← Chapters

ဆုလာဘ်

Vol. 011 Ch. 1078

ဆုလာဘ်

Vol. 011 Ch. 1078

အဝေးမှလည်း လူအများအပြား ရောက်ရှိ လာကြသည်။ တိုက်ပွဲက ပြီးဆုံးခြင်းသို့ ရောက်ခဲ့ပြီဖြစ်ရာ သူတို့အနေဖြင့် စိတ်ပူစရာ မလိုတော့ပေ။

စစ်မြေပြင်မှ မြင်ကွင်းကို ကြည့်ကာ လူအများအပြားမှာ မှင်တက်မိကြသည်။ အင်ပါယာရှားဘုံကား အနိုင်ရရန် အခွင့်အရေး အနည်းဆုံး ဖြစ်သော်လည်း ယခု တကယ်တမ်း သူတို့ကသာ အနိုင်ရ သွားခဲ့သည်။

သည်တိုက်ပွဲအတွက် အနိုင်ရလဒ် ဆောင်ကျဉ်းပေးခဲ့သူမှာ သူတို့ တစ်ခါမှ မကြားဖူးသော ရီဖူရှင်းဖြစ်သည်။

မှန်သည် … သူကား ရှီအဆင့်တွင်ပင် ရှိသေးရာ ဘုံသုံးခုက သူ၏နာမည်ကို မကြားသိခြင်းမှာလည်း ပုံမှန်ပင် ဖြစ်သည်။

ဥဒေါင်း အင်ပါယာဘုံမှ လူများကလည်း ရောက်လာကြသည်။ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့၏ မျက်လုံးများက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြသည်။ သူတို့၏ သားရဲများမှာ ရီဖူရှင်း၏ အသုံးပြုခြင်းခံခဲ့ရရာ ထိုကိစ္စမှာ လက်ခံရန် ခက်ခဲလှသည်။

ဘုံသုံးခုမှ တန်ခိုးရှင်များအားလုံး စုစည်း ရောက်ရှိလာခဲ့ကြလျှင် ဗိုလ်ချုပ်ထန်နှင့် ဗိုလ်ချုပ်ထိုတို့က ရှားရှင်းယွန်ဘေးသို့ ရောက်လာကာ မေးသည် … “မင်းသမီးရဲ့ ဒဏ်ရာ အခြေအနေ ဘယ်လိုပါလဲ”

“ကိစ္စမရှိဘူး … အခု နတ္ထိဘုံတိုက်ပွဲကို အင်ပါယာရှားဘုံက အနိုင်ရမှတော့ နတ္ထိဘုံကို ထိန်းချုပ်ဖို့ ပြင်တော့ …” ရှားရှင်းယွန်က ပြောသည်။

“ကောင်းပါပြီ” ဗိုလ်ချုပ်ထန်က ပြောသည် … “ထိန်းချုပ်ပြီးသွားတဲ့အခါ မင်းသမီးက ဆုလာဘ်တွေကို ခွဲဝေပေး နိုင်ပါတယ်”

“နေဦး …” အသံတစ်သံအား ကြားကြရသည်။ အားလုံးက အသံလာရာဘက်ကို လှမ်းကြည့်လျှင် ခွန်ရွှမ်အား မြင်ကြသည်။

သူမက ဘာမှ မပြောသော်လည်း ရီဖူရှင်းက နားလည်ပေသည်။

ရီဖူရှင်းက သူ ထိန်းချုပ်ထားသော သားရဲများ၏ စိတ်နယ်ပယ် အတွင်းမှ စိတ်ဝိညာဉ ်အမှတ်အသားများအား ပယ်ဖျက်လိုက်သည်။ ထိုအထဲတွင် ကျားလို့ဖုန်းနှင့် နွားသိုးခေါင်းဆောင်တို့ပင် ပါဝင်ပေသည်။

ကျားလို့ဖုန်းတို့၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ဤတွင် ဘာဖြစ်ခဲ့သည်ကို သူတို့ နားလည်လိုက်၏။ ကြီးမားသော အရှိန်အဝါများ ထွက်ပေါ်လာကာ ကျားလို့ဖုန်းတို့က ရီဖူရှင်းရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြ၏။

“ဒီထက် အရှက်ကွဲချင် သေးလို့လား …” ခွန်ရွှမ်က သူတို့အား ကြိမ်းမောင်း လိုက်လျှင် သားရဲများအားလုံးက ရပ်တန့် လိုက်ကြ၏။

ခွန်ရွှမ်က ရီဖူရှင်းအား ကြည့်ကာ အေးစက်စွာ ပြောသည် … “ငါတို့ နောက်တစ်ခါ မတွေ့ဖို့ ဆုတောင်းပါ”

“အရှုံးသမားတွေရဲ့ ခေါင်းဆောင်က မောက်မာဖို့ အခွင့်အလမ်း မရှိဘူး …” အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ခွန်ရွှမ်က လှမ်းကြည့်လိုက်လျှင် ပြောလိုက်သူမှာ ရှားရှင်းယွန် ဖြစ်နေသည်။

သူတို့နှစ်ယောက်က အချင်းချင်း အေးစက်စွာ ကြည့်လိုက်ကြ၏။

“သွားမယ် …” ခွန်ရွှမ်က ဘာမှ ထပ်မပြောတော့။ သူတို့အားလုံ နောက်လှည့်ကာ စစ်တပ်ကြီးနှင့်အတူ ထွက်ခွာ သွားကြသည်။

သူတို့က ရီဖူရှင်း၏ လှည့်စားမှုကို ခံခဲ့ရသည့်တိုင် ရှုံးနိမ့်ခြင်းက ရှုံးနိမ့်ခြင်း ဖြစ်သည်။ အကြောင်းပြချက် ပေးနေ မည်သို့မှ မထူးခြားပေ။

ထို့အပြင် ရီဖူရှင်းနှင့် တစ်ယောက်ချင်း တိုက်ပွဲတွင်လည်း သူမ ရှုံးနိမ့်ခဲ့၏။

ဥဒေါင်း အင်ပါယာဘုံမှ တန်ခိုးရှင်များ မြင်ကွင်းထဲမှ မကြာခင် ပျောက်ကွယ် သွားခဲ့ကြသည်။

“ကျုပ်တို့လူတွေကို ဆုတ်ခွာဖို့ ပြောထားပြီ။ မင်းတို့က ကိုယ့်ဘာသာ ထိန်းချုပ်ပါ” အင်ပါယာလီဘုံမှ ရှန့်ထိုတစ်ပါးက အေးစက်စွာ ပြန်ပြော၏။

ထန်ဗိုလ်ချုပ်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်၏။ ထို့နောက် သူက ရှားရှင်းယွန်ကို ကြည့်ကာ မေးသည် … “မင်းသမီးလည်း လိုက်ကြည့်မှာပါလား”

“ကောင်းပြီ … တစ်ခါလောက် သွားကြည့်ရအောင် …” ရှားရှင်းယွန်က ခေါင်းညိတ်လျှင် အင်ပါယာရှား စစ်တပ်မှ လူများက တစ်ဖန်စုစည်းကာ မြို့မှ ထွက်ခွာကြသည်။

အင်ပါယာရှားဘုံမှ လူများ ထွက်ခွာသွားပြီးနောက် အင်ပါယာလီဘုံမှ တန်ခိုးရှင်များက လီယောင်ကို ကြည့်ကာ မေးကြသည် … “အရှင့်သား … ကျုပ်တို့ နန်းတော်ကို ပြန်ကြမလား”

“ဆက်သား စေလွှတ်ပြီးတော့ နတ္ထိဘုံတိုက်ပွဲ ရလဒ်ကို သတင်းပို့လိုက်။ ဒီမှာ မပြီးပြတ်သေးတဲ့ ကိစ္စရှိတယ်။ နန်းတွင်းအကြံပေး ဆရာသခင်ကိုတော့ ကျုပ်က ကိုယ်တိုင် သွားပြီးတော့ တောင်းပန်စကား ဆိုမယ်” သူက ပြန်ပြောသည်။ တခြားသော ထိပ်သီး ပါရမီရှင်များလည်း တိုက်ပွဲ၌ ကျဆုံးသွားခဲ့သည့်တိုင် နန်းတွင်း အကြံပေး၏ တပည့်သေဆုံးခြင်းက ကွဲပြားခြားနား ပေသည်။ သူက ဆရာသခင်ထံသို့ ကိုယ်တိုင် သွားရောက် တောင်းပန်ရန် လိုအပ်၏။

မည်သို့ဆိုစေ သူကား သည်တိုက်ပွဲတွင် ခေါင်းဆောင် ဖြစ်သည်။

သို့သော် ဤမတိုင်မီ သူ့တွင် လုပ်စရာတစ်ခု ရှိသေးသည်။

စစ်ပွဲ၏သတင်းက နတ္ထိဘုံကို မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့၏။ လူအများအပြား တို့သည် အင်ပါယာရှားဘုံ အနိုင်ရရှိခဲ့ခြင်းကို ကြီးစွာ အံ့အားသင့်ခဲ့ကြသည်။

ရှားရှင်းယွန်က သီးခြား ဖြစ်တည်နေသော တောင်ကြား တစ်ခုသို့ ရောက်လာသည်။

ထိုအချိန်တွင် တန်ခိုးရှင်တစ်စုပြီးတစ်ခု လေထဲမှ တခြား အရပ်များဆီသို့ ပျံသန်း ထွက်ခွာသွားနေသည်ကို မြင်ကြရ၏။ သူတို့ကား အင်ပါယာလီဘုံမှ တန်ခိုးရှင်များ ဖြစ်ကြသည်။

ရီဖူရှင်းက အောက်ကို ငုံ့ကြည့်လိုက်ရာ ပေါက်ကွဲသံ အဆက်မပြတ် ကြားရ၏။ ကျောက်သား ကျောက်ဆောင်များ ပြိုပျက်သွားကာ ခိုင်မာသော ဝင်္ကပါကြီး တစ်ခုသည် ဖျက်ဆီးခံရ၏။ ထိုဝင်္ကပါမှာ အင်ပါယာလီဘုံမှလူများ စီမံထားခြင်း ဖြစ်ဟန်ရ၏။

“သူတို့ ဘာလုပ်နေကြတာလဲ” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်။ ထိုနေရာမှ လောကဓာတ်များသည် သိပ်သည်းလွန်းရကား သူက မဟာလမ်းစဉ် စွမ်းအားကိုပင် ခံစားမိသည်။

သူတို့က ရှေ့သို့ ဆက်သွားလျှင် ရွှေရောင် တောင်ကုန်းများနှင့် ပြင်းထန်သော အာကာသ လောကဓာတ်များကို ထိတ်လန့်ဖွယ် မြင်တွေ့ ခံစားကြရ၏။

“ဒီပတ်ဝန်းကျင်ရဲ့ ထူးခြားမှုကို ခံစားရလား” ရှားရှင်းယွန်က မေးသည်။

“အင်း …” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ကောလာဟလတွေ အရတော့ နတ္ထိဘုံဆိုတာ ကောင်းကင်လမ်းစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ ကောင်းကင်လမ်းစဉ် ပြိုကျပြီးတော့ ဖြစ်လာတဲ့ အစိတ်အပိုင်း တစ်ခုက နောက်ပိုင်း နတ္ထိဘုံအနေနဲ့ စုဖွဲ့လာခဲ့တယ်။ ဒါကြောင့် နတ္ထိဘုံမှာ အားကောင်းတဲ့ အာကာသလောကဓာတ် ရှိတယ်။ ကောင်းကင်ထက်ကနေ ကြည့်ရင် နတ္ထိဘုံတစ်ခုလုံးကို အာကာသ လောကဓာတ်နဲ့ ဖုံးနေတာကို မြင်ရလိမ့်မယ်။ ဒါကြောင့် အာကာသဓာတ်ကို လေ့ကျင့်တဲ့သူတွေဟာ နတ္ထိဘုံမှာ လာရောက် လေ့ကျင့်လေ့ ရှိကြတယ်”

ရှားရှင်းယွန်က ရီဖူရှင်းအား ထပ်မံ၍ ရှင်းပြသည် … “ဒီနေရာက နတ္ထဘုံရဲ့ ဗဟိုဖြစ်ပုံရတယ်။ မဟာလမ်းစဉ် ဝင်္ကပါ အခင်းအကျင်းက နတ္ထိဘုံရဲ့ မဟာလမ်းစဉ်ကို စုပ်ယူနိုင်ပြီးတော့ စိတ်ဝိညာဉ် ကျောက်တုံးအဖြစ် စုဆောင်းပေးတယ်။ နောက် ဆယ်နှစ်အတွင်း ငါတို့က နတ္ထိဘုံကို ထိန်းချုပ်ရတော့မှာမို့လို့ အင်ပါယာလီဘုံက သူတို့ရဲ့ ဝင်္ကပါကို ဖျက်ဆီးပြီးတော့ ထွက်သွားကြတာပဲ”

“ဒါတင် မကဘူး နတ္ထိဘုံမှာ ဒီလို အလားတူတဲ့နေရာတွေ အများကြီး ရှိတယ်။ ဒီနေရာကတော့ ပင်မနေရာ တစ်ခုဖြစ်တယ်။ တောင်တွေကို ကြည့်လိုက်။ အဲဒါတွေ အကုန်လုံးက တော်ဝင် ရတနာတောင်တွေ ဖြစ်နေကြပြီ။ ဒီမှာ လေ့ကျင့်တာက ပုံမှန် ကျင့်ကြံတာထက် နှစ်ဆ မြန်တယ်။” ဗိုလ်ချုပ်ထန်ကလည်း ပြောသည်။ ပြောရင်းဖြင့်ပင် ဗိုလ်ချုပ်ထန်က ကောင်းကင်သို့ လက်ဆန့်တန်းလိုက်လျှင် ဆွဲငင်အားတစ်ခု ဖြစ်လာပြီး လက်ဝါးတွင် အလင်းအစုအဝေးတစ်ခု ဖြစ်လာ၏။

ထိုအခိုက်တွင် သူ၏လက်၌ သလင်းကျောက် တစ်ခဲ ဖြစ်လာသည်။

“မင်းသမီး …” ဗိုလ်ချုပ်ထန်က သလင်းကျောက်အား ရှားရှင်းယွန်ကို ပေးသည်။ သလင်းကျောက်သည် သူမ၏လက်သို့ ပျော်ဝင်သွားပြီး ရုတ်တရက် ရှားရှင်းယွင်ကို လေဟာနယ်ဓာတ်များ စီးဆင်းသွားကာ သူမသည် မူလနေရာမှ ပျောက်ကွယ်သွားပြီး တခြားတစ်နေရာ၌ ပေါ်လာသည်။

“မဟာလမ်းစဉ်ရဲ့ အပိုင်းအစတွေကို ဉာဏ်အလင်းရဖို့ သုံးနိုင်သလို တိုက်ပွဲမှာလည်း တိုက်ရိုက် သုံးနိုင်တယ်။ ဒါကို ရတနာ လက်နက်အဖြစ်လည်း သွန်းလုပ်နိုင်သေးတယ်” ရှားရှင်းယွန်က ရီဖူရှင်းအား ရှင်းပြသည်။

“မင်းသမီး … ကျုပ်က လူတွေကို ခေါ်ပြီး နေရာ ချလိုက်ဦးမယ်” ဗိုလ်ချုပ်ထန်က ရှားရှင်းယွန်အား ပြောကာ ထွက်သွားသည်။ သူတို့တွင် လုပ်စရာများစွာ ရှိသေးပေသည်။

“အထက်ဘုံမှာက တန်ခိုးရှင်တွေက တကယ် ကောင်းတာပဲ” ထောင်ကျန်းက သက်ပြင်းချသည်။

ရှားရှင်းယွန်က အားလုံးကို မျက်နှာချင်းဆိုင်ကာ ပြောသည် … “နတ္ထိဘုံမှာ ပါဝင် တိုက်ခိုက်တဲ့သူတွေ အကုန်လုံးကို လာမည့်နှစ် အတွင်းမှာ ကောက်ခံရရှိတဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေ ညီတူညီမျှ ခွဲပေးမယ်။ ပြီးတော့ ရှင်တို့အားလုံး နတ္ထိဘုံမှာ လေ့ကျင့်ခွင့်ရှိတယ်”

“ကျေးဇူးတင်ပါတယ် မင်းသမီး” အားလုံးက ဦးညွှတ်ကြသည်။ နတ္ထိဘုံမှ တစ်နှစ်စာ ကောက်ခံရရှိသော မဟာလမ်းစဉ် အပိုင်းအစများမှာ အလွန် များပြားပေသည်။ မင်းသမီးက သူတို့အား အမှန်တကယ်ပင် ကောင်းမွန်စွာ ဆက်ဆံပေသည်။

“ရီဖူရှင်း … နတ္ထိဘုံတိုက်ပွဲမှာ နင့်ရဲ့ စွမ်းဆောင်ရည်က အကြီးဆုံးပဲ။ ဘယ်လို ဆုလာဘ်မျိုး လိုချင်လဲ” ရှားရှင်းယွန်က ရီဖူရှင်းအား မေးသည်။

“အားလုံးနဲ့ ညီတူညီမျှ ရရင် အဆင်ပြေပါတယ်” ရီဖူရှင်းက ပြောသည်။ လူအများအပြားက အံ့အားသင့်ခဲ့ကြကာ ရီဖူရှင်းအား ပိုမိုလေးစား လာခဲ့ကြ၏။

သို့သော်လည်း ရီဖူရှင်း၏ အနာဂတ်ကို တွေးကြည့်လျှင် သူ့အတွက် အမှန်တကယ်လည်း တခြား ဆုလာဘ်များ မလိုအပ်တော့ပေ။

“နင်က နတ္ထိဘုံတိုက်ပွဲအတွက် နိုင်ပွဲရယူပေးခဲ့တယ်။ တိမ်တိုက်တောင်ကြားက ပြည်နယ်ကိုးခုက လူတွေအတွက် သင့်တော်တဲ့ တော်ဝင်ရတနာတွေ သွန်းလုပ်ပေးဖို့ ငါပြောပေးမယ်။ နင့်အတွက်တော့ ငါက အထက်ဘုံမှာ သင့်တော်တဲ့ ကျင့်ကြံခြင်း တစ်နေရာပေးဖို့ အဖေ့ကို ပြောပေးမယ်။ ပြီးတော့ နင်က နန်းတော်ကို စိတ်ကြိုက် ဝင်ထွက်ခွင့်ရမယ်။ ဝင်္ကပါစီမံပြီးတဲ့အခါ လာမည့် ၇ရက်အတွင်း စုဆောင်းရရှိတဲ့ မဟာလမ်းစဉ် အပိုင်းအစတွေကို နင်ပိုင်မယ်”

တိုက်ပွဲတွင် ပါဝင်သူများ အားလုံးက တစ်နှစ်စာကို ညီတူညီမျှ ခွဲဝေရရှိမည် ဖြစ်သော်လည်း ရီဖူရှင်း တစ်ယောက်တည်းက ခုနစ်ရက်စာ စုဆောင်းသမျှကို ရရှိပေမည်။ ထိုအရာက မခန့်မှန်း နိုင်လောက်သော အရေအတွက် ဖြစ်၏။

သို့သော်လည်း မည်သူမှ သဘောမတူ မဖြစ်ပေ။ သူက အင်ပါယာရှားဘုံအား နတ္ထိဘုံကို ဆယ်နှစ်ပိုင်ဆိုင်အောင် လုပ်ပေးခဲ့သည်။ ၇ရက်စာက ဘာမှ မဟုတ်ပေ။

***

All Chapters