အတူတူ ခရီးထွက်ကြခြင်း
Vol. 5 Ch. 74
Child of light (ကျန်းကုန်း)
Volume 3: Chapter 31 – Traveling Together
မိုးလင်းတော့ ကျုပ်အထုပ်အပိုးတွေ ပြင်ပြီးတာနဲ့ ဆရာဝမ်ကို နှုတ်ဆက်ဖို့ သူ့အခန်းကိုသွားလိုက်တယ်။
“ဒါ လောင်လွင်နဲ့ တခြားသူတွေအတွက်ကွ။ လမ်းခရီးမျာ သေချာဂရုစိုက်သွား။ မင်းတာဝန် ပြီးပြီး၊ မပြီးပြီး ခပ်စောစော ပြန်သင့်တယ်ကွ။ အချိန်အကြာကြီး လျှောက်သွားနေရင် အိမ်မျာကျန်ခဲ့တဲ့ မိသားစုတွေ အရမ်း စိတ်ပူရလိမ့်မယ်။ လုံခြုံရေးကို အထူးဂရုစိုက်ကွ”
ကျုပ် ဖြတ်သန်းခဲ့တဲ့ ရက်တွေကို ပြန်သတိရပြီး မျက်ရည်တွေစို့လာတယ်။
“ဆရာဝမ်၊ ကျုပ် ဆရာ့ကို တွေ့ဖို့ သေချာပေါက် ပြန်လာမှာပါ။ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါ။ ကျွန်တော် သွားတော့မယ်”
ဆရာဝမ်ကတော့ ကျုပ်ကို ပြုံးကြည့်ရင်း ကျန်ခဲ့လေရဲ့။
တုန်းရီနဲ့ ကျန်တဲ့ကောင်တွေတော့ တစ်ယောက်မှ မတွေ့ဘူးဗျ။ ထားလိုက်ပါတော့ သူ့တို့ကို စောင့်မနေတော့ပါဘူး။ ကျုပ်ပစ္စည်းတွေ အိပ်ထဲထည့်ပြီး အဝတ်အစား ကောက်ဝတ်လိုက်တယ်။ ဒီနေရာက ထွက်ဖို့ အချိန်ရောက်ပြီလေ။ သွားဖို့ရာ ဝန်လေးနေမိတယ်။
လမ်းလျှောက်လာရင်းနဲ့ အတူတူရုန်းကန်ခဲ့ရတဲ့ မိတ်ဆွေတွေကို သတိရနေမိတယ်။ ကျုပ်နှလုံးသားထဲမှာ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားနေရတယ်။
“ထားလိုက်ပါတော့။ လူတိုင်း ကိုယ့်လမ်းကိုယ် လျှောက်ကြရမှာပဲလေ။ တွေ့ဆုံခြင်းဆိုတာ ခွဲခွာဖို့အတွက် အစပျိုးတာပဲကို။ နောင်တစ်ချိန် သူတို့နဲ့ ပြန်တွေ့နိုင်သေးတာပဲလေ”
ဘာလဲဟ။ ကျုပ်ရှေ့တည့်တည့်မှာ ရင်းရင်းနှီးနှီးရှိလွန်းတဲ့ ဆိုင်းဘုတ်ကြီးတစ်ခု။ ကျုပ်သေချာအောင် အနီးကပ် ကြည့်လိုက်သေးတယ်။ ဒါ လူထုခေါင်းဆောင် အဖွဲ့အစည်းပဲဟ။ ကျုပ်ရဲ့ ပထမဆုံးတာဝန်ကို ပြန်သတိရပြီး အောင်မြင်လား ကျရှုံးလားတောင် မသိတော့ပါဘူးဗျာ။ ပင့်သက်ရှိုက်ယုံကလွဲပြီး ဘာများတတ်နိုင်အုံးမှာလဲ။ အာ… ဟုတ်သားပဲ။ ဒီမှာ ရောက်နေတာတောင် တော်တော်ကြာနေပြီ။ လုံမုံ့နဲ့ အခုထိ မဆုံရသေးဘူး။ အလုပ်တွေ ရှုတ်နေတာနဲ့ မေ့သွားမိတာ။ ရှက်စရာကောင်းလိုက်တာဗျာ။ ဝင်ရှာကြည့်အုံးမယ်။ တွေ့လိုက်ရရင်လဲ ကံပေါ့။
လူထုခေါင်းဆောင် အဖွဲ့ ဂိတ်ပေါက်ကနေ ဝင်လိုက်တာနဲ့ ဟိုတုန်းက ကျုပ်ရောက်ခဲ့ဘူးတဲ့ နေရာထက် အဆောက်အဦတွေ အများကြီး ပိုကြီးနေတာ သတိထားမိလိုက်တယ်။ မြို့ချင်းမတူတဲ့ သဘောပေါ့နေမှာ။ ဖွံ့ဖြိုးမှုကွာတာကိုး။ မြင်နိုင်သမျှ လမ်းကြောင်းအကုန်လုံးကို ပတ်ကြည့်လိုက်တယ်။ ကျုပ်ကံက အဲလောက်ထိ ကောင်းနေလားမသိပါဘူး။၊ ဆူညံပွက်နေတဲ့ လူတွေကြားထဲမှာ ထောင်ထောင် ထောင်ထောင်နဲ့ ကျုပ်သိနေတဲ့လူလေ။
“လုံ.. မုံ့ …………………..”
အရပ်ရှည်ရှည်နဲ့လူ တုန်ကနဲ တစ်ချက်ဖြစ်သွားပြီး လှည့်ကြည့်လာတယ်ဗျ။ ကျုပ်ကို မြင်လိုက်တာနဲ့…
“ကျန်းကုန်း…. ။ မင်းလား။ လာစမ်းပါ။ ဒီလောက်အကြာကြီး မတွေ့ရလောက်အောင် ဘယ်တွေ လျှောက်သွားနေတာတုန်းဟ။ မင်း ဟိုဓားပြတွေ ထောင်ချောက်ထဲ ရောက်သွားတာမို့လား”
ပြောပြီးတာနဲ့ ကျုပ်ဆီပြေးလာပြီး တင်းတင်းကြပ်ကြပ်ကို ကိုင်ထားတော့တာ။
“ထောင်ချောက်ထဲ မိစရာ အကြောင်းမရှိပါဘူးဗျာ။ ကျုပ် အပြင်ပြန်ရောက်တာ တော်တော်ကို ကြာနေပါပြီ။ ဒီမြို့မှာ ကြာနေတာတောင် ဒီနေရာကို လုံးဝမရောက်ဖြစ်ခဲ့ဘူး။ တကယ်ကို တောင်းပန်ပါတယ်”
“ဒါ ပြဿနာ မဟုတ်ပါဘူးကွာ။ အခုမှ ရောက်လာတော့လဲ ကောင်းတာပါပဲ။ လွန်ခဲ့တဲ့ ရက်တွေမှာ ငါလုပ်ခဲ့တဲ့ တာဝန်တွေဆို နည်းနည်းနောနော မဟုတ်ဘူးကွ။ အခုဆို ‘ဃ’အဆင့် အဖွဲ့ဝင်ဖြစ်နေပြီ။ မင်းအခု ဘယ်လိုနေလဲ။ ကြာတယ် လာကွာ တစ်ခွက် တစ်ဖလား သွားမော့ကြရအောင်။”
“ကျုပ် သောက်လို့မရသေးဘူး။ ခင်ဗျားနဲ့ တွေ့ချင်လို့သာ ဝင်လာတာ။ ကျုပ်ဆရာ ပေးထားတဲ့ တာဝန် ပြီးအောင် လုပ်ဖို့ သွားရအုံးမယ်။ အခုမသောက်နိုင်တော့လဲ နောက်တစ်ကြိမ် အတူသောက်ကြတာပေါ့”
“ဒါ မဟုတ်သေးပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ ဒီလောက်တောင်ခက်တာ။ မင်း ဒီလိုကြီး မြန်မြန်ထွက်သွားတော့ ငါဘယ်လိုလုပ်ရမှာတုန်း။ ငါ မင်းနဲ့ အတူတူလိုက်ခဲ့ချင်တယ်ကွာ။ ငါ့ဘဝ တစ်လျှောက်လုံးမှာ မင်းက အလေးစားရဆုံးလူပဲ။ အခုအချိန်ကစပြီး မင်းငါ့ကို ထားသွားလို့မရတော့ဘူး”
ဟာ.. ဟုတ်သေးဘူးလေ။ ကျုပ်က အိမ်ထောင်မရှိသေးတဲ့ လူပျို နုနုထွတ်ထွတ်လေးလေ။ ကျုပ်ရဲ့ ဆွဲဆောင်နိုင်စွမ်းအားတွေ အဲလောက်ထိတောင်ပဲလား။
ဒါတွေ လျှောက်တွေးမိပြီး သူ့ကို ထောင့်တနေရာကို ခေါ်သွားလိုက်တယ်။ သူ့အသံ အာဗြဲကြီးနဲ့ လူတွေ သတိထားမိသွားမှာ စိုးရတယ်လေ။ ကျုပ် သူ့ကို တိုးတိုးလေးကပ်ပြီး..
“လုံမုံ့ ခင်ဗျားနဲ့ ကျုပ်ရဲ့ စွမ်းအားတွေက အရမ်းကြီးကို ကွာခြားလွန်းတယ်ဆိုတာ ချင်ဗျားသိမှာပါ။ ဒီတစ်ခေါက် ခင်ဗျားကို ခေါ်သွားလိုက်ရင် ခင်ဗျားအတွက် အထောက်အကူမရယုံတင်မဟုတ်ဘူး ဒုက္ခတောထဲ ဆွဲထည့်လိုက်သလို ဖြစ်သွားမှာ။”
“ဟင့် အင်း။ ဘယ်အန္တရာယ်မှ ငါမကြောက်ဘူးကွ။ ငါ့ကိုသာ ခေါ်သွားစမ်းပါကွာ။ မင်းပြောသမျှ ငါနားထောင်မယ်လေ၊ ငါတောင်းပန်ပါတယ်ကွာ။ အဲဒါ မလုံလောက်သေးဘူးလား”
အာ အဲ့လူကြီး တကယ်ကြီးကို ဝါသနာရှင်ကြီးလားဟ။ ဘယ်လိုလုပ်ရပါ့မလဲ။ ရှာစမ်း၊ ရှာစမ်း၊ နည်းလမ်းမြန်မြန်ရှာစမ်း။ ဟုတ်ပြီ ဒီနည်းလမ်းပဲ ကျန်တော့တာပေါ့။
“ဒီလိုဆိုရင်ရော ဘယ့်နှယ့်လဲ။ ဆရာကြီးနဲ့ မိတ်ဆက်ပေးမယ်။ သူ့ဆီက သိုင်းပညာတွေ သေချာသင်ယူနိုင်တယ်။ မင်းအောင်မြင်လာရင် ကျုပ်နောက် လိုက်လို့ရပြီလေ”
“ဆရာကြီးလား။ အဲလိုမျိုး ရှိလား။ ရတယ်လေ ဘယ်လိုဆရာပဲဖြစ်ဖြစ် ငါသေချာသင်မယ်။ ဒါပေမယ့် ငါက သိုင်းပညာ ပါရမီက သာမန် ပဲရှိတာ။ တကယ်တော်တဲ့ ဆရာရှိလား။”
ကျုပ်လဲ သူ့ကိုပြန်ဖြေမနေတော့ပဲနဲ့ ရှေ့က စားပွဲကနေ ကလောင်တံတစ်ချောင်းငှားပြီး စာတစ်စောင် အမြန်ရေးပေးလိုက်တယ်။ ပြီးတော့ သူ့ကိုပေးပြီး..
“ဒါကိုယူထား။ သူရဲကောင်းကျောင်းတော်ကြီးကိုသွားပြီး ကျောင်းအုပ်ကြီး လီခယ်ဝမ် ကိုရှာ။ ဒီစာ သူ့ကိုပေးလိုက်တာနဲ့ စီစဉ်ပေးလိမ့်မယ်။ ဂိတ်စောင့်က ခွင့်မပေးပဲ ရစ်နေရင် ကျုပ်နာမည်ပြောလိုက်ယုံနဲ့ အဆင်ပြေသွားလိမ့်မယ်”
“သူ.. သူ.. သူရဲကောင်းကျော်တော်ကြီးလား။ အဲဒါ ငါအမြဲတမ်း အိမ်မက် မက်နေခဲ့ရတဲ့ သိုင်းပညာ နိဗ္ဗာန်ဘုံကြီးပေါ့။ ငါတကယ်ကြီး သွားသင်လို့ရတာလား။ ကျန်းကုန်း ငါတကယ်ကို အရမ်းကျေးဇူးတင်တယ်ကွာ။ ဒါနဲ့ မင်းငါ့ကို ဘယ်အချိန် လာတွေ့မှာတုန်း”
ဒါကျုပ်အတွက်တော့ မေးခွန်းသတ်တာပဲဗျ။ ကျုပ်ကိုယ်တိုင် ဘယ်အချိန်ပြန်လာမယ်ဆိုတာမှ မသိနိုင်သေးတာကို။ ခဏလောက်လေး တွေးရင်းနဲ့ပဲ..
“နောက် (၃)နှစ်ကြာရင် ကျုပ်လာတွေ့လှည့်မယ်။ ဇွဲလုံ့လ ဝီရိယနဲ့တော့ လေ့ကျင့်ရလိမ့်မယ်နော်”
ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် ဆရာဝမ်ဆီကို သွားလည်ရအုံးမျာပဲကို။ ဟား ဟား ။ နောက်(၃)နှစ်ကြာရင် ဘယ်လိုတွေတောင် ပြောင်းလဲမှုကြီးတွေ ကြုံရအုံးမလဲဆိုတာ ဘယ်သူပြောနိုင်မှာတုန်း။
လုံမုန့်ကတော့ မြို့တံခါးဆီကို ကျုပ်နားကနေ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ထွက်သွားလေရဲ့။
ကျုပ်လဲ ခေါင်းငုံ့လျှောက်ရင်း ထွက်လာခဲ့လိုက်တော့တယ်။ ရုတ်တရက် ခမ်းနားလွန်းတဲ့ အရှိန်အဝါတွေ ကျုပ်လမ်းကြောင်းမှာ မိတ်နေသလိုခံစားလိုက်ရတယ်။ ခြေလှမ်း နည်းနည်းတောင် နောက်ပြန်ဆုတ်မိလိုက်သေး။ မော့ ကြည့်လိုက်တော့ အရမ်း အံ့ဩသွားမိတယ်။
ကျုပ်ရှေ့မှာ လူနည်းနည်း တန်းစီရပ်နေကြတယ်။ အဲ့အထဲမှာ စွမ်းအား ချို့တဲ့ တဲ့လူ တစ်ယောက်မှမပါဘူး။ ရှို့စစ်၊ တုန်းရီ၊ ရှင်းအောင်းနဲ့ ကောင်းသဲတို့ပေါ့ဗျာ။ ကျုပ်ကို လိုက်ပို့ရင်း နှုတ်ဆက်မလို့ လာကြတာနေမယ်။
“မင်းတို့အားလုံး လာကြတယ်ပေါ့။ ငါတောင် မင်းတို့ကို မတွေ့လိုက်ရတော့ဘူးထင်နေတာ။”
ထုံးစံအတိုင်း ကျုပ်ပါးစပ်က ပျော်စရာ စကားလုံးတွေ ထွက်လာပေမယ့် သူ့တို့ဆီကနေ စကားလုံးတွေ ပြန်ကြားလိုက်ရတော့ ပါးစပ် မချိမဆန့် ပြဲတဲ့အထိ အံ့ဩလိုက်ရတာဗျ။ ရှို့စစ် က..
“မင်းဘာလို့ အဲလောက်တောင် နှေးနေရတာတုန်း။ ငါတို့ မင်းကိုစောင့်နေတာ နေ့တဝက်လောက်တောင် ရှိနေပြီ။ ကဲ သွားကြရအောင်။ ကျုပ်တို့ကို အမိန့်ပေးပါ အဖွဲ့ခေါင်းဆောင်”
ဒီကောင်း ပြောပြီးတာနဲ့ သူ့နှုတ်ခမ်းက မြေခွေးပြုံး ပြုံးနေတာဗျ။
“ဘာ… ဘာ.. ဒါဘယ်လိုမှ မဖြစ်နိုင်တာကြီးကို။ ဟေ့ကောင်တွေ မင်းတို့တွေ မဟုတ်တော့ဘူးနော်”
ဒီကောင်တွေ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်းပဲ..
“ငါတို့ မင်းနဲ့ လိုက်ကြမလို့လေ။ ဟား.. ဟား”
ဒီစကားတွေကို တညီတည်း ပြောတာ ကြားရပေမယ့် သေသေချာချာ ကိုသဘောမပေါက်သေးဘူး။
“ဆရာဝမ်ကရော။ ဒီကိစ္စ သူခွင့်ပြုပေးလိုက်လို့လား”
ရှင်းအောင်း ပြုံးရင်းနဲ့..
“ဒါပေါ့။ သူခွင့်ပြုပေးလိုက်တာပဲလေ။ မဟုတ်ရင် ငါတို့ကောင်တွေ ဒီနေရာမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ သွားကြစို့ အဖွဲ့ခေါင်းဆောင်။ ဟုတ်တယ်။ ဟာ မဟုတ်သေးဘူး။ ငါတို့တွေ တောက်ပခြင်းတိုက်ခိုက်ရေးအဖွဲ့ကို ကျန်းကုန်း တိုက်ခိုက်ရေး ကြေးစား စုပေါင်းအဖွဲ့လို့ ပြောင်းဖို့ သဘောတူထားကြပြီးသားကွ။ ဒါဆို ခရီးသွားလို့ ပိုကောင်းသွားပြီလေ။ ငွေကုန်သွားရင်လဲ ငွေရှာလို့ရသေးတယ်။ မင်းက တပ်မှူးပေါ့။ ရှို့စစ်က ဒုတပ်မှူးလေ”
ကျုပ်ထွက်လာတော့ ဆရာဝမ် ပြုံးနေတဲ့ အပြုံးကို အခုမှ သဘောပေါက်တော့တယ်။ အဲ့အဖိုးကြီး ကျုပ်ကို သူ့တပည့်တွေနဲ့ ခရီးအတူတူ ထွက်စေချင်နေတာပဲ။ တော်တော် ကောင်းတာပဲ။ ဒီလိုဆိုရင် လူတွေရဲ့ လုံခြုံရေးလဲ ပိုကောင်းလာမယ်။ ပြီးတော့ အားလုံးကလဲ ခွန်အားကောင်းတဲ့သူတွေကြီးပဲလေ။
“ဒါဆိုလဲ ငါဘာမှ ပြောစရာမလိုတော့ဘူးပေါ့။ ကဲ အားလုံး သွားကြရအောင်။”
သူတို့တွေ ကျုပ်နဲ့မလိုက်ချင်ဘူးလို့ အရင်က ထင်ခဲ့မိတာလေ။ အခုတော့ အားလုံး အပြုံးကိုယ်စီနဲ့ပေါ့။
ဒီလိုနဲ့ပဲ ကျုပ်တို့ရဲ့ စွန့်စားခြင်း ခရီးလမ်းကြောင်းကြီးပေါ် စတင်ခြေချ ခဲ့ကြလေသတည်းပေါ့ဗျာ။
============= (*^*)=============
အပိုင်း(၇၅)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား