လီရှင်းကြောင်သွားပြီ! အားဖြည့်ဆေးရည်အစွမ်းပြပြီ! ၃
Vol. 42 Ch. 618
ချင်လင်ခေါင်းညိမ့်လိုက်သည်။ နားလည်ဖို့မခက်။ ဘာပဲဖြစ်ဖြစ် မီတာ ၁၀၀ ပြေးပွဲမှာ ခွန်အားနှင့်အားကုန်သုံးရသောပြိုင်ပွဲဖြစ်၍ သေချာပေါက် ခန္ဓာကိုယ်ပိုကြံ့ခိုင်လာလိမ့်မည်။
ထို့ကြောင့် ဒီအားဖြည့်ဆေးရည်က သဘာဝကိုယ်လုံးကိုယ်ပေါက်နှင့်အရည်အချင်းပိုရှိသူထံမှာ အစွမ်းပိုပြလိမ့်မည်။ သူတို့အတွက် တိုးတက်လာဖို့ပိုလွယ်ကူသည်။
တစ်ချိန်တည်း စမ်းသပ်မှုလည်းစတော့မည်။ စုယဲ့၏အမြန်နှုန်းကိုကြည့်သော ရိုးရိုးစမ်းသပ်မှုသာ။
ဒါက တိုက်ရိုက်အကျဆုံးရလဒ်ဖြစ်သည်။
လီခိုင်ရှင်းပြ၍ စုယဲ့၏မူလအမြန်နှုန်းက ၁၀.၂ စက္ကန့်ဖြစ်ကြောင်း ချင်လင်လည်းသိထားသည်။ နိုင်ငံတကာ မီတာ ၁၀၀ တာတိုပြေးပွဲအတွက် အခြေခံရှိရမည့်နှုန်းထားပင်။
ဒီတစ်ခါ ခန္ဓာကိုယ်ကြံ့ခိုင်မှုစစ်ဆေးချက်တွင်
စုယဲ့ကစံချိန်တင်ခဲ့သည်။ သူ့အမြန်နှုန်းက သေချာပေါက် ၁၀ စက္ကန့်ထက်သာလိမ့်မည်။ သူသာ ၁၀ စက္ကန့်ထက်သာရင် အာဆီယံပွဲမှာ ဆုတံဆိပ်ရနိုင်သည်။
စုပင်းထျန်းအဆင့်ကိုရောက်နိုင်ရင် အာရှမှာ အရှုံးမရှိနိုင်။
အဓိကအချက်မှာ ဤသည်က အစပိုင်းထိုးဖောက်နိုင်မှုသာဖြစ်ပြီး ကန့်သတ်ချက်မဟုတ်သေး။ နောက်ပိုင်း ကန့်သတ်အဆင့်ရောက်သွားရင် အနောက်တိုင်းလူမဲတွေနဲ့ပြိုင်လည်း ပြဿနာမဟုတ်တော့။
အခု ရလဒ်ကိုစစ်ဆေးချိန်ကျပြီ။
စုယဲ့မှာ စမှတ်တွင်အဆင်သင့်ဖြစ်နေပြီ။ သူနည်းနည်းစိတ်လှုပ်ရှားနေမှန်း သိသာသည်။
လတ်တလော သူ့လေ့ကျင့်မှုနှင့်ဆေးရည်၏အာနိသင်ကိုခံစားမိပြီး ဒီစမ်းသပ်မှုမှာပါဝင်ခြင်းက သူ့ဘဝကိုလုံးဝပြောင်းလဲစေမည်မှန်း သူသိသည်။
အခု ဒီအာနိသင်ကို သူစမ်းသပ်တော့မည်။
"အသင့်!''
ဘေးမှဒိုင်လူကြီးက သေနတ်မြှောက်ပြီး အော်လိုက်သည်။
ထိုအချိန်တွင် စုယဲ့တစ်ကိုယ်လုံးသတိအနေအထားဖြစ်သွားသည်။ စူဖောင်းနေသောကြွက်သားများနှင့်သူ့ခြေထောက်ကို ဖြောင့်တန်းထားသည်။
ဘန်း!
သေနတ်သံကြားသောခဏတွင် စုယဲ့ကသုတ်ခြေတင်ပြေးသည်။ ဖျတ်ဖျတ်လတ်လတ်ခြေထောက်များနှင့် မီတာ ၁၀၀ အဆုံးမှတ်ကို တသမတ်တည်းပြေးသည်။
သူ့အရှိန်ကအလွန်မြန်ကြောင်းတွေ့နိုင်သည်။ သူ့ခြေထောက်လှုပ်ရှားမှုက အရိပ်ပျောက်လုနီးနီးပင်။
အဆုံးမှတ်ပေါ်ဖြတ်ပြေးသွားသောအခါ လူတိုင်းမျက်စိက အချိန်မှတ်စက်ဆီရောက်သွားသည်။
၉.၈၀ စက္ကန့်!
နံပါတ်ကိုကြည့်ပြီးနောက် ဒါရိုက်တာရန်၏နိုင်ငံ့အသင်းမှာမနေနိုင်ဘဲ လက်သီးလက်မောင်းတန်း၍ အော်လိုက်ကြသည်_
"YES!''
စိတ်လှုပ်ရှားလောက်သည်။ ၉.၈၀ စက္ကန့်မှာ စုပင်းထျန်း၏အရင်အာဆီယံပွဲစံချိန် ၉.၈၃ စက္ကန့်ကိုတောင်ကျော်နေပြီ။
အာရှတွင်အမြန်ဆုံးအရှိန်ပင်။ အိုလံပစ်ဆုတံဆိပ်ရဖို့ လုံးဝစံချိန်မီသည်။
အဓိကအချက်မှာ စုယဲ့၏အကောင်းဆုံးအခြေအနေကို သူသိသည်။ စုယဲ့မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့်အရည်အချင်းကောင်းပြီး မူလအခြေအနေအတိုင်းလေ့ကျင့်လျှင် အိုလံပစ်ပြိုင်ပွဲဝင်နိုင်ချေရှိသည်။
သို့သော် စုပင်းထျန်းအဆင့်ကိုရောက်နိုင်မရောက်နိုင်က မသေချာသေး။ မည်သို့ဆိုစေ စုပင်းထျန်းမှာ မီတာ ၁၀၀ တာတိုပြေးပွဲတွင် ဒီလိုအမြန်နှုန်းရထားသော တစ်ဦးတည်းသောသူပင်။
စုယဲ့က ဆေးသောက်ပြီး စုပင်းထျန်း၏အာဆီယံစံချိန်ကိုချိုးနိုင်ခဲ့သည်။ သို့ရာတွင် ဒါစုယဲ့၏ကန့်သတ်ချက်မဟုတ်သေး။ ပထမအဆင့်သာရှိသေးသည်။
စုယဲ့က ဆေးရည်ဆက်သောက်ပြီး အပြင်းအထန်ဆက်လေ့ကျင့်ရင် နောက်ထပ်စံချိန်ချိုးနိုင်မည်ဟု သူယုံသည်။ နောက်တစ်ကြိမ်အိုလံပစ်ပြိုင်ပွဲတွင် မီတာ ၁၀၀ တာတိုပြေးပွဲမှာ သူကအားလုံးကိုအံ့ဩသွားစေလိမ့်မည်။
အဆုံးမှတ်တွင် စုယဲ့ကပြန်ပြေးလာပြီး သူ့ရလဒ်ကိုမြင်လျှင် စိတ်လှုပ်ရှားစွာနှင့်ခုန်လိုက်သည်။ ဆေးရည်အားကိုးနှင့် နောက်ထပ်စံချိန်ချိုးနိုင်ဦးမည်ဟု သူထင်သည်။
သူအပြင်းအထန်ဆက်လေ့ကျင့်ပြီး စံချိန်ချိုးနိုင်ရင် အိုလံပစ်ပြိုင်ပွဲမှာရွှေတံဆိပ်ဆုလုံးဝရနိုင်သည်။
ဝန်ကြီးလုနှင့်ပါမောက္ခရန်မှာ ပိုတောင်စိတ်လှုပ်ရှားနေသည်။
စုယဲ့က ဒီလောက်အချိန်တိုအတွင်း အာဆီယံစံချိန်ကိုချိုးနိုင်သွားတာ ကောင်းကောင်းသတိထားမိသည်။ သူအများကြီးတိုးတက်လာသည်။ ဒါစုယဲ့ရဲ့မူလခန္ဓာကိုယ်၊အရည်အချင်းနဲ့ ရနိုင်တာမျိုးမဟုတ်။ ရုတ်တရက်ဒီလိုရလဒ်တက်လာဖို့ဆို မပြောနှင့်တော့။
ဒါဆေးရည်သောက်ပြီး စုယဲ့ခန္ဓာကိုယ်စံချိန်တက်လာတာ သက်သေပြနေခြင်းပင်။
ထို့နောက် ဝန်ကြီးလုက ချင်လင်ဆီသွားပြီး အလေးအနက်ပြောလိုက်သည်_
"သူဌေးချင်... သီးသန့်စကားပြောလို့ရမလား? အားဖြည့်ဆေးရည်အကြောင်းပါ!''