အထူးကာကွယ်ရေးနည်းလမ်း! အစွမ်းထက်လက်နက်! ၂
Vol. 42 Ch. 620
ဒီလျှို့ဝှက်ဆေးနည်းမှာ ဘာအာနိသင်မှမရှိရင် သူမတတ်နိုင်။
ဝန်ကြီးလုက နားလည်ပုံနှင့်ခေါင်းညိမ့်လိုက်ပြီး_
"သူဌေးချင်... အတတ်နိုင်ဆုံးသာလုပ်ပါ... ကျုပ်ဖိအားမပေးပါဘူး... ဘာပဲဖြစ်ဖြစ် အခုချိန်မှာ တရုတ်ဆေးပညာအဖွဲ့အစည်းကလူတွေတောင် ဘာရလဒ်မှမပေးနိုင်ဘူး''
ချင်လင်က ရယ်သွမ်းသွေးလိုက်သည်_
"ဝန်ကြီးလု... ဒီလူတွေကိုသွားမရှာသင့်တာလည်းဖြစ်ရင်ဖြစ်မယ်... ဩဇာအာဏာမက်နေကြတာထင်တယ်''
လက်ရှိ တကယ့်ဩဇာရှိတရုတ်တိုင်းရင်းဆေးမိသားစုတွေကို လူချမ်းသာတွေက ဂုဏ်သရေရှိဧည့်သည်များအဖြစ်သဘောထားကြသည်။ ဝိုင်တစ်ပုလင်းကို ယွမ်သောင်းချီတန်ပြီး ဆေးဖက်ဝင်ဖြည့်စွက်စာတစ်နပ်ကို ယွမ်သိန်းချီပေးရသည်။ ဒီအဖွဲ့အစည်းကိုဂရုတောင်မစိုက်။
မဟုတ်တမ်းတရားတွေမဟုတ်။ အရင် တရုတ်တိုင်းရင်းဆေးပညာရှင်တွေရဲ့လျှို့ဝှက်ဆေးနည်းတချို့ကို သူကူးယူခဲ့သေးတယ်မလား?
အဲဒီတရုတ်တိုင်းရင်းဆေးပညာရှင်တွေက အတော်လေးကျော်ကြားတဲ့သူတွေ။ တချို့က တရုတ်ဆေးပညာအဖွဲ့အစည်းထဲမှဖြစ်သော်လည်း သူတို့တင်သောဆေးနည်းများက စားရင်ဘာမှမဖြစ်၊ အလွန်ဆုံး ခန္ဓာကိုယ်အားဖြစ်ရုံလောက်သာရှိသောဆေးနည်းများဖြစ်နေသည်။ တခြားဘာအာနိသင်မှမရှိဘဲ သူတို့ပြောထားသလောက်မစွမ်းချေ။
ဒီရှုထောင့်မှ တချို့ပြဿနာများကိုမြင်နိုင်သည်။
ဝန်ကြီးလုမှာ သူ့စကားနားထောင်ပြီး အတွေးများသွားသည်။
ချင်လင်က ဝန်ကြီးလုနှင့်ဆွေးနွေးပြီးလျှင်ဆက်မနေတော့ဘဲ ချင်းလင်စံအိမ်ပြန်လာသည်။
သူ့ရုံးခန်းထဲရောက်ရောက်ချင်း ဝန်ကြီးလုပေးသောလျှို့ဝှက်ဆေးနည်းများကိုထုတ်လိုက်သည်။
အမှန်အတိုင်းဆိုရလျှင် ဒီဆေးနည်းများကို သူလည်းစူးစမ်းချင်နေသည်။
အင်တာနက်ပေါ်က ဆေးနည်းတစ်ရာကျော်ရှာခဲ့ဖူးသော်လည်း တစ်ခုမှအသုံးမဝင်။
ဒီလိုသာဆိုရင် တရုတ်ဆေးပညာအဖွဲ့အစည်းရုံးချုပ်ကလူတွေ တကယ်စက်ဆုပ်စရာပဲ။
ဝန်ကြီးလုက တရုတ်တိုင်းရင်းဆေးအတွက်ဒါတွေလုပ်နေပေမဲ့ ဒီလူတွေကတော့ အသုံးမဝင်တဲ့ဆေးနည်းတွေနဲ့ စိတ်ပျက်စရာကောင်းအောင်လုပ်နေကြသည်။
တရုတ်တိုင်းရင်းဆေးပညာရှင်မိသားစုက အလေအလွင့်ကျင်းတမင်တောင် အလွန်အသုံးတည့်သောဆေးနည်းနှင့်ရောက်လာသေးသည်။
ချင်လင်က ဆေးနည်းများကိုကွန်ပျူတာထဲပြန်ထည့်ပြီး မိတ္တူဆွဲလိုက်သည်။ ထို့နောက် ဂိမ်းထဲယူသွားလိုက်သည်။

သူဂိမ်းထဲမှပြန်ထွက်လာသောအခါ သူ့ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲတွင် မိတ္တူဆွဲထားသောဆေးနည်းအပြည့်နှင့်။
သူကတုံ့ဆိုင်းမနေဘဲ သူ့ဂိမ်းဇာတ်ကောင်ကို ဒေါက်တာ Dott ဆီသွားစေလိုက်သည်။ ဒေါက်တာ Dott ပေါ်တစ်ချက်နှိပ်ပြီး ပထမဆေးနည်းကိုတင်လိုက်သည်။ သူကအတည်ပြုမည်ကိုနှိပ်ပြီး ဒေါက်တာ Dott ကိုဆန်းစစ်ပြုပြင်ခိုင်းလိုက်သည်။
(စိတ်မကောင်းပါ... သင့်ဆေးနည်းက သိပ်တန်ဖိုးမရှိပါ!)
ချင်လင်က ပထမဆေးနည်းရလဒ်ကိုကြည့်ပြီး ခေါင်းခါလိုက်သည်။ သူကဒုတိယဆေးနည်းကိုထပ်တင်၍ အတည်ပြုမည်ကိုနှိပ်လိုက်သည်။
ခဏအကြာ ရလဒ်များထွက်လာပြန်သည်။
(ဒီဆေးနည်းကိုဆန်းစစ်ဖို့လိုတာ သေချာပါသလား? ဒီဆေးနည်းက အသုံးမဝင်ပါ!)
…
(စိတ်မကောင်းပါ... ဒီဆေးနည်းအတွက် ရွှေပြားဖြုန်းတီးဖို့လိုတယ်ထင်ပါသလား?)
…
(စိတ်မကောင်းပါ)
…
ချင်လင်က ဒေါက်တာ Dott ၏ဆန်းစစ်ပြုပြင်သောသေတ္တာထဲဆေးနည်းများထည့်လိုက်၊ ပြန်သိမ်းလိုက်လုပ်နေသည်။ 'အတည်ပြုမည်'ကိုနှိပ်သော်လည်း ရလဒ်အားလုံးအတူတူပင်။ ဘယ်ဆေးနည်းမှ အသုံးမဝင်။
ကြည့်ရတာ ဝန်ကြီးလုရှာထားတဲ့တရုတ်ဆေးပညာရှင်တွေက သိပ်ဟန်ပုံမပေါ်၊ မျိုးရိုးအသိပညာလည်းမရှိ၊ ဒါမှမဟုတ် ခေတ်တုံးနေသောလျှို့ဝှက်ဆေးနည်းများနှင့် ဝန်ကြီးလုကိုအရူးလုပ်လိုက်ပုံရသည်။
လောလောဆယ် သူ့ဂိမ်းဇာတ်ကောင်အိတ်ထဲတွင် ဆေးနည်းတစ်ခုသာကျန်တော့သည်။
ဒီတစ်ခုအလုပ်မဖြစ်ရင် သူလည်းမတတ်နိုင်။
ဝန်ကြီးလုကို ဒီဆေးနည်းတွေကြည့်ပေးနိုင်သော်လည်း ဒီဆေးနည်းတွေအသုံးမတည့်ရင် လိုင်းပေါ်တက်ပြီး အသုံးတည့်တာရှာမပေးနိုင်။
ရှာတွေ့နိုင်မတွေ့နိုင်က မပြောနှင့်တော့။ ဘာပဲဖြစ်ဖြစ် အရင်ဆေးနည်းတစ်ရာကျော်က သင်ခန်းစာပင်။
ချင်လင်လည်း သူ့ဂိမ်းဇာတ်ကောင်အား နောက်ဆုံးဆေးနည်းကို ဒေါက်တာ Dott ၏ဆန်းစစ်ပြုပြင်သောသေတ္တာထဲထည့်စေလိုက်သည်။ ထို့နောက် 'အတည်ပြုမည်'ကိုနှိပ်လိုက်သည်။
(ဒေါက်တာ Dott ဆန်းစစ်ပြုပြင်နေပါသည်။ ခဏစောင့်ပါ။)
ခဏအကြာ အသိပေးစာပေါ်လာပြန်သည်။
(ဂုဏ်ယူပါတယ်။ အလွန်အသုံးဝင်သောလျှို့ဝှက်ဆေးနည်းကိုရလိုက်ပါပြီ။ ဤဆေးနည်းမှာ အသုံးမဝင်သောဆေးပင်များထည့်ရေးထားသော ဆေးနည်းတစ်ခုဖြစ်သည်။ ထိုဆေးပင်များက ဆေးအာနိသင်ကိုဓာတ်ပြယ်စေ၍ လျှို့ဝှက်ဆေးနည်းမှာအာနိသင်မပေါ်ဘဲရှိနေသည်။ ကျွန်ုပ်က ဓာတ်ပြယ်စေသောအာနိသင်တချို့ကိုဖယ်ရှားလိုက်သောကြောင့် အသုံးဝင်သောလျှို့ဝှက်ဆေးနည်းကိုရလိုက်ပါပြီ။ သင့်အတွက် အသစ်တစ်စောင်ရေးပေးထားပါတယ်!)
အသိပေးစာရပြီး ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။ အသုံးတည့်တာတစ်ခုရှိ၍သာ တော်တော့သည်။ ဒါ ဝန်ကြီးလုအတွက်မျက်နှာဆယ်စရာဟုယူဆနိုင်သည်။
ဆေးနည်းအဓိပ္ပါယ်ကိုသူသိသည်။ တိဗက်ကဗျာလို ဆေးနည်းထဲရေးထားသောပါဝင်ပစ္စည်းအတော်များများက အသုံးမဝင်ဟုဆိုထားသည်။ ဆေးနည်းထဲမှအသုံးတည့်သောပါဝင်ပစ္စည်းများရှာပြီးမှသာ အာနိသင်ရှိလိမ့်မည်။
ပုံမှန်အားဖြင့် ဆေးနည်းကိုရေးသူမှသာလျှင် ဘယ်လိုဖတ်ရမလဲ သိလိမ့်မည်။ တခြားသူများသိနားလည်ဖို့ခက်ပေမည်။ မည်သို့ဆိုစေ တရုတ်တိုင်းရင်းဆေး၏ဆေးအာနိသင်များကရှုပ်ထွေးလွန်းသည်။
ဒီဆေးနည်းရဲ့ကောင်းကျိုးက လျှို့ဝှက်ဆေးနည်းကိုမပေါက်ကြားအောင်ကာကွယ်ပေးနိုင်သည်။ ဆိုးကျိုးကတော့ ဆေးစာဖတ်နည်းသိသူသာ မတော်တဆသေသွားခဲ့လျှင် ဆေးနည်းတိမ်ကောသွားနိုင်သည်။
ဝန်ကြီးလုပေးတဲ့အထဲမှတစ်ခုတည်းသော၊ အသုံးဝင်သောဆေးနည်းကို ချင်လင်အရမ်းသိချင်နေပြီ။ သူကချက်ချင်း ရုံးခန်းတံခါးလော့ချပြီး ဂိမ်းထဲဝင်ကာ ဆေးနည်းအကြောင်းအရာကိုကြည့်လိုက်သည်:
(အူလမ်းကြောင်းအားဆေး: အရည်အသွေး ၁)
(အူလမ်းကြောင်းရောဂါတချို့တွင် ထူးထူးခြားခြားအာနိသင်ရှိသော အထူးလျှို့ဝှက်ဆေးနည်းဖြစ်သည်:
အစာအိမ်အူလမ်းကြောင်းအကျိတ်သက်သာစေခြင်း +၁၊ အူလမ်းကြောင်းပိတ်ဆို့မှုသက်သာစေခြင်း +၁၊ အူမကြီးကင်ဆာသက်သာစေခြင်း +၁၊ အူမကြီးအညစ်အကြေးများသန့်စင်စေခြင်း +၁!)
"မြတ်စွာဘုရား!''
ကွေ့ယွမ်ဆေးမှတ်ချက်များကိုဖတ်ပြီး ချင်လင်လန့်သွားသည်။
မှတ်ချက်အရဆိုလျှင် ဝမ်းနှုတ်ဆေးရည်ထက်အများကြီးပိုအံ့ဩဖို့ကောင်းသည်။
ဒါဘယ်လိုလုပ် ဝန်ကြီးလုမျက်နှာဆယ်စရာဖြစ်မလဲ? ဒါလုံးဝဂုဏ်တက်မယ့်ဟာမလား?
အစာအိမ်အူလမ်းကြောင်းအကျိတ်၊ အူလမ်းကြောင်းပိတ်ဆို့မှု၊ အူမကြီးအညစ်အကြေးအကြောင်း သူသိပ်မသိသော်လည်း အူမကြီးကင်ဆာအကြောင်း သူသိသည်။ ပြင်းထန်သောအကျိတ်ပင်။ ခွဲစိတ်မှုမပါရင်တောင် ဓာတ်ကုထုံး၊ရောင်ခြည်ကုထုံးအပြင် ယွမ်သောင်းချီကုန်ကျဦးမည်။

မိသားစုတစ်ခုကို စီးပွားကျစေသောရောဂါလည်းဟုတ်သည်။
ဒီအရည်အသွေး ၁ အူလမ်းကြောင်းအားဆေးက ဘယ်လောက်အာနိသင်ရှိသည်ဖြစ်စေ၊ ဝန်ကြီးလုယူလာသောလျှို့ဝှက်ဆေးနည်းက အစွမ်းထက်လက်နက်ဖြစ်သောကြောင့်ပင်။
တခြားလူသာဆိုရင် ဒီလျှို့ဝှက်ဆေးနည်းကို တိုက်ရိုက်လက်ဆင့်ကမ်းယူလိမ့်မည်။ ဒီဆေးနည်းနဲ့ဝင်ငွေအများကြီးဖန်တီးနိုင်သော်လည်း ချင်လင်မှာ ဒီလိုအတွေးမျိုးမရှိ။
ပထမအနေနှင့် သူဝင်ငွေရဖို့ ဒီဆေးနည်းကိုလုံးဝအားကိုးစရာမလို။ ဒုတိယအနေနှင့် သူက လုပ်သင့်မလုပ်သင့်ကို ကွဲကွဲပြားပြားသိသူဖြစ်သည်။
ဒီလျှို့ဝှက်ဆေးနည်းကို ဝန်ကြီးလုဆီပေးမည်။ အထက်ကလူတွေကိုထုတ်ခိုင်းပြီး ပြည်သူ့အကျိုးအတွက် ကျန်းမာရေးအာမခံထဲထည့်စေမည်။
သူ့အဘိုးနှင့်အဖေကြောင့် ဒီလိုရောဂါမျိုးကြုံရသောမိသားစုမှာ ဘယ်လောက်အခြေအနေဆိုးလဲ သူနားလည်သည်။ ဒီဆေးနည်းက ဒီလိုစိတ်ပျက်စရာရောဂါမျိုးမှကယ်တင်နိုင်ဖို့ သူမျှော်လင့်မိသည်။
သူကသူတော်ကောင်းမဟုတ်သော်လည်း သူတပါးမိုးရွာထဲရောက်နေချိန်မှာတော့ ထီးကိုင်ပေးနိုင်သည်။
(ဆေးနည်းကိုအသုံးပြုလိုပါသလား?)
ချင်လင်က 'သုံးမည်'ကိုတန်းရွေးလိုက်သည်။
တခဏချင်း အချက်အလက်တွေတပြုံကြီး သူ့စိတ်ထဲရောက်လာသည်။ အူလမ်းကြောင်းအားဆေးနှင့်ဆက်စပ်သော အချက်အလက်များ၊ဆေးပင်များ သူရလိုက်သည်။
ထို့အတူ ဒီဆေးပစ္စည်းများသွားဝယ်သောအခါ ပါးစပ်ထဲထည့်၍အရသာခံကြည့်ရုံနှင့် ဆေးပစ္စည်းစစ်မစစ်ကိုလည်းသိနိုင်သည်။
ချင်လင်က သူ့ရုံးခန်းထိုင်ခုံတွင်ပြန်ထိုင်ပြီး မူလဆေးနည်းကိုထုတ်ကာ ဒေါက်တာ Dott ဆန်းစစ်ပြုပြင်ပေးလိုက်သောဆေးနည်းကို ချရေးလိုက်သည်။
ယှဉ်ကြည့်မှ ဒီဆေးနည်းရေးတဲ့သူက နည်းနည်းလွတ်နေတာပဲ။ ပါဝင်တဲ့ဆေးပစ္စည်းအရေအတွက်ကို နှစ်ခါရေးထားတာ။
ဒေါက်တာ Dott ရဲ့ BUG ကြောင့်သာမဟုတ်ရင် ဒါတကယ့်လျှို့ဝှက်ဆေးနည်းဆိုပြီး ဘယ်ပေါ်မှာလဲ? ဘာပဲဖြစ်ဖြစ် တရုတ်တိုင်းရင်းဆေးရဲ့အာနိသင်က ဆေးပင်တစ်မျိုးလိုတာနဲ့ ပြောင်းသွားမှာ။
ချင်လင်က လျှို့ဝှက်ဆေးနည်းရရချင်း ဝန်ကြီးလုကိုမပေး။ အချိန်ခြားဖို့လိုသောကြောင့် နောက်ရက်ပိုင်းကြာမှ ချင်းလင်ဓာတ်ခွဲခန်းသွားပြီး ဝန်ကြီးလုကိုရှာလိုက်သည်။
ချင်းလင်ဓာတ်ခွဲခန်းရောက်ရောက်ချင်း ဝန်ကြီးလုနှင့်ပါမောက္ခရန်က လူတချို့နှင့်ဝင်လာသည်ကိုတွေ့ရသည်။ ပါမောက္ခရန်က သူ့လက်ထဲမှပစ္စည်းများကိုဖတ်ရှုနေသည်။
ချင်လင်ကိုမြင်လျှင် သူတို့နှစ်ယောက်လုံးဝမ်းသာသွားသည်။ ပါမောက္ခရန်ကပြုံး၍_
"သူဌေးချင်... မင်းရောက်လာတာ အတော်ပဲ... သတင်းကောင်းရှိတယ်... တို့အားကစားသမားတွေထဲကတစ်ယောက် ထိုးဖောက်သွားပြန်ပြီ... သူ့စွမ်းဆောင်ရည်လည်း အတော်လေးတက်လာတယ်''
"အားဖြည့်ဆေးရည်ကန့်သတ်ချက်က တို့ထင်ထားတာထက် ပိုကောင်းလိမ့်မယ်''
ဝန်ကြီးလုက ဖြည့်ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်!''
ချင်လင်က ပြုံးပြုံးနှင့်ပြန်ပြောသည်။
"သူဌေးချင်''
ပါမောက္ခရန်က မေးပြန်သည်_
"ချင်းလင်ဓာတ်ခွဲခန်းက မင်းရဲ့ကုမ္ပဏီဆိုပေမဲ့ ဒီကိုမလာသလောက်ပဲ... ဒီနေ့ရောက်လာတာ ဘာအရေးကြီးကိစ္စရှိလို့လဲ?''
ချင်လင်ကခေါင်းညိမ့်ပြီး ဝန်ကြီးလုကိုကြည့်ကာ_
"ကိစ္စရှိပါတယ်... ဝန်ကြီးလုက ကျွန်တော့်ကိုသုတေသနလုပ်ဖို့ တရုတ်တိုင်းရင်းဆေးနည်းတချို့ပေးလိုက်တာ... ဒီနေ့ အဲဒီအကြောင်းပြောဖို့ရောက်လာတာပါ''
သူ့စကားကြားလျှင် ဝန်ကြီးလုကသက်ပြင်းချကာ_
"သူဌေးချင်... ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီဆေးနည်းတွေကို တရုတ်ဆေးပညာအဖွဲ့အစည်းကလူတွေလေ့လာနေကြတာ... အခုသူတို့အားလုံးက ဒီဆေးနည်းတွေအသုံးမဝင်ဘူးဆိုပြီး အချင်းချင်းပြစ်တင်ပြောဆိုနေကြလေရဲ့... မင်းတစ်ခုခုတွေ့ထားတာများရှိလို့လား?''