စီးချင်းထိုးခြင်း
Vol. 11 Ch. 44
ဒီဇင်ဘာလ ၃၁ ရက်နေ့။
မက်ဒါနာက ငွေရောင်သေတ္တာကိုဆွဲပြီး လေဘာတီရုပ်ထုကြီးတည်ရှိရာ လေဘာတီကျွန်းရဲ့တစ်နေရာမှာ ရပ်လိုက်ပါတယ်။ ပုံမှန်ဆိုရင် ဒီနေရာက လူတွေအများကြီး ရှိနေတတ်ပေမဲ့ ဒီနေ့မှာတော့ ဘယ်သူမှရှိမနေပါဘူး။ မဟာမိတ်က ဒီနေ့အတွက် ဒီနေရာကို ဝင်ခွင့်ပိတ်ထားခဲ့လို့ပါ။ ဒါပေမဲ့ မက်ဒါနာအပြင် ဒီကျွန်းပေါ်မှာ တခြားလူတစ်ယောက် ရှိနေပါသေးတယ်။
အဲဒီမိန်းကလေးက ဂျပန်အထက်တန်းကျောင်းသူဝတ်စုံကို ဝတ်စုံပြည့် ဝတ်ဆင်ထားပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါပြီ။
“နောက်ဆုံးတော့လည်း အဆုံးအဖြတ်ပေးမယ့်အချိန် ရောက်လာပြီလား။” ဥစာကီက အရင်ဆုံး စပြောလိုက်ပါတယ်။ သူ့မျက်လုံးတွေထဲမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကိုတွေ့နိုင်ပြီး ဓားကိုဆွဲထုတ်ကာ မက်ဒါနာကို ချွန်လိုက်တယ်။
“ဒီတိုက်ပွဲမှာ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ရှင်ကျန်ရမယ်။”
မက်ဒါနာကတော့ သေတ္တာကခလုတ်ကို နှိပ်လိုက်ပြီး ငွေရောင်စစ်သည်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်တယ်။ အဲဒီနောက်တော့ ဒဏ္ဍာရီလာမြေဆွဲအားဓားကို အသင့်ပြင်လိုက်ပြီး ပြောလိုက်တယ်။
“ရလဒ်ကို မကြာခင်သိရမှာပါ။”
အဲဒီနောက်တော့ သူတို့နှစ်ယောက်လုံး လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး အနီးအနားကလေထုက စက္ကူတစ်စလိုမျိုး ပေါက်ပြဲထွက်သွားတယ်။ အဲဒီနောက် မြေပြင်ပေါ်ကို ကျဆင်းနေတဲ့ နှင်းတွေနှေးကျသွားသလို ပတ်ဝန်းကျင်က လှုပ်ရှားနေတဲ့ အရာတွေအားလုံးလည်း ရပ်တန့်သွားခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘာကြီးက ရပ်တန့်သွားတာမဟုတ်ဘဲ အိုမီဂါအဆင့်တိုက်ခိုက်ရေးသမားနှစ်ယောက်က လျင်မြန်စွာ လှုပ်ရှားနေခဲ့တာကြောင့်ပါ။
ဘုန်း... ဘုန်း... ဘုန်း...
နှစ်ယောက်ဓားချက်အနည်းငယ် ဖလှယ်ပြီးတဲ့နောက် သူတို့က လူချင်းခွာလိုက်ကြတယ်။ ပတ်ဝန်းကျင်က ပုံမှန် ပြန်လည်လည်ပတ်နေပြီး လေထုပေါက်ကွဲသံတွေနဲ့ ကျွန်းတစ်ခုလုံးဆူညံ့သွားတယ်။ ကျွန်းပေါ်က စျေးဆိုင်တန်းတွေနဲ့စားသောက်ဆိုင်တွေ အလိုလို ပြိုကျပျက်စီးကုန်ပြီး ကွန်ကရစ်ကြမ်းပြင်ပါ သုံးစားမရလောက်အောင် ပြိုပျက်ကျသွားတယ်။
ဥစာကီက ပိုးကောင်တစ်ဝက်ပုံစံကို ပြောင်းလိုက်ပြီး မက်ဒါနာကို ဓားနဲ့ညွန်ပြလိုက်ပြန်တယ်...
“ သွေးပူလေ့ကျင့်ခန်းပြီးပြီ၊ အတည်စကြတော့မလား။”
မက်ဒါနာက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူတို့တွေ အမှန်တကယ်သာတိုက်မယ်ဆိုရင် နယူးယောက်မြို့တင်မကဘဲ အရှေ့ဘက်ကမ်းရိုးတန်း တစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် မက်ဒါနာက လေထုထဲကို ပျံတက်လိုက်ပြီးပြောလိုက်တယ်။
“ပိုပြီးလွတ်လပ်တဲ့ နေရာတစ်ခုမှာတိုက်ရအောင်။”
“ကောင်းပြီလေ။”
ဥစာကီကလည်း သူ့ရဲ့သက်တံလိုဖြစ်နေတဲ့ နားကျယ်ကောင်တောင်ပံတွေကို ဖွင့်လိုက်ပြီး နောက်ကနေ လိုက်ပါပျံတက်ပါတယ်။ နှစ်ယောက်လုံးက နယူးယောက်မြို့ရဲ့အမြင့်ဆုံးအဆောက်အဦးကို သေးသေးလေးပဲ မြင်ရတော့တဲ့အမြင့်အထိ ပျံတက်ပြီးမှ တိုက်ပွဲကိုစကြတယ်။
ရွှမ်း...
အမြဲတမ်းဥစာကီက ပထမဆုံးတိုက်ကွက်ကို စဖွင့်တဲ့သူ ဖြစ်နေပါတယ်။ ဥစာကီဟာ ဒီနေ့မှာ အလွန်ရန်လိုနေတယ်။ သူ့ရဲ့ဓားကို ဘေးတိုက်ဝေ့ယမ်းလိုက်ရုံနဲ့တင် လေထုက အစိတ်စိတ် အမွှာမွှာအက်ကွဲသွားပြီး အားလှိုင်းတွေက ငွေရောင်စစ်သည်ဆီကို ပြေးဝင်လာတယ်။
“သက်ရောက်အားလှိုင်းတွေကို ထိန်းချုပ်ပြီးတော့ တိုက်ကွက်အဖြစ်အသုံးချချင်တာလား။”
မက်ဒါနာက ပြုံးလိုက်ပြီး သူ့ရဲ့ဓားမြေဆွဲအားကို မြှင့်တင်ကာ အားကုန်ခုတ်ချလိုက်တယ်။ သူ့ဓားကလည်း တန်ပြန်အားလှိုင်းတစ်ခုကို ထုတ်ဖော်ပြီး ဥစာကီရဲ့အားလှိုင်းကို ချေဖျက်လိုက်တယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်က တန်ပြန်တိုက်ကွက်မစတင်ဘဲ မနေပါဘူး။
ငွေရောင်စစ်သည်ရဲ့နောက်ကနေ လိုက်ပါပျံသန်းနေတဲ့ သေနတ်ပျံတွေက ဥစာကီကိုချိန်လိုက်ပြီး အလင်းဒြပ်စင် ပစ်ခတ်တွေကို မရပ်မနားပစ်ခတ်တယ်။ အစကတော့ ဥစာကီက သူ့ရဲ့ပိုးကောင်အခွံမာတွေအပေါ် ယုံကြည်ချက် အပြည့်ရှိခဲ့ပေမဲ့ အလင်းဒြပ်စင်တစ်ခုက သူ့အခွံမာကို ဖောက်ဝင်သွားခဲ့တဲ့အတွက် နောက်ထက် မစွန့်စားတော့ဘဲ စတင်ရှောင်ရှားတယ်။
သူတို့နှစ်ယောက်လုံးက အလွန်မြန်ဆန်စွာ လှုပ်ရှားနေကြတာဖြစ်ပြီး အနီးအနားက တိမ်တိုက်တွေဟာ အပ်ချည်မျှင်တွေလို့ထင်ရတဲ့အထိ ဆွဲဖြဲခံရတယ်။
တစ်ခါတော့ မက်ဒါနာသတိလွတ်သွားပြီး ဥစာကီကို ဓားနဲ့ခုတ်ဖို့ အတင်းပြေးဝင်မိတယ်။ တစ်ဖက်မှာတော့ ဥစာကီက အဲဒီအမှားကိုစောင့်နေခဲ့တာဖြစ်ပြီး ဓားချက်ကို အနည်းငယ်တိမ်းစောင်းရှောင်ရှားကာ ငွေရောင်စစ်သည်ရဲ့ဝမ်းဗိုက်ကို ဒူးနဲ့ဝင်တိုက်လိုက်တယ်။
ဘုန်း...
ငွေရောင်စစ်သည်က အသံမြန်နှုန်းနဲ့ရွေ့လျားနေရာကနေ ရပ်တန့်ခံလိုက်ရပြီး ကောင်းကင်အမြင့်ကြီးကနေ ပင်လယ်ရေမျက်နှာပြင်ဆီ ဦးတည်ပြီးပြုတ်ကျလာတယ်။
ဝှစ်... ဝှစ်... ဝှစ်....
လေတိုးသံတွေကို မက်ဒါနာကြားနေရပြီး အရှိန်အဟုန်က သိပ်ပြင်းလွန်းတာကြောင့် သူရေမျက်နှာပြင်နဲ့ နီးကပ်လာတာနဲ့အမျှ ရေမျက်နှာပြင်ကိုယ်တိုင်က ကွေးညွှတ်လာပါတယ်။
“ဒီလောက်အမြင့်ကြီးကနေ ပြုတ်ကျရင် အောက်က ရေတွေဆိုရင်တောင်မှ ငါ့ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီဖြစ်သွားလိမ့်မယ်။”
မက်ဒါနာက တွေးလိုက်ပြီး စိတ်ထဲကနေ လိပ်နက်ကို ဆင့်ခေါ်ဖို့အတွက် ကြိုးစားလိုက်တယ်။ မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်ပေါ်က လိပ်နက်တက်တူးဟာ တောက်ပ လာပြီး ငွေရောင်စစ်သည်ရဲ့ကိုယ်ပေါ်မှာ အနက်ရောင် အကြေးခွံတွေပေါ်လာပြီး သုံးခွအမြီးလည်းပေါက်လာပါတော့တယ်။
“ရေထုကိုထိန်းချုပ်မယ်။” မက်ဒါနာက လက်ကိုဝေ့ယမ်းလိုက်တာနဲ့ ပင်လယ်ရေအချို့က လေထုထဲမြောက်တက်လာပြီး ငွေရောင်စစ်သည်ချပ်ဝတ်ကို ဝန်းရံကာ ပြုတ်ကျနေတဲ့ အရှိန်ကိုလျှော့ချပေးလိုက်တယ်။ လိပ်နက်စစ်သည် ဖြစ်သွားတဲ့ငွေရောင်စစ်သည်က ရေပြင်နဲ့မထိခင် ခြောက်လက်မလောက်အလိုမှာ ဟန်ချက်ကိုပြန်ထိန်းလိုက်နိုင်ပြီး ရေပြင်ထက်မှာ ရပ်နိုင်သွားတယ်။ အဲဲဒီနောက်တော့ အမြီးသုံးခွက ရှည်ထွက်လာပြီး အပေါ်ကနေဆင်းလာနေတဲ့ ပိုးကောင်ဘုရင်မဥစာကီကို စတင်စီးကြိုတိုက်ခိုက်ပါတော့တယ်။
ထန်း... ထန်း... ထန်း...
ဥစာကီက ဓားနဲ့အမြီးတွေကို တားဆီးလိုက်တယ်။ ဒါပေမဲ့ လိပ်နက်စစ်သည်မှာက အံ့မခန်းအားကောင်းတဲ့ ခုခံနိုင်စွမ်းနဲ့အမြီးတွေပဲရှိတာမဟုတ်ပါဘူး။ သူ့မှာ ရေနဲ့ရေခဲကို ထိန်းချုပ်နိုင်စွမ်းလည်း ရှိနေပြန်ပါတယ်။
ပတ်ဝန်းကျင်က ပင်လယ်ရေတွေက လေထုထဲကို ပျံတက်လာပြီး ရေခဲဓားသွားတွေအဖြစ်ကို ပြောင်းလဲသွားတယ်။ အဲဒီနောက်တော့ ဥစာကီကို ဘက်ပေါင်းစုံကနေပြီး စတင်တိုက်ခိုက်ပါတော့တယ်။
“ဟား....”
ဥစာကီက မာန်တစ်ချက်သွင်းလိုက်ပြီး အတောင်ပံတွေကို ခတ်လိုက်တယ်။ နားကျယ်ကောင် အတောင်ပျံက တစ်ကီလိုမီတာလောက်အထိ ဆန့်ထွက်လာပြီး အတောင်ပံတစ်ချက်နဲ့တင် အလွန်တရာအားကောင်းတဲ့ လေပြင်းကိုဆင့်ခေါ်ပြီး ရေခဲဓားသွားတွေကို တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီနောက်တော့ ဥစာကီကိုယ်တိုင် ငွေရောင်စစ်သည်ရဲ့ရှေ့ကို ရောက်လာပြီး ပင့်လက်သီးနဲ့မျက်နှာကို ပိတ်ထိုးလိုက်တယ်။
ဘုန်း...
ငွေရောင်စစ်သည်ရဲ့ခန္ဓာကိုယ်က ကောင်းကင်ပေါ်ကို အမြင့်ကြီးမြောက်တက်သွားတယ်။ မြင့်လွန်းလို့ ကောင်းကင်က ပြာမနေတော့ဘဲ စတင်ပြီးအနက်ရောင် ပြောင်းလာနေပြီ။ ကမ္ဘာကြီးရဲ့လုံးဝန်းတဲ့မြင်ကွင်းကိုပါ စတင်မြင်တွေ့နေရပြီဖြစ်ပြီး အာကာသနဲ့ သိပ်ကိုနီးကပ်နေပါပြီ။
“စောင့်ရှောက်သူသားရဲတွေက ကမ္ဘာပေါ်မှာဆိုရင် သဘာဝစွမ်းအင်တွေကို ထိန်းချုပ်နိုင်လို့ အင်အားကြီးတယ်။ ဒါပေမဲ့ အာကာသထဲမှာဆိုရင်တော့ အဲဒီလိုမဟုတ်တော့ဘူး။ ဥစာကီက တကယ်အကွက်မြင်တာပဲ။”
မက်ဒါနာက သတိဝင်လာပြီး သူ့ကိုယ်သူဟန်ချက် ပြန်ထိန်းလိုက်တယ်။ ဥစာကီက သူ့နောက်ကို လိုက်လာနေပြီဖြစ်ပြီး ပထမလက်သီးချက်နဲ့ မက်ဒါနာကို တကယ့်အာကာသထဲရောက်သွားအောင် မလုပ်လိုက်နိုင်တဲ့ အမှားကိုပြင်ဆင်ဖို့အတွက် အသင့်ဖြစ်နေပါတယ်။
“ဒီလိုတော့ အဖြစ်မခံနိုင်ဘူး။” ရေပြင်နဲ့ဝေးသွားပြီ ဖြစ်တဲ့အတွက် လိပ်နက်က သိပ်ပြီးအင်အားမကြီးတော့ပါဘူး။ ဒါပေမဲ့ မက်ဒါနာက သူ့ကိုယ်သူ သာမိုစပီးယားလေထုအလွှာထဲ ရောက်နေမှန်း သတိထားမိပြီးနောက်မှာတော့ ဖီးနစ်အဖြစ် ပြောင်းလိုက်တယ်။
သာမိုစပီးယားအလွှာရဲ့အပူချိန်က သတ္တုတွေအရည်ပျော်လောက်တဲ့အထိ အင်အားကြီးပါတယ်။ ဒါကြောင့် မီးဓာတ်ကိုထိန်းချုပ်တဲ့ ဖီးနစ်ရဲ့အားအကောင်းဆုံးအလွှာပါ။ ငွေရောင်စစ်သည်ရဲ့မြေဆွဲအားဓားက ချက်ချင်းဆိုသလိုပဲ မီးတောက်ဓားကြီးအဖြစ် ပြောင်းလဲသွားပြီး သူ့ဆီကိုတည့်တည့်ဝင်လာနေတဲ့ ဥစာကီကို ခုတ်ပိုင်းချလိုက်တယ်။ ဥစာကီကလည်း သူ့ရဲ့ဓားကိုဆွဲထုတ်ပြီး စွမ်းအားချိပ်ပိတ်ခြင်းနယ်မြေကို စတင်ထုတ်ဖော်လိုက်ပါတယ်။
“ဘာ...” မက်ဒါနာမျက်လုံးပြူးသွားတယ်။ ဖီးနစ်ရဲ့မီးတောက်တွေက စွမ်းအားချိပ်ပိတ်ခြင်းနယ်မြေရဲ့အနက်ရောင် သံကြိုးတွေကြောင့် ငြှိမ်းသတ်ခံလိုက်ရတယ်။ ဝတ်စုံပေါ်က ဖီးနစ်ပုံစံလည်း ပျောက်ကွယ်သွားပြီး ငွေရောင်စစ်သည်ရဲ့မူလပုံစံ ပြန်ပေါ်လာတယ်။
“ ပျောက်ကွယ်သွားလိုက်တော့....” ဥစာကီက သူ့နားနားကို ကပ်ပြီးပြောလိုက်တယ်။ နတ်ဆိုးသတ်ဓားကတော့ ငွေရောင်စစ်သည်ရဲ့ပခုံးပေါ်ကို ကျရောက်လာခဲ့ပါပြီ။
ခလွှမ်း...
ကမ္ဘာပေါ်က အမာကျောဆုံးနည်းပညာဝတ်စုံတစ်စုံဖြစ်တဲ့ ငွေရောင်စစ်သည်ရဲ့နန်းတက်ဝတ်စုံဟာ ပိုးကောင်ဘုရင်မ ဥစာကီရဲ့ဓားချက်ကြောင့် အရုပ်ကလေးတစ်ရုပ်လိုမျိုး ကျိုးပျက်သွားခဲ့တယ်။ မက်ဒါနာရဲ့ပခုံးကလည်း ဓားချက်ကြောင့်ပွင့်သွားပြီး ရွှေရောင်သွေးတွေပန်းထွက်လာခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ကလည်း ဓားချက်ကြောင့် အာကာသထဲကို ပိုရောက်သွားပြီး ကမ္ဘာ့သံလိုက်စက်ကွင်းကနေ လွတ်မြောက်သွားခဲ့ပါပြီ။
“ မှောင်လိုက်တာ....” အာကာသကြီးရဲ့ပိန်းပိန်းပိတ် မှောင်နေတဲ့အမှောင်ထုကို မက်ဒါနာမရင်းနှီးတဲ့အတွက် အခုလိုပြောလိုက်မိပါတယ်။ ငွေရောင်စစ်သည်ဝတ်စုံက အာကာသဝတ်စုံတစ်ခုအဖြစ် ဒီဇိုင်းဆွဲထားတာမဟုတ်တဲ့ အတွက်ကြောင့် လေထုဖိအားလုံးဝမရှိတော့တဲ့ အခြေအနေမှာ မက်ဒါနာက သူ့သွေးကြောတွေ ပေါက်ကွဲထွက်တော့မလိုဖြစ်နေတာကို ခံစားမိလိုက်တယ်။
“တိုက်ပွဲက ပြီးသွားပြီပဲ။”
ဟုတ်ပါတယ်၊ ဒီအတိုင်းဆိုရင် ဥစာကီနိုင်တော့မှာ။ ပြီးတော့ ဥစာကီက သူ့ရဲ့ပုံစံအစစ်ကိုတောင် ထုတ်သုံးစရာ မလိုခဲ့ဘူး။ ဒါပေမဲ့ သူသတိလစ်သွားလုနီးနီးအချိန်မှာပဲ နဂါးပြာရဲ့အသံကို ကြားလိုက်ရတယ်။
“ကောင်မလေး... မင်းက နတ်ဘုရားပဲ။ နိယာမတွေကိုသုံး။”
ဒီတော့မှ မက်ဒါနာအသိဝင်လာပြီး သူ့ရဲ့လက်ကို ဖြန့်လိုက်တယ်။ သူ့လက်ထဲမှာ အဖြူရောင်မိုးကြိုးစ တစ်မျှင်ရှိနေပါတယ်။ ပတ်ဝန်းကျင်မှာ မိုးကြိုးဖြစ်နိုင်စရာ ဘာအခြေအနေမှရှိမနေပေမဲ့ သူက မိုးကြိုးကို ဖန်တီးလိုက်နိုင်တယ်။
“ဒါက.... သဘာဝတရားထဲက စွမ်းအားတွေကို ထိန်းချုပ်နေတာမဟုတ်ဘူးပဲ။ ငါက အဲဒီစွမ်းအားကို ဖန်တီးလိုက်တာ။”
မက်ဒါနာက နိယာမတွေရဲ့ထူးခြားချက်ကို ချက်ချင်း သဘောပေါက်သွားပြီးနောက် အဲဒီလျှပ်စီးချက်နဲ့ ဥစာကီကို စတင်ပစ်ခတ်လိုက်တယ်။ ဥစာကီကို စွမ်းအားချိပ်ပိတ်ခြင်းနယ်မြေက ဝန်းရံထားခဲ့ပေမဲ့ ချိပ်ပိတ်ခြင်းနယ်မြေက နိယာမတစ်ခုကို ချိပ်ပိတ်နိုင်ပုံမရဘဲ ဥစာကီရဲ့ခန္ဓာကိုယ်ပေါ်ကို လျှပ်စီးတွေ တိုက်ရိုက်ကျရောက်သွားတယ်။
“.....” ဥစာကီရဲ့ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးကြောင့် တုန်ခါသွားပြီး မက်ဒါနာကို နာကျဥ်းမုန်းတီးစွာ ကြည့်လိုက်ပါတယ်။ ‘အခုထိမသေနိုင်သေးဘူးလား။' ဆိုတဲ့အကြည့်မျိုးပါ။ နောက်တော့ ဥစာကီရဲ့ခန္ဓာကိုယ်က ကြီးထွားလာပြီး မီတာသုံးရာလောက်ရှိတဲ့ ဧရာမနားကျယ်ကောင်ကြီးအဖြစ်ကို ပြောင်းသွားတယ်။ အကောင်က အကြီးကြီးဖြစ်သွားပေမဲ့ နှေးတာတော့ မနှေးပါဘူး။ နားကျယ်ကောင်က မိုးကြိုးနိယာမကို ထိန်းချုပ်ထားတဲ့ မက်ဒါနာဆီကို တည့်ဝင်ပြီးတိုက်ခိုက်တယ်။ မက်ဒါနာက မိုးကြိုးတွေနဲ့ ဆက်ပစ်နေခဲ့ပေမဲ့ နားကျယ်ကောင်ကို သေလောက်အောင် ဒဏ်ရာရစေဖို့ မတတ်နိုင်တာကြောင့် စတင်ပြီးဆုတ်ခွာထွက်ပြေးရတယ်။
ဝေါ့...
မက်ဒါနာက ရွှေရောင်သွေးတွေကို အန်ထုတ်လိုက်ရပြန်ပါတယ်။ လေထုဖိအားကင်းမဲ့သွားပြီးနောက်မှာ သူ့လူသားခန္ဓာက ဒီအခြေအနေကို မခံစားနိုင်တော့ဘဲ ကိုယ်တွင်းအင်္ဂါတွေ စတင်ထိခိုက်လာနေပြီ။ တစ်ဖက်မှာတော့ ဥစာကီတို့ အာကာသပိုးကောင်မျိုးနွယ်က အာကာသထဲမှာ နေထိုင်နိုင်တဲ့ သတ္တဝါတွေဖြစ်ပြီး ဒီလိုဖိအားမျိုးကို မခံစားရပါဘူး။
ဒါပေမဲ့ နဂါးပြာက ထပ်ပြီး အကြံပေးလိုက်ပြန်တယ်။
“ကောင်မလေး... မင်းက နတ်ဘုရား။ မင်းရဲ့စွမ်းအားတွေကို သေချာအသုံးချရင် အာကာသထဲမှာ အချိန်အတိုင်းအတာတစ်ခုထိ နေလို့ရတယ်။”
“ဟုတ်သားပဲ၊ ဖီးနစ်....” မက်ဒါနာက ဖီးနစ်ကို သတိရသွားပြီး ဖီးနစ်ကို ပြန်ဆင့်ခေါ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေချက်ချင်းပြန်ကောင်းသွားပြီး အာကာသထဲက ဓာတ်ရောင်ခြည်တွေကြောင့် သူ့ခန္ဓာကိုယ်က ဆက်လက်ပျက်စီးနေတယ်ဆိုပေမဲ့ ဖီးနစ်က အချိန်နဲ့တပြေးညီပြန်လည်ကုသပေးနေပြီး စိုးရိမ်စရာဆိုလို့ ပျက်စီးနေတဲ့ဝတ်စုံကြောင့် ဝတ်စုံထဲက အောက်ဆီဂျင်တွေ ဆုံးရှုံးနေတာတစ်ခုပဲ ရှိပါတော့တယ်။
“ဝတ်စုံကို ပြန်ပြင်ဖို့လိုတယ်။ ဒါပေမဲ့ ဥစာကီက ငါ့ကို ကမ္ဘာပေါ်ပြန်ဆင်းခွင့်ပေးမှာမဟုတ်ဘူး။”
မက်ဒါနာက အခုထိအောက်စည်းမှာရောက်နေဆဲပါ။ ဥစာကီက သူထင်ထားတာထက် အများကြီးပိုသန်မာနေတယ်။ ဒါပေမဲ့ မက်ဒါနာရဲ့အင်္ကျီလက်ကြားထဲမှာ ဝှက်ဖဲတချို့ရှိနေဆဲပဲ။
“စက်ယန္တရားနိယာမနဲ့သာဆို ဇက်သတ္တုအရင်းအမြစ်ရှိတာနဲ့ ဝတ်စုံကိုပြန်ပြင်လို့ရပြီ။”
အဲဒီနောက် မက်ဒါနာရဲ့အကြည့်တွေက အဝေးတစ်နေရာမှာရှိနေတဲ့ လဆီကိုရောက်သွားတယ်။ ဟုတ်ပါတယ်၊ လက ကမ္ဘာနဲ့အနီးဆုံး အာကာသထုထည်တစ်ခုပါ။
“နည်းနည်းဝေးတယ်ဆိုပေမဲ့ တခြားရွေးစရာမရှိဘူးပဲ။ ဖီးနစ်ရေ၊ အားကိုးလိုက်တော့မယ်။”
လနဲ့ကမ္ဘာရဲ့အကွာအဝေးက ကီလိုမီတာသုံးသောင်း ရှစ်ထောင်ကျော်ကွာပါတယ်။ ကမ္ဘာမှာရှိတဲ့ အာကာသယာဥ်တွေအနေနဲ့ သုံးရက်လောက်သွားရတဲ့ ခရီးဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဒါနာက သူ့ရဲ့ဖီးနစ်ပုံစံကို အလွန်အကျူးယုံကြည်မှုရှိနေပြီးတော့ မီးတောက်တွေကို သူ့ရဲ့နောက်မှာစုစည်းကာ ကြယ်တံခွန်တစ်စီးလိုမျိုး လကမ္ဘာဆီကို စတင်ပျံသန်းပါတော့တယ်။
ဘုန်း....
ဝတ်စုံစနစ်က အမြန်နှုန်းပြမီတာကို ကြည့်လိုက်တော့ အသံမြန်နှုန်းရဲ့ခြောက်ဆယ့်လေးဆနဲ့ သူသွားနေတာပါ။ အာကာသထဲမှာ လေထုမရှိတာကြောင့် သူ့အနေနဲ့ ဖီးနစ်ကို အသုံးပြုပြီးတော့ ပိုပြီးလွတ်လွတ်လပ်လပ် သွားနိုင်တယ်။
“အသံမြန်နှုန်းရဲ့ခြောက်ဆယ့်လေးဆလား။ ဒါဆိုရင်တောင် လကမ္ဘာကိုရောက်ဖို့ လေးနာရီလောက် အချိန်ယူရဦးမှာပဲ။”
မက်ဒါနာက ညည်းညူလိုက်ပေမဲ့ တခြားနည်းလမ်းမရှိမှန်း သိနေပါတယ်။ ပြီးတော့ ဥစာကီကလည်း တူညီတဲ့မြန်နှုန်းမျိုးကိုထုတ်သုံးပြီး သူ့နောက်ကနေ လိုက်လာနေပါပြီ။