ရှောင်ကျင်းနှင့်အတူ
Vol. 5 Ch. 69
Child of light (ကျန်းကုန်း)
Volume 3: Chapter 26 – With Xiao Jin
ရှန်ယွင်နှုတ်ခမ်းကို သုတ်ပြီး ဒေါသတကြီးနဲ့ …
“ငါမင်းကို လျှော့တွက်မိခဲ့တာပဲ။ ဒီလောက်အသက်ငယ်ငယ်နဲ့ မှော်သခင်စွမ်းအား ပိုင်ထားလိမ့်မယ်လို့ ထင်မထားမိလိုက်ဘူး။ တကယ့်ကို မတွေးရဲလောက်အောင်ကိုပါလားကွ။ ကြည့်ရတာ ငါ့ အစွမ်းတွေ လျှိုထားလို့ မရနိုင်တော့ဘူးထင်တယ်။ အစက လေနဂါးအဖွဲ့က ပေါ်အာနဲ့ ရင်ဆိုင်ဖို့ ငါတို့လေ့ကျင့်ထားခဲ့ကြတာ။ ရွေးစရာမရှိမှတော့ မင်းကို အရင်သုံးပြီး ပျော်လိုက်တာပေါ့ကွာ။ ကဲ.. ညီနောင်တို့ ငါတို့ ခွန်အားအစစ်အမှန်ကို ပြလိုက်ကြစို့”
ပြောရင်းနဲ့ ဓားရှည်ကို မိုးပေါ်ထောင်လိုက်တယ်။ ရှန်ယွင့် အဖွဲ့သား(၄)ယောက်ပါ သူတို့ဓားတွေ မိုးပေါ်ကို ထောင်လိုက်တော့တယ်။ ရှန်ယွင်ကတော့ တော်တော့ကို ခက်ထန်နေတဲ့ပုံပဲ။ သူ့ဓားပေါ်က အဖြူရောင် တိုက်ပွဲစိတ်ဝိညာဉ်တောင်မှ အနီရောင်ကို တဖြည်းဖြည်းပြောင်းသွားတယ်။ ပြီးတော့ မိုးပေါ်ကို ထိုးတက်သွားပြီး နောက်ထပ် အဖြူရောင် တိုက်ပွဲစိတ်ဝိညာဉ်(၄)ခုနဲ့ ထပ်ပြီး ပေါင်းစည်းသွားရင်းကနေ သွေးနီရောင် ဓားရှည်ကြီးတစ်လက် ဖြစ်လာရောဗျို့။
ရှို့စစ် လန့်သွားပြီး…
“မကောင်းတော့ဘူး၊ အဲဒါ နတ်ဘုရားအဆင့် တိုက်ပွဲစိတ်ဝိညာဉ်ဟ”
ရှန်ယွင် မျက်နှာမှာ ဖြူလျော်နေပေမယ့် ဂုဏ်ယူဝံ့ကြွားစွား အောင်ပွဲခံနေသလိုမျိုး အပြုံးနဲ့…
“မှန်တာပေါ့။ ဒါ နတ်ဘုရားအဆင့် တိုက်ပွဲစိတ်ဝိညာဉ်ပဲလေ။ ကြယ်စင်အဆင့်သူရဲကောင်းတစ်ယောက်အနေနဲ့ ငါ့ခွန်အားက မှော်သခင်တစ်ယောက်ကို အနိုင်ယူနိုင်မလားဆိုတာ စမ်းကြည့်လိုက်ရအောင်။ ကဲ.. အနန္တသိုင်း၊ သွေးချောင်းစီးဂုဏ်ရှိန် လာစမ်းကွာ…”
စောစောလေးကမှ ကျုပ်ရဲ့ အလင်းစက်ဝိုင်း ကို မင်းသားတို့ဘက်ကို ပစ်လွှတ်ထားတာလေ။ ရှို့စစ် အံ့ဩသံကြားတော့ ရှောင်ဖို့ နောက်ကျသွားပြီ။ ကျုပ် ပုံအောမှ ရတော့မယ်။ ကျုပ် အံကြိတ်ပြီး မှော်စွမ်းအားအကုန်ထုတ်သုံးလိုက်တယ်။ ‘အနှိုင်းမဲ့ရောင်ခြည်စက်ဝန်း’က ပိုပိုကြီးလာပြီး ရွှေရောင်အလင်းတန်းတွေတောင် တဖျတ်ဖျတ်တုန်သွားတယ်။ ကျုပ်သူတို့ကို ဒုတိယံပိ ထပ်တိုက်လိုက်တာပေါ့။
ဒီလောက် အားကောင်းတဲ့ စွမ်းအားနှစ်ခု မိုးပေါ်မှာ ထိပ်တိုက်တွေ့တော့ ပေါက်ကွဲမှုတွေ ဘယ်လောက်ထိ ပြင်းထန်သွားလဲဆိုရင် စင်ပေါ်မှာ စွမ်းအင်လှိုင်းတွေကို ပျံ့ကျဲသွားတာပဲ။ ရှန်ယွင်နဲ့ သူ့အဖွဲ့သားတွေတော့ စင်ပေါ်မှာ အတုန်းအရုန်းနဲ့ လဲကျနေကြပြီ။ ထိချက် အပြင်းဆုံးကတော့ ကျုပ်ပေါ့ဗျာ။ ခပ်ပြင်းပြင်းချောင်းဆိုးရင် သွေးအံလိုက်ရတဲ့ အထိပဲ။ ကျုပ် စိတ်တွေ မှုံမှိုင်းသွားပြီးတော့ တုန်းရီ ရင်ခွင်ထဲကို လဲကျသွားပါလေရော။ ကျုပ်တစ်ကိုယ်လုံးမှာလဲ မှော်စွမ်းအင် ခြောက်ခမ်းသွားပြီလေ။ မှော်ရွှေအမြူတေလေးတောင်မှ သနားစရာကောင်းလောက်အောင် ခြောက်ခမ်းသွားတယ်လို့ ခံစားလိုက်ရတယ်။
အဝေးက အားပေးနေတဲ့ ပရိသတ်တွေကို မထိခိုက်တာ တော်တော်ကံကောင်းတယ်။ ကျုပ်တို့တွေရဲ့ ကြမ်းတမ်းရက်စက်လွန်းတဲ့ စွမ်းအားတွေကိုမြင်လိုက်ရတော့ အကုန်လုံး တအံ့တဩနဲ့ ဆူညံသွားပါလေရော။
တုန်းရီနဲ့ ရှို့စစ်တို့က ကျုပ်နောက်မှာနေတာဆိုတော့ ဘာမှ မထိခိုက်လိုက်ဘူးလေ။ သူတို့ကိုယ်ပေါ်မှာ ဖုန်တွေတင်သွားတာ လောက်ပါပဲ။
ရှန်ယွင် ကြမ်းပြင်ပေါ်ကနေ လူးလဲထပြီးတော့..
“မှော်ပညာက ဒီလောက်တောင် အစွမ်းထက်တယ်တဲ့လား။ ငါတို့ (၅)ယောက်ပေါင်းထားတဲ့ အင်အားနဲ့တောင် မင်းတိုက်ကွက်ကို မခုခံနိုင်ခဲ့လိုက်ဘူး။ ငါ့တိုက်ပွဲစိတ်ဝိညာဉ်တောင် ကုန်ခမ်းသွားပြီး”
တခါ သူ့အဖွဲ့သားတွေကို လှည့်ကြည့်လိုက်ပြီးတော့..
“သူတို့လဲ ထပ်မတိုက်နိုင်ကြတော့ဘူး”
ရှို့စစ် အေးစက်စက်နဲ့…
“ဒါဆိုလဲ အရှုံးပေးလိုက်တော့လေ။ ငါတို့ဘက်မှာ (၂)ယောက်တောင် တိုက်နိုင်သေးတယ်။”
“အရှုံးပေးဖို့တဲ့လား။ ဒါတော့ လုံးဝမဖြစ်နိုင်ဘူး။ ထွက်ခဲ့လိုက်စမ်း သိမ်းငှက်ရေ.. ပေါင်းစည်းစမ်း။”
ကျုပ်ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပေမယ့် ရှန်ယွင် သူ့မှော်သားရဲနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် တိုက်ခိုက်ရေး စွမ်းအား တစ်ချို့တဝက် ပြန်ကောင်းလာမယ်ဆိုတာ ကျုပ်သိနေတယ်။ သူ့မှော်သားရဲနဲ့ ပေါင်းစည်းလိုက်တာကြောင့် ရှန်ယွင်ကတောင် တုန်းရီနဲ့ ရှို့စစ်တို့က ဒဏ်ရာရလုနီးပါအထိ အပေါ်စီးက တိုက်နေပြီလေ။
ကျုပ်လဲ ခပ်နဲ့နဲ့ အသံလေးနဲ့ စိတ်ထဲကနေပြီး..
“ရှောင်ကျင်းရေ… ငါ့မှာတော့ မှော်စွမ်းအား ကုန်သွားပြီ။ ရှိကိုမရှိတော့တာ။ မင်းတိုက်နိုင်သေးရင် ငါ့ကို ကူအုံးကွာ”
ရှောင်ကျင်းကတော့ ကျုပ်အသုံးချမယ်ဆိုရင် (၃)မိနစ်စာလောက် စွမ်းအင်တွေ စုထားတာရှိတယ်လို့ ပြန်အသိပေးတယ်ဗျ။
ကျုပ်လဲ ခက်ခက်ခဲခဲနဲ့ တုန်းရီကို ဆက်မတိုက်ဖို့ တားလိုက်တယ်။ ပြီးတော့ ပျင်းခြောက်ခြောက်အသံနဲ့..
“မင်း အစွမ်းတွေကို နောက်ဆုံးတိုက်ပွဲအတွက် ဆက်ပြီး လျှို့ဝှက်ချက်အဖြစ် ထားလိုက်စမ်းပါ။ ငါ့လက်ထဲ အပ်ထားလိုက်။ ရှောင်ကျင်း ထွက်လာခဲ့လိုက်”ေရွှေရောင် အလင်းတန်းတစ်ခု လက်ကနဲဖြစ်သွားပြီး ရှောင်ကျင်း ကောင်းကင်ပေါ်မှာ ပေါ်လာတယ်။ ကြမ်းကြမ်းတမ်းတမ်း နဂါးကြီးတစ်ကောင်လိုမျိုး မိုးပေါ်ကို ဟိန်းဟောက် အော်ဟစ်လိုက်သေးတယ်။ အချိန်ကျပြီဆိုမှတော့ တိုက်ဖို့ ချက်ချင်းအမိန့်ပေးရမယ်ဆိုတာ ကျုပ်သိနေတယ်လေ။ သူ့ခွန်အားတွေ ထိရောက်ဖို့အတွက် ကျုပ်ခန္ဓာကိုယ်နဲ့ သိုင်းပညာ တိုက်ကွက်တွေ တစ်ဆက်ထည်း ထုတ်သုံးလိုက်တယ်။
ရှောင်ကျင်းကတော့ သူ့အတောင်ပံကြီးကို ခတ်ရင်း ရှန်ယွင်ကို တိုက်ခိုက်လိုက်တယ်။ ရှန်ယွင် တော်တော် ကြောက်သွားတယ်။ ဓါးရှည်ထဲမှာ ပေါင်းစည်းပြီးထည့်ထားတဲ့ သူ့မှော်သားရဲရဲ့ အန္တရာယ်ကိုလဲ သတိပြုမိလိုက်တဲ့ပုံပဲ။ သူ အသံကျယ်ကျယ်နဲ့ ‘သိမ်းငှက်နတ်ဘုရားရဲ့ မုန်တိုင်းဓား’ လို့အော်သံကြားလိုက်ရတယ်။ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ ဖွဲ့စည်းထားတဲ့ သိန်းငှက်တစ်ကောင် ဓားဖျားမှာပေါ်လာပြီး ရှောင်ကျင်းကို အတူပေါင်း တိုက်ကြတော့တာ။ တကယ်ဆို ရှန်ယွင့်စွမ်းအားတေ ကုန်လုနီးနီးဖြစ်နေပြီးသား။ ဒီကောင် သူ့မှော်သားရဲကို လုံးဝကြီး အားကိုးထားတာပဲ။
ရှောင်ကျင်း သူ့အတောင်ပံကြီးကို ခတ်ရင်း ခြေသည်းကို ရှေ့ဆန့်ထုတ်လိုက်တာလေးနဲ့တင် အနိုင်ရပြီးသား ဖြစ်နေပြီ။ မြင်ကွင်းက နည်းနည်းတော့ ရီစရာပေါ့။ ရှန်ယွင် လွှတ်လိုက်တဲ့ သိမ်းငှက်က ရှောင်ကျင်းရဲ့ ခြေသည်းထဲမှာ သားကောင် တစ်ကောင်လိုမျိုး အဖမ်းခံလိုက်ရတာလေ။ ရှောင်ကျင်း သူ့ခြေသည်းတွေကို တဆတ်ဆတ်ခါရင်း သိမ်းငှက်ကို စုတ်ဖြဲပစ်လိုက်တယ်။ ပြီးတော့ ရှန်ယွင့်ဆီကို ဆက်ပြီး တိုးဝင်သွားလိုက်တယ်။
ရှောင်ကျင်း အဲ့ကောင်ကို သတ်လိုက်မိမှာကြောက်လို့ ပြိုင်ဖက်တွေ အသက်အန္တရာယ်မရှိအောင် စိတ်နဲ့ပဲ ချက်ချင်းပြောလိုက်ရတယ်။ ရှောင်ကျင်း ဖြန်ကားထားတဲ့ သူ့ခြေသည်းတွေကို ပြန်စုလိုက်ပြီးတော့ အနိုင်ယူဖို့အတွက် အတောင်ပံ ရိုက်ချက်တွေကိုပဲသုံးလိုက်တယ်။ ဟိုဟောင် မြေပေါ်ကို လဲကျသွားတာ ဒီတစ်ခါတော့ ပြန်ထမလာနိုင်တော့ဘူးလေ။
ရှောင်ကျင်းရဲ့ ကြောက်စရာ အစွမ်းကို အားကိုပြီး ပြိုင်ပွဲကိုတော့ နောက်ပိတ်ဆုံးအနိုင်ရခဲ့လိုက်ပြီ။ ကျုပ် ဘယ်လောက်ထိ အားနည်းသွားလဲဆိုရင် ရှောင်ကျင်းကိုတောင် ပြန်မခေါ်နိုင်တော့ဘူး။ ပြီးတော့… တလောကလုံးနဲ့ အဆက်အသွယ် ပြတ်သွားပါလေရောလား”
......
တဖြည်းဖြည်း အသိစိတ်ဝင်လာလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ နည်းနည်း အံ့ဩသွားတယ်။ ကျုပ် သစ်လုံးအခန်းလေးတစ်ခု ထဲမှာ ရောက်နေတာဗျ။ အနားဝန်းကျင်မှာလဲ ဘယ်သူမှမရှိဘူး။ နည်းနည်းလေး လှုပ်ကြည့်လိုက်တော့ ခေါင်းကနေ ခြေဖျားအထိ နာလို့ ညည်းလိုက်ရသေးတယ်။ ကျုပ် တော်တော်ပင်ပန်းသွားတာပဲ။ မှော်စွမ်းအားတွေစစ်ဖို့ အာရုံစိုက်ကြည့်လိုက်တော့ ပြောလို့ရတာဆိုလို့ စကားလုံးတစ်လုံးပဲရှိမယ်ထင်တယ်။ တော်တော်ကို စိတ်ပျက်ဖို့ကောင်းတာပဲ။ ကျုပ်တော်တော် စိတ်ဆင်းရဲသွားတယ်။ ကျုပ်မှော်စွမ်းအားတွေ (၃၀)ရာခိုင်နှုန်း လောက်တောင်မရှိဘူး။ ဒါတောင် ဘယ်လောက်ထိ အချိန်ကြာသွားပြီလဲ မသိသေးဘူး။
အခန်းအပြင်ကနေ တုန်းရီအသံထွက်လာတယ်..
“ဆရာ၊ ကျန်းကုန်း လှုပ်လိုက်တဲ့အသံ ကြားလိုက်ရတယ်။ ကျွန်တော်သွားကြည့်လိုက်အုံးမယ်။
တုန်းရီ တံခါးဖွင့်ဝင်လာပြီးတော့..
“ကျန်းကုန်း နိုးပြီလား။ မင်းအခြေအနေ ဘယ်နှယ့်လဲ”
“အေးကွ။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာပါပဲကွာ။ ဒါနဲ့ အခု အချိန်ရှိနေပြီလဲ”
“အခု နောက်တနေ့ မွန်းလွဲချိန်တောင်ရောက်နေပြီကွ။ မင်း သတိလစ်သွားတာ တစ်ရက်နဲ့ တစ်ညတောင်ပဲ”
“အာ.. မနက်ဖြန် လေနဂါးအဖွဲ့ရင် ပြိုင်ရတော့မျာ။ ကျန်တဲ့သူတွေရော ဘယ်လိုနေကြလဲ”
တုန်းရီ သက်ပြင်းချ၊ ခေါင်းယမ်းရင်း..
“ကောင်းသဲနဲ့ ရှင်းအောင်းတို့တော့ မနက်ဖြန် မပါနိုင်တာသေချာတယ်။ ဒဏ်ရာ တော်တော် ပြင်းတယ်ကွ။ ရှို့စစ်တော့ မနက်ဖြန် ပါနိုင်လောက်ပေမယ့် အချိန်မှီ မမှီတော့ငါလဲ မသေချာဘူး။ ‘မင်းသားလေး’အဖွဲ့ ဒီလောက် စွမ်းအားကောင်း လိမ့်မယ် ထင်မထားဘူးကွ။ ဒါငါတို့အတွက်တော့ တော်တော်အထိနာတဲ့ အောင်ပွဲပဲဟေ့။ မနက်ဖြန်တောင် ဘာလုပ်ရမှန်း မသိတော့ဘူး”
အဲ့အချိန် ဆရာဝမ်လဲ အခန်းအပြင်ဘက်ကနေ အသံထွက်လာတယ်..
“ကျန်းကုန်း နိုးပြီလားကွ”
“ဟုတ်တယ်ဆရာ။ သူနိုးနေပြီ”
ဆရာဝမ် ဝင်လာတော့ ကျုပ် ခပ်ရှက်ရှက်နဲ့ပဲ..
“တောင်ပန်ပါတယ် ဆရာဝမ်။ ဆရာ့မျှော်လင့်ချက်တွေ ပြည့်အောင် လုပ်မပေးနိုင်လိုက်ဘူး”
“လူမိုက်လေး။ ဘာတွေ လျှောက်ပြောနေတာတုန်းဟ။ မင်းအခုလုပ်နိုင်ခဲ့တာတွေကိုက တော်တော်ကို ထူးခြားနေပြီ။ ရှန်ယွမ်ဝင်ပြိုင်ဖို့ ချီလု လွှတ်လိုက်လိမ့်မယ်လို့ ငါထင်မထားမိဘူးကွ။ ဒါထက်ပိုဆိုးတာက ဒီကောင်လေး ကြယ်စင်သူရဲကောင်းအဆင့် ရောက်နေမယ်လို့ ငါမျှော်လင့်မထားဘူးလေကွာ။ အရင်တုန်းက တိုက်ကြီးမှာ ကြယ်စင်သူရဲကောင်းအဆင့် ဆိုလို့(၆)ယောက်ပဲရှိတာ။ ရှို့တိမှာ (၄)ယောက်ရှိတယ်။ ကျန်တဲ့(၂)ယောက်က တလူ နိုင်ငံမှာ။ ပေါ်အာလဲ ကြယ်စင်သူရဲကောင်းအဆင့် ရောက်နေမယ်ဆိုရင် မနက်ဖြန် မင်းအနိုင်ရစရာ အကြောင်းမရှိတော့ဘူးလေ။ အခုတောင် မင်းတို့(၅)ယောက်ထက် အစွမ်းပိုထက်တဲ့ အဖွဲ့ကို မင်းတို့အနိုင်ယူထားပြီးသားလေ။ ဒါနဲ့တင် ငါတော်တော်ပျော်နေပြီ။ မနက်ဖြန် ရှုံးရမယ်ဆိုရင်တောင် ရင်ခုံစရာမရှိပါဘူးကွာ။ ကောင်းကောင်းအနားယူလိုက်။ မနက်ဖြန် သွားမပြိုင်ဘဲ အရှုံးပေးလိုက်ရင်လဲ တမျိုး ကောင်းတာပါပဲ”
“အဲလိုတော့ ဘယ်လိုမှ မဖြစ်ဘူး။ ဘာဖြစ်ဖြစ် မနက်ဖြတ်တော့ ရအောင်ပြိုင်ရမှာပဲ။ ကျွန်တော်နဲ့ တုန်းရီ (၂)ယောက်ထဲ ဆိုရင်တောင် သွားပြိုင်အုံးမျာပဲ။”
တကယ်လို့များ မနက်ဖြန်သာ ကျုပ်တို့ အောင်ပွဲခံလိုက်ရရင် အံ့ဖွယ်တွေ ဖြစ်သွားမယ်ဆိုတာ သိနေတယ်လေ။
“လောလောဆယ်။ အနားယူလိုက်ပါအုံး။ ဒီကိစ္စ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့”
ဆရာဝမ် ထွက်သွားတာနဲ့ ကျုပ် တုန်းရီမျက်လုံးတွေကို သေချာစိုက်ကြည့်ပြီးတော့..
“မနက်ဖြန် ငါ့စွမ်းအားတွေ ဘယ်လောက်လေးပဲ ပြန်ရရ၊ အဲ့ နောက်ဆုံး စွမ်းအားကိုသုံးပြီး ပုံအောရရမှာပဲ”
“ဟုတ်တယ်။ မနက်ဖြန် ငါတို့လဲ ပါမှာပဲ။ ဒါမှ ဆရာဝမ် မျက်နှာမပျက်ရမှာ။ ငါတို့က အမှန်တရား ဘက်တော်သားတွေလေ။ အမှန်တရားက နိုင်ကိုနိုင်ရမှာပေါ့”
============= (*^*)=============
အပိုင်း(၇၀)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား