလို့ ပြောအုံးမှာလား”
ဆရာတိ စကားတွေက ကျုပ်ခေါင်းထဲကို နက်နက်ရှိုင်းရှိုင်းကို ထိုးဝင်သွားတာ။ နောင်အနာဂါတ်မှာ ပုံဖော်သွားမယ့် အတွေးပုံရိပ်တွေမှာ တော်တော် လွှမ်းမိုးမှုရှိသွားပြီပေါ့။
“ငါ အရင်က ပြောဖူးတဲ့ စကားပြန်ပြောမယ်။ ယုံကြည်မှုရှိတယ်ဆိုရင် ပြိုင်ပွဲမှာ ဝင်ပြိုင်လိုက်။ အခုမှ လေ့ကျင့်နေရအုံးမယ်ဆိုရင်တော့ အချိန်မမှီတော့ဘူး။ မင်းနဲ့အတူတူ ဝင်ပြိုင်ဖို့ ကျောင်းတော်က အစွမ်းအထက်ဆုံး ကျောင်းသား(၃)ယောက် ငါရွေးပေးနိုင်တယ်။ လာမယ့် နေ့တွေမှာ မင်းတို့(၅)ယောက် အချင်းချင်း နာလည်မှုရှိအောင်၊ ရင်းနှီးမှုရှိအောင် လုပ်ရလိမ့်မယ်။ မင်းရဲ့ အထွတ်အထိပ်အခြေအနေကို မင်းကိုယ်တိုင် သေချာဖို့တစ်ခုပဲ ငါတောင်းဆိုချင်တယ်။ ရလဒ်အဆင့် မြင့်နိုင်သမျှ မြင့်အောင်ပဲကြိုးစား။ တကယ်လို့ ရှုံးသွားခဲ့မယ် ဆိုရင်တောင် အရေးမကြီးဘူးကွာ။ အဆိုးဆုံး ဖြစ်သွားမယ်ဆိုရင်တောင့် ငါမျက်နှာပြောင်ပြောင်နဲ့ပဲ ပေါ်ကြူကို သွားတွေ့ပြီး အမှားဝန်ခံယုံပေါ့။ အဲ့ကောင် ငါ့ကို ဇွတ်အတင်း အနောက်အယှက် မပေးရဲပါဘူးကွာ”
အရှည်ကြီး ပြောပြီးတာနဲ့ ဆရာဝမ် သူ့ဟာသူ သဘောကျနေလေရဲ့။ သူ့စကားလုံးတွေထဲမှာတော့ ခါးသီးမှု အရိပ်အယောင်တွေ ပြည့်နှက်နေရောပဲ။ သူ ကျုပ်တို့အပေါ် အကောင်းမြင်မထားတာတော့ သေချာတယ်။ တုန်းရီနဲ့ ကျုပ်လဲ ပေါ်ကြူလွှတ်လိုက်မယ့်အဖွဲ့ကို မဖြစ်မနေ အနိုင်ယူမယ်လို့ တိတ်တိတ်လေး ဆုံးဖြတ်ချက် ချလိုက်ကြတယ်။ ဆရာဝမ်ဆိုတာက အသက်ကြီးလာတာနဲ့အမျှ ရှို့တိကလူအများစုရဲ့ အထင်ကြီး လေးစားခြင်းခံထားရတဲ့သူလေ။ ဒီလိုအဘိုးကြီးကို အရှက်တကွဲ ဖြစ်ရအောင် ကျုပ်တို့ ဘယ်လိုလုပ် ခွင့်ပြနိုင်ပါ့မလဲ။
“ဒီလောက်ပဲ။ ဒီနေ့ တော်တော် ပင်ပန်းတဲ့နေ့ပဲကွ။ စောစော အနားယူကြတော့ကွာ။ မနက်ဖြန်ကျမှ မင်းတို့အတွက် အသင်းဖေါ်တွေ ငါရှာပေးပြီး တစ်ယောက်နဲ့တစ်ယောက် အပေးအယူနားလည်မှုရှိအောင် လေ့ကျင့်ခိုင်းရမယ်။ ငါအစိုးရိမ်ဆုံးက မင်းပဲ တုန်းရီ။ မင်းအင်အားက ရန်သူတွေနဲ့ ယှဉ်ရင် အားနည်းသေးတယ်။ ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ကွာ”
ဆရာဝမ်ကတော့ ပြောစရာရှိတာပြောပြီး သူ့အခန်းပြန်သွားပြီ။
ညစာစားပြီးတာနဲ့ တုန်းရီနဲ့ကျုပ် ခြံဝန်းထဲမှာ လေ့ကျင့်နေလိုက်ကြတယ်။
“တုန်းရီ။ ဒီပြိုင်ပွဲက တော်တော်ကို ကြမ်းတမ်းခက်ခဲလိမ့်မှာ သေချာတယ်ကွ။ မင်းအားသာချက်တွေကို အပြည့်အဝ ချပြနိုင်လိမ့်မယ်လို့ ငါယုံတယ်”
“ငါ့မှာ အားသာချက် ရှိလို့လားဟ”
“မင်းရဲ့ အားသာချက်က ရက်စက်မှုလေ။ အဲဒါ ဘာလဲဆိုရင် မင်းရဲ့ လေးနဲ့မြှားပေါ့”
“လေးနဲ့ မြှားတဲ့လား။ ဟုတ်ပါ့မလား။ ငါ့မှာ ခွန်အားမကောင်းဘူးလေ။ ကျွမ်းကျင်သူတွေရှေ့မှာ ဘာမှပြောပလောက်စရာမှ မရှိတာ”
“ဒါ ဘာလို့ အသုံးမဝင်ရမှာတုန်းဟ။ ငါလိုချင်တာ မင်းရဲ့ တိကျမှုကိုပဲ လိုတာ။ ငါတို့ မှော်စွမ်းအင် မြှားတွေ သုံးနိုင်တယ်လေ”
နောက်ဆက်တွဲလုပ်မယ့် ကျုပ်ရဲ့ အစီအစဉ်တွေကို အသာ တိုးတိုးလေး ကပ်ပြောလိုက်တယ်။ ဒီကောင် မျက်လုံးတွေ ရှုံ့တွနေရာကနေ မျက်လုံးပွင့်လာတယ်။
“ကံကောင်းလိုက်တာကွာ။ မင်းအဲဒါကို တွေးမိလိုက်တယ်ပေါ့။ အခုတော့ သူတို့ကို ရင်ဆိုင်နိုင်သွားပြီ။ ဒီ(၂)ရက်အတွင်း ငါတို့တွေ တိုင်ပင်ထားတဲ့အတိုင်း အားစိုက်ပြီး လေ့ကျင့်လိုက်ကြတာပေါ့”
“ရှူး.. တိုးတိုး။ ဒါငါတို့ ဝှက်ဖဲဟ”
တုန်းရီ သူ့ပါးစပ်ကို လက်နဲ့အုပ်သွားတယ်။ နှစ်ယောက်သား ရယ်ရင်း တစ်ယောက်ကို တစ်ယောက် ဖက်ထားလိုက်မိတယ်။ အဲ့တော့မှ ကျုပ်သူ့ကို စနေမှန်း သူသဘောပေါက်သွားတာ။ ဒီတော့မှ ကျုပ်နဲ့အတူ တခွီးခွီး လိုက်ရယ်နေလေရဲ့။
ဆရာဝမ်ကတော့ သူ့အခန်း ပြတင်းပေါက်ကနေ ကျုပ်တို့ကို တိတ်တိတ်လေးကြည့်နေရင်း ကူကယ်ရာမဲ့ ခေါင်းညိတ်ရင်း သူ့ဟာသူ တိုးတိုးလေး…
“ငယ်သေးတော့ စိုးရိမ်ရတယ်ဆိုတဲ့ ခံစားချက်တွေ မသိကြသေးတဲ့ပုံပဲ။ သူတို့မှာ လျှို့ဝှက်ထားတဲ့ အစွမ်းအစတွေ ရှိမရှိတောင် မပြောနိုင်တော့ဘူး”
နောက်ဆုံးတော့ ဘယ်လိုမျိုး လျှို့ဝှက်ချက်မျိုးရှိရှိ ပြိုင်ပွဲမှာ စောင့်ကြည့်ရမှာပဲပေါ့။
============= (*^*)=============
အပိုင်း(၆၄)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား