ဗားရှင်းအသစ်တင်ပေးမယ်
Vol. 11 Ch. 45
ငွေရောင်စစ်သည်က လကမ္ဘာကိုသွားတဲ့လမ်းမှာ ပိုးကောင်ဘုရင်မရဲ့တိုက်ခိုက်မှုတွေကို ခက်ခက်ခဲခဲ ရှောင်ရှားခဲ့ရပါတယ်။ ဧရာမနားကျယ်ကောင်ကြီးက အာကာသထဲမှာ ပိုမိုအားကောင်းမြန်ဆန်ပြီးတော့ မိနစ်အနည်းငယ်အတွင်းမှာပဲ လိုက်မီလာခဲ့တယ်လေ။
“စိတ်ပျက်စရာပဲ...” မက်ဒါနာက သူ့အပေါ်ကို မိုးကျလာနေတဲ့ ပိုးကောင်လက်တံတွေကို ကြည့်ရင်း ပြောလိုက်တယ်။ ဒီပိုးကောင်လက်တံတွေက သူ့အပေါ်ကို ဧရာမပိုက်ကွန်ကြီးတွေလိုမျိုး မိုးကျလာခဲ့တာပါ။
“ဒီနေရာကနေ ထိုးဖောက်ပြီးထွက်သွားမှဖြစ်မယ်။”
မက်ဒါနာက ချက်ချင်းဆိုသလိုပဲ ဖီးနစ်ပုံစံကနေ နဂါးပုံစံကို ပြောင်းလိုက်တယ်။ နဂါးပြာစစ်သည်ရဲ့လက်ထဲက ဓားက မြင်းစီးလှံကြီးအဖြစ်ကို ပြောင်းလဲသွားပြီးနောက်မှာတော့ မက်ဒါနာက ရှေ့ကို တည့်တည့်ပျံသန်းလိုက်တယ်။ လှံချွန်က မက်ဒါနာကို တားဆီးထားတဲ့ ပိုးကောင်လက်ကို ဖောက်ထုတ်ပစ်လိုက်ပြီး ငွေရောင်စစ်သည်ဟာ လဆီကို အတားအဆီးမရှိဆက်သွားနိုင်တယ်။ ဒါပေမဲ့ နောက်မိနစ်အနည်းငယ်မှာပဲ ဥစာကီက ထပ်လိုက်မီလာပြန်ပြီး မက်ဒါနာကို တားဆီးဖို့ ကြိုးစားပြန်တယ်။ လကမ္ဘာကိုမရောက်ခင် လေးနာရီကြာတဲ့ခရီးက ဒီလိုပဲ ပြေးလိုက်လွှားလိုက်နဲ့ ကုန်ဆုံးခဲ့ပါတယ်။
ဘုတ်...
လကမ္ဘာပေါ်ကို ပထမဆုံးခြေချနိုင်တဲ့သူက မက်ဒါနာ ဖြစ်တယ်။ သူ့ဝတ်စုံက တော်တော်လေးစုတ်ပြတ်နေပြီ ဖြစ်တဲ့အတွက်ကြောင့် သူက အချိန်ဆိုင်းမနေတော့ဘဲ စက်ယန္တရားနိယာမကို စတင်အသုံးပြုလိုက်ပါတယ်။ လကမ္ဘာရဲ့မျက်နှာပြင်အောက်က ဇက်သတ္တုကြောတွေ အားလုံးအသက်ဝင်လာပြီး သတ္တုရည်တွေက ငွေရောင်စစ်သည်ရဲ့ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို အလျင်အမြန်ပြုပြင်လိုက်တယ်။ ဒါပေမဲ့ မက်ဒါနာက တစ်နေရာတည်းမှာ အကြာကြီးရပ်နေဖို့အတွက် အချိန်မရခဲ့ပါဘူး။ ပိုးကောင်တစ်ဝက်ပုံ ပြန်ပြောင်းပြီးပြီဖြစ်တဲ့ ဥစာကီက သူ့အပေါ်ကို ဓားနဲ့မိုးပြီး ခုတ်ချလိုက်လို့ပါ။ မက်ဒါနာကလည်း သူ့လှံကိုမြှောက်ပြီး ပြန်ုခုခံလိုက်တယ်။ ငွေရောင်စစ်သည်နင်းထားတဲ့ မြေပြင်ကတော့ အက်ကွဲသွားပြီး အက်ကွဲကြောင်းတွေက ကီလိုမီတာ ရာနဲ့ချီပြန့်နှံသွားတယ်။
“ဟေး... ဟေး... ဒီအတိုင်းဆိုရင် ငါတို့နှစ်ယောက် တိုက်ရုံနဲ့ လကြီးနှစ်ခြမ်းကွဲသွားနိုင်တယ်မဟုတ်လား။”
တိုက်ပွဲအချိန်အတွင်းမှာပဲ မက်ဒါနာခေါင်းထဲမှာ ပေါက်ကရအတွေးတစ်ခုပေါ်လာတယ်။ လကမ္ဘာဆိုတာ အနာဂတ်လူသားတွေအတွက် ပုံပြင်တစ်ခုဖြစ်သွားနိုင်တယ်ဆိုတာ တွေးမိတော့ ဥစာကီကို လမျက်နှာပြင်ပေါ်ကနေ တွန်းထုတ်ဖို့ အကြံရလာပါတယ်။
“ငါ့စွမ်းအားက အထွတ်အထိပ်ကို ပြန်ရောက်နေပြီ။ လုပ်ဖို့ကျန်တာဆိုလို့ ဥစာကီကို ဖိအားပေးဖို့ပဲ။”
မက်ဒါနာက ငွေရောင်စစ်သည်ရဲ့နဂါးပြာပုံစံကို ရုတ်တရက်သိမ်းလိုက်ပြီး ကျားဖြူအဖြစ်ကို ပြောင်းလိုက်တယ်။ နိယာမအားလုံးကို ပိုင်ဆိုင်ပြီးဖြစ်တာကြောင့် ဆိုးကျိုးတွေကို ဂရုစိုက်စရာ မလိုတော့တာ ကောင်းတဲ့အချက်ပါ။
မက်ဒါနာက ကျားဖြူလက်သီးကိုသုံးပြီး ဥစာကီကို အာကာသထဲ ပြန်ထိုးလွှတ်လိုက်တယ်။
ခလွှမ်း...
ဥစာကီရဲ့မျက်နှာကို ဖုံးအုပ်ထားတဲ့ အခွံမာက ကွဲအက် သွားတဲ့အတွက် ဥစာကီက တအံ့တဩနဲ့သူ့မျက်နှာသူ လက်နဲ့ကိုင်ကြည့်လိုက်ပါတယ်။ အိုမီဂါအဆင့် ပိုးကောင်ဘုရင်မရဲ့အခွံမာက စကြဝဠာထဲမှာ အမာကျောဆုံး အရာတွေထဲကတစ်ခုပါ။ ဒါပေမဲ့ ငွေရောင်စစ်သည်ကတော့ ရအောင်ဖျက်ဆီးလိုက်နိုင်တယ်။
“ငါတို့တိုက်ပွဲက နာရီနဲ့ချီပြီးကြာနေပြီ။ မြန်မြန် အဆုံးသတ်လိုက်ရအောင်။”
မက်ဒါနာက ပြောလိုက်ပြီး လမျက်နှာပြင်ကို ခြေနဲ့ကန်ကာ အာကာသထဲလွင့်မျောနေတဲ့ ဥစာကီရှေ့ကို ချက်ချင်းရောက်လာတယ်။ ဥစာကီကလည်း ပြန်ပြီးခုခံတယ်ဆိုပေမဲ့ မက်ဒါနာက စောင့်ရှောက်သူလေးယောက်လုံးရဲ့စွမ်းအားကို မကြာခဏပြောင်းလဲသုံးပြီး အားနည်းချက်အားသာချက်တွေ ညီမျှအောင်ချိန်ညှိ တိုက်ခိုက်တယ်။
ဥစာကီကို အသာရနေချိန်မှာ ဖီးနစ်ကိုသုံးဖိအားပေးပြီး တန်ပြန်တိုက်ခိုက်ခံရချိန်မှာတော့ လိပ်နက်ကိုပြောင်းပါတယ်၊ နဂါးပြာနဲ့ကျားဖြူကိုလည်း ဥစာကီဟာကွက်ပေါ်တိုင်းမှာ ပြန်တိုက်ဖို့အတွက်သုံးတယ်။ ဒါပေမဲ့ မက်ဒါနာသိလာရတာက အိုမီဂါအဆင့်တစ်ယောက်က တခြားအိုမီဂါအဆင့်တစ်ယောက်ကို အလုံးစုံလွှမ်းမိုး အနိုင်ယူဖို့ အလွန်ခက်တယ်ဆိုတာပါပဲ။ အခွင့်ကောင်း တစ်ခုရလို့ သေစေနိုင်လောက်တဲ့ဒဏ်ရာမျိုး ပေးလိုက်နိုင်ရင်တောင် ကိုယ့်ပြိုင်ဘက်က အဲဒီဒဏ်ရာတွေကနေ လွယ်လွယ်ကူကူ ပြန်ကောင်းလာနိုင်တဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတယ်မဟုတ်လား။
ဒါကြောင့် သူတို့တိုက်ပွဲက အံ့မခန်းအမြန်နှုန်းနဲ့ ဖြစ်ပွားနေတာတောင်မှ နာရီပေါင်းများစွာ ကြာမြင့်နေခဲ့ပါတယ်။
ဘုန်း...
မက်ဒါနာက ဥစာကီကို အောင်အောင်မြင်မြင်နဲ့ လပေါ် ပြန်ကန်ချလိုက်နိုင်တယ်။ လကမ္ဘာမျက်နှာပြင်နဲ့ ဥစာကီ ရိုက်မိပြီး ခရမ်းရောင်သွေးတွေအန်ထုတ်လိုက်ရတယ်။ မက်ဒါနာလည်း မျက်ခုံးပင့်လိုက်မိပါတယ်။ ကြည့်ရတာ သူတစ်ယောက်တည်း သွေးအရောင်ပြောင်းသွားတာ မဟုတ်တဲ့ပုံပဲ။
ငွေရောင်စစ်သည်ကတော့ လပေါ်ကို ဖြည်းဖြည်းချင်း ဆင်းသက်လိုက်တယ်။ ငွေရောင်စစ်သည်ကလည်း ကောင်းမွန်တဲ့ အခြေအနေအတွင်းမှာရှိမနေဘဲ ပြင်ထားပြီးတဲ့ဝတ်စုံက အတော်လေးပြန်ပျက်စီးနေပါပြီ။ အတွင်းမှာရှိနေတဲ့ မက်ဒါနာကိုယ်တိုင်လည်း ဒဏ်ရာတွေအများကြီးရထားပြီး ရွှေရောင်သွေးစက်တွေက ဝတ်စုံထဲကနေ စိမ့်ထွက်နေတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဇက်သတ္တုရည်တွေက လကမ္ဘာမြေပြင်ကနေ စီးထွက်လာပြီး ဝတ်စုံကို ပြန်ပြင်လိုက်တာမလို့ ငွေရောင်စစ်သည်က အခြေအနေပိုကောင်းတယ်လို့ ပြောလို့ရတယ်။
“လကမ္ဘာတစ်ခုလုံးက နင့်ရဲ့နယ်မြေလိုဖြစ်နေတာပဲ။ ဒါပေမဲ့ ငါမရှုံးနိုင်ဘူး... ဒီတိုက်ပွဲမှာ ငါရှုံးလို့မရဘူး။”
ဥစာကီက သူ့တစ်ကိုယ်လုံးက အခွံမာတွေကွဲအက် နေခဲ့ပေမဲ့ ရအောင်ပြန်ထရပ်လိုက်တယ်။ သူ့ဒဏ်ရာတွေက ပြန်ကောင်းလာနေပေမဲ့ အရင်ကလောက် မမြန်တော့ဘဲ တစ်ကိုယ်လုံး တုန်ယင်နေတယ်။ မက်ဒါနာကို လကမ္ဘာပေါ်က သတ္တုသိုက်တစ်ခုလုံးက ထောက်ပံပေးထားပေမဲ့ ဥစာကီမှာတော့ အဲဒီလိုပြင်ပအထောက်အပံမျိုး ရှိမနေပါဘူး။
သူ့မျက်လုံးတွေက သေဆုံးနေသူတစ်ယောက်လိုမျိုး ငြိမ်သက်နေပြီး ဘာအလင်းရောင်ကိုမှ မမြင်ရဘူး။ မျှော်လင့်ချက်တွေအားလုံးကို ဆုံးရှုံးသွားတဲ့ လူတစ်ယောက်လိုမျိုး။
“ငါအရှုံးမပေးနိုင်ဘူး...” ဥစာကီက အရူးတစ်ယောက်လိုမျိုး မက်ဒါနာဆီကို ပြေးဝင်လာတယ်။ မက်ဒါနာကလည်း ဓားကို အသင့်ပြင်လိုက်ပြီး စောင့်ဆိုင်းနေတယ်။ ဒါပေမဲ့ ဒီအတိုင်းရင်ဆိုင်ဖို့ စောင့်နေတာမျိုးမဟုတ်ဘဲ သေနတ်ပျံတွေက တစ်စုတစ်စည်းတည်းဖြစ်သွားပြီး Seraphim's Wrathကို ထုတ်သုံးလိုက်ပါတယ်။
ဥစာကီကတော့ အလွန်တရာပြင်းထန်တဲ့ အလင်းတန်းကို ဓားနဲ့ဝေ့ယမ်းတားဆီးလိုက်ပြီး ရှေ့ကိုတက်လာတယ်။ ဒါပေမဲ့ မက်ဒါနာရှေ့ကို မရောက်ခင်မှာပဲ ဒဏ္ဍာရီလာဓားတစ်လက်ဖြစ်တဲ့ နတ်ဆိုးသတ်ဓားဟာ အကန့်အသတ်ကိုရောက်သွားပြီး အရည်ပျော်ကျသွားတော့တယ်။
“မဖြစ်နိုင်တာ...” ဥစာကီက သူ့လက်နှစ်ဖက်နဲ့ အလင်းတန်းကို တားဆီးလိုက်ပြီး ရှေ့ဆက်တက်တယ်။ သူ့တစ်ကိုယ်လုံးက အကြေးခွံတွေလည်း ပျက်စီးသွားပြီး အလင်းတန်းကိုကျော်လို့ မက်ဒါနာရှေ့ကို ရောက်ချိန်မှာတော့ သာမန်မိန်းကလေးတစ်ယောက် ပြန်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဥစာကီက လက်မလျှော့သေးဘဲ သူ့ကို ဘာမှမလုပ်ဘဲ ဆက်ကြည့်နေတဲ့ ငွေရောင်စစ်သည်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်တယ်။
ဒေါင်...
မက်ဒါနာရဲ့ခေါင်းထဲမှာ သတ္တုနဲ့လက်ထိမိတဲ့ အသံကို ကြားလိုက်ရတယ်။ ဒါပေမဲ့ ဥစာကီမှာ သက်လုံမရှိတော့တာကြောင့် ဒူးထောက်ကျသွားပြီး သူ့ကိုမော့ကြည့်လိုက်တယ်။
“ဘာရပ်ကြည့်နေတာလဲ... နင်နိုင်သွားပြီလေ။ ငါ့ကိုသတ်တာက နင့်ကမ္ဘာကို ကာကွယ်နိုင်မယ်လို့ထင်ရင် လုပ်လိုက်တော့။”
ဥစာကီမှာ မျှော်လင့်ချက်တွေအားလုံး ဆုံးရှုံးသွားခဲ့ပြီ။ တခြားနေရာတစ်ခုခုမှာဆိုရင် မက်ဒါနာကို နိုင်ကောင်း နိုင်နိုင်မှာဆိုပေမဲ့ မက်ဒါနာရဲ့အိမ်ဖြစ်တဲ့ လနဲ့ကမ္ဘာမှာ ငွေရောင်စစ်သည်ကို အနိုင်ယူဖို့တော့ မဖြစ်နိုင်ပါဘူး။
ဥစာကီက မျက်လုံးကိုမှိတ်ထားလိုက်တယ်။ ‘ညီမလေး၊ အစ်မတောင်းပန်ပါတယ်။ ဒီတစ်သက်တော့ အစ်မတို့ပြန်တွေ့ရဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်။' သူ့စိတ်ထဲမှာ ပြောလိုက်တယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်ရဲ့ကွပ်မျက်မှုက အချိန်အတော်ကြာတဲ့အထိ ရောက်မလာခဲ့ဘူး။
‘ဘာလို့ ဒီလောက်တောင်ကြာနေတာလဲ။' ဥစာကီ သံသယစိတ်နဲ့ကြည့်လိုက်တော့ မက်ဒါနာက ငွေရောင်စစ်သည်ခေါင်းစွပ်ကို ချွတ်ပြီးနေပြီဖြစ်ပြီး သူ့အနားကိုကပ်လာတယ်။
“နင်ဘာလုပ်မလို့လဲ။” ဥစာကီက နားမလည်နိုင်စွာနဲ့ မေးလိုက်တော့ မက်ဒါနာက ဥစာကီနဲ့နဖူးချင်းထိလိုက်ပြီး
“နင့်ကို ကံဆိုးမိုးမှောင်ကျမှုကနေ လွတ်မြောက်အောင် လုပ်ပေးမလို့။”
ဥစာကီကတော့ အခုထိနားမလည်သေးဘူး။ ဒါပေမဲ့ မက်ဒါနာရဲ့ကြွေရုပ်လေးလိုမျက်နှာကို အနီးကပ် မြင်နေရတဲ့အတွက်ကြောင့် နှလုံးခုန်မြန်လာတယ်။ ဒါပေမဲ့ ခဏအကြာမှာပဲ သူ့အသိစိတ်က အမှောင်အတိကျသွားတယ်။
...
'ပိုးကောင်မျိုးနွယ်စုက ဘုရင်မအမိန့်ကို မလွှဲမသေ နာခံရတဲ့ hivemindဆန်ဆန်အသိစိတ်မျိုးနဲ့ လှုပ်ရှားကြတာ။ ပိုးကောင်ဘုရင်မနောက်ကွယ်မှာ တစ်ခုခုရှိနေတယ်ဆိုရင် အဲဒီHivemindနဲ့ပဲချိတ်ဆက်နေဦးမှာ။ ဥစာကီကို ကယ်ဖို့အတွက်ဆိုရင် အဲဒီအထဲကိုခိုးဝင်ပြီး ဝင်ဟက်ဖို့ပဲလိုတာ။ နည်းပညာဟီးရိုးတစ်ယောက်က နည်းပညာဟီးရိုးတစ်ယောက်လိုပြုမူပြီး သူ့ကိုကယ်သင့်တယ်မဟုတ်လား။'
မက်ဒါနာက ဒီတိုက်ပွဲမစခင်မှာကတည်းက သူ့တွက်ကိန်းနဲ့သူ တွေးခဲ့ပြီးသား။ ပိုးကောင်တွေရဲ့Hivemindက နည်းပညာပစ္စည်းတစ်ခု မဟုတ်ပေမဲ့ မက်ဒါနာမှာ မြွေနဂါးရှိတဲ့အတွက်ကြောင့် အဲဒီအထဲကိုဝင်ဖို့ဖြစ်နိုင်တယ်။ သူ့လုပ်ဖို့လိုတာက Hivemindကို နည်းပညာပစ္စည်းတစ်ခုလိုသဘောထားပြီး မြွေနဂါးဆိုတဲ့ Virusနဲ့ဖောက်ဝင်ပြီး လိုသလိုပြုပြင်ဖို့ပါပဲ။
“ပိုးကောင်မျိုးနွယ်တွေက အပြစ်သားသခင်ကြီး အိပ်ပျော်နေဖို့အတွက် အိပ်မက်နတ်ဆိုးလေးတွေဆိုရင် ငါလုပ်ဖို့က သူတို့ကို အိပ်မက်နတ်ကောင်လေးတွေ ဖြစ်လာအောင်လုပ်ဖို့ပဲလိုတာ။ ပိုးကောင်တွေသာ သူတို့ပင်ကိုယ်သိစိတ်အရ နယ်ချဲ့ဖို့မလိုတော့ဘူးဆိုရင် ဥစာကီလည်း ကမ္ဘာကိုမသိမ်းပိုက်ဘဲ နေလို့ရပြီ။ လူသားမျိုးနွယ်လည်းငြိမ်းချမ်းသွားလိမ့်မယ်။ နှစ်ဖက်လုံးအတွက် အဆင်ပြေတဲ့နည်းလမ်းပဲ။”
မက်ဒါနာက သူ့မျက်လုံးကို ဖွင့်လိုက်ပါတယ်။ ဒီတစ်ခါတော့ သူ့အသိစိတ်က ပိန်းပိန်းပိတ်မှောင်နေပြီး ဘာကိုမှမမြင်ရတဲ့တစ်နေရာမှာ ရောက်နေပါတယ်။ ဒါပေမဲ့ သူက အသိစိတ်အတိုင်းပဲ တစ်နေရာကို လျှောက်လှမ်းသွားလိုက်တော့ အလင်းရောင်မှိန်ဖျော့ဖျော့ထွက်နေတဲ့ ဧရာမသစ်ပင်ကြီးတစ်ခုဆီကို ရောက်လာတယ်။ မက်ဒါနာက အဲဒီသစ်ပင်ကို ထိလိုက်တာနဲ့ ဘာဆိုတာ သိသွားတယ်။
“ပိုးကောင်တွေရဲ့မျိုးရိုးဗီဇအသိဉာဏ်ပညာသစ်ပင်ပဲ။ ဘိုးဘေးတွေကနေ သားသမီးမြေးမြစ်တွေဆီကို သတင်းအချက်အလက်တွေ လက်ဆင့်ကမ်းပေးနိုင်တဲ့ နေရာ။ ဒီနေရာကို အဆင့်မြင့် ပိုးကောင်တစ်ကောင်ကပဲ ဝင်ခွင့်ရှိသင့်ပေမဲ့ အခုတော့ ငါက ဒီကိုရောက်နေပြီ။”
မက်ဒါနာက သူ့ကိုယ်သူ အစိုးရဒေတာဘေ့စ်တစ်ခုထဲ ခိုးဝင်နိုင်တဲ့ ဟက်ကာတစ်ယောက်လိုမျိုး စပြီးခံစားမိလိုက်တယ်။ အဲဒီနောက်တော့ သစ်ပင်ကို သူ့နဖူးနဲ့ထိကပ်ပြီး သစ်ပင်တစ်ခုလုံးက အသိပညာတွေကို ရှာဖွေဖတ်ရှုဖို့ဆုံးဖြတ်လိုက်တယ်။
မကြာခင်မှာပဲ သူ့ခေါင်းတစ်ခုလုံးပြည့်ကျပ်သွားပြီလို့ ခံစားလိုက်ရပြီး ခေါင်းအလွန်ကိုက်လာပေမဲ့ ကမ္ဘာပေါ်က အသိပညာအားလုံးကို စုပ်ယူစဥ်ကလည်း ဒီလိုပဲခံစားခဲ့ရတဲ့အတွက် သည်းမခံနိုင်လောက်အောင် မဟုတ်တော့ပါဘူး။ ပြောရရင် အတွေ့အကြုံရှိပြီးသားလို့ ဆိုရမလားပဲ။
“ဒီလိုလား... မျိုးရိုးဗီဇသစ်ပင်က ဒီစကြဝဠာရဲ့ ဖန်ဆင်းရှင်ကိုယ်တိုင် တည်ဆောက်ခဲ့ပြီး အပြစ်သားသခင်ကြီးကို ထိန်းချုပ်ထားတဲ့အရာပေါ့။”
မျိုးရိုးဗီဇသစ်ပင်တစ်ခုလုံးကို မက်ဒါနာက ရှာဖွေပြီးတဲ့နောက် ဗီဇသစ်ပင်ကြီးတစ်ခုလုံးကို မက်ဒါနာက အသေးစိတ်မြင်လာရတယ်။ သစ်ပင်ရဲ့သစ်ကိုင်းနဲ့အမြစ်အနွယ်တွေက ဖော်ပြဖို့ခက်ခဲတဲ့ပုံပန်းသဏ္ဍာန်နဲ့သက်ရှိကြီးကို ရစ်ပတ်ထားတယ်။ အဲဒီသတ္တဝါကြီးက အိပ်မောကျနေပုံပေါ်ပြီး သစ်ပင်ရဲ့အကိုင်းအခတ်တွေက သူ့ကိုထူးဆန်းတဲ့ အာဟာရတစ်မျိုးထောက်ပံပေးနေပါတယ်။ မက်ဒါနာက အဲဲဒီအာဟာရအထောက်အပံကို စစ်ဆေးကြည့်လိုက်တော့ စကြဝဠာအနှံက သက်ရှိတွေကို အရှင်လတ်လတ်စားသောက်နေတဲ့ ပုံရိပ်တွေ၊ ပိုးကောင်တွေရဲ့ကျူးကျော်စစ်ပွဲတွေရဲ့ ပုံရိပ်တွေဖြစ်လို့နေပါတယ်။
“အပြစ်သားသခင်ကြီးက အစားကြူးသူဆိုပေမဲ့ ဒီလောက်ရွံစရာတွေကိုကျွေးနေတယ်လို့ အိပ်မက် မက်ခိုင်းဖို့လိုလို့လား။ စားကောင်းတာလေးတွေ ချက်ကျွေးနေတယ်လို့ မက်ခိုင်းလိုက်လို့ရော မရဘူးလား။”
မက်ဒါနာရဲ့ခေါင်းထဲမှာ ခပ်ညစ်ညစ်အကြံတစ်ခု ပေါ်လာပြီး ပြုံးလိုက်တယ်။ အဲဒီနောက်တော့ မျိုးရိုးဗီဇသစ်ပင်ကြီးကို လက်နဲ့ထိလိုက်ပြီး ဖန်ဆင်းရှင်တည်ဆောက်ခဲ့တဲ့ သောက်ကျိုးနည်းဆော့ဝဲလ်ကြီးကို ကိုယ်တိုင် ဗားရှင်းအသစ်တင်ဖို့ ကြံပါတော့တယ်။