← Chapters

ခရီးဆက်ရန် ပြင်ဆင်ခြင်း

Vol. 5 Ch. 72

ခရီးဆက်ရန် ပြင်ဆင်ခြင်း

Vol. 5 Ch. 72

Child of light (ကျန်းကုန်း)

Volume 3: Chapter 29 – A Journey’s Preparation

ရှင်းအောင်း စကားတွေက ကျုပ်ရင်ထဲ နွေးသွားတာပဲ။

“စိတ်ချမ်းသာသလိုသာနေစမ်းပါကွာ။ ငါတို့အားလုံး အတူတိုက်ပွဲဝင်ခဲ့ကြတာပဲလေ ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဒါနဲ့ တုန်းရီနဲ့ ရှို့စစ် တို့ရော ဘယ်လိုနေသေးလဲ”

“ဒဏ်ရာတွေ တော်တော်ပြင်းပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ငါတို့တွေ ဒီလိုလေး ဆက်ပြီး အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ။ စကားပြောတာ များသွားပြီ မင်းနားလိုက်တော့။ စားချိန်ရောက်ရင် ငါပြောမယ်။”

“ကောင်းတယ်။ ငါလဲ မျက်လုံးကို မနည်းဖွင့်နေရတာ။ ထပ်အိပ်လိုက်တာ ကောင်းပါတယ်ကွာ”

ပြဿနာတွေလဲ အကုန်လုံးပြေလည်သွားပြီ။ တင်းပြည့်ကျပ်ပြည့် စိတ်တိုင်းကျ မဟုတ်ပေမယ့် ကျေနပ်လောက်စရာတော့ ဖြစ်ခဲ့ပါသေးတယ်လေ။ စိတ်အေးလက်အေးနဲ့ပဲ အိပ်မက်ကမ္ဘာထဲ ဝင်သွားလိုက်တာပေါ့။

အချိန် ဘယ်လောက်ကြာသွားလဲတော့မသိဘူး နှခေါင်းထဲကို သင်းရနံ့တွေ ရောက်လာတယ်ဗျ။ ဘယ်လောက်ထိ စွဲမက်စရာကောင်းလဲဆိုရင် အိပ်မက်ထဲကနေတောင် နိုးလာတဲ့အထိပဲ။ မျက်လုံးကို ဖွင့်ပြီး ခပ်မှေးမှေးလေး ကြည့်လိုက်တယ်။ ဟ.. သူတို့တွေ စားတောင်နေကြပေါ့။ ကျုပ်လဲ လေသံပျော့ပျော့နဲ့..

“အာ… ငါ့အတွက်ရော ကျန်သေးလား။ အရမ်းဗိုက်ဆာနေပြီ”

ဆရာဝမ် လဲအခန်းထဲမှာ ရှိနေတာပဲ။ ကျုပ်နိုးလာတာမြင်တော့ ပြုံးပြုံးကြီးနဲ့…

“နိုးလာပြီလား၊ ငါလဲအခုပဲ မင်းကိုနှိုးတော့မလို့ကွ။ တော်တော် အနံ့ခံကောင်းတဲ့ကောင်ပဲ။ လာလာ ထစားလိုက်”

အစေခံတစ်ယောက်က ကုတင်ပေါ်မှာပဲ ကျုပ်ကို ခပ်စောင်းစောင်းလေး ထိုင်နိုင်အောင်ကူပေးပြီးတော့ စားပွဲအသေးလေး တစ်လုံးနဲ့ ဟင်းချိုတွေ မုန့်တွေ လာချပေးတယ်ဗျ။

“ဆရာဝမ်၊ ကျွန်တော် တောင်းပန်ပါတယ်။ တာဝန်ကျေပွန်အောင် မလုပ်နိုင်ခဲ့လိုက်ဘူး”

“ကောင်လေး။ မင်း အတိုင်းထက်အလွန်ကို လုပ်ပေးခဲ့ပြီးပါပြီကွာ။ ဒါပေမယ့် နောက်ဆိုရင် မင်းရဲ့ ဘဝအသက် မှော်ပညာကို အရူးတစ်ယောက်လို လျှောက်မသုံးနဲ့ကွ။ မဟုတ်ရင် လောင်ယွင့်ကို ငါဘယ်လိုလုပ် မျက်နှာပြနိုင်တော့မျာတုန်း။ ပေါ်ကြူဆိုတဲ့ ကောင်ကလဲ ဆင်ခြင်ဉာဏ်မရှိတဲ့ ကောင်မဟုတ်ပါဘူးကွာ။ သာမန်အနေအထားတူ တိုက်ပွဲတစ်ပွဲသာဆိုရင် ငါတို့နိုင်မှာသေချာတယ်ကွ။ တကယ်တမ်းကျ အခုလိုရှုံးလိုက်တာကလဲ တမျိုးစဉ်းစားရင် မင်းအတွက် မကောင်းတာတော့ မဟုတ်ပါဘူး။ ဒီအရှုံးထဲကနေ မင်းရဲ့လိုအပ်ချက်တွေ သင်ခန်းစာယူပေါ့။ နောက်ဆို လုံ့လဝီရိယအပြည့်နဲ့ ကျင့်ကြံမှရမယ်။ အခုတော့ စားလိုက်ကြအုံစို့”

ပါးစားထဲက သွားရေတွေ ထွက်လုနီးနီးဖြစ်နေတော့ စကားဆက်ပြောလို့မရတော့ဘူး။ အဝါရောင် ဖျော့ဖျော့ ဟင်းရည်ရဲ့ ရနံ့က သောက်နေရင်းနဲ့ကို ရှူရှိုူက်လို့ မဝနိုင်အောင်ပဲ။ ဟ.. တော်တော်အရသာရှိတာပဲဟ။

“ဒါဘာဟင်းလို့ခေါ်လဲ။။ တော်တော် ကောင်းတာပဲဗျ”

ရှို့စစ်က ဝင်ပြီး..

“ဒါ တော်ဝင်မိသားစု လျှို့ဝှက် ဟင်းလျာတစ်မျိုးဖြစ်တဲ့ မသေမျိုးစွတ်ပြုတ် ပေါ့။ တောရိုင်းတိရစ္ဆာန်တွေ၊ မှိုတွေ၊ သက်တန်းရင့် တောင်ပေါ်ဂျင်ဆင်းတွေ၊ လင်ဇီးမှိုတွေ၊ သမင်ချို၊ လမ်းလျှောက်ပန်းအမြစ်နဲ့ တခြားဆေးဖက်ဝင် အမယ်ပေါင်း အများကြီးကို အချိန်ယူ ပြုတ်ထားတာလေ။ ဈေးအရမ်းကြီးတာကွ။ ဒါပေမယ့် ဒီတခါတော့ မင်းအတွက် ဖြစ်သွားတာပေါ့။ ဟား.. ဟား”

ကျုပ် မျက်နှာရဲကနဲဖြစ်သွားလို့ ဟိုပွတ်ဒီပွတ်လုပ်ရင်းနဲ့..

“ငါ့အတွက်ပဲလို့ ဘာလို့ပြောလို့ရမှာတုန်း။ မင်းတို့လဲ သောက်နေတာပဲ မဟုတ်ဘူးလား။ ဟွင့်”

ကျုပ်တို့အားလုံး ပြိုင်တူပဲ ရယ်လိုက်မိကြတယ်။ တကယ်တမ်းကျ ရယ်မလို့ပဲရှိသေးတယ် အရမ်းနာလာလို့ ရပ်လိုက်ရတာ။ ဒီစွပ်ပြုတ် တော်တာ်ကို ကြိုက်တာဗျ။ တစ်ခန်းလုံးမှာလဲ ကျုပ်ရဲ တိုက်ဖော်တိုက်ဖက် ရဲဖော်တွေနဲ့ ပြည့်နေတာကိုး။ သေရေးရှင်ရေး တိုက်ပွဲတွေကို လက်တွဲတိုက်လာခဲ့ကြတာဆိုတော့ ကျုပ်တို့တွေရဲ့ ကြားထဲက ဆက်ဆံရေးတွေ ပိုပြီးခိုင်မာလာတော့တာပေါ့။

တခြားသူတွေ စားတုန်းပဲရှိသေးတယ် ကျုပ်ကတော့ လေဆင်နှာမောင်းတိုက်သလိုမျိုး လွေးလိုက်တာ တက်တက်ပြောင်သွားပြီ။ ဝေ့ပတ်ကြည့်လိုက်တော့ အားလုံးထဲမှာ တုန်းရီ အစားအနှေးဆုံးပဲဗျ။

“မင်းစားနေတဲ့မုန့်က တော်တော် စားလို့ကောင်းလား”

တုန်းရီ ကျုပ်ပုံစံကိုမြင်တော့ ရယ်ရယ်မောမောနဲ့ပဲ ..

“ရော့ ရော့”

ပစ်ပေးလိုက်တဲ့ မုန့်ကို လက်မသုံးဘဲ ပါးစပ်နဲ့တင် ကွက်တိ ဖမ်းထားလိုက်တယ်။ ပြီးတော့ ကျုပ် ထပ်ကြည့်လိုက်ရင်းနဲ့..

“ဝိုး… ရှို့စစ်၊ မင်းဟင်းရေက ငါ့ဟာနဲ့မတူဘူးပဲ။ အရသာ ဘယ်လိုမျိုးလဲ သိချင်လိုက်တာ”

ကျုပ်စကားကြားတော့ ဘယ်သူမှ မနေနိုင်တော့ဘူး။ ကောင်းသဲတောင် စားနေရင်း ပါးစပ်ထဲက မုန့်တွေ ပြုတ်ကျသွားတယ်။ ဘာရမလဲ ကျုပ်လဲ ဝမ်းနည်းတဲ့လေသံနဲ့..

“ဟာကွာ။ မင်းမစားချင်ရင်လဲ အစားအသောက်တွေတော့ အလဟသ မဖြုန်းတီးစမ်းပါနဲ့ကွာ”

နောက်ဆုံးတော့ ဆရာဝမ် ကျုပ်စစ်ဆင်ရေးကြီးကို ဝင်ဖျက်လိုက်တော့တာ..

“အာ.. ကျန်းကုန်း။ မင်သူတို့ကို တကယ်သတ်ချင်နေတာဆိုရင်တော့ ဆက်ပြောကွာ။ ဒီပုံစံအတိုင်းဆို သူတို့ ဒဏ်ရာဟောင်းတွေ ပြန်ပွင့်ထွက်လာမှာ အသေအချာပဲ။ မင်းခန္ဓာကိုယ်က အရမ်းအားနည်းနေတာဆိုတော့ အစားလျော့ စားဖို့သင့်တယ်ကွ။ တော်ကြာ စားပိုးနင့်သွားရင် မင်းအတွက် မကောင်းဘူး”

ဆရာဝမ် စကားပြောလာပြီဆိုတော့ မကြေမနပ်နဲ့ အိပ်နေလိုက်ရတယ်။ ဒီလောက်ကောင်းတဲ့ ပွဲတော်မျိုး တစ်ခါမှကို မစားဖူးသေးတာ။ နောက်တစ်ခါဆိုရင်တော့ သေချာပေါက် ပက်ဖြဲနဖြဲ စားပစ်ရမယ်။ ဘယ်သူ့မှ ဂရုစိုက်မနေဘဲ အစေခံကို ကပ်ပြီး နောက်တခါ စားချိန်ရောက်ရင် စားဖိုမှူးကို များများလေး လုပ်ပေးဖို့ တိတ်တိတ်လေး မှာထားလိုက်တာပေါ့။

ကျုပ်တို့တွေ နေ့တိုင်း ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ဆိုတော့ တော်တော်များများ သက်သာလာကြပြီ။ (၁၀)ရက် လောက်လဲကြာရော ကျုပ်တို့တွေ ပုံမှန်နီးပါး ပြန်ကောင်းလာကြတယ်။ ဒါပေမယ့် ကျုပ် ဒီလောက်မြန်မြန်ကြီး မကောင်းချင်သေးဘူး။ တော်ဝင်နန်းတော်ကြီးထဲက အရသာရှိတဲ့ အမယ်မျိုးစုံ ကုန်အောင်မစားရသေးဘူးလေ။

ဒီနေ့ ဆရာဝမ် ဘုရင်ကြီးနဲ့ တွေ့ဖို့လာခေါ်တော့ ကျုပ်တို့ အပြည့်အဝ နေကောင်းနေကြပြီ။ ဒီလို ဖြစ်လိမ့်မယ်လို့လဲ ကျုပ် ထင်ပြီးသားပါ။ ဒီလောက်ကောင်းတဲ့ ဟင်းမျိုးစုံကို အလကား စားရဖို့ မလွယ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကျုပ်တို့တွေ သူ့ကို အရိုအသေ ပေးရအုံးမှာပဲ။

တော်ဝင်နန်းတော်ကြီးက ဝင်္ကဘာကြီးတစ်ခုလို ခံစားလိုက်ရတယ်။ မိနစ်ပိုင်းလောက်လေးနဲ့တင် ကျုပ်တော့ စိတ်တော်တော် ရှုတ်သွားတာ။ တခြားသူတွေလဲ ကျုပ်လိုပါပဲ။

အရမ်းကို ထည်ဝါခမ်းနားလွန်းတဲ့ အဆောက်အဦ တစ်ခုရှေ့ကို ရောက်လာကြရော။ ဒါ ရှို့တိနိုင်ငံ ဘုရင့်ဧည့်ခန်းမဆောင် လို့ ဆရာဝမ်ပြောပြတယ်။ အကုန်လုံးဝင်ပြီးတဲ့အချိန် ဆရာဝမ်က အကုန်လုံးကို ဒူးထောက်ခိုင်းထားတယ်။ ကျုပ်တို့လဲ သူ့နောက်ကနေ..

“ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ”

“ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ”

“ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ”

အဲလိုအော်ပြီးတာနဲ့ အသာလေး ခေါင်းမော့ပြီး တစ်ချက် ခိုးကြည့်လိုက်တယ်။

ဒါ ရှို့တိဘုရင်ကြီးလား။ တော်ဝင် ပလ္လင်ကြိးပေါ်မှာ ထိုင်နေတဲ့သူကြီးက အသက်(၇၀)လောက်တော့ ရှိမယ်၊ ဝတ်စားထားတာလဲ တော်တော်ကို ကြည့်လို့ရှုလို့ကောင်းတာပဲ။ ခါးကို မတ်မတ်နဲ့ထိုင်နေလိုက်တဲ သူ့မျက်လုံးတွေထဲမှာလဲ အရောင်တွေ တဖျတ်ဖျတ်ကိုလဲ့လို့။

“ဒီလောက်လဲ ယဉ်ကျေးမနေကြပါနဲ့။ မင်းတို့အားလုံး သက်သာသလိုနေကြပါ”

ရှို့တိဘုရင်က အစိုးရအမှုထမ်း ရာထူးလိုချင်လားလို့ ကျုပ်တို့အားလုံးကို မေးလာတော့ ကျုပ်တို့ကို ကောင်းကောင်းကြီး တန်ဘိုးထား အသိအမှတ်ပြုတဲ့သဘောပဲ။ အချိန်တော်တော်ကြာအောင် ဘယ်သူမှ စကားပြောကြဘူး။ သူတို့အားလုံး ကျုပ်ကိုကြည့်နေကြတာကိုး။ ဟ.. ငါက ရှို့တိနိုင်ငံသားမဟုတ်ဘူးလေ။ ဘာကြောင့် ခေါင်းဆောင် တင်ထားနေကြသေးတာတုန်းဟ။ မင်းတို့ကိစ္စ မင်းတို့ကိုယ်တိုင်ဆုံးဖြတ်ကြလေကွာ။

“ကျွန်တော်မျိုးတို့ အသက်ငယ်သေးတဲ့အပြင် ပြိုင်ပွဲမှာ အရည်အချင်းဘယ်လောက်လိုသေးတယ်ဆိုတာ မြင်လိုက်ရပါတယ်။ ကျွန်တာ်မျိုးတို့မှာ သင်ယူစရာတွေ အများကြီးကျန်နေပါသေးတယ်။ ဒါမှပဲ တိုးတက်လာမယ့် အနာဂါတ်ခွန်အားတွေက နိုင်ငံတော်ကို အပြည့်အဝ အကျိုးပြုနိုင်မှာပါ”

ဒါကိုမြင်တော့ ဆရာဝမ် ကြိတ်ရယ်နေတာဗျ။

ကံကောင်းလို့ပေါ့။ ရှို့တိဘုရင် တော်တော် စိတ်သဘောထားပြည့်ဝတာပဲ။ ကျုပ်တို့ကို အနေခက်အောင် ဘာဖိအားမှ မပေးဘူး။ ကျုပ်တို့ကို ပြန်မလွှတ်ခင် အားပေးစကားတွေတောင် ပြောလိုက်သေးတယ်။

………….

နောက်ဆုံးတော့ ဆရာဝမ်ရဲ့ သစ်လုံးအခန်းလေးထဲ ပြန်ရောက်လာကြပြီပေါ့။ အရသာကောင်းလွန်းတဲ့ အစားအသောက်တွေ မရှိတော့ပေမယ့် လွတ်လပ်ပေါ့ပါးသွားတဲ့ စိတ်တစ်ခုနဲ့တင် ဒီမှာ နေလို့ထိုင်လို့ကောင်းနေပြီ။

ပြန်ရောက်လာပြီးကတည်းက ကျုပ်တို့(၅)ယောက် တစ်ပူးပူးနဲ့ပေါ့။ နေ့တိုင် ကျုပ်တို့တွေ ခန္ဓာကိုယ်စွမ်းအားရော သိုင်းပညာတွေရော အတူတူ လေ့ကျင့်ဖြစ်ကြတယ်။ ဆရာဝမ်နဲ့ သူတို့ဆီကနေ အများကြီး သင်ယူရင်နဲ့ ကျုပ်ရဲ့ အလင်းမှော် အခြေခံတွေကိုလဲ သူတို့ကို ပြန်သင်ပေးဖြစ်လိုက်တယ်။ ဒီလိုနဲ့ပဲ (၃)လဆိုတဲ့ အချိန်တွေ ကုန်သွားလိုက်တာ မြန်ချက်။

ကျုပ်ရဲ့ ရဲဘော်ရဲဘက်တွေနဲ့ မခွဲချင်ပေမယ့်လဲ ကျုပ်ထမ်းဆောင်ရမယ့် တာဝန်ကို ပြီးအောင် လုပ်ရအုံးမှာလေ။ ဆရာဝမ်ကို တွေ့ပြီး..

“ဆရာဝမ်။ ပြီးခဲ့တဲ့ ရက်တွေမှာ ကျွန်တော့ကို ပြုစုစောင့်ရှောက်ခဲ့တာတွေ အရမ်းကျေးဇူးတင်ပါတယ်ဗျ။ ဆရာတိ ခိုင်းထားတဲ့ တာဝန်အတွက် ကျွန်တော် သွားရဖို့ အချိန်တန်ပြီထင်တယ်”

“အမှန်အတိုင်းပြောရရင် ငါလဲ မင်းနဲ့ မခွဲချင်ပါဘူးကွာ။ အခုဆို မင်းက ငါ့တပည့်တစ်ယောက်လိုပါပဲဟ”

“တကယ်ဆို ကျွန်တော် ဆရာတပည့်ပါပဲ။ နောင်တစ်ချိန် ကျုပ်ပြန်လာပြီး အားလုံးဆီ လျှောက်လည်မယ်”

“ဒါဆို ကောင်းပြီလေ။ တခြားသူတွေနဲ့ စကားပြောပြီး အထုပ်အပိုးပြင်လိုက်ပေါ့။ မနက်ဖြန် မင်းသွားလို့ရပြီ”

ကျုပ် ခေါင်းညိတ်ပြပြီး ခြံဝန်းလေးထဲကို သွားလိုက်တယ်။ ဆရာတိ ပေးထားတဲ့ တာဝန်အတွက် ကျုပ်ထွက်သွားရတော့မယ်လို့ သူတို့ကို ပြောလိုက်တော့ ဒီကောင်တွေ မျက်နှာမှာ တစ်ယောက်မှ ဝမ်းနည်းပုံမပေါ်ဘူး။ ကျုပ် တော်တော် စိတ်ဓါတ်ကျသွားမိတယ်။ ဘာပဲဖြစ်ဖြစ် နောက်တနေ့ ခရီးထွက်မှာဆိုတော့ အထုပ်အပိုးပြင်ဖို့ အခန်းထဲ ပြန်လာခဲ့လိုက်တော့တယ်။

============= (*^*)=============

အပိုင်း(၇၃)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters