← Chapters

အောင်နိုင်ခြင်း မြှား

Vol. 5 Ch. 70

အောင်နိုင်ခြင်း မြှား

Vol. 5 Ch. 70

Child of light (ကျန်းကုန်း)

Volume 3: Chapter 27 – The Winning Arrow

တုန်းရီတော့ ထွက်သွားပြီ။ အခုအချိန်မျာ တတ်နိုင်သမျှ၊ အတတ်နိုင်ဆုံး စွမ်းအားတွေ မြန်မြန်ပြန်ရဖို့ပဲ အာရုံစိုက်ထား လိုက်တယ်။ မျက်လုံးမှိတ်လိုက်ပြီး ရွှေအမြူတေအပေါ်မှာ စိတ်ဝိညာဉ်တစ်ခုလုံး အာရုံစူးစိုက်ထားလိုက်တယ်။ ကျုပ်ကိုယ်ထဲက ရွှေအမြူတေက တဖြည်းဖြည်း လှည့်ပတ်လာပြီးတော့ မှော်စွမ်းအင်တွေကို ဖိသပ်နေပြီ။ တော်တော် နှေးတာပဲ။ ခန္ဓာကိုယ်ရော စိတ်ကိုပါ ဖြေလျော့ချလိုက်ပြီးတော့ လေထဲက အလင်းဓာတ်တွေကို ဆင့်ခေါ်လိုက်တယ်။

အလင်းဓာတ် အမှုန်အမွှားလေးတွေ ကျုပ်ဆီ အမြန်ရောက်လာတယ်လို့ ခံစားရလိုက်ရတယ်။ စောစောကထက် ပိုမြန်၊ ပိုကောင်းလာပြီ။ ကျုပ်မှော်စွမ်းအားတွေ ပြန်ရဖို့ပဲ စိတ်ဝိညာဉ်တစ်ခုလုံးကို ထိန်းကျောင်းနေလိုက်တော့တယ်။

………………

ပြိုင်ပွဲစတဲ့အချိန်မှာ တုန်းရီ၊ ရှို့စစ်နဲ့ ကျုပ် (၃)ယောက်ပဲ ရှိတော့တယ်။ ရှင်းအောင်းနဲ့ ကောင်းသဲတို့ကတော့ ဒဏ်ရာတွေ တော်တော်ပြင်းတဲ့အတွက် ဆက်မပြိုင်နိုင်တော့ဘူးလေ။ ကျုပ်မှော်စွမ်းအားတွေ အပြည့်အဝ ပြန်ကောင်းလာခဲ့ရင်တော့ ကျုပ်တို့တွေ အခြေအနေ ကောင်းမှာပေါ့။ ဒါပေမယ့် ပြောသလောက်မလွယ်ဘူးဖြစ်နေတယ်။ လောလောဆယ် ကျုပ်မှာ မှော်စွမ်းအင်(၇၀)ရာခိုင်နှုန်း လောက်ပဲရှိတာကြောင့် အကောင်းဆုံးအနေအထား မဟုတ်ပေမယ့် တိုက်ပွဲဝင်ဖို့တော့ စိတ်အား ထက်သန်နေတုန်းပါပဲ။

မနက်အစောကြီးကတည်းက ကျုပ်မှော်စွမ်းအားတွေ အပြည့်အဝ ပြန်ရဖို့ အချိန်မမှီတော့ဘူးဆိုတာသိလို့ ရှောင်ကျင်းကို အားကိုးလို့ရမလားဆိုပြီး ဆက်သွယ်ကြည့်သေးတယ်။ ဒါပေမယ့် ကျုပ်ဘယ်လောက်ခေါ်ခေါ် ဒီကောင် နိုးမလာဘူးဗျ။ နောင်မှ သိလိုက်ရတာက အရင်ပြိုင်ပွဲတုန်းမှာ ကျုပ်က မှော်စွမ်းအားတွေ အလွန်အကျွံထုတ်သုံးမိခဲ့တာကြောင့်တဲ့။ ကျုပ်ခံနိုင်ရည် မရှိတော့မှာ စိုးရိမ်ပြီး ရှောင်ကျင်းက ကျုပ်ကို သူ့စုဆောင်းထားသမျှ မှော်စွမ်းအားတွေ ကျုပ်ကို ပေးလိုက်တာကိုး။ ဒါကြောင့် သူအင်အားကုန်ခမ်းပြီး အိပ်ပျော်သွားတာ။ အဲလိုမှ မဟုတ်ရင် ကျုပ်ပြန်သတိရလာတဲ့ အချိန် မှော်စွမ်းအား (၃၀)ရာခိုင်နှုန်းလောက် ရှိနေဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။

ဒီနေ့ တိုက်ပွဲကို လာကြည့်တဲ့သူတွေ အများကြီးပါလား။ မြို့စားပေါ်ကြူနဲ့ ဆရာဝမ်တို့ကတော့ အဓိက ပုဂ္ဂိုလ်တွေပေါ့လေ။

အခုအချိန်ကျမှတော့ ဘာပဲပြောပြော အချိန်နှောင်းသွားပြီလေ။ ကျုပ်တို့စွမ်းသမျှ တိုက်ဖို့ တစ်ခုပဲရှိတော့တယ်။ ပြီးခဲ့တဲ့ ပွဲတွေတုန်းကလိုပဲ အဖွဲ့လိုက်တိုက်ဖို့ပဲ ရွေးလိုက်ကြတာပေါ့။ အရင်နဲ့မတူတော့တာက ဒီတစ်ကြိမ်တော့ ကျုပ်က ရှေ့ဆုံးမှာ ရပ်နေတာဗျ။ မှော်နှင်တံလေးကို ကိုင်ထားထားတဲ့ ကျုပ်လက်က တစ်ဖက်မှာ ရပ်နေတဲ့ ပေါ်အာကျူးကို ထိုးချိန်ထားလိုက်တယ်။ ဒီနေ့ တစ်ဖက်မှာ ဒီကောင်တွေရပ်သာနေတယ်၊ သူတို့မှာ အားသာချက်တွေ ရှိတယ်ဆိုပေမယ့် ကျေနပ်အားရနေတဲ့ အရိပ်ယောင် လုံးဝမရှိတာ ခံစားနေရတယ်။ တောင်အမြင့်ကြီး တစ်ခုလိုမျိုး မားမားမတ်မတ်နဲ့ ငြိမ်ပြီး ရပ်နေကြတာ။ ကျုပ်သူတို့ကို ခန့်မှန်းကြည့်လို့ မရဘူးဗျ။ ဒီတစ်ပွဲတော့ ကျုပ်တို့တွေ တကယ်ကို အစွမ်းထက်တဲ့ ပြိုင်ဘက်တွေနဲ့ ညားပြီနဲ့တူပါတယ်ဗျာ။ ပေါ်အာရဲ့ အစွမ်းကလဲ ရှန်ယွင်ထဲ မနိမ့်ဘူးဗျို့။

ဒီနေ့တော့ အံ့ဩစရာ အကောင်းဆုံး တိုက်စစ်နဲ့ နိုင်ကိုနိုင်ရမယ်ဗျာ။ ရှည်ရှည်ဝေးဝေး စကားတွေ ပြောမနေတော့ဘဲနဲ့ မှော်နှင်တံလေးကို မြှောက်ပြီး မျက်လုံးမှိတ်လိုက်တော့တယ်။ ကျုပ်ပတ်ဝန်းကျင်ကို သေချာ အာရုံစိုက်ခံစားရင်း မန္တန်တွေရွတ်မယ့်အစား တိုက်ပွဲစိတ်ဝိညာဉ်ကို စုစည်းပြီး မှော်နှင်တံတစ်ဝက်ထဲကို ထည့်လိုက်တယ်။ တချိန်တည်းမှာပဲ ဒန်တျန်ထဲက မှော်စွမ်းအား တစ်ချို့တစ်ဝက် ခွဲထုတ်ပြီး ကျန်နေတဲ့ မှော်နှင်တံ တစ်ဝက်ထဲကို ထည့်လိုက်တာပေါ့။ ပြီးတော့မှ စွမ်းအား (၂)ခုလုံး တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်နွယ်ပြီး ဟိန်းသံထွက်လာတဲ့အထိ ပေါင်းစပ်လိုက်တယ်။ မဆိုးဘူးပဲ။ ဒါ အစ်ကိုကြီးကျန့်ဟူနဲ့တုန်းက အမှတ်တမဲ့ ဖန်တီးနိုင်ခဲ့တဲ့ မှော်စွမ်းအားနဲ့ တိုက်ပွဲစိတ်ဝိညာဉ် ပေါင်းစည်းတဲ့ နည်းစနစ်လေ။ အဓိက သော့ချက်ကတော့ မှော်စွမ်းအားကို အခြေခံထားပြီး တိုက်ပွဲစိတ်ဝိညာဉ်က အားဖြည့်ပေးတာ ပါတာပေါ့။ ဒီပညာကို ကောင်းကောင်း မကျွမ်းကျင်သေးပေမယ့် တခြားရွေးစရာမှ မရှိတော့တာ။ ကျုပ်မှာရှိနေတဲ့ လက်ရှိ မှော်စွမ်းအားနဲ့ဆိုရင် စွမ်းအားကြီးတဲ့ မှော်မန္တန်တွေ မသုံးနိုင်သေးဘူးလေ။ အခုနည်းလမ်းနဲ့ ဆိုရင်တော့ မှော်စွမ်းအား ထိန်းထားနိုင်ချေ ရှိတာပေါ့။

ပေါ်အာကတော့ ကျုပ်ခန္ဓာကိုယ် စွမ်းအားစုစည်းမှုကနေ ထွက်နေတဲ့ ဖိအားကို ခံစားနေရပြီ။ အထူးသဖြင့် ကျုပ်မှော်နှင်တံဆီကပေါ့။ ဒါ ဘာမှော်ပညာသုံးနေလဲဆိုတာ သူမသိသေးဘူး။ သူ့အဖွဲ့ ခံစစ်ကိုပဲ အားကောင်းသည်ထက် ကောင်းအောင် လုပ်နေကြတယ်။

ကျုပ် စိတ်စွမ်းအားသုံးပြီး တုန်းရီကို လေးအသင့်ပြင်ထားဖို့ ပြောထားလိုက်တယ်။ ဒါ ကျုပ်တို့အတွက် တစ်ခုတည်းသော အခွင့်အရေးလေ။ ဟိုကောင်က သူ့အဖွဲ့ ခံစစ်ကို အင်အား အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာဗျ။

ကျုပ် ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး ကျန်နေတဲ့ မှော်စွမ်းအားတွေအကုန် စုစည်းလိုက်တယ်။ ကျုပ်လက်ကနေ ရွှေရောင် အလင်းတန်းတစ်ခု စပြီး ထုတ်လွှတ်လာပြီ။

“အို.. အလင်းရောင်ခြည်။ ငါ့အပေါင်းအသင်တို့။ မီးလို အဆုံးမဲ့ပေါက်ကွဲမှုတွေနဲ့ ရန်သူကို ချေမှုန်းပစ်ဖို့ ငါတောင်းဆိုပါတယ်”

ဒါ အဆင့်(၇) အလင်းမန္တန်တစ်ခုလေ။ ‘ကောင်းကင်ဝါးမြိုအလင်းမီးလျှံများ’ ပေါ့။

မန္တန်ရွတ်ပြီးတာနဲ့ အလင်းဓာတ်တွေက ကျုပ်ကို ဝန်းရံလာသလို၊ အလင်းမီးတောက်ကြီးကလဲ ကောင်းကင်တခွင် လွှမ်းခြုံထားလိုက်ပြီ။ ကျုပ် မတိုက်ရသေးခင်လေးမှာ ပေါ်အာ သူ့ ခံစစ်ခံနိုင်ရည်စွမ်းအားထက် တော်တော် လွန်ကဲနေတာ သိလိုက်တော့ သူလဲ ဘာစွမ်းအားမှ ချန်မထားတော့ဘဲနဲ့ သူ့ခန္ဓာကိုယ်ကနေ ရွှေရောင် ပုံသဏ္ဍာန် ထုတ်လွှတ်လိုက်တယ်။ သူ့အဖွဲ့သားတွေနဲ့အတူ ခံစစ်ပုံစံကို အားစိုက်နေရတုန်းပဲ။ သူတို့ သူရဲကောင်းဓားတွေကို မြှောက်ရင်းနဲ့ ‘လေဟာနယ်ခုတ်ပိုင်းခြင်း (၁၀)ချက်’ ဆိုပြီး အကျယ်ကြီးအော်လိုက်ကြတယ်။ သူတို့က ကျုပ်တို့ဆီ ကိုမဟုတ်ဘဲ ကျုပ်မှော်စွမ်းအားတွေနဲ့ ဖုံးထားတဲ့ မိုးပေါ်ကို ခုတ်လိုက်တာ။ ကောင်းကင်ပေါ်မှာ သူ့အလိုလို ကွဲထွက်လာတဲ့ လေဟာနယ် အက်ကွဲကြောင်း (၁၀)ခု ပေါ်လာပါလေရော။ ကျုပ်ဖန်တီးထားတဲ့ အလင်းစွမ်းအားတွေကို အဲ့လေဟာနယ် လက်ကွဲကြောင်း(၁၀)ခုက အကုန်စုပ်ယူသွားတာဗျ။ သူလဲ ကြယ်စင်သူရဲကောင်း အဆင့်ဖြစ်လိမ့်မယ်။ ရှို့တိက တကယ်ကြီးကို အရည်အချင်းရှိတဲ့သူတွေ အများကြီး မွေးထုတ်ပေးနိုင်တာပဲ။

ပရိတ်သတ်ထဲက ဆရာဝမ်ကတော့ ပြာနှမ်းနေအောင်ကို မျက်နှာပျက်သွားပြီ။ ဒါက ဘာကြီးလဲဆိုတာ သူသိနေတာကိုး။

အဲဒါကြီးကို ကျုပ်လဲ တော်တော်တောင် လန့်သွားတာ။ သူ့ လျှို့ဝှက်သိုင်းပညာ ထက် ကျုပ်ရဲ့ လေဟာနယ်စုပ်ဖြဲခြင်းက ပိုအစွမ်းထက်တာကလွဲရင် တော်တော်တူတာပဲ။ အခုမှတော့ နောက်တွန့်နေလို့မရတော့ဘူး။ ကျုပ် မှော်နှင်တံရဲ့ စွမ်းအား အဟုန်နဲ့ အလင်းဓားဖန်တီးပြီး တစ်ဖက်ရန်သူကို ခုတ်ချလိုက်တယ်။ ဒါ ကျုပ် အစွမ်းကုန် တိုက်ခိုက်လိုက်တာပဲ။ အစောတုန်းက သုံးခဲ့တဲ့ မန္တန်တွေဆိုတာက ရန်သူကို ရှုတ်ထွေးသွားအောင် လုပ်ယုံသက်သက်ပဲလေ။ ဘယ်လောက် အစွမ်းထက်မလဲတော့ ကျုပ်လဲမသိတော့ဘူး။ ဒီ နာမည်တောင် မပေးရသေးတဲ့ တိုက်ကွက်ကို ကျုပ်စွမ်းအားကုန် သုံးပစ်လိုက်တာ။ ဘယ်လောက်ထိလဲဆိုရင် လက်ကျန် မှော်စွမ်းအားတွေရော၊ ခန္ဓာကိုယ် စွမ်းအားတွေရော အကုန်ပေါ့။ ကျုပ်လဲ ဒူးတစ်ဖက် ထောက်လိုက်ရတဲ့ အနေအထားဖြစ်သွားရော။ ပြီးတော့ ကျုပ်စိတ်ထဲမှာ..

“ကဲ.. အခုတော့ တုန်းရီအပေါ်မှာပဲ အားလုံးတူတည်သွားပြီ ပေါ့”

ပေါ်အာ အသံအကျယ်ကြီးနဲ့..

“ဟာ.. မကောင်းတော့ဘူး။ အားလုံး ဂရုစိုက်”

လို့အော်ပြီးတာနဲ့ တပြိုင်နက်တည်း သူ့ခန္ဓာကိုယ်ထဲကနေ ရွှေရောင်အလင်းတန်းကိုထုတ်၊ သူ့သူရဲကောင်းဓားကို ကန့်လန့်ဖြတ်ကိုင်ရင်း တိုက်ပွဲ ရှေ့ဆုံးကို နေရာရွှေ့သွားလိုက်တယ်။ ပြီးတော့ ‘ပဋိပက္ခခုတ်ပိုင်းခြင်းဓားချက်’တဲ့။ သူသာ ပြင်ဆင်ချိန်ရလိုက်မယ်ဆိုရင် ရလဒ်က သားရေပွဲဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ကျုပ်ဆီကနေ အဆင့်(၇)မန္တန်နဲ့ အတိုက်ခံလိုက်ရတာဆိုတော့ တုန့်ပြန်ဖို့တောင် အချိန်မလောက်ဘူးလေ။ သူ့စွမ်းအား ပြင်းထန်တယ်ဆိုရင်တောင် ကျုပ်ရဲ့ အဆင့်(၈)မန္တန်တွေလောက်မှ အစွမ်းမထက်တာကို။ ဒင်းတော့ ဆိုးဆိုးဝါးဝါး ခံရဖို့ သေချာနေပြီ။

စင်မြင့်ပေါ်မှာ ပေါက်ကွဲသံတွေ ထွက်လာပြီး မီးခိုးလုံးတွေနဲ့ ဖုံးသွားပါလေရောလား။ စင်မြင့်ရဲ့ တစ်ချို့နေရာတွေတောင် ပျက်စီးသွားသေးတယ်။ တုန်ခါသွားတာက အရမ်းပြင်းလွန်းတော့ ကျုပ်ကို နောက်ဘက်တွန်း ထုတ်လိုက်သလိုဖြစ်သွားတယ်။ ရှို့စစ် ကျုပ်ကို ဖမ်းထိန်းပေးထားလို့ တော်သေးတာပေါ့။ အဲ့အချိန်မှာ သတ်ကွင်းထဲကနေ ကျုပ်လွတ်သွားတာတော့ အသေအချာပဲ။ ဆိုတော့ နောက်ဆုံးရလဒ်ဖြစ်တဲ့ နိုင်ပွဲကို စောင့်နေယုံပေါ့။

ကျုပ်နဲ့ ရှို့စစ် နောက်ကျောကနေ လက်ကနက် အလင်းတန်း(၅)ခုပေါ်လာပြီးတော့ မီးခိုးလုံးကြီးထဲကို တိုးဝင်သွားလေရဲ့။ ချက်ချင်းကို မီးခိုးလုံးကြီးထဲကနေ နာနာကျင်ကျင်နဲ့ ညည်းတွားသံတွေ ထွက်လာပါလေရော။ ကျုပ်နှလုံးသားထဲ အပျော်တွေ လှိုင်းထသွားတယ်။ ကျုပ်တို့ နိုင်ပြီ။

မဆိုးဘူးဗျ။ စောစောက မြင်လိုက်ရတဲ့ အလင်းတန်းတွေက ကျုပ်ခိုင်းထားတာတွေလေ။ ပြီးတော့ အဲ့ကောင် တုန်းရီကလဲ အခွင့်အရေးကို ကျားချောင်း ချောင်းနေတာနဲ့ ကွက်တိ။ သူက သူ့တိုက်ပွဲစိတ်ဝိညာဉ်နဲ့ မှော်စွမ်းအားတွေအကုန် မြှား(၅) ချောင်းထဲမျာ သေချာစုစည်းထားတာကိုး။ အားလုံး သဲသဲကွဲကွဲ မမြင်နိုင်တဲ့အချိန်ကျမှ သူ့မြင်နိုင်စွမ်းတွေနဲ့ ပစ်လိုက်တဲ့ မြှားတွေက ကျုပ်တို့ရဲ့ အာဏာကုန် ထိုးနှက်ချက်ပေါ့ဗျာ။

မြို့စားပေါ်ကြူနဲ့ ဆရာဝမ်တို့တောင် ပွဲကြည့်စင်ပေါ်မှာ မတ်တပ်တွေ ဖြစ်ကုန်ကြတယ်။ မီးခိုးငွေ့တွေ တဖြည်းဖြည်းလွင့်သွားပြီ။ ပေါ်အာ့ အဖွဲ့သား (၄)ယောက်တော့ ဘယ်ဘက်ပုခုံးတွေမှာ မြှားတန်းလန်း ကိုယ်စီနဲ့ ကြမ်းပြင်ပေါ်မှာ လဲကျနေကြရင်း ညည်းငြူနေကြလေရဲ့။ ပေါ်အာတောင် သူမတ်တပ်ရပ်နိုင်ဖို့အရေး သူ့ဓားကို ကြမ်းပြင်ပေါ် အနိုင်နိုင် ထောက်ထားရတာ။ သူ့လူတွေလိုပဲ သူ့ဘယ်လက်ပခုံးမှာ မြှားတစ်ချောင်း ထိုးဖောက်နေလေရဲ့။

တုန်းရီက..

“ကျန်းကုန်း၊ ငါတို့နိုင်ပြီကွ”

အောင်ပွဲခံလုနီးလေးမှာပဲ ပေါ်အာ့ အသံထွက်လာတယ်…

“မင်းတို့ စွမ်းအားနဲ့ ဗျူဟာကို ငါတော်တော်ကြီးလေးစားပေမယ့် မင်းတို့ အနိုင်ရဖို့ မဖြစ်နိုင်သေးဘူး”

ပေါ်အာ ဖြည်းဖြည်းချင်းထလာတော့ ပရိတ်သတ်တောင် အံ့အားသင့်ပြီး ဆူညံပွက်လောရိုက်သွားတယ်။ ညာလက်နဲ့ မြှားတံကို ဆွဲထုတ်လိုက်ပေမယ့် သွေးတော့ ထွက်မလာဘူးဗျ။ သူ့ဒဏ်ရာကို ချိတ်ပိတ်ဖို့ တိုက်ပွဲစိတ်ဝိညာဉ်ကို သုံးထားတယ်ဆိုတာ သိသာတယ်။ ဒီကောင် အသံယဲ့ယဲ့နဲ့ပဲ…

“တကယ်လို့ သာမန် ပြိုင်ပွဲတစ်ခုသာဆိုရင် ငါရှုံးသွားပြီဆိုတာ သေချာတယ်။ မင်းရဲ့ အဲ့ဒီမှော်စွမ်းအင် မြှားတွေကို ငါကလွဲရင် ဘယ်သူမှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။”

ဒီကောင် နောက်ဆုံးပိတ်စကားလုံးတွေကို သေသေချာချာ အလေးပေးပြီး ပြောသွားတာဗျ။

============= (*^*)=============

အပိုင်း(၇၁)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters