ပြိုင်ပွဲ၏ အဆုံးသတ်
Vol. 5 Ch. 71
Child of light (ကျန်းကုန်း)
Volume 3: Chapter 28 – The Competition’s End
သူကျုပ်ကို အေးစက်စက် အကြည့်နဲ့ကြည့်ပြီး
“ကျန်းကုန်း ငါပြောတာ မှန်လား”
ရှို့စစ် ထိန်းဖက်ပေးထားတာကနေ တုန်ချိချိနဲ့ မတ်တပ်ရပ်လိုက်ကြည့်လိုက်တယ်။ ခဏလောက်ထိ တဆတ်ဆတ် တုန်နေသေးတော့ ရှို့စစ်တောင် နောက်ကာနေ ချက်ချင်း လက်နဲ့ ထောက်ထိန်းထားရတယ်။ နှုတ်ခမ်းဒေါင့်က သွေးခြောက်သွေကို သုတ်ရင်းရင်းနဲ့ ခါးခါးသီးသီးပဲ…
“မင်းပြောတာ အကုန်မှန်တယ်။ ဒါပေမယ့် ငါမှန်းထားသလို ဖြစ်မလာဘူး။ မဟုတ်ရင် အခုချိန်ဆို မင်းကြမ်းပြင်ပေါ် မှောက်နေရမှာ။”
“အမှန်အတိုင်း ပြောရရင် ငါမင်းကို တော်တော်လေးစားမိတယ်။ မနေ့တုန်းက ‘မင်းသား’အဖွဲ့ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့လိုက်ရတာလေ။ ဒီတော့ ဒီနေ့ မင်းတို့က ခုခံဖို့တောင် အင်အားမကျန်လောက်တော့ဘူး တွက်ထားတာ။ ငါ့အဖွဲ့သား (၄)ယောက်တောင် ကျသွားမယ်လို့ တကယ်ကို မျှော်လင့်မထားမိဘူး။ ငါ့အဖေရဲ့ ဂုဏ်ရှိန်အတွက် တိုက်ရတာမဟုတ်ရင် မင်းနဲ့ ယှဉ်ပြီး မတိုက်ဖြစ်မှာသေချာတယ်”
သူ့စကားတွေက ကျုပ်လက်ရှိအနေအထားကို လှောင်နေသလိုပဲ။ ကျုပ် အေးစက်စက်နဲ့ လက်ခါလိုက်ပြီး …
“စကားပြောတာတွေ ရပ်လိုက်တော့။ ပြောနေလို့လဲ အပိုပဲ။ တိုက်ပွဲ ရဲစိတ်ရဲမာန်တွေ လျော့သွားမယ်ထင်နေလား။ မင်းအနိုင်ရတော့မယ် ဆိုတာရော သေချာပြီမို့လား။ ဒါဆိုလဲ လာစမ်း။ ငါတို့ အရှုံးမပေးသေးဘူး။ ငါတို့ မထနိုင်တော့တဲ့အထိ တိုက်ကြမယ်”
ရှို့စစ်နဲ့ တုန်းရီ ကျုပ်ဘယ်ညာ တစ်ဖက်စီကနေ ထိန်းပေးထားတယ်။ ပြီးတော့ သူတို့ ကြားနိုင်ယုံ တိုးတိုးလေးနဲ့..
“ငါတော့ မတိုက်နိုင်တော့ဘူးကွ။ မင်းတို့ နှစ်ယောက်ပေါင်းပြီး သူ့ကို အနိုင်ယူလိုက်ကြကွာ”
တုန်းရီ သူ့လေးညှို့ကို လျှပ်စီးလက်သလိုမျိုး ပစ်လွှတ်လိုက်တဘ်။ မြှားတစ်ချောင်းစီက ပေါ်အာဆီကို တည့်တည့်မတ်မတ်နဲ့ ရှေ့မြှား နောက်မြှား အတန်းလိုက် ဇယ်စက်နေသလိုပဲ။
“မင်းတို့မှာ ဝှက်ဖဲရှိနေသေးတာပဲ”
ပေါ်အာ ခပ်ရေးရေး ပြုံးရင်း ခန္ဓာကိုယ်ကို လုံးဝမလှုပ်ရှားဘဲ သူ့ဆီလာနေတဲ့ မြှားတွေကို သူရဲကောင်းဓားနဲ့ ခုတ်ပိုင်း ကာကွယ်လိုက်တယ်။ နတ်သူငယ်မြှားတွေရဲ့ ပြင်းထန်တဲ့ တန်ပြန်သက်ရောက်မှုကြောင့် ပေါ်အာ နောက်ဆုတ်လိုက်ရတယ်။ မချီးမွမ်းဘဲကို မနေနိုင်အောင်ဖြစ်ပြီး…
“ဒီလိုမျိုး မြှားပစ်နည်းပညာ။ မင်းက ငါမြင်ဖူးသမျှ မြှားသမားတွေထဲမှာ အတော်ဆုံးပဲ။ မင်းမြှားတွေကို ငါလွှတ်အောင် မရှောင်နိုင်ဘူး။ အခွင့်သာခဲ့ရင် မင်း ငါ့မြေနဂါး အမှတ်(၂)တပ်ဖွဲ့မှာ သေချာပေါက် ဝင်ခွင့်ပေးမယ်ကွာ”
ရန်သူရဲ့ စကားတွေက တုန်းရီအတွက်တော့ သေချာပေါက် အလှောင်ခံနေရသလိုမျိုး ခံစားနေရတာ။ တုန်းရီ သူ့လေးကို ဖယ်လိုက်ပြီး ဓားရှည်တစ်လက်ထုတ်ပြီး ပေါ်အားကို စတိုက်တော့တယ်။ ကျုပ်လဲ ချက်ချင်းပဲ..
“ရှို့စစ် မင်းသူနဲ့ အတူသွားတိုက်။ ဒီကောင် တစ်ယောက်တည်း တိုက်လို့မရနိုင်ဘူး”
ရှို့စစ် ကျုပ်ကို ကြမ်းပြင်ပေါ် အသာချပေးခဲ့ပြီး တိုက်ပွဲထဲ ဝင်သွားတယ်။ ရှို့စစ်က ပေါ်အာထက် အဆင့်တစ်ဆင့်ပဲ နှိမ့်တယ် ဆိုပေမယ့် တကယ့် ထိပ်တိုက် တိုက်ပွဲထဲမှာကျ ကွာဟချက် အရမ်းကြီးမားလွန်းတယ်။ ပေါ်အာ သူတို့ (၂)ယောက်ပေါင်း တိုက်ကွက်ကို အားစိုက်ရင်းကနေ..
“ကျန်းကုန်း။ မင်းဟိုနေ့က သုံးတဲ့ မှော်သားရဲ ဘာလို့ထုတ်မသုံးတာလဲ။ ဒါ မင်းအနိုင်ရဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးနော်”
ကျုပ် ပင့်သက်ရှိုက်လိုက်ရတယ်။ ငါသာ ရှောင်ကျင်းကို ခေါ်ထုတ်နိုင်မယ်ဆိုရင် မင်းအခုလို နေနိုင်အုံးမှာလားလို့။ လောလောဆယ် ကျုပ်မှာ မှော်စွမ်းအား တစ်စက်လေးတောင်မှ မရှိတော့တာ။ ဘယ်လိုလုပ် သူနဲ့ ဆက်သွယ်နိုင်မှာတုန်း။
ပေါ်အာ ကျုပ်ဆီက ပြန်စာမလာတော့ ရှောင်ကျင်းကို ခေါ်ထုတ်ပြီး သူ့ကိုမတိုက်နိုင်ဘူးဆိုတာ တွေးမိမှာ သာမန်ပဲလေ။ ကျုပ် ရှို့စစ်နဲ့ တုန်းရီတို့ကို ခပ်လောလောနဲ့..
“ရှို့စစ် မင်းသူ့ကိုနောက်ဆုတ်သွားအောင်တိုက်။ တုန်းရီ နောက်ကနေ လေးနဲ့ပစ်”
ကျုပ်စကားကြားတော့ တုန်းရီ ပြာပြာသလဲဖြစ်ပြီး မြှားနဲ့ပစ်ဖို့ လေးပြင်လိုက်တယ်။ ပေါ်အာ ဒါမျိုးကြီး အခွင့်အရေး ပေးပါ့မလား။
“မိုးကြိုးကျားသစ်၏ နက်နဲသိမ်မွေ့သောဓားကျမ်း၊ မိုးကြိုးကျားသစ် အမျက်ဒေါသ”
သူ့လက်ထဲက ဓား၊ မြှားတံလို ပြောင်းပြီး တုန်းရီနဲ့ ရှို့စစ်တို့ (၂)ယောက်ကို ပစ်ချလိုက်တယ်။ တုန်းရီမြှားတွေက ပေါ်အာ့ ဓားတွေကြောင့် ကွဲကျေသွားပြီ။ ရှို့စစ်က တိုက်ချက် အများစုကို ခုခံထားရတယ်။ (၂)ယောက်စလုံး ဂျွမ်းထိုး မှောက်ခုံ လွင့်ထွက်လာကြပါလေရော။ ကောင်းကင်ကနေ သွေးမိုးတွေ ရွာချလိုက်သလိုတောင် ခံစားလိုက်ရတယ်။
ပရိသတ်ထဲက ဆရာဝမ်နဲ့ မြို့စားပေါ်ကြူတို့ကတော့ မတ်တပ်ရပ်လျှက် တန်းလန်းကြီး။
ရှို့စစ်နဲ့ တုန်းရီတို့ကို နောက်တစ်ခါမြင်လိုက်ရတော့ (၂)ယောက်စလုံး ဒဏ်ရာ ဗလပွနဲ့ ကျုပ်ဘေးနားမှာ တုန်းလုံးတွေ။ တုန်းရီဆို သတိတောင် မေ့နေပြီ။ ရှို့စစ်ကတော့ မူးနောက်နေတဲ့ ပုံပဲ။ ချုပ်ဝတ်တန်ဆာတွေတော့ ပျက်စီးသွားပြီ။ သူရဲကောင်းဓားတော့ သူ့လက်ထဲမှာ ကိုင်လျှက်ပဲ။
သွားပြီ။ ဒီအတိုင်း ပြီးသွားပြီလား။ ပေါ်အာကို ကျုပ်တို့ အနိုင်မယူနိုင်ဘူးတဲ့လား။
ပေါ်အာ ရှေ့ကို (၂)လှမ်းတိုးလာပြီး တောင်းပန်တဲ့လေသံနဲ့..
“ငါ့ကို ခွင့်လွှတ်ပါ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ တိုက်ကွက်မျိုး သုံးဖို့ ငါရည်ရွယ်မထားပါဘူး။ တုန်းရီမြှားတွေက ကာကွယ်ရခက်လွန်းလို့သာ ဒီသိုင်းကွက်ကို ရွေးစရာမရှိတော့လို့ သုံးလိုက်ရတာ။ မင်းအခု အရှုံးပေးသင့်ပြီ”
လောလောဆယ် လှုပ်နိုင်တာဆိုလို့ ကျုပ်တစ်ယောက်ထဲ ကျန်တော့တယ်။ ကျုပ်ရှုံးလို့မရဘူး။ ကျုပ်ဘဝတစ်လျှောက်လုံး အောင်ပွဲကို အခုလိုမျိုး ရေငတ်သလို မဆာလောင်ခဲ့ဖူးသေးဘူး။ အရမ်း ခက်ခဲပေမယ့် အောင်ပွဲအတွက် ကျုပ် ထင်မှတ်မထားလောက်အောင်ကို ထရပ်မိလိုက်တယ်။ ပေါ်အာကို အေးစက်စက် ကြည့်ရင်းကနေ ကျုပ်မှော်နှင်တံလေးကို တုန်နဲ့နဲ့ မြှောက်ပြီး…
“အို အလင်းနတ်ဘုရား၊ သင့်အကူအညီကို နှိမ့်ချစွာ တောင်းခံပါတယ်။ သင့်ရဲ့ အဆုံးစမဲ့ စွမ်းအားတွေသုံးပြီး ကျုပ်ဘဝရဲ့ မူလရင်းမြစ်ကို ဖွင့်………”
ကျုပ်ရွတ်နေတုန်းရှိသေးတယ် အရပ်ရှည်ရှည်နဲ့ လူတစ်ယောက် အရိပ်တစ်ခုလိုမျိုး ကျုပ်နောက်ကနေ ပေါ်လာပြီး ကျုပ်လည်ပင်းကို လက်ဝါးဇောင်းနဲ့ ခုတ်လိုက်တာဗျ။ ကျုပ်လဲ ‘အင့်’ ကနဲ တစ်ချက်ပဲ အသံထွက်ပြီး ကြမ်းပြင်ပေါ် လဲသွားတာပေါ့။
တကယ့် အရေးကြီးဆုံးအချိန်မှာ ဆရာဝမ် ပေါ်လာတာဗျ။ မူးလဲနေတဲ့ကျုပ်ကို စိတ်တွေ လှုပ်ရှားနေတဲ့ပုံနဲ့ ကောက်ပွေ့လိုက်ပြီးတော့..
“လူမိုက်လေး။ မင်း အဲလောက်မိုက်ရလားကွာ။ ဘယ်လိုကြောင့် ဘဝသက်တမ်းနဲ့ ရင်းပြီးသုံးရတဲ့ မှော်ပညာကို သုံးရတာလဲ။ ငါသာ ခြေတစ်လှမ်းလောက် နောက်ကျသွားမယ်ဆိုရာ တစ်ဘဝလုံး ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်တော့မှာ မဟုတ်ဘူး”
ဆရာဝမ် သူ့မျက်လုံး ထောင့်တွေကနေ မျက်ရည်တွေတောင် ကျလာပါလေရော။ တကယ်တော့ ကုန်ခမ်းနေတဲ့ မှော်စွမ်းအားတွေ ပြန်ဖြည့်ဖို့အတွက် ဘဝအသက်မှော်ပညာကို သုံးတော့မလို့ပဲ။ ဒါပေမယ့် ပြန်ပေးဆပ်ရမယ့် တန်ဘိုးက ကျုပ်လက်ကျန် ဘဝသက်တမ်း တစ်ဝက်တိတိ ဆုံးရှုံးသွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ဘဝသက်တမ်းနဲ့ ရင်းပြီး ဆရာဝမ်ကို ကူညီပေးဆပ်ချင်ခဲ့သေးတာ။ ဆရာဝမ် ကျုပ်ကိုတားဖို့ အချိန်မှီရောက်လာတာ ကံကောင်းသွားတယ်။
စောင့်ကြည့်နေတဲ့ ပွဲကြည့်ပရိသတ်တွေ အကြီးအကျယ် ပွက်လောရိုက်သွားကြတယ်။ လီခယ်ဝမ်ကို လူတွေသတိထားမိသွားပြီးတော့..
“ညစ်ပတ်တယ်… ညစ်ပတ်တယ်”
ဒိုင်လူကြီးက လမ်းလျှောက်လာပြီး “လေးစားရပါသော ကျောင်းအုပ်ကြီးခင်ဗျား…”
ဒိုင်လူကြီး တလေးတစားနဲ့ လျှောက်လာပြီး..
“တော်ဝင်ကျောင်းအုပ်ကြီး… ခင်ဗျား ဘယ်လို…”
ဆရာဝမ် ကျုပ်ကို ပွေ့ပြီး မတ်တပ်ရင်လိုက်တယ်။ သူ့လက်ကို တစ်ချက် ဝှေ့လိုက်ပြီး..
“ငါ ‘တောက်ပခြင်း’အဖွဲ့ကိုယ်စား အရှုံးပေးတယ်။”
ပြီးတော့ ပေါ်အာဘက်လှည့်ပြီး…
“မင်းအဖေဆီသွားပြီး ငါ့အမှားကို ဝန်ခံလိုက်မယ်”
ပေါ်အာ တစ်ခုခုပြောချင်နေပေမယ့် ဆရာဝမ်ရဲ့ နောင်တရနေတဲ့ ရုပ်ကိုမြင်တော့ ဘာမှ မပြောတော့ဘူး။
ဒီလိုနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပွဲကြီးက ကျုပ်တို့ရဲ့ အရှုံးနဲ့အတူ ဇာတ်သိမ်းသွားခဲ့ပြီ။
…………………..
ကျုပ်သတိပြန်ရလာတော့ ဘယ်နေရာရောက်နေမှန်းကို မသိတော့ဘူး။ လုံးဝ မရင်းနှီးဘူးတဲ့ နေရာဗျ။ နာနာနဲ့ပဲ လည့်ပတ်ကြည့်လိုက်တော့ အခန်းက တော်တော်ကျယ်တာပဲ။ ကျုပ်အပြင် တခြားကုတင်(၄)လုံးရှိပြီး ‘တောက်ပခြင်း’တိုက်ခိုက်ရေးအဖွဲ့ ဝင်တွေ တစ်ယောက်စီ တင်ထားတာ။ ကောင်းသဲနဲ့ ရှင်းအောင်းတို့ (၂)ယောက် စကားပြောနေကြတာ။ တုန်းရီနဲ့ ရှို့စစ်တို့ကတော့ အိပ်နေတာလား သတိမေ့နေတာလား မပြောတတ်ဘူး။
ကျုပ် နာလို့ နည်းနည်းလေး ညည်းလိုက်တော့ ရှင်းအောင်းက…
“အာ.. ကျန်းကုန်း နိုးလာပြီလား။ အစ်ကိုကြီးကျန်းကုန်း မင်းဘယ်လိုနေသေးလဲ”
အမ်။ ကျုပ်က ဘယ်အချိန်တုန်းက သူတို့ခေါင်းဆောင်ဖြစ်သွားတာတုန်း။
(တရုတ်အယူအဆအရ ခေါင်းဆောင်များကို၊ အစ်ကိုကြီး၊ ခေါင်းဆောင်၊ သူဌေး စသည်ဖြင့် သုံးနှုံးလေ့ရှိပြီး အင်္ဂလိပ် ဝေါဟာရအနေဖြင့် Boss ဟု တစ်မျိုးတည်းသာ အသုံးပြုတတ်ပါသည်)
“ငါမသေသေးဘူးပဲ။ ငါတို့ ဘယ်ရောက်နေတာလဲ။ နောက်ဆုံးပွဲစဉ်ကရော ဘယ်လိုဖြစ်သွားလဲ”
ရှင်းအောင်း သက်ပြင်းချပြီး ကျုပ် သတိလစ်သွားပြီးတဲ့ အချိန်ကစပြီး ဖြစ်ကြောင်းကုန်စင် ပြောပြတော့တယ်။
ပြိုင်ပွဲပြီးတော့ ရှို့တိဘုရင်က ကျုပ်တို့ ဇွဲနဲ့ လုံ့လတွေကို ကြားပြီး ထပ်တန်းသမားတော် တွေတွေနဲ့ မြန်မြန်ကုသ ပြောက်ကင်းအောင် ကျုပ်တို့ကို ဧကရာဇ် နန်းတော်ကြီးထဲ ခေါ်လာတာဗျ။ ကျုပ်ကို အံ့အားသင့်စေတဲ့ နောက်တစ်ချက်က မြို့စား ပေါ်ကြူ ဆရာဝမ်ကို တောင်းပန်ဖို့ မပြောခဲ့ဘူးတဲ့။ ဖြစ်ပြီးသားကိစ္စတွေ ပြီးပါစေတော့ ဆိုတဲ့ စကားတစ်ခွန်းပဲ ပြောသွားတာတဲ့လေ။
ဆရာဝမ် အရှက်မကွဲလိုက်ဘူးဆိုတာ ကြားရမှ ကျုပ်လဲ သက်ပြင်းရှည်ကြီးချပြီး ဝမ်းနည်းပက်လက်နဲ့..
“ဒါတွေအကုန် ငါမှန်းထားသလိုမျိုး အောင်မြင်အောင် မလုပ်နိုင်ခဲ့လို့ပဲ။ ငါသွားရမယ့် လမ်းကြောင်းက တော်တော်ကြီး ရှည်လျှားအုံးမယ့် ပုံပဲ”
“အခုအတိုင်းကို လုံလောက်နေပါပြီ ကျန်းကုန်းရာ။ လောလောဆယ်ကိုပဲ မင်းကြောင့်သာမဟုတ်ရင် ငါသေနေလောက်ပြီ။ ငါတို့ စွမ်းအားနဲ့တင် ‘မင်းသားလေး”အဖွဲ့ကို နိုင်ခဲ့တယ်ကွာ။ အဲဒါ တစ်ခုနဲ့တင် ငါ့အတွက် အရမ်း အံ့ဩစရာဖြစ်နေပြီ။ ဒါထက်ပိုဆိုးတာက မင်းတို့ (၃)ယောက်ထဲနဲ့တင့် ‘လေနဂါး’အဖွဲ့ကို နိုင်လုနီးပါအထိ တွယ်ခဲ့လိုက်ကြသေးတယ်။ မင်းတော်တော်ကို ပြိုင်ဆိုင်လိုစိတ် ပြင်းတဲ့ကောင်းပဲကွ။ မင်းကြောင့်သာမဟုတ်ရင် ငါတို့ အဖွဲ့ အားပြတ်သွားမှာတောင် စိုးရသေး။ ‘မင်းသားလေး’အဖွဲ့ကို နိုင်ပြီးတဲ့အချိန်ကစပြီး ကောင်းသဲနဲ့ ငါတင်မဟုတ်ဘူး ရှို့စစ်ရော မင်းရဲ့ စွန့်စားခန်း ခရီးစဉ်တစ်လျှောက်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မင်းကလွဲရင် တခြားဘယ်သူ့နောက်မှ လိုက်ဖို့ အစီအစဉ်မရှိဘူးကွ”
============= (*^*)=============
အပိုင်း(၇၂)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား