ရှို့တိ၏ မဟာ သိုင်းပညာ ပြိုင်ပွဲကြီး
Vol. 5 Ch. 66
Child of light (ကျန်းကုန်း)
Volume 3: Chapter 23 - The Grand Xiuda Tournament
ဒီလိုနဲ့ (၃)ရက်ဆိုတဲ့ အချိန်က တခဏလေးနဲ့ ကုန်သွားပါလေရော။ အခုဆို ‘တောက်ပခြင်း တိုက်ခိုက်ရေးအဖွဲ့”က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေကို အခြေခံပြီး တစ်သားတည်းဖြစ်နေပြီ။ ကံမကောင်းတာက အတင်းအကြပ် ကိစ္စကြောင့် ပြိုင်ပွဲအတွက် ရုတ်တရက်ထဖွဲ့လိုက်ရတော့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနိုင်ဖို့တော့ အချိန်မလောက်ခဲ့ဘူးပေါ့ဗျာ။
ပြိုင်ပွဲကို ရှို့တိရဲ့ အကြီးကျယ် ခမ်းနားဆုံး အဆောက်ဦကြီးမှာ ကျင်းပခဲ့တာ။ ဘယ်လောက်ထိ ကြီးလိုက်သလဲဆို ဘောလုံးကွင်း (၁၀)ကွင်းစာလောက်ထက်ကို ပိုကြီးသေးတယ်။ အဲ့အဆောက်အဦကြီး အဆင့်ပေါင်း(၅၁)ဆင့်ကို ဟိုးရှေးရှေးတုန်းကတည်းက ဆောက်ထားတာဗျ။ အလယ် ဗဟိုက စင်မြင့်တွေကို အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲကြီးတွေ အတွက်ထားပြီး ဘေးပတ်လည်က ကျန်တဲ့ စင်မြင့်တွေကိုတော့ အုပ်စုပွဲတွေနဲ့ ကျန်တခြားအဆင့် ပြိုင်ပွဲတွေအတွက်ပေါ့။ စာရင်းချုပ်လိုက်တော့ ပေါ်ကြူရဲ့ ‘လေနဂါး တိုက်ပွဲဝင်အဖွဲ့’ ကို အမှတ်စဉ်(၈၀၃)မှာ ထည့်ထားတာ တွေ့တယ်။ ကျုပ်တို့ အဖွဲ့ကတော့ အမှတ်စဉ်(၁၉၈)မှာဗျ။ သူတို့ အဖွဲ့မှာ ပါတဲ့သူတွေကိုတော့ အခုထိ မတွေ့ရသေးဘူး။
--------------------------
ကျုပ်တို့ (၅)ယောက် စင်ပေါ်ကို ရောက်လာပြီ။ စင်မြင့် ဘေးပတ်ပတ်လည်က လူတွေက စင်မြင့်ရဲ့ အပြင်ဘက်စွန်းမှာရှိနေတယ်ဆိုပေမယ့် ပရိသတ်တွေ၊ တိုက်ပွဲဝင်အဖွဲ့တွေ ရောနေတာဗျ။ အသစ်ဆောက်ထားတဲ့ မဏ္ဍပ်တွေ၊ ပရိသတ်ထိုင်ခုံတွေ အများကြီးလဲရှိသေးတယ်။
အကုန်လုံးကို လှည့်ပတ်ကြည့်လိုက်တဲ့အခါကျတော့ ပြိုင်ပွဲဝင်မယ့် သူတော်တော်များများက စစ်သူရဲတွေလိုမျိုး ဝတ်စားထားကြပြီးတော့ တစ်ချို့ အနည်းစုကပဲ သာမန် အရပ်ဝတ်အရပ်စားတွေ ဝတ်ထားတာတွေ့ရတယ်။ ပဏာမ ပွဲစဉ်တွေမှာတော့ ကျုပ်ရဲ့ မှော်ပညာတွေကို တတ်နိုင်သမျှ ဖုံးကွယ်ထားဖို့ စီစဉ်ထားတယ်။
ပြိုင်ပွဲမစခင်ကတည်းက ပြိုင်ပွဲစည်းကမ်းတွေကို ပွဲစီစဉ်သူတွေက ရှင်းပြထားတယ်ဗျ။ သရေကျမယ်ဆိုရင်တောင် တတိယ အချီမရောက်အချင်း အားစိုက်တိုက်ဖို့ မသေချာသေးဘူးပေါ့။ ဒီပုံစံအရဆိုရင် ပထမဆုံးအကျော့ တိုက်ပွဲမှာတော့ နှစ်ဖက်စလုံး သွေးတိုးစမ်းတဲ့ တိုက်ခိုက်ရေး စစ်သည်တွေ အနေအထားလောက်ပဲ တိုက်ကြလိမ့်မယ်။ တခြားအဖွဲ့တွေမှာ မြေကြီးစစ်သည်တော်တွေတောင် မပါဘူးဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သာမန်အနီးကပ် တိုက်ခိုက်ရေး နည်းစနစ်တွေ လောက်နဲ့ပဲ သုံးခဲ့လိုက်တယ်။ နောက်ဆုံးတော့ (၃)ပွဲ (၂)ပွဲနဲ့ အနိုင်ရသွားတာပေါ့။
ဒုတိယ ပွဲစဉ်ကလဲ အတူတူပါပဲ။ ဌာနခွဲအမှတ် (၁၉၈)ရဲ့ ဒိုင်လူကြီးမင်းက နောက်ဆုံးမှာ…
“တတိယ အကျော့ ပွဲစဉ်တွေအဖြစ် တောက်ပခြင်းအဖွဲ့နဲ့ ရွှေသံမဏိစစ်သည်တော်များအဖွဲ့”
လို့ ကြေငြာတဲ့ အချိန်အထိ ပွဲစဉ်တွေ စောင့်ကြည့်ရင်း အိပ်ပျော်လုနီးပါ ဖြစ်သွားတာ။
ရှင်းအောင်း ရယ်ရင်းနဲ့..
“ဒီ ရွှေသံမဏိစစ်သည်တော်များ အဖွဲ့ ဆိုတာ တကယ်တမ်းကျ သံချေးတက်နေတဲ့ သံတိုသံစ အပုံကြီးမဟုတ်ဘူးလား”
ကျုပ်တို့အားလုံး သူ့ဟာသကြောင့် တသောသောဖြစ်သွားတာပေါ့။ ရှို့စစ်ကတော့ ကျုပ်ကို
“အချိန်ကုန်သက်သာသွားအောင် တခြားအဖွဲ့တွေနဲ့ တိုက်ရိုက်ရင်ဆိုင်ကြရမှာပေါ့”
ကျုပ်လဲ သဘောတူ ခေါင်းညိတ်လိုက်တယ်။
ကျုပ်တို့ စင်မြင့်ပေါ်ကို ရောက်တဲ့အခါ အဖြူရောင်ဝတ်စုံတွေနဲ့ လိုက်ဖက်နေတဲ့အပြင် အရပ်ဆိုလဲ (၁၈၀) စင်တီမီတာ အထက်တွေပဲ ဆိုတော့ ပရိတ်သတ်ကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့သေးတယ်။ စင်မြင့်ရဲ့ ဘေး (၄)ဘက်(၄)တန်ကနေပြီး..
“ဘန်း… ဘန်း… ဒန်း.. ဒန်း…”
အာ သေလိုက်ပါတော့ကွာ။ အဲ့ကောင်တွေ တော်တော်ကို အနံကြီးကွင်းကျယ်လုပ်နေတာပဲ။ တော်တော် -င်ခေါင်းကျယ်တဲ့ကောင်တွေ။
ရွှေသံမဏိ စစ်သည်တော်အဖွဲ့ ပေါ်လာပြီ။ အဲ့ကောင်တွေ တော်တော် အဖြစ်သည်းနေကြတာပဲ။ အနက်ရောင် ခြေလျင်တပ်သား ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ထားကြတဲ့အပြင် အရပ်(၂)မီတာလောက်တွေဗျ။ လက်နက်ကိုင် တပ်သားတွေလိုပဲ အသွားနှစ်ဖက်ဓါးကြီးတွေနဲ့ဆိုတော့ သူတို့ကို ကြည့်ရတာ ပေါ့ပေါ့ပါးပါးကို မရှိဘူး။
ရှို့စစ် ကျုပ်နား တိုးတိုးလေး ကပ်ပြောလာတယ်.။
“ဒီကောင်တွေ တကယ်ကို ပေသီးခေါက်နေပြီကွ။ စင်မြင့်နေရာ အကန့်အသတ်ရှိနေတော့ ငါတို့ကိုအနိုင်ယူချင်တာနဲ့ အင်အားသုံးပြီး တိုက်ဖို့လုပ်နေတဲ့ပုံကွ”
“ဒီကောင်တွေ ငါတို့နဲ့မှ တည့်တည့်တိုးတာတော့ သနားစရာပဲ”
ကျုပ်တို့တွေ ယုံကြည်မှုအပြည့်နဲ့ ရယ်ရယ်မောမောပေါ့။
ပြိုင်ပွဲထုံးစံအတိုင်း ကျုပ်က အဖွဲ့ခေါင်းဆောင်ဆိုတော့ သူတို့နဲ့ ညှိဖို့ ရှေ့ထွက်ရတာပေါ့။ ပုံမှန်အားဖြင့်ဆိုရင် သူတို့အတွက် ပိုပြီး အလေးသာနေတာဆိုတော့ အသင်းလိုက်တိုက်ခိုက်ဖို့ကို ဝမ်းသာအားရနဲ့ သဘောတူလိုက်ကြတယ်။
ဒိုင်လူကြီးက တိုက်ပွဲစတင်ကြောင်းကြေငြာလိုက်ပြီ။ ရွှေသံမဏိစစ်သည် (၅)ယောက်လုံး သူတို့ဓါးကြီးတွေကို ဝင့်ပြီး ပြေးဝင်လာကြတယ်။ သူတို့ အားမာန်တွေက မယုံနိုင်လောက်အောင် ကောင်းနေပေမယ့် အရှိန်ကျတော့ အရမ်းနှေးလွန်းတယ်။ တုန်းရီ၊ ရှို့စစ် နဲ့ ကျုပ် လုံးဝကို မလှုပ်ဘူး။ ကျုပ်တို့က စင်မြင့်ရဲ့ အစွန်းလေးမှာရပ်နေမြဲ ရပ်နေပြီး ကောင်းသဲနဲ့ ရှင်းအောင်းတို့ (၂)ယောက်ပဲ သူတို့ဓားတွေ ကိုင်ပြီး အသင့်ရှိနေတာ။ ရှို့စစ် ပွဲမစခင်ကတည်းက ပြောထားတာကိုး။ ဖြစ်နိုင်ရင် လူအင်အား အနည်းဆုံးနဲ့တင် အနိုင်ရနိုင်တဲ့ ပွဲမို့လို့လေ။
ရန်သူ (၅)ယောက်စလုံး ကျုပ်တို့ဆီရောက်လာတဲ့အချိန် ရှင်းအောင်း သူ့ဓါးကြီးကို အဝါရောင် တိုက်ပွဲစိတ်ဝိညာဉ်နဲ့ အားဖြည့်လိုက်ပြီး အသံအကျယ်ကြီးနဲ့ ကြိုဆိုရေး စလုပ်လိုက်တယ်။ ဓါး(၂)ချောင်း ကျော်သွားပြီးတာနဲ့ ရဲရင့်ပြီး ထက်မြက်ပုံရတဲ့သူကို ရှင်းအောင် ဓါးချက်တစ်ချက်နဲ့ လွင့်သွားအောင် လုပ်ပစ်လိုက်တယ်။ ရှင်းအောင်ဆိုတဲ့ကောင် ပြိုင်ဖက်ရဲ့ဓားကို တမင်ကြီး လဲသုံးပြီး ကြွက်ကို ကြောင်ကစားသလိုမျိုးလုပ်ပြီး ရန်သူရဲ့စိတ်ဓါတ်တွေကို ဖိနှိပ်ထားတာဗျ။
ကျန်တဲ့လူတွေကိုလဲ ရှင်းအောင်းပဲ တိုက်ခိုက်လိုက်တာ။ သူနဲ့ ဓါးချက်ချင်း နည်းနည်းလေးပဲ ထိပ်တိုက်တွေ့ပြီးတာနဲ့ တစ်ဖက်က ပြိုင်ဘက်တွေ တုန်လှုပ်ခြောက်ခြားနေကြပြီ။ ကောင်းသဲ ကတောင်.
“ဒီကောင်ကွာ ငါ့အတွက်တောင် ချန်မထားတော့ဘူး။ အကုန်လုံးကို မင်းတစ်ယောက်ထဲ ပြုစုလိုက်ရလားဟ”
ပရိတ်သတ်ထဲက တခြားပြိုင်ဖက်အဖွဲ့တွေကတောင် ကျုပ်တို့အဖွဲ့ကို အာရုံစိုက်နေကြပြီ။ တော်တော်များများက ကျုပ်တို့အဖွဲ့က တစ်ယောက်တည်းသုံးပြီး တိုက်ခိုက်ခဲ့တာကို ဒေါသထွက်နေကြတာဗျ။
ကျုပ် ရှေ့ကိုလျှောက်သွားလိုက်တာနဲ့ ရှင်းအောင်း တိုက်ခိုက်နေတာကို ရပ်လိုက်တယ်။ ကျုပ်ကပဲ ပြိုင်ဘက်တွေကို..
“မင်းတို့အားလုံး အရှုံးပေးဖို့ အကြံပေးချင်တယ်။ ငါတို့(၂)ဖွဲ့ကြားက စွမ်းအားကွာခြားချက် ဘယ်လောက်ကြီးတယ်ဆိုတာ မင်းတို့သဘောပေါက်လောက်မယ်ထင်ပါတယ်”
ပြိုင်ဖက်အသင်းခေါင်းဆောင်က သူ့ဓါးနဲ့ ညွှန်လိုက်ပြီး..
“ညီအစ်ကို မင်းအဖွဲ့သားက မြေကမ္ဘာ တိုက်ပွဲ စိတ်ဝိညာဉ်ကို သုံးလိုက်တာလား”
ကျုပ်လဲ ခေါင်းညိတ်ပြရင်း..
“ဟုတ်တယ်။ အမှန်ပဲ”
ကျုပ် ရယ်ရမလား ငိုရမလားမသိတောင် ဖြစ်သွားတယ်ဗျာ။
သူတို့ခေါင်းဆောင်နဲ့ စကားပြောနေတုန်းမှာပဲ ပြိုင်ဘက် (၅)ယောက်လုံး ရှင်းအောင်းဆီကို တက်လာပြီး အကုန်ဒူးထောက်လိုက်ကြတယ်။
“အစ်ကိုကြီး ငါတို့ကို မင်းဆီမှာ တပည့်တွေအဖြစ် လက်ခံပေးပါ။ တိုက်ပွဲမှာ ကျွမ်းကျင်တဲ့ ဆရာကို ရှာချင်လို့ ဒီပြိုင်ပွဲ ဝင်ပြိုင်ခဲ့တာပါ”
ရှင်းအောင်း မျက်နှာကို ရဲတွတ်နေရောပဲ။ သိုင်းပညာကိုပဲ တစ်သက်လုံး လေ့ကျင့်လာခဲ့တာလေ။ ဒီလို အနေအထားမျိုး တစ်ခါမှ မှ မကြုံခဲ့ဖူးသေးတာကို။ ရှို့စစ်ကပဲ ဝင်ပြီး သူ့ကို ကယ်လိုက်တဲ့အနေနဲ့ ပြိုင်ပွဲပြီးမှ သူတို့(၅)ယောက် လာတွေ့ဖို့ ပြောလိုက်တဲ့အပြင် ကျုပ်တို့ကို ဆက်သွယ်လို့ရမယ့် အသေးစိတ် အချက်အလက်တွေကိုပါ ပေးလိုက်သေးတယ်။
ရွှေသံမဏိစစ်သည်တော် အဖွဲ့လက်ကနေ လွတ်ဖို့ရာ ကျုပ်တို့အတွက် တော်တော်လေး မလွယ်မကူ ဖြစ်သွားတယ်။ ကျုပ်တို့ ပထမဆုံးတိုက်ပွဲပြီးလို့ ကျောင်းတော်ကို အပြန်လမ်းမှာ ကောင်းသဲက..
“အင်း. ဆိုးတော့မဆိုးပါဘူး။ ငါ့ညီအစ်ကိုက ပထမဆုံးပြိုင်ပွဲမှာတင် တပည့်(၅)ယောက် ရလိုက်ပြီ။ ဟား.. ဟား… နောက်ထပ် ပြိုင်ပွဲတွေမှာသာ ဒီလိုမျိုးတွေ ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့တွေ ကိုယ်ပိုင် တပ်ဖွဲ့တောင် ဖွဲ့နိုင်မှာ သေချာတယ်”
ရှင်းအောင်းကတော့ အဲ့ကောင်ကို လျစ်လျူရှုလိုက်ပြီး ရှို့စစ်ကို..
“အကိုကြီး ဒီကောင်တွေကို ငါလက်ခံသင့်တယ်လို့ မင်းထင်လား”
“ငါမြင်ခဲ့ရသလောက်တော့ ဒီကောင်တွေ အရမ်းရိုးရှင်းတဲ့အပြင် ရိုးသားတဲ့ ယောက်ျားကောင်းတွေပဲကွ။ သူတို့ကို မင်းတပည့်တွေအဖြစ် လက်ခံလိုက်လို့လဲ ပြဿနာဖြစ်စရာမရှိပါဘူး။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ မင်းအပေါ်ပဲ မူတည်တာပါကွာ”
ဒီလိုနဲ့ ကျုပ်တို့အဖွဲ့ နေ့တိုင်း ပြိုင်ပွဲတွေ တိုက်ခိုက်ကြရတာပေါ့။ တိုက်ပွဲအားလုံးကို ရှင်းအောင်း၊ ကောင်းသဲ၊ တုန်းရီတို့နဲ့တင် အနိုင်ယူနိုင်နေတော့ ကျုပ်တို့အတွက် ချောချောမွေ့မွေ့ပါပဲ။ ရှို့စစ်နဲ့ ကျုပ်က သူတို့ဘေးနားကနေ စတိုင်နဲ့ ရပ်ကြည့်နေယုံပဲလေ။ တိုက်ပွဲ(၁၀)ပွဲတိုက်ပြီး (၁၀)ပွဲစလုံးနိုင်ထားတော့ အမှတ်(၁၉၈)အုပ်စုကနေ အကြို ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီပေါ့။
ကျုပ်တို့ရဲ့ တိုက်ပွဲ တစ်ခုပြီးလို့ နောက်တစ်ခုမတိုင်ခင်ကြားထဲမှာ ပေါ်ကြူရဲ့ လေနဂါးအဖွဲ့ရဲ့ တိုက်ပွဲတွေ ကြည့်ဖြစ်တယ်လေ။ သူတို့လဲ တိုက်ပွဲအကုန်လုံးကို မြေကမ္ဘာအဆင့် တိုက်ပွဲစိတ်ဝိညာဉ် အဆင့်လူ တစ်ယောက်ထဲကပဲ မျှော်လင့်မထားလောက်အောင် တိုက်ပြီး အကြိုဗိုလ်လုပွဲကို တက်လာတာဗျ။ အစကနေအဆုံးထိ တခြားလူတွေရဲ့ လှုပ်ရှားမှုကို မတွေ့လိုက်ရဘူး။ အဲ့လူက ပေါ်ကြူရဲ့ အဖွဲ့ထဲမှာ အညံ့ဆုံးလူလို့တော့ ဆရာဝမ်ပြောတာပဲ။ ကျုပ်တို့အဖွဲ့အတွက်ဆိုရင် အခြေအနေတွေက မျှော်လင့်မရှိအောင်ကို ဖြစ်နေပြီ။
ပဏာမ တိုက်ပွဲတွေ ပြီးတဲ့အခါ နောက်ထပ်မဲမနှိုက်ခင် (၂)ရက် အနားရတယ်ဗျ။ ပထမ အကြော့ ပြိုင်ပွဲကို (၄)ရက် ကျင်းပမှာြဖစ်ပြီးတော့ ကျုပ်တို့က တတိယနေ့မှာ ပြိုင်ရမှာ။ အဲဒီတော့ (၄)ရက်အနားရသွားတဲ့ သဘောပေါ့ဗျာ။ ဒီအစီအစဉ်ကို ကျုပ် တော်တော်လေး ကျေနပ်မိတာဗျ။ ကျုပ်တို့အနေနဲ့ ပြိုင်ဖက်တွေရဲ့ အားသာချက်တွေကို လေ့လာတာတွေ ဘာတွေလုပ်မနေတော့ဘဲ ကျုပ်တို့ ကိုယ်စီစွမ်းအားတွေကို အသင်းအဖွဲ့ပုံစံမျိုး အခြေခိုင်မာအောင်ပဲ အဆက်မပြတ် လေ့ကျင့်နေလိုက်ကြတယ်။ တုန်းရီရဲ့ တိုက်ပွဲစိတ်ဝိညာဉ်က အများကြီးတိုးတက်မလာဘဲနဲ့ တခြားနေရာမှာပဲ တိုးတက်လာတာ သေချာတယ်။ သူတောင် အလင်းဒြပ်စင်တွေနဲ့ နတ်သူငယ်တွေရဲ့ သဘာဝကို ပေါင်းစပ်ပြီး မှော်စွမ်းအားနဲ့ ကျုပ်လမ်းညွှန်ချက်တွေကို အားကိုးပြီး မူလအလင်းမှော် တစ်ချို့ကိုတောင် သုံးနိုင်နေပြီ။ ဒါ့အပြင် အခြေခံ အလင်းမှော်ပညာတစ်ခုဖြစ်တဲ့ အလင်းမြှားကို သူ့ကိုယ်ပိုင်မြှားတွေနဲ့ ပေါင်းစပ်သုံးလိုက်နိုင်တာကြောင့် သူ့စွမ်းအားတွေ ကြီးကြီးမားမားကို တိုးမြှင့်နိုင်ခဲ့တာဗျ။
============= (*^*)=============
အပိုင်း(၆၇)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား