← Chapters

အဖွဲ့ဝင် အသစ်များ

Vol. 5 Ch. 64

အဖွဲ့ဝင် အသစ်များ

Vol. 5 Ch. 64

Child of light (ကျန်းကုန်း)

Volume 3: Chapter 21 – New Teammates

ကျုပ်နဲ့ တုန်းရီ စောစောထပြီး မနေ့ညက လေ့ကျင့်ခဲ့တဲ့ ရလဒ်တွေကို ပြန်စဉ်းစားပြီး ကူကယ်ရာမဲ့နေကြပေမယ့် အပြုံးမပျက်ခဲ့ပါဘူး။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ယုံကြည်မှု ရှိကြတယ်လေ။ အိမ်မှာလဲ ဆရာဝမ်ကို မတွေ့ဘူးဗျ။ သူ ကျုပ်တို့အတွက် အဖွဲ့ဝင်တွေ သွားရှာတယ်နဲ့တူပါတယ်။ အဖွဲ့ဝင်တွေ ရောက်လာဖို့ စောင့်မျှော်ကြတာပေါ့။

စောင့်ရတဲ့ အလုပ်မှန်သမျှ တော်တော် စိတ်ဒုက္ခပေးတဲ့အလုပ်ဗျ။ နေ့လည်မတိုင်ခင်လေး ဆရာဝမ်ပြန်ရောက်လာတယ်။

“ဆရာ ကျွန်တော်တို့အတွက် အဖွဲ့ဝင်တွေ ရှာလို့ရလား။ ဘာ ဖြစ်လို့ ကြာနေတာလဲဟင်”

“မင်း စိတ်ပူနေတာ ငါသိပါတယ်ကွာ။ ဒါပေမယ့် တကယ်တန်းဆို ငါက ပိုစိတ်ပူတာပေါ့။ ငါ အသင့်တော်ဆုံး အဖွဲ့ဝင်တွေ ပဲ သေချာရွေးရတာပေါ့ကွ.. ဟား ဟား”

“ဒါဆို အဖွဲ့ဝင်တွေ ရပြီလို့ ပြောတာပေါ့နော်။ သူတို့က ဘယ်သူတွေလဲ”

“နေ့လည်စာ စားချိန်ရောက်ပြီဆိုတော့ ထမင်းအရင်စားလိုက်ကြတာပေါ့ကွာ။ သူတို့ ဒီကိုရောက်လာတဲ့အချိန်ကျမှ ပြိုင်ပွဲ စည်းကမ်းနဲ့ နည်းနာတွေ ရှင်းပြတော့မယ်။ နှစ်ယောက်လုံး ထမင်းမစားခင် လေ့ကျင့်ချင်သေးရင် ခဏလောက်ပဲ လေ့ကျင့်ကြလေ။ အရမ်းကြီး အပင်ပန်းမခံကြနဲ့ကွ။ အရေးကြီးဆုံးက စွမ်းအား အကောင်းမွန်ဆုံး အနေအထားမှာ ရှိနေဖို့ပဲ။ ဒီလောက်အချိန်လေးနဲ့တော့ ထူးပြီး အောင်မြင်မှုတွေ ပိုလာမှာမဟုတ်ဘူးလေ”

“အို့.. ဒါဆို သွားလေ့ကျင့်တော့မယ်။”

တုန်းရီကို ဆွဲခေါ်သွားရင်း မကျေနပ်ကြောင်းတော့ နည်းနည်းလေး ပြလိုက်တာပေါ့။

ညနေစောင်းသွားတာ မကြာလိုက်သလိုပဲ။ ကျုပ်တို့ အိမ်မှာ အနားယူနေတုန်း လူတစ်စုရဲ့ အော်သံတွေ ကြားလိုက်ရတယ်။

“ရှို့စစ်မာလီ၊ ရှင်းအောင်းလီစစ်နဲ့ ကောင်းသဲကျင်း တို့ တာဝန်ထမ်းဆောင်ရန် အသင့်ရောက်ရှိကြောင်း သတင်းပို့ပါတယ်”

ကျုပ်တို့ အဖွဲ့သားတွေ ရောက်လာပြီထင်တယ်။

“ကောင်းပြီ။ ဝင်ခဲ့ကြဟေ့”

ဆရာ ဝမ် အသံကြားပြီးတာနဲ့ အဖွဲ့ဝင်တွေကို ကြိုဆိုဖို့ ကျုပ်နဲ့ တုန်းရီ ထါက်လာခဲ့လိုက်ကြတယ်။

သူတို့ (၃)ယောက်လုံး ပုံစံတွေ မတူကြဘူးဗျ။ (၂)ယေက်က အရပ် (၂)မီတာကျော်စီ မြင့်ပြီး ခန္ဓာကိုယ် တောင့်တောင့် တင်းတင်းတွေ။ သူတို့ရုပ်တွေ မချောပေမယ့် ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲနဲ့ လေ့ကျင့်သားပြည့်ဝနေတာကြောင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ တော်တော်တည်ငြိမ်တယ်ဆိုတာ သူတို့ပုံကိုကြည့်ပြီး ပြောလို့ရတယ်။ သူတို့မှာ တော်တော် ခက်ထန်မယ့် အရိပ်အယောင်တွေ မြင်နေရတယ်။ ခေါင်းကနေ ခြေဖျားအထိ ကြွက်သားတွေနဲ့ ဖုထစ်နေတော့ သူတို့ ပုံစံကို ကြည့်လိုက်တာနဲ့ ရဲစွမ်းသတ္တိတွေ ခံစားမိနေတယ်။ သူတို့အသက်က (၂၇)နှစ်၊ (၂၈)နှစ်လောက်တော့ ရှိလိမ့်မယ်။ နောက်ဆုံးလူကတော့ နည်းနည်းလေး အရပ်ပုတယ်။ သူ့အရပ်က (၁၈၀)စင်တီမီတာလောက်ပဲရှိတာ။ ကျုပ်နဲ့ တုန်းရီထက်တောင် ပုပြီး အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်တတ်တဲ့ပုံပဲ။ ဉာဏ်အမျှော်အမြင် ထက်မြက်မယ့် ကြည်လင်မှုမျိုးတွေ မျက်လုံးထဲမှာ မြင်နေရပြီးတော့ အသက်က (၂၄)နှစ်၊ (၂၅)နှစ်လောက်ဖြစ်လိမ့်မယ်။

ဆရာဝမ်လဲ ရင်တထိတ်ထိတ်နဲ့ အိပ်ခန်းထဲက ထွက်လာပြီး..

“လာ လာ။ မိတ်ဆက်ပေးမယ်။ သူက ကျန်းကုန်း၊ အိုက်ရှားကလာပြီး မျော်ပညာ ကျွမ်းကျင်တယ်ကွ။ သူက ငါ့တပည့် တုန်းရီတဲ့။ သူကတော့ မင်းတို့ အားလုံးထဲမှာ စွမ်းအားအနည်းဆုံးဆိုတော့ ရှေ့လျှောက် တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ပေးကြပေါ့ကွာ”

ဆရာဝမ် အနီရောင် ဆာမူရိုင်းဝတ်စုံနဲ့ ခပ်တောင့်တောင့် လူကို ပြပြီးတော့..

“ဒါက ရှင်းအောင်လီစစ်ပေါ့။ သူ့ခွန်အားက ကောင်းကင်သူရဲကောင်းအဆင့်ကို ကပ်နေပြီ။ သူလဲ ဟိုအရင်နှစ်တွေကတည်းက ဘွဲ့ယူလို့ရနေပေမယ့် အခြေခံခိုင်မာအောင်နဲ့ အဆင့်မြင့် သိုင်းပညာတွေ လေးလေးနက်နက် သင်ယူချင်လို့ ကျောင်းဆက်တက်ပြီး လေ့ကျင့်နေတဲ့သူပေါ့ကွာ။ ဒီကျောင်းမှာ ကျွမ်းကျင်စစ်သည်တော် တစ်ယောက် ဆိုပါတော့။”

တုန်းရီနဲ့ ကျုပ် ချက်ချင်း နှုတ်ဆက်ဖို့ တိုးသွားလိုက်တယ်။ ရှင်းအောင်းရဲ့ အကျင့်က စေ့စပ်သေချာတယ်ဆိုပေမယ့် ကျုပ်နဲ့ တုန်းရီကို သေချာတောင် မကြည့်လိုက်ဘူး။

ဆရာဝမ် နောက်ထပ် ခပ်တောင့်တောင့်နဲ့ လူကို ပြပြီး..

“သူက ကောင်းသဲကျင်းတဲ့။ သူလဲ ရှင်းအောင်းနဲ့ သိပ်မကွာဘူး။ ကျွမ်းကျင်စစ်သည်တော်ပဲ။”

တကယ်လဲ အဲ့နှစ်ယောက် သိပ်မကွာဘူးဗျ။ သူလဲ ကျုပ်နဲ့ တုန်းရီကို ရှိတယ်လို့ကို မှတ်မထားတာ။

ဆရာဝမ် နောက်ဆုံးအနေနဲ့ နုညံ့သိမ်မွေ့ပုံပေါ်တဲ့လူဆီကို သွားပြီး ပုခုံးကို ပုတ်လိုက်ရင်းနဲ့..

“ဒါက ရှို့စစ်မာလီ။ ကောင်းကင်သူရဲကောင်းအဆင့် စွမ်းအားနဲ့ ကျောင်းတော်ကြီးရဲ့ နံပတ်(၁)ကျွမ်းကျင်သူလို့ လူတိုင်းက ချီးမွမ်းကြတယ်။

ဒီလူ တကယ်ကို အားကောင်းတဲ့ စွမ်းအား ပိုင်ထားတဲ့သူပဲ။ ကျုပ်တို့ သူ့ကို သေချာ စောင့်ကြည့်နေတုန်းမှာပဲ သူကအရင် လက်ဆန့်ထုတ်ပြီး..

“မင်္ဂလာပါ။ ငါက ရှို့စစ် ပါ”

“မင်္ဂလာပါ။ ငါက ကျန်းကုန်းပါ။ ငါတို့ရဲ့ အဖွဲ့ဝင်တွေကို ကြိုဆိုပါတယ်။”

ရှင်းအောင်းနဲ့ ကောင်းသဲတို့ (၂)ယောက် ရှို့စစ်နောက်မှာ ရပ်နေတာတွေ့ရတော့ အဲ့(၃)ယောက်မှာ ရှို့စစ် ခေါင်းဆောင် ဆိုတာ သိလိုက်ရတာပေါ့။

“ဒါဆို ကောင်းပြီလေ။ လောလောဆယ်တော့ အားလုံး လေ့ကျင့်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာအောင် လုပ်လိုက်ကြအုံး။ ပြိုင်ပွဲနဲ့ပတ်သက်တာတွေ နောက်မှ အားလုံးပြောပြမယ်”

ဆရာဝမ် အခန်းထဲ ဝင်သွားတော့ ကျုပ်တို့ (၅)ယောက်လုံး အရိုအသေ ပေးလိုက်ကြတယ်။

(၅)ယောက်လုံး အသံတိတ်နေတာကို တုန်းရီ စပြီး…

“အာ.. မင်းက အကိုကြီး ရှို့စစ်ကိုး။ ဟိုးအရင်ကတည်းက ကျောင်းသားတွေကြားထဲမျာ နံပတ်(၁)ကျွမ်းကျင်သူဖြစ်တဲ့ မင်းဂုဏ်သတင်းတွေ ငါကြားဖူးနေတာ။ ရှေ့လျှောက် ဒီညီငယ်လေးကို လမ်းညွှန်ပေးပါအုံး”

“မင်းကို ဘယ်လိုလုပ် လမ်းညွှန်ရဲပါ့မလဲကွာ။ အနာဂတ်မှ အချင်းချင်း အပြန်အလှန် ကူညီကြတာပေါ့”

အဲ့ကောင် လူတွေကို ဘယ်လိုစည်းရုံးရမလဲဆိုတာ တကယ်ကို သိနေတာပဲ။ ဒီလိုလူမျိုးတွေကို ကျုပ်မကြိုက်တာဗျ။

“အင်း.. ပြိုင်ပွဲအတွက် အဖွဲ့ ဖွဲ့ဖို့လိုတယ်မို့လား။ အဖွဲ့အတွက် ခေါင်းဆောင်တစ်ယောက် ရွေးဖို့နဲ့ အဖွဲ့နာမည်ပေးဖို့ အရင် လုပ်စေချင်တယ်”

“ငါတို့ ဘာကို ရွေးဖို့ လိုနေအုံးမှာလဲ။ အဖွဲ့ခေါင်းဆောင်က အစ်ကိုကြီး ရှို့စစ် ပဲ သင့်တော်တယ်ဆိုတာ အသိသာကြီးကို”

“ရှင်းအောင် မင်းစိတ်ထင်ရာ လျှောက်မပြောရဘူးကွ။ ငါ့အရည်အချင်းနဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်ဖို့ မလုံလောက်သေးဘူး”

“ငါ ဘာတွေ လျှောက်ပြောနေလို့လဲ အကိုကြီးရာ။ မင်းခွန်အားနဲ့မှ ခေါင်းဆောင်မဖြစ်ရင် ဘယ်သူဖြစ်နိုင်မှာတုန်း။ သူတို့ တွေလို့တော့ လာမပြောနဲ့နော်”

ဒီလို နှိမ့်ချပြောလိုက်တဲ့ စကားလုံးတေက ကျုပ်တို့ကို သက်သက် အရှက်ခွဲနေသလိုပဲ။

ပွဲတော့ လှပြီပေါ့ကွာ။ ကျုပ်လဲ အပြုံးလေးနဲ့ပဲ..

“ငါတို့အားလုံး အေးအေးဆေးဆေး စကားနဲ့ ဖြေရှင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ငါတို့တွေအားလုံး မြို့စားပေါ်ကြူ ရဲ့ အဖွဲ့ကို ကျော်ပြီး ကျောင်းတော်ကြီး ဂုဏ်ဆောင်ဖို့အတွက် ချန်ပီယံဖြစ်ဖို့အထိ နောက်ဆုံးရည်မှန်းချက်နဲ့ လုပ်ကြရမှာ။ ဘာမဟုတ်တဲ့ အသေးအဖွဲ ကိစ္စလေးတွေနဲ့ အချင်းချင်း ငြင်းခုံနေတာ အဓိပ္ပါယ်မရှိတော့ဘူး။ ငါတို့တွေ တစ်ယောက်ချင်းစီ ခွန်အားပြပြီး ဘယ်သူ ခွန်အားအကြီးဆုံးလဲဆိုတာ သတ်မှတ်ပြီး ခေါင်းဆောင်ရှာရအောင်လေ”

“သူ ငယ်ပေမယ့် တော်တော်လေး ဉာဏ်ကောင်းတာပဲ။ သူ့မှာလဲ ခွန်အားထူးထူးခြားခြားရှိတာပဲ။ ဒါလဲ အဆင်ပြေပါတယ်”

ရှင်းအောင်နဲ့ ကောင်းသဲတို့ နှစ်ယောက်လုံးကတော့ ဒီကိစ္စ လက်လျှောက်ဖို့ ပြင်နေကြပြီ။ တုန်းရီလဲ အတူတူပဲ။ ဒီကောင့် နှလုံးသားထဲမှာ ရည်မှန်းချက်ဆိုတာကို မရှိဘူး။ ကျုပ်မှာလဲ နဂိုက ဘာမှမရှိပေမယ့် တုန်းရီလောက်တော့ မပျော့ညံ့ဘူး ဆိုတာ သက်သေပြဖို့အတွက် ရှို့စစ်နဲ့ ပြိုင်ရတော့မှာပေါ့။

ရှင်းအောင်နဲ့ ကောင်းသဲတို့ (၂)ယောက်ကတော့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်နေတာ သိသာတယ်။ ကောင်းသဲ ကျုပ်ကို အရှုံးပေးလိုက်ရင် ပိုကောင်းတယ်။ မဟုတ်ရင် ကျုပ်အရှုံးက တော်တော် ဆိုးဆိုးရွားရွား ဖြစ်သွားလိမ့်မယ် လို့တောင် ပြောသေးတယ်။

ကျုပ်ကတော့ သူတို့ကို လျစ်လျူရှုထားလိုက်ပြီး စိတ်ကို ရေပြင်လို ငြိမ်သက်နေတဲ့ ကျုပ်ပြိုင်ဘက် ရှို့စစ်ကိုပဲ အာရုံစိုက်လိုက်တယ်။

“မင်းစမှာလား ငါစရမှာလား။ ငါက ဧည့်သည်ဆိုတော့ အိမ်ရှင်ကို မျက်နှာသာပေးရမှာပေါ့။ မင်းခွန်အားတွေကို ငါအရင် သိပါရစေ”

ဒီကောင် ကျုပ်ကိုအရင် အစွမ်းပြဖို့ ရည်ရွယ်နေတာပဲ။ ဒီကောင် ရှို့စစ် ကျုပ်ကိုများ တောင်ပေါ်က ဆင်းလာတဲ့ တောသားများ မှတ်နေလားမသိဘူး။ ဟား ဟား။

“ကောင်းပြီလေ”

ကျုပ် ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလိုက်တယ်။ ခြံဝန်အလယ်ကို သွားပြီး မျက်လုံး မှိတ်လိုက်တယ်။ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှုပ်ရှားရင်း တဖြည်းဖြည်း အရှိန်တိုးလာလိုက်တယ်။ ခြံဝန်းကြီးတစ်ခုလုံး ကျုပ်ပုံရိပ်ယောင်တွေနဲ့ပဲ ပြည့်လာရော။ ရုတ်တရက် ကျုပ် လုံးဝမလှုပ်ရှားတော့ပဲ ခြံဝန်းအလယ်မှာ ရပ်လိုက်ပေမယ့် ကျုပ်ကိုယ်ပွါး (၁၀)ခု တိတိ ခြံဝန်းထဲမှာ ရှိနေတုန်းပဲ။

ရှင်းအောင်း တော်တော်လန့်သွားတယ်ထင်တယ်။

“ဒါ ဘယ်လို လှည့်ကွက်ကြီးလဲ။ ဘာလို့ ဒီလောက် လူအများကြီးလို့ ထင်ရတာတုန်း”

ကျုပ် ကိုယ်ပွား (၁၀)ခုလုံးကနေ တစ်ပြိုင်နက်ထဲပဲ..

“လှည့်စားထားတာမဟုတ်ဘူးကွ။ ဒါ လေဟာနယ် မှော်ပညာပဲ။ ငါ ခရီးတို နေရာရွှေ့ပြောင်းတာတွေကနေ ဖန်တီးထားတာ။ ပုံရိပ်တိုင်းက ငါမဟုတ်မဟုတ်ပေမယ့်၊ တစ်ချိန်တည်းမှာပဲ ငါက ပုံရိပ်တွေပဲလေ။”

ဒါ ခရီးတို ရွှေ့ပြောင်းခြင်းကို ကျုပ် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာနဲ့ ပြန်ဖန်တီးထားတဲ့ မန္တန်တစ်ခုပေါ့။ အိုက်ရှားမှာတောင် အရင်က ရှိခဲ့ဖူးတာမဟုတ်ဘူး။ တကယ်တမ်းကျ ကျုပ်နေရာရွှေ့ပြောင်းတဲ့ အမြန်နှုန်း အရမ်းမြန်တယ်ဆိုပေမယ့် ဆက်ထိန်းထားဖို့ဆိုရင် မှော်စွမ်းအားတွေ တော်တော်ကြီးကို လိုတယ်။ ကျုပ်မှော်သခင်ကြီး အဆင့်ရောက်မှ ဒီမန္တန်ကို သုံးနိုင်ခဲ့တာလေ။

============= (*^*)=============

အပိုင်း(၆၅)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters