သူဌေးချင်မတွေးမိလောက်တဲ့အာနိသင်!
Vol. 42 Ch. 621
ဝန်ကြီးလုစကားနားထောင်ပြီး ချင်လင်ကအမှန်အတိုင်းပြောလိုက်သည်_
"ဝန်ကြီးလု... ကျွန်တော့်ကိုပေးလိုက်တဲ့ဆေးနည်းတွေက သုံးမရသလောက်ပါပဲ... အများစုက ခန္ဓာကိုယ်အားဖြည့်ရုံသက်သက်ပဲ... ဆေးအာနိသင်လုံးဝမရှိဘူး''
"ဟင်း... ထင်ထားတဲ့အတိုင်းပဲ''
သူ့စကားကြားပြီး ဝန်ကြီးလုကသက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ ဘာမှမရတာတော့မဟုတ်ဘူး''
ချင်လင်ကပြောပြလိုက်သည်_
"အာနိသင်ကောင်းတဲ့လျှို့ဝှက်ဆေးနည်းတစ်ခုပါတယ်''
သူကပြောပြောဆိုဆို ဝန်ကြီးလုလက်ထဲ လျှို့ဝှက်ဆေးနည်းနှစ်ခုထည့်ပေးလိုက်သည်။
တစ်ခုက အူလမ်းကြောင်းအားဆေးရဲ့မူရင်းလျှို့ဝှက်ဆေးနည်း၊ နောက်တစ်ခုက ဒေါက်တာ Dott ဆန်းစစ်ပြုပြင်ပေးလိုက်တဲ့လျှို့ဝှက်ဆေးနည်း။
"ဟုတ်လား?''
ဝန်ကြီးလုက ချင်လက်လက်ထဲမှဆေးနည်းနှစ်ခုကိုအမြန်ယူလိုက်သည်။ မူရင်းဆေးနည်းကိုတွေ့သောအခါ ပိုအံ့ဩသွားပြီး_
"သူဌေးချင်... ဒီဆေးနည်းက တကယ်အသုံးတည့်လား? ဒါ တရုတ်ဆေးပညာအဖွဲ့အစည်းကလူတွေ ပယ်လိုက်တဲ့ပထမဆုံးနည်းပဲ''
ချင်လင်က ရှင်းပြသည်_
"ဟုတ်ပါတယ်... ဒီဆေးနည်းပါ... ဒီလျှို့ဝှက်ဆေးနည်းထဲကဆေးပင်တွေကိုမြင်မြင်ချင်း အရမ်းထူးဆန်းတယ်လို့ထင်နေတာ... ဒီဆေးပင်တွေရဲ့ဆေးအာနိသင်အတော်များများက အချင်းချင်းဓာတ်ပြယ်စေတာတွေ့ရတယ်... အဲဒါမဟုတ်သေးဘူး''
"အဲဒါကြောင့် ဓာတ်ပြယ်စေတဲ့ဆေးတွေကို အထူးနည်းလမ်းသုံးပြီးဖယ်ရှားလိုက်တာ... ပြီးတော့ ကျန်တဲ့ဆေးပစ္စည်းတွေနဲ့ ဒီဆေးနည်းရလာတယ်''
"ကျွန်တော် ဒီဆေးနည်းကိုစစ်ဆေးပြီးပြီ... အူလမ်းကြောင်းမှာ သုံးလို့ရတယ်... ဝန်ကြီးလု... ဒီဆေးနည်းယူပြီး တရုတ်ဆေးပညာအဖွဲ့အစည်းကလူတွေကို ဆေးဖော်ခိုင်းလိုက်ပါ... ပြီးရင် ဆေးအာနိသင်ကိုစမ်းသပ်ကြည့်တာပေါ့''
ပါမောက္ခရန်ကနားထောင်ရင်း ချက်ချင်းစိတ်ဝင်စားသွားပြီး_
"သူဌေးချင်... ဒီအတွက်နဲ့ လူနှစ်ယောက်ဒုက္ခခံစရာမလိုပါဘူး... မင်းကူလုပ်ပေးပြီး ကျုပ်ကိုယ်တိုင်စမ်းသပ်မယ်ဆိုရင်ရော?
သူက ဆေးအကြောင်းအရမ်းသိချင်နေပြီ။
သူဌေးချင်က ဆေးရည်နှစ်ပုလင်းယူလာခဲ့ဖူးသည်။ အားဖြည့်ဆေးရည်နှင့်ဝမ်းနှုတ်ဆေးရည်။ ဒီတရုတ်တိုင်းရင်းဆေးတွေကလည်း သူ့စိတ်ဝင်စားမှုကိုမြင့်တက်စေသည်။
ဝန်ကြီးလုလည်း ခေါင်းညိမ့်ထောက်ခံလိုက်သည်_
"အမှန်ပဲ သူဌေးချင်... အဆုံးထိကူညီပေးပါဦး... ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်ဆေးပညာအဖွဲ့အစည်းကလူတွေကို ငါအရမ်းစိတ်ပျက်နေပြီ''
ဝန်ကြီးလုတောင်းဆိုချက်က ချင်လင်အတွက်အပန်းမကြီးသောကြောင့် သဘောတူလိုက်သည်_
"ဆေးဖော်ဖို့က အထူးကိရိယာတချို့နဲ့ဆေးပင်တွေဝယ်ဖို့လိုတယ်''
"ငါအခုချက်ချင်း စီစဉ်ခိုင်းလိုက်မယ်''
ဝန်ကြီးလုကပြောပြောဆိုဆိုဖုန်းထုတ်ပြီး နံပါတ်တစ်ခုကိုဆက်၍ စီစဉ်ခိုင်းလိုက်သည်။ နောက်ပြီး ဝန်ကြီးလုရဲ့လူတွေက အလွန်စနစ်ကျသည်။
ဆေးဖော်စပ်ရန်လိုအပ်သောကိရိယာများ၊ အူလမ်းကြောင်းအားဆေးအတွက်လိုအပ်သောဆေးပင်များရဖို့ သိပ်မကြာလိုက်။
ချင်လင်လည်း ရှန်လီကိုနေရာတစ်ခုစီစဉ်ခိုင်းပြီး စပြင်ဆင်လိုက်သည်။
စနစ်ကြောင့် အူလမ်းကြောင်းအားဆေးက သူ့စိတ်နှင့်ခန္ဓာတွင်စွဲထင်နေသည်။ ထို့ကြောင့် ဆေးဖော်နည်းကို အတော်ကျွမ်းကျင်နေသည်။
ဆေးပစ္စည်းအချိုးအစားတောင် လက်လေးလက်ဆနှင့်မှန်းနိုင်သည်။ ချိန်ကြည့်စရာမလို။ အားလုံးက ကြွက်သားမှတ်ဉာဏ်ကြောင့်ပင်။
သူ့ပုံစံကြောင့် ဝန်ကြီးလုနှင့်ပါမောက္ခရန်က တရုတ်တိုင်းရင်းဆေးကိုအတော်လေ့လာထားသူဟုထင်နေသည်။
"သူဌေးချင်က ချိန်စရာတောင်မလိုဘူး''
ပါမောက္ခရန်က တအံ့တဩပြောလိုက်သည်_
"ကြည့်ရတာ ဒီဆေးဝါးတွေကို ထဲထဲဝင်ဝင်နားလည်ပုံရတယ်''
"အမှန်ပဲ''
ဝန်ကြီးလုခေါင်းညိမ့်လိုက်သည်_
"သူဌေးချင်က ဆေးပစ္စည်းကောင်းမကောင်းကို ပါးစပ်အရသာခံရုံနဲ့တင်သိတယ်... ဆေးအတုတောင်တွေ့သေးတယ်''
"ဒီလောက်တောင်ပဲလား?''
ပါမောက္ခရန်မအံ့ဩဘဲမနေနိုင်တော့။
ချင်လင် အူလမ်းကြောင်းအားဆေးဖော်ပြီးသောအခါ သူတို့နှစ်ယောက်ကချက်ချင်းစစ်ဆေးကြည့်သည်။
မီးခိုးရောင်ဆေးမှုန့်ပန်းကန်တစ်လုံးစာရပြီး ဆေးနံ့ကအတော်ပြင်းသည်။
ဆေးမှုန့်နှင့်ဆေးရည်ကြား အမှန်ပင်ကွာခြားချက်ရှိသည်။ ဆေးရည်မှာ ဆေးအာနိသင်များကိုပြုတ်ယူပြီး ဆေးပင်နှင့်အနယ်များကိုသွန်ပစ်ရသည်။
ဆေးမှုန့်တွင်မူ ဆေးပင်များကိုအမှုန့်ကြိတ်ပြီး တန်းသောက်နိုင်ရန် ဆေးပစ္စည်းကိရိယာတချို့သုံးပြီးဖော်ရသည်။
"သူဌေးချင်... ဒီလျှို့ဝှက်ဆေးနည်းအတိုင်းဖော်ထားတဲ့ဆေးမှုန့်က တန်းသောက်လို့ရလား?''
ဝန်ကြီးလုက စူးစမ်းလိုက်သည်။
ချင်လင်က တိတိကျကျအဖြေမပေးဘဲ_
"ဆေးနည်းအရတော့ ရတယ်... ဒါပေမဲ့ ဒီဆေးမှုန့်မှာတခြားအဆိပ်မရှိဘူးလို့တော့ အာမမခံနိုင်ဘူး... ဘာပဲဖြစ်ဖြစ် လက်တွေ့မစမ်းသပ်ရသေးဘူး... ကျွန်တော်တို့စမ်းသပ်ကြည့်ဖို့လိုသေးတယ်''
အဆိပ်ကတော့ အဆိပ်မဖြစ်နိုင်။
အဆိပ်သာဆိုရင် စနစ်က +၁ အရည်အသွေးနှင့်ထည့်ထားပေးလိမ့်မည်။
အရမ်းကာရောအာမမခံခြင်းက သူ့အတွက်တစ်ကွက်ချန်ထားခြင်းပင်။
ဝန်ကြီးလုနှင့်ပါမောက္ခရန်က ဒါကိုဂရုမစိုက်။ ပါမောက္ခရန်က ချက်ချင်းဆေးမှုန့်ယူပြီး_
"ငါစစ်ဆေးကြည့်မယ်''
သူကပြောပြောဆိုဆို အူလမ်းကြောင်းအားဆေးယူပြီး စစ်ဆေးကြည့်ရန်ဓာတ်ခွဲခန်းထဲဝင်သွားသည်။
ကွေ့ယွမ်ဆေးမှုန့်မှာ ကင်ဆာကုနိုင်သောဆေးဖြစ်သည်ဆိုသော်လည်း ဝမ်းနှုတ်ဆေးရည်လို စမ်းသပ်ရမလွယ်ချေ။ ထို့ကြောင့် ၂ နာရီ၊ ၃ နာရီစောင့်ပြီး ဘာသတင်းမှမကြားလျှင် ချင်လင်က ချင်းလင်ဓာတ်ခွဲခန်းမှပြန်ထွက်လာခဲ့သည်။
ဘာပဲဖြစ်ဖြစ် ပါမောက္ခရန်စမ်းပြီးရလာမယ့်အဖြေကို သူသိသည်။
ဓာတ်ခွဲခန်းထဲ၌_
တစ်ဖက်တွင် ပါမောက္ခရန်မှာ သူ့လက်ထောက်နှင့်အလုပ်ရှုပ်နေသည်။ သူကပါဝင်ပစ္စည်းများနှင့်ဆေးမှုန့်အာနိသင်ကို ကိရိယာအမျိုးမျိုးနှင့်စစ်ဆေးနေသည်။
ဒီတစ်ခေါက်ဆေးမှုန့်က ဝမ်းနှုတ်ဆေးရည်ထက် အများကြီးပိုရှုပ်ထွေးကြောင်း ပါမောက္ခရန်ဝန်ခံရပေမည်။ သို့သော် ဆေးထဲတွင်ထူးခြားသောအာနိသင်များစွာတွေ့ရသဖြင့် အလွန်စိတ်လှုပ်ရှားနေသည်။
"ပါမောက္ခရန်... ဆေးဖွဲ့စည်းပုံကိုကြည့်လိုက်ပါဦး''
ရုတ်တရက် လက်ထောက်က စိတ်လှုပ်ရှားသံနှင့်ပြောလာသည်။
ပါမောက္ခရန်က လက်ထောက်ပြထားသောဆေးဖွဲ့စည်းပုံကို အမြန်ကြည့်လိုက်သည်။ ဖတ်ကြည့်ပြီးနောက် သူကအလောတကြီးနှင့်_
"မြန်မြန် ဝန်ကြီးလုကိုသွားရှာ... တရုတ်သိပ္ပံအကယ်ဒမီက အူမကြီးကင်ဆာအကြောင်းအချက်အလက်တွေပို့ခိုင်းလိုက်''
တရုတ်သိပ္ပံအကယ်ဒမီမှသုတေသနအချက်အလက်များမှာ အပြင်လောကကိုအသိမပေးသော ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ အထဲမှအချက်အလက်ကိုရယူပြီးဖြန့်ဖို့နေနေသာသာ အပြင်လောကနှင့်အဆက်အသွယ်ရဖို့တောင်မဖြစ်နိုင်ချေ။