← Chapters

ခွန်အားပြသခြင်း

Vol. 5 Ch. 67

ခွန်အားပြသခြင်း

Vol. 5 Ch. 67

Child of light (ကျန်းကုန်း)

Volume 3: Chapter 24 – A Display of Strength

အကြိုဗိုလ်လုပွဲအတွက် ကျုပ်တို့ရဲ့ ပထမဆုံးပွဲစဉ် ဒီနေ့လုပ်တယ်ဗျ။ ကျုပ်တို့ ပြိုင်ဘက်အဖွဲ့က ဘယ်လောက်အင်အား ကြီးတယ်ဆိုတာ မသိကြပေမယ့်လည်း သူတို့တွေ ကျုပ်တို့ သွားမယ့်လမ်းကြောင်းကိုတော့ တားဆီးနိုင်မှာမဟုတ်ဘူးဆိုတာ သိနေကြတယ်လေ။ ရှို့တိ ခန်းမကြီးထဲ ရောက်တဲ့အခါ ပွဲကြည့်ပရိသတ် တွေနဲ့ ပြည့်ညှပ်နေရောပဲဗျ။

ဒိုင်လူကြီးက စင်ပေါ်ရောက်တဲ့အချိန် (၂)ဖက်စလုံးကို မိတ်ဆက်ပေးတယ်။

“မူလဌာနခွဲ (၁၀၂၄)ခု ရှိတဲ့အနက်က အဖွဲ့အမှတ်(၅၁၂)နဲ့ (၃၈၄) တို့ကနေ အဆင့်တက်လာကြတဲ့ တော်ဝင်သူရဲကောင်း ကျောင်းတော်က ‘တောက်ပခြင်း’တိုက်ခိုက်ရေးအဖွဲ့ နဲ့ လူမျိုးပေါင်းစုံစုဖွဲ့ထားတဲ့ ‘နတ်ဆိုး’တိုက်ခိုက်ရေးအဖွဲ့တို့ ဖြစ်ပါတယ်”

မိတ်ဆက်ပေးပြီးတဲ့နောက် ပရိသတ်ကြီးကတော့ ထုံးစံအတိုင်း အော်ဟစ် ပွက်လောရိုက်သွားတာပေါ့ဗျာ။ အဲ့အဖွဲ့က ပဏာမ ပွဲစဉ်တွေမှာ သူတို့ ပြိုင်ဖက်မှန်သမျှကို ဒဏ်ရာအပြင်းအထန်ရတဲ့အထိ လုပ်ခဲ့တယ်ဆိုတာ နောက်ပိုင်းမှ သိရတာဗျ။ တစ်ချို့ဆို သေလုမျောပါးကို တိုက်ခိုက်ခံလိုက်ရတာ။

‘နတ်ဆိုး’အဖွဲ့မှာ စစ်သည်တော် (၃)ယောက်နဲ့ မှော်ဆရာ(၂)ယောက်ပါတယ်။ ပြိုင်ဖက်တွေဆီကနေ သန်မာတဲ့ ခွန်အားတွေ ခံစားမိနေတယ်ဗျ။ ကျုပ် ရှို့စစ်ကို…

“ဒီနေ့တော့ ငါတို့အားလုံး စင်ပေါ်မှာ အစွမ်းပြရတော့မယ် ထင်တယ်”

ကျုပ်တို့ ပြိုင်ဘက်တွေက အဖွဲ့လိုက်တိုက်ခိုက်တာမှာ ကျွမ်းကျင်တဲ့သူတွေဆိုတာ သိသာတယ်။ စင်မြင့်ပေါ်တက်ပြီးတာနဲ့ (၂)ဖွဲ့စလုံးက ဒိုင်လူကြီးအချက်ပြမယ့်အချိန်ကို စောင့်ရင်း တိုက်ပွဲအတွက် တာဆူနေကြတာပေါ့။

‘နတ်ဆိုး’အဖွဲ့ရဲ့ စစ်သည်တော် (၃)ယောက်က စိတ်မြန်လက်မြန် တိုက်ခိုက်တာမျိုးမလုပ်ဘဲနဲ့ မှော်ဆရာတွေက သူတို့အပေါ် မှာ စွဲမက်စရာကောင်းလောက်အောင်ကို ခံစစ်ပြင်ဆင်ပေးထားတယ်။ ပြိုင်ဘက်အဖွဲ့က မှော်ဆရာ(၂)ယောက်ထဲမှာ မှော်သခင် တစ်ယောက်ရဲ့ စွမ်းအားမျိုး ခံစားမိလိုက်လို့ ကျုပ်တောင် အံ့ဩသွားမိတဲ့ အထိပဲ။ သူတို့စွမ်းအားတွေ ကျုပ်ထက် အများကြီး နိမ့်ကျပေမယ့် သူတို့ သုံးထားတဲ့ ခံစစ်စွမ်းအားတွေ တော်တော်လေး ထူးခြားထက်မြက်တယ်ဗျ။

တိုက်ခိုက်ဖို့ အရမ်းစိတ်အားထက်သန်နေတဲ့ ရှင်းအောင်းနဲ့ ကောင်းသဲတို့ကို ခဏလေး ရပ်ခိုင်းလိုက်ပြီးတော့…

“ငါ့ကို လုပ်ခွင့်ပေးကွာ။ ငါတို့ပြိုင်ဘက်အဖွဲ့မှာ မှော်ဆရာတွေ ပါတယ်ဆိုတော့ မှော်ပညာအစစ်အမှန်ဆိုတာ ဘာလဲလို့ မြည်းစမ်းခွင့် ပေးလိုက်ရအောင်”

အခုအချိန်ထိအောင် ပြိုင်ပွဲထဲမှာ ဝင်မတိုက်ရသေးဘဲ ဟိတ်ဟန်လောက်ပဲ ပြနေရတာကလဲ ပင်ပန်းခြင်းတစ်မျိုးပဲလေ။ ပြိုင်ဘက်အဖွဲ့ထဲမှာ မှော်ပညာအစွမ်းတွေ မြင်နေရမှတော့ ကျုပ်အရည်အချင်းကို ချပြဖို့ တော်တော်လေး စိတ်အားသန်လာတာ။

ရှို့စစ်ကတော့..

“ငါတို့ ပြိုင်ဘက်တွေကို အခွင့်အရေး ပေးလို့မဖြစ်ဘူး။ တစ်ချက်တည်းနဲ့ ပြီးအောင်လုပ်ကွာ”

ရှင်းအောင်းလဲ ရန်သူတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်လောက်ဘူးဆိုတာ သေချာသိနေတယ်လေ။ သူလဲ ကျုပ်ကို တိုးတိုးလေး ကပ်ပြောလာတယ်..

“သူတို့ကို တစ်ယောက်ထဲနဲ့ အပြတ်ဖြတ်နိုင်ခဲ့ရင် ငါမင်းကို ဂုဏ်ပြုမယ်”

“ဒါဆို မင်းငါ့ကို မယုံကြည်သေးဘူးဆိုတဲ့ သဘောပေါ့လေ။ ကောင်းပါတယ်။ ငါမင်းကို ဒီနေ့ တိုက်ခိုက်ရေး မှော်ပညာကို ကြည့်ခွင့်ပေးပါ့မယ်။ မင်းတို့အားလုံး စင်အောက်ကို ဆင်းသွားတာကောင်းလိမ့်မယ်”

နောက်ဆုံးစကားလုံးတွေက ကျုပ်အဖွဲ့ကို အမိန့်ပေးလိုက်တာပဲ။

ရှင်းအောင်းနဲ့ ကောင်းသဲတို့ နည်းနည်းလေး စိတ်ကသိကအောက်ဖြစ်နေသေးတယ်။ ရှို့စစ်က..

“သွားတော့။ ကျန်းကုန်းနဲ့ သူတို့ကြားမှာ ကွာဟချက်က ရှိနေတယ်”

ပြီးတာနဲ့ အားလုံး စင်ပေါ်က ဆင်းသွားကြတယ်။ ပြိုင်ဖက်အဖွဲ့ ဇာတ်တိုက်ပြီးတဲ့အချိန်ကျမှ ကျုပ်တို့ဘက်မှာ ကျုပ်တစ်ယောက်ထဲဆိုတာ သိလိုက်ရတာ။ မှော်ဆရာ တစ်ယောက်က..

“မင်းတစ်ယောက်တည်း တိုက်ခိုက်မှာလား။ ဒါ မင်းအဖွဲ့ကို ကိုယ်စားပြုနိုင်တာ မှန်ရဲ့လား”

“သေချာတာပေါ့။ ကျုပ်က ကျုပ်အဖွဲ့ကို ကိုယ်စားပြုတာပေါ့။ ခင်ဗျား ကျုပ်ကို နိုင်တာနဲ့ ခင်ဗျားတို့ အောင်ပွဲလို့ ပြောလို့ရပြီ”

‘နတ်ဆိုး’အဖွဲ့ထဲက အနီရောင် ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ လူက ဒေါသတကြီးနဲ့..

“မင်း ငါတို့ကို အထင်အမြင်သေးရဲတယ်ပေါ့လေ။ ကြယ်စင်သူရဲကောင်းတွေတောင် ငါတို့အဖွဲ့လိုက် ပူးပေါင်းတိုက်ကွက်ကို အနိုင်ယူနိုင်စွမ်းမရှိဘူး။ ညီအစ်ကိုတို့ ဒီလောက် မာနထောင်နေတဲ့ကောင်ကို ပညာပေးလိုက်ကြစို့”

စစ်သည်တော် (၃)ယောက် တက်ညီလက်ညီ ကျုပ်ကို ဝိုင်းတိုက်ကြတယ်။ မှော်ဆရာ (၂)ယောက်ကတော့ မန္တန်တွေ စရွတ်နေကြပြီ။

“ကြီးမြတ်သော မီးဒြပ်စင်များ၊ ကျွန်ုပ်၏ ရှေ့မှောက် စုစည်းကာ မီးနဂါးဖွဲ့တည်လျှက် ရှေ့မှောက် မျက်မြင်ရန်သူအား ချေမှုန်းလော့”

“ကြီးမြတ်သော ရေဒြပ်စင်များ။ ကျွန်ုပ်၏ ရှေ့မှောက် စုစည်းကာ ရေနဂါးဖွဲ့တည်လျှက် ရှေ့မှောက် မျက်မြင်ရန်သူအား ချေမှုန်းလော့”

ဒီကောင်တွေက မီးနဂါး နဲ့ ရေနဂါးဆိုတော့ မီးသတ်သမားနဲ့ ရေသည်တွေပေါ့လေ။ အဟက်။

မီးနဂါး၊ ရေနဂါး အပါအဝင် မန္တန်(၆)ခု ကျုပ်ဆီ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ။ စစ်သည်တော်(၃)ယောက်ကလဲ မြေကမ္ဘာသူရဲကောင်း စွမ်းအားတွေ ကိုယ်စီနဲ့ အစွမ်းပြ တိုက်ခိုက်လာကြတော့တာပေါ့။ ဒီကောင်တွေ တကယ်ကြီးကို အမှန်အကန်ဒေါသထွက်နေကြတော့ စွမ်းအားအကုန်သုံးပြီး ကျုပ်ကို ပြတ်ပြတ်သားသား ရှင်းပစ်ဖို့ လုပ်နေကြတာ။

တကယ်လို့သာ လွန်ခဲ့တဲ့ (၃)နှစ်(၄)နှစ်လောက်ကသာ ဒီလိုမျိုး သိုင်းပညာနဲ့ မှော်ပညာ ပေါင်းစပ်တိုက်ကွက်နဲ့ ကြုံခဲ့ရရင် ကျုပ် ပြင်းပြင်းထန်ထန် ဒဏ်ရာရဖို့ သေချာတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒါတွေ စာမဖွဲ့လောက်တော့ဘူး။

သူတို့ မန္တန်တွေ အကောင်အထည်ပေါ်လာတာနဲ့ စည်းဝိုင်း ဒေါင့် တနေရာကို လေဟာနယ်ရွှေ့ပြောင်းပြီး နေရာယူလိုက်တယ်။

“အို အလင်းရောင်ခြည်။ ကြောက်စရာကောင်းလောက်တဲ့ အစွမ်းသတ္တိတွေ ခဏတာ ငှားပေးပါ။ အဆုံးမဲ့သော အလင်းရောင်တွေ မြေကမ္ဘာထဲထိ စိမ့်ဝင် လင်းလက် တောက်ပလိုက်စမ်းပါ”

ကျုပ်ခန္ဓာကိုယ်ထဲကနေ ရုတ်တရက်ဆိုသလို စူးရှတောက်ပတဲ့ အလင်းတန်းတစ်ခု ထုတ်ပြီးတာနဲ့ ရေနဂါး၊ မီးနဂါး (၂)ကောင်ကို ဖြတ်ကျော်သွားလိုက်တယ်။ ‘နတ်ဆိုး’အဖွဲ့အတွက်တော့ ကျုပ်ရဲ့ ‘တောက်ပခြင်း’ စင်မြင့်ပေါ်ကနေ ကန်ချခံရခြင်းပေါ့ဗျာ။

သူတို့ မှော်စွမ်းအားတွေနဲ့ ထိတွေ့မိပြီဆိုတာနဲ့ သူတို့မှော်စွမ်းအားတွေ ကျုပ်ရှေ့မှာ လျော့ချပြီးသား ဖြစ်သွားပြီ။ အမယ် ရေနဂါးနဲ့ မီးနဂါး အတွဲကလဲ ပျော့ညံ့မနေဘူးဗျ။ ‘တောက်ပခြင်းအင်ပါယာနယ်မြေ’ နဲ့ ယှဉ်မယ်ဆိုရင်တောင် သူတို့တွေ နိမ့်ကျတယ်လို့ ပြောလို့မရဘူးပဲ။ ဒါပေမယ့် သူတို့ မှော်အစွမ်းတွေကတော့ ကျုပ်ထက် နိမ့်နေတယ်လေ။ ဒါတင်မကသေးဘူး ကျုပ်ရဲ့ စိတ်ဓါတ်စစ်ဆင်ရေး ဗျူဟာကလဲ အောင်မြင်ထိရောက်သွားတယ်။ သူတို့သာ ကျုပ်ကို ဒေါသတကြီး တိုက်ခိုက်တာမလုပ်ဘဲ ခံစစ် သက်သက်သာဆိုရင် ကျုပ် သူတို့ကို အနိုင်ယူနိုင်ဖို့ မလွယ်ဘူးဗျ။ ဒီလောက် ကိုယ့်ဘက်ပါနေတဲ့ အခြေအနေမျိုးမှာ လွယ်လင့်တကူ အနိုင်ယူနိုင်တယ်ဆိုတာ သဘာဝပဲလေ။

ပရိသတ်ကတော့ လက်ခုပ်သံတွေနဲ့ ဝိုင်းပြီ ဩဘာပေးနေကြပြီ။ နိုင်ငံနဲ့တဝှမ်း ကောင်းကင်နဲ့ မြေပြင်မှာပါ ခန့်ညားလွန်းတဲ့ သူရဲကောင်းဆိုတာ မေးခွန်းတစ်ခု ဖြစ်လာပြီပေါ့။

ကျုပ် စင်ပေါ်က ဆင်းသွားတဲ့အချိန် တုန်းရီအမြန်ဆုံးရောက်လာပြီး..

“ကျန်းကုန်း မင်းတော်တော်အစွမ်းထက်တာပဲ။ မှော်ပညာက တော်တော် အသုံးဝင်တာပဲနော်”

“ဒီလိုဆိုမှတော့ သေသေချာချာ လေ့လာလေကွာ။ ဒီအစ်ကိုကြီးဆီကနေ တတ်နိုင်သမျှ ပညာယူပြီး ကမ္ဘာကြီးကိုတောင် လှုပ်ခတ်သွားတဲ့အထိ လုပ်ပစ်လိုက်စမ်းပါ။ ဟား.. ဟား”

ဒီတိုက်ပွဲမှာ ကျုပ်စွမ်းအားတွေ ထုတ်ပြပြီးတာနဲ့ ကောင်းသဲနဲ့ ရှင်းအောင်းတို့ အဲဒီတုန်းက သူတို့ကို ပေါပေါပဲပဲ လှည့်ကွက်လေးလောက်နဲ့ အနိုင်ယူခဲ့တာမဟုတ်ဘူးဆိုတာ နောက်ဆုံးတော့ အခိုင်အမာ ယုံကြည်သွားကြပြီပေါ့။ အခုဆို သူတို့တွေ ကျုပ်အမိန့်ကို လုံးဝနာခံနေကြပြီ။

ဒီအဖွဲ့ထက် ပိုသန်မာတဲ့အဖွဲ့ မတွေ့ရတော့ ကျန်တဲ့ တိုက်ပွဲတွေမှာ ကျုပ်တို့အတွက် တော်တော်လေး အဆင်ချောခဲ့တာ။ ကျုပ်တို့တွေ အောင်ပွဲခံသီချင်းကို တစ်ချိန်လုံး တီးနေကြရင်းနဲ့ပဲ ထိပ်တန်းအဆင့် (၃၂)ကို ရောက်လာခဲ့ကြပြီ။

ရှို့စစ်နဲ့ ကျုပ် လေ့လာထားသလောက်ဆို ‘လေနဂါး’အဖွဲ့ဝင်တွေအားလုံး သူတို့ပုံစံတွေ ပေါ်လာကြပြီ။ သူတို့တွေ ကျုပ်တို့ ခန့်မှန်းထားတဲ့အတိုင်း သူရဲကောင်းတွေပဲ။ ပထမဆုံးပေါ်လာတဲ့ မြေကမ္ဘာသူရဲကောင်းကလွဲရင် ကျန်တဲ့သူတွေအကုန် ကောင်းကင်အဆင့်သူရဲကောင်းတွေဗျ။ ဒါပေမယ့် သူတို့ ဘယ်လိုမျိုး အစစ်အမှန် ဝှက်ဖဲကို သိမ်းထားသလဲဆိုတာကိုတော့ မသိရသေးဘူး။ ကျုပ်တို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကတော့ ပေါ်ကြူရဲ့ အကြီးဆုံးသားပဲ။ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ သူတို့ရဲ့ ခွန်အားအစစ်အမှန်ကို ထုတ်သုံးခဲ့ဖူးပုံမရဘူး။ အဲကောင်က သူ့အဖွဲ့သားတွေ အကြပ်အတည်းဖြစ်နေတဲ့အချိန် (၁)ကြိမ် (၂)ကြိမ်လောက်ပဲ ဝင်တိုက်ပြီး ကျန်တဲ့အချိန်တွေမှာ အေးဆေးပဲလေ။ ဒုတိယ မြေနဂါးတပ်ဖွဲ့ရဲ့ တပ်မှူးလဲဖြစ်နေတော့ သူရဲကောင်းတစ်ယောက်ရဲ့ မွေးရာပါ လေစွမ်းအား ပိုင်ထားသေးတယ်။ တိုက်ပွဲအခြေအနေတွေ ဘယ်လိုပဲဖြစ်ဖြစ် သူ့အဖွဲ့ကိုသူ ကောင်းကောင်း ဦးဆောင်နိုင်ခဲ့တာပဲ။ သူရှေ့မှာ တိုင်တောင်ကြီး ပြိုကျရင်တောင် တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ဦးဆောင်ဖို့ သတ္တိတွေ ရှိနေအုံးမယ့် လူစားမျိုးဗျ။ အဲ့ကောင်က ပိန်ပိန်ပါးပါးနဲ့ အရပ် (၁၉၀)စင်တီမီတာလောက်ထိ မြင့်တယ်။ တစ်ချက် တစ်ချက် အမိန့်ပေးလိုက်တဲ့ အချိန်တိုင်း စွမ်းအား ပေါက်ကွဲမှုတွေကို ခံစားနိုင်ခဲ့တယ်လေ။ ဘာပဲဖြစ်ဖြစ်၊ စိတ်ပူနေယုံနဲ့ ကိစ္စတွေ ပြီးမသွားဘူးလေ။ ကြယ်စင်သူရဲကောင်းအဆင့် ဖြစ်ဖို့အတွက် သူ့အတားအဆီးတွေ လုံးဝ မချိုးဖောက်နိုင်ခဲ့သေးဘူး။ အဲလိုမှ မဟုတ်ရင် ကျုပ်တို့ အရှက်ကွဲမှာ အသေအချာပဲ။

ကျုပ်တို့အတွက် နောက်ထပ်ပြိုင်ဘက်က တော်ဝင်မင်းသား ကြူလုရှို့တိရဲ့ ‘မင်းသား’အဖွဲ့ကို ကာကွယ်ဖို့ ရှိနေတယ်ဗျ။ သူတို့လဲ အောင်ပွဲခံဖို့ အရမ်းမျှော်လင့်ထားတယ်လို့ ပြောသံတွေ ကြားနေရတယ်။ အဲ့(၂)ဖွဲ့က ကျုပ်တို့ ရင်ဆိုင်တွေ့မိသမျှ အဖွဲ့တွေထဲမှာ အသန်မာအဖွဲ့တွေပဲ။ အဲ့အဖွဲ့သား(၅)ယောက်စလုံး ကောင်းကင်အဆင့် သူရဲကောင်းတွေ ကြီးပဲ။ ဒါတင်မကသေးဘူး တိုက်ပွဲထဲမှာ အချင်းချင်း ကောင်းကောင်းညှိနှိုင်းပေါင်းစပ်နိုင်ခဲ့ကြတယ်။ ထူးချားတာက ဒီလိုမျိုး ဖြစ်ဖို့ဆိုတာ နှစ်ပေါင်းများစွာ လေ့ကျင့်မှုရဲ့ ရလဒ် အသီးအပွင့်တွေလေ။ ပေါ်ကြူလွှတ်ထားတဲ့ ‘လေနဂါး’အဖွဲ့ ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆို ‘မင်းသား’အဖွဲ့က အကြီးမားဆုံး အဟန့်အတား ပဲ။

ကျန့်ဟူရဲ့အဖေ မင်းသား ကြူလုနဲ့ တွေ့ဖို့ဆိုတာ အစ်ကိုကြီး ပေးလိုက်တဲ့ တစ်ခုတည်းသော တာဝန်ကိုတောင် ပြီးမြောက် နိုင်မလား မသိတော့ပါဘူးဗျာ။

============= (*^*)=============

အပိုင်း(၆၈)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters