ရှန်ယွင့်ထံသို့ လည်ပတ်ခြင်း
Vol. 5 Ch. 73
Child of light (ကျန်းကုန်း)
Volume 3: Chapter 30 – Visiting Shan Yun
ကျုပ်အခန်းထဲပြန်ရောက်တဲ့အခါ ရှို့တိမှာ ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားရင်း ကုတင်ပေါ်ထိုင်ချလိုက်တယ်။ အစ်ကိုကြီး ကျန့်ဟူနဲ့ တွေ့ခဲ့ရယုံတင်မကဘူး မှော်စွမ်းအားလဲ အဆင့်တက်နိုင်ခဲ့သေးတယ်။ အခြေခံ သိုင်းပညာအတော်အသင့်လဲ တတ်ခဲ့လိုက်တယ်။ အခုဆို ကျုပ်ရဲ့ ‘မဟာနဂါးအမိန့်တော်’ ဆိုရင် သန့်စင်ခြင်းအဆင့်တောင် ရောက်လုနီးပါးဖြစ်နေပြီ။ ကျုပ်ခန္ဓာစွမ်းအားနဲ့ဆိုရင် သာမန် သူရဲကောင်းတစ်ယောက်ထက်တောင် ပိုသန်မာနေလောက်သေးတယ်။ ကျုပ်ရဲ့ တိုက်ပွဲစိတ်ဝိညာဉ် တိုးတက်မှုနှုန်းကို လူတိုင်းအံ့ဩနေကြရတာ သက်သေပဲလေ။ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ စွမ်းအားကြီးလွန်းတဲ့ မန္တန်စွမ်းအားတွေ ခွဲခြားလို့မရဘူးဆိုတာ ကျုပ်သိနေတယ်။
အခုတော့ ကျုပ်ထွက်သွားရတော့မယ်။ အာ.. ဟုတ်သားပဲ။ အစ်ကိုကြီး ကျန့်ဟူဆိုမှ… သူ့အဖေကို သွားမတွေ့ရသေးဘူးပဲ။ ကျုပ်တော့ မင်းသားစံအိမ်တော်ကို သွားမှ ဖြစ်တော့မယ်။
မင်းသားစံအိမ်တော်က ရှို့တိမြို့ရဲ့ အရှေ့ဘက်မှာဆိုတာ အမှတ်မထင် သိထားပြီးသား။ မင်းသားနဲ့ မျက်နှာချင်းဆိုင် တွေ့ခွင့်ရဖို့ကို ဘယ်နာမည်သုံးရင်ကောင်းမလဲ။ လျှောက်စဉ်းစားရင်းနဲ့ ရှန်ယွင်ရှို့တိကို ပြေးသတိရလိုက်မိတယ်။ သူက အစ်ကိုကြီး ကျန့်ဟူရဲ့ အစ်ကိုကြီးပဲလေ၊ တိုက်ကွက်တွေတောင် ဖလှယ်ခဲ့ဖူးသေးတာကို။ သူနဲ့တွေ့လိုက်တာ ပိုကောင်းပါတယ်။ မင်းသားနဲ့ တွေ့လို့ရ မရ သိပြီးမှ မီးစင်ကြည့်ကတာပေါ့။
မင်းသားစံအိမ်တော် တံခါးရှေ့ရောက်တော့ မင်းသားရှန်ယွင်နဲ့ တွေ့ချင်လို့ပါဆိုပြီး အစေခံတစ်ယောက်ကို သတင်းပို့ခိုင်း လိုက်ရတယ်။ ကြီးကြီးကျယ်ကျယ် တွေ့ဆုံမှုမျိုး မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးရာ ကိစ္စတွေ့ဖို့ သက်သက်ပဲလေ။ ရှန်ယွင်ရောက်လာပြီး ကျုပ်ရဲ့ ပျော်ရွှင်နေတဲ့ ပုံစံကိုမြင်တော့…
“အာ.. ကျန်းကုန်း၊ မင်းကိုကွ။ တကယ့် ရှားရှားပါးပါး ဧည့်သည်ပဲဟေ့။ လာလာ မြန်မြန်။ အထဲဝင်ပြီး စကားပြောကြရအောင်။”
“နည်းနည်းတော့ ခပ်ရှက်ရှက်ပဲ။ ငါမင်းကို အနှောက်အယှက်ပေးသလိုများ ဖြစ်နေပြီလားမသိဘူး”
“အဲဒါတွေ ပြောမနေနဲ့။ ငါ့တစ်သက်လုံး အလေးစားဆုံးလူတွေဆိုတာ သန်မာတဲ့သူတွေပဲကွ။ ငါ့ထက် ခွန်အားပိုကောင်းတဲ့ သူတွေပဲ ငါ့မိတ်ဆွေဖြစ်နိုင်ကြတာလေ။ မင်းတော့မသိဘူး။ ငါ မင်းကို မိတ်ဆွေအဖြစ် သတ်မှတ်ထားပြီးသား။ ဟား .. ဟား”
ဒီကောင် တော်တော် ပြတ်သားတာပဲ။ သူ့စကားကြားတော့ ကျုပ်လဲ နည်းနည်းတော့ ပျော်သွားတာပေါ့။
“မင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရတာ ငါ့အတွက် ပျော်စရာပေါ့။ မနေ့တနေ့က ပြိုင်ခဲ့တဲ့ ပွဲမှာတုန်းက ကံကောင်းလို့သာ ကပ်နိုင်ခဲ့လိုက်တာ။ အစပိုင်း မင်း မှော်သားရဲနဲ့ ပေါင်းစည်းလိုက်တဲ့အချိန်တုန်းက တကယ်ကို တော်တော်ကြီး ကြောက်သွားမိတာဟ”
စကားတပြောပြောနဲ့ မင်းသားစံအိမ်တော် ထဲကို ဝင်သွားခဲ့လိုက်ကြတယ်။ စံအိမ်တော်ရဲ့ ဗိသုကာလက်ရာတွေက အရမ်းခမ်းနားထည်ဝါပြီး ခြံဝန်းအခိုင်အမာ ကာထားတာ။ ဧကရာဇ်ရဲ့ နန်းတော်ကြီးလောက် မကျယ်ဘူးဆိုပေမယ့် ဝင်္ကဘာအသေးစား တစ်ခုလို့ပြောမယ်ဆိုရင်တောင် အမှားမရှိနိုင်ဘူး။
“အေးကွ၊ အဲဒီမှာ မင်းမှော်သားရဲက တော်တော် ကြောက်ဖို့ကောင်းတာပဲဟ။ အဲဒါ ဘယ်လို မှော်သားရဲ အမျိုးအစားလဲကွ”
အခုအချိန်ထိ ရှောင်ကျင်း ကျုပ်ခန္ဓာကိုယ်ထဲမှာ အိပ်လို့ကောင်းနေတုန်းပဲဗျ။ ကျုပ်လဲ ခေါင်းကုတ်ရင်း..
“မြွေအမျိုးအစား မှော်သားရဲတစ်ကောင်းပဲ။ တော်တော်လေး ကြီးနေတာ တစ်ခုပဲ ပြောစရာရှိတာ။ သူ့အစွမ်းက အရမ်းမထက်ပေမယ့် ငါ့မှော်စွမ်းအားတွေ တော်တော်ကုန်သွားတယ်။ အဲ့ပွဲပြီးကတည်းက ငါ့မှော်စွမ်းအားတွေ စုပ်ယူရင်း အိပ်ပျော်နေတော့တာပဲ။ တကယ်ဆို အဲ့နေ့က မင်းသာ ဇွဲရှိရှိနဲ့ ခဏလေးလောက် တောင့်ခံနိုင်ရင် စွမ်းအားတွေ မကျန်တော့ဘူး။ အဲဒါကြောင့် ကံကောင်းလို့ နိုင်ခဲ့တာလို့ပြောတာ”
ရှန်ယွင် ကျုပ်ကို သူ့အခန်းထဲခေါ်သွားပြီး ခဏလောက် အာလာပသလာပ ပြောဖြစ်လိုက်ကြတယ်။ စကားပြောရင်းကနေ ရှန်ယွင်နဲ့ အစ်ကိုကြီး ကျန့်ဟူတို့(၂)ယောက်မျာ စိတ်သဘောထားတွေ တော်တော်လေး တူနေတယ်လို့ ကျုပ်ပြောနိုင်တယ်။
အံကြိတ်ရင်း ဆုံးဖြတ်ချက်ချလိုက်တယ်။
“အစ်ကိုကြီး ရှန်ယွင် ငါမင်းနဲ့ တိုင်ပင်စရာ နည်းနည်းရှိတယ်။ မင်းမှာ ညီတစ်ယောက်မရှိဘူးလား”
ကျုပ်စကားကြားတော့ ရှန်ယွင် စိတ်လှုပ်ရှားတကြီးနဲ့..
“မင်းမှာ ကျင့်ယွင် သတင်းပါလာလို့လား”
“အ့ … နည်းနည်း စိတ်လျှော့ပါအုံး။ ကျုပ်ခန္ဓာကိုယ်က ကြယ်စင်သူရဲကောင်းတစ်ယောက်ရဲ့ စွမ်းအားကို ဒဏ်မခံနိုင်သေးဘူးလေဗျာ”
အဲ့တော့မှ ရှန်ယွင် ရှက်ပြီး သူ့လက်ကို လွှတ်သွားတာဗျို့။
“တကယ်တော့ သူကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်ဆိုတာ သူ့ကိုယ်စားပြောဖို့ ရှို့တိကို လာခဲ့တာ။ သူ့အိမ်က အခြေအနေတွေလဲ သူ့ကိုယ်စား လေ့လာရင်းနဲ့ပေါ့”
“ဒါ.. ဒါဆို သူက ဘာကြောင့် ကိုယ်တိုင်မလာရသေးတာတုန်း။ သူအခုဘယ်မှာလဲ”
“အခုအချိန်မှာတော့ ကျုပ်အနေနဲ့ သူကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာရှိနေတယ်လို့ပဲ ပြောလို့ရသေးတယ်။ သူအခု ဘယ်ကိုရောက်နေတယ်ဆိုတာ ဘယ်သူ့ကိုမှ ပြန်မပြောဖို့ ကတိပေးခဲ့ရတယ်။ လောလောဆယ် သူ့အရင်တုန်းက ကိစ္စတွေကို စိတ်မဖြေနိုင်သေးဘူး။ အဲ့ကိစ္စ ပြေပျောက်သွားမှပဲ သူသေချာပေါက် ပြန်လာပါလိမ့်မယ်”
“အာ.. ဒါတွေအားလုံးက သူ့ မြေနဂါး ရှောင်ကျန်းကြောင့်ပေါ့ကွာ။ ကျန့်ယွင် တော်တော် မိုက်မဲလွန်းခဲ့တာ။ အဲ့အချိန် တုန်းက ငါတို့လဲ မကောင်းခဲ့ပါဘူးကွာ။ စာလေးတစ်စောင့်ရေးခဲ့ပြီး ထွက်ပြေးသွားတဲ့အထိအောင် ငါတို့ သူ့ကို သေသေချာချာ ဂရုမစိုက်မိခဲ့ကြဘူးလေ။ တကယ်ဆို အဖေ သူ့ကို လုံးဝကို အပြစ်မတင်တာ။ လူဆိုတာ အမှားမှ မကင်းနိုင်ကြတာကို။ ကျင့်ယွင်က ငါတို့ ညီအစ်ကို(၃)ယောက်ထဲမျာ ပါရမီ အထူးဆုံးဆိုပေမယ့် အခုလိုဖြစ်သွားရတာ ဝမ်းနည်းလို့မဆုံးဘူး။ သူ့နေရာကို ထုတ်မပြောရဘူးလို့ ကတိပေးထားမှတော့ မင်းကို အတင်းဖိအား မပေးတော့ပါဘူးလေ။ သူ့ကိုတွေ့ရင်သာ အားလုံးက သူ့အရမ်းလွမ်းနေပြီဆိုတာ နဲ့ အိမ်ကို မြန်မြန်ပြန်လာဖို့သာ ပြောပေးကွာ”
“ဒါဆို ကျုပ်စိတ်အေးသွားရပါပြီ။ ကျုပ်ပြန်သွားရင် အစ်ကိုကြီး ကျန့်ဟူကို ပြောပြပေးမယ်။ မင်းကို ပြောဖို့ တစ်ခုမေ့နေတာ။ ကျုပ်နဲ့ သူနဲ့က ညီအစ်ကိုတွေ ဖြစ်နေကြပြီ။ မင်းက ငါ့အစ်ကိုကြီးရဲ့ အစ်ကိုကြီးဆိုတော့ ငါ့အစ်ကိုကြီးပဲပေါ့။ ဟား ဟား အစ်ကိုကြီး ကျန့်ဟူ ကြယ်စင်သူရဲကောင်းအဆင့်ရောက်မယ့်အချိန်ကိုပဲ စောင့်နေလိုက်။ ပြီးရင် သူသေချာပေါက် ပြန်လာလိမ့်မယ်။ အဲ့နေ့ကလဲ သိပ်မဝေးတော့ပါဘူးလေ။ ဒါနဲ့ မင်းသားကြီးရော ဘယ်လိုနေသေးလဲ။ သူရော ကျန်းကျန်းမာမာ ရှိရဲ့လား”
“အဖေ ခန္ဓာကိုယ်ကတော့ ထူးထူးခြားခြားကို သန်မာလွန်းပါတယ်ကွာ။ သူထုတ်မပြောပေမယ့် ကျန့်ယွင်ကို လွမ်းနေတယ်ဆိုတာ ငါသိတာပေါ့”
“ကောင်းပြီ။ အစ်ကိုကြီး ရှန့်ယွင်၊ အစ်ကိုကြီး ကျန့်ဟူအကြောင်း မင်းသားကြီးကို သွားမပြောနဲ့အုံးနော်။ ငါ ဒီကထွက်သွားပြီးရင် တစ်နှစ်လောက်ပဲ အချိန်ပေး။ အစ်ကိုကြီး ကျန့်ဟူကို ပြန်ခေါ်လာဖို့ ကျုပ်သေချာပေါက် ကူညီမယ်”
“ကောင်းပြီလေ။ ငါ မင်းကို ယုံပါတယ်။ မင်းအနေနဲ့ ငါတို့ မိသားစုကိစ္စကို အရမ်းစိတ်ပူပြီး အကူအညီပေးလို့လဲ ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန် တစ်ခုခု လိုအပ်လာရင် လာမေးဖို့ တွန့်မနေနဲ့။ ငါ့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် မင်းကို ကူညီပေးမယ်။ ဒါ ငါ့ရဲ့ မြေနဂါး အမှတ်(၂)တပ်ကြီးရဲ့ တံဆိပ်တော်။ ရှို့တိမှာ ဒီတံဆိပ်ကလဲ တော်တော်လဲ ကြီးစိုးမှုရှိတယ်ကွ။ ဒါကို သေချာသိမ်းထားပြီး နောင်တချိန် မင်းသေချာသုံးပေါ့”
ကျုပ်လဲ နန်းတွင်း ထုံးတမ်းစဉ်လာတွေအတိုင်း ကျုပ်လက်ကို သူ့ဆီ ဆန့်လိုက်ရင်း..
“ကောင်းပြီ။ အစ်ကိုကြီး ရှန့်ယွင် ကျုပ်အခုသွားလိုက်တော့မယ်။ ဒီမြို့ကနေ မနက်ဖြန် ထွက်သွားမှာဆိုတော့ တခြားလူတွေကို နှုတ်ဆက်ဖို့ရှိသေးတယ်လေ”
ရှန့်ယွင် ကျုပ်ကို စံအိမ်တော့ အပေါက်ဝထိအောင် လိုက်ပို့တယ်။ ကျုပ်လဲ လာရာလမ်းအတိုင်း ကျောင်းတော်ကြီးဆီ ပြန်ခဲ့လိုက်တာပေါ့။
သစ်လုံးအခန်းလေးထဲမှာ ဟုန်ရွှယ်ဟွားလွင် တစ်ယောက် ရောက်နေတာဗျ။ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းကတော့ သူ့ကြောင့်ပဲ စိန်ခေါ်ပွဲ ကိစ္စတွေ ဖြစ်သွားတာလေ။ အခု သူထပ်ရောက်လာပြန်ပြီ။ ဒီတစ်ခါတော့ ဒုက္ခတွေ သယ်မလာပါစေနဲ့လို့ ဆုတောင်းရမှာပဲ။
ကျုပ် ဘာမှကို မပြောရသေးခင် သူကပဲအရင်ဆုံး..
“ကျန်းကုန်း နင်ပြန်လာပြီလား။ မနက်ဖြန် နင်ထွက်သွားတော့မလို့ဆို။ အရင်က ဖြစ်သွားတာတွေအတွက် ငါတကယ်ကို စိတ်မကောင်းပါဘူးဟာ”
ဘေးနားက ဆရာဝမ်ကတောင် ဝင်ပြီး..
“ဒီနေ့ပဲ နင် အကြိမ်ကြိမ် တောင်းပန် ပြီးနေပြီလေ။ ဒါကို နင့်အပြစ်လို့ ခံစားမနေပါနဲ့”
“မင်္ဂလာပါ ဟွားလွင်၊ တုန်းရီက ငါ့အတွက်တော့ ညီအစ်ကိုကောင်းတစ်ယောက်ပဲ။ သူ့ စိတ်နေသဘောထားတွေကို နင်သေချာ သိထားသင့်တယ်။ ဒါကြောင့် နင်သာ သူ့ကို တကယ် သဘောကျတယ်ဆိုရင် နောက်ဆို နင်သေချာ ဂရုစိုက်စေချင်တယ်။ ငါ့ညီအစ်ကို တစ်ခုခု ဖြစ်သွားမှာ ငါမလိုချင်ဘူး။ ပြောစရာမရှိရင် သွားနားတော့မယ်။ မနက်ဖြန် ခရီးထွက်ရအုံးမှာ”
ကျုပ် ပြောလိုက်တဲ့ စကားလုံးတွေက တုန်းရီနဲ့ ဟုန်ရွှယ်တို့ နှစ်ယောက်စလုံး မျက်နှာတွေ နီရဲတွတ်ကုန်ကြတော့တာ။ ပါးနပ်တဲ့ ရှို့စစ်တောင် ဝင်ပြီး..
“ကျန်းကုန်း ပြောတဲ့စကားလုံးတွေက တကယ်ကို တည့်တည့်ထိတာပဲဟေ့။ ငါတော့ သဘောကျတယ်။”
“ဟား … ဟား … ဟား …”
ရှင်းအောင်းနဲ့ ကောင်းသဲတို့တောင်မှ ဝင်ပြီး ရောရယ်နေလိုက်ကြသေးတယ်။
ဟုန်ရွှယ် မျက်နှာလေး ရဲတွတ်နေရင်းနဲ့..
“ဒီမှာ ဘယ်သူမှ မရှိဘူးဆိုတော့ နင်တို့တွေ ငါ့ကို ဝိုင်းအနိုင်ကျင့်နေကြတာပေါ့လေ”
သူ့ပါးစပ်ကသာ ဒီလိုစကားသံတွေ ထွက်လာတာ သူ့နှလုံးသားထဲမှာ ကျုပ်ပြောခဲ့တဲ့စကားလုံးတွေက တံဆိပ်ရိုက်ထားသလို ဆွဲနေပြီဆိုတာ သေချာတယ်။ အဲ့အချိန်ကစပြီး ဟုန်ရွှယ်၊ တုန်းရီရဲ့ ဘဝ အနိမ့်အမြင့် အတက်အကျတွေကို လက်ခံပြီး တုန်းရီ ခံစားနေရတာတွေ ပျောက်သွားအောင် တိတ်တိတ်လေး ဖြေရှင်းလိုက်တာဗျ။ နောင်ဖြစ်လာမယ့် အနာဂတ်မှန်သမျှ မကြောက်မရွံ့ ရင်ဆိုင်သွားလိမ့်မယ်ဆိုတာတော့ အသေအချာပဲ။
ဒါပေမယ့် တုန်းရီဆိုတဲ့ကောင်ကတော့ တခြားကိစ္စတွေ တွေမိပြီး ထွက်ပြေးဖို့ လုပ်နေပြီ။
============= (*^*)=============
အပိုင်း(74)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား