သူဌေးချင်မတွေးမိလောက်တဲ့အာနိသင်! ၃
Vol. 42 Ch. 623
Lazda (အခန်း ၂၁၁) မှာ လုံးဝအသည်းအသန်ပင်၊ အဆင့်တိုင်းကို အသေအချာအာရုံစိုက်ထားသည်။
ဒီတစ်ခေါက် တရုတ်အစားအစာကိုလေ့လာရန် တရုတ်စားဖိုမှူးတစ်ယောက်ကိုစိန်ခေါ်ခဲ့သည်။ အလောင်းအစားက သူနိုင်ရင် ကျွမ်းကျင်ရာတရုတ်ဟင်းပွဲတစ်မျိုး သူ့ကိုသင်ပေးရမည်ဟူ၍။
နာမည်ကြီးထိပ်တန်းတရုတ်စားဖိုမှူးတချို့ကိုအနိုင်ယူပြီးနောက် သူလည်းတရုတ်အစားအစာတချို့တတ်မြောက်လာသည်။
ဒီငါးရှဉ့်လည်း တစ်ခုအပါအဝင်။
နောက်ပြီး အခုတလော ဒီဟင်းပွဲကိုလေ့ကျင့်နေခြင်းမှာ သူစားဖူးသောငါးဟင်းကို အချိန်နှင့်အမျှသတိရနေခြင်းကြောင့်ပင်။
ချင်းလင်စံအိမ်တွင်စားဖူးသောဟင်းပွဲက သူစားဖူးသမျှထဲတွင်အရသာအရှိဆုံးလည်းဖြစ်သည်။
နံပါတ်တစ်ကြယ်သုံးပွင့်မီချီလင်စားဖိုမှူးဖြစ်ပြီး တရုတ်ထိပ်တန်းစားဖိုမှူးတချို့ကိုအနိုင်ယူခဲ့သည်ဖြစ်လင့်ကစား သူတိုင်းပြည်က သူ့ကိုကမ္ဘာ့နံပါတ်တစ်စားဖိုမှူးဟူ၍ကြွေးကြော်နေရင်တောင် သူက စားဖိုမှူးတစ်ယောက်ဖြစ်နေဆဲပင်။ ကမ္ဘာ့နံပါတ်တစ်က ဟာသဖြစ်နေမှန်း သူကောင်းကောင်းသိသည်။
ငါးချက်နည်းလေ့လာပြီးနောက် ထိုကဲ့သို့အရသာရှိဟင်းပွဲမျိုးဖန်တီးနိုင်အောင် အပြင်းအထန်လေ့ကျင့်ခဲ့သည်။
ခဏအကြာ အိုးထဲကငါးအနေတော်ဖြစ်သွားသည်။ အိုးထဲမှထုတ်ပြီးနောက် ချက်ချင်းတူနှင့်ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။
အမှန်အတိုင်းပြောရရင် သူအခုထိ တူနှင့်အသားမကျသေးသော်လည်း တရုတ်ဟင်းပွဲများသင်ယူပြီးနောက် မဖြစ်မနေတူသုံးနည်းကိုလေ့လာရသည်။

တရုတ်အစားအစာလေ့လာပြီး သူတတ်သောအနောက်တိုင်းနည်းနှင့်ပေါင်းစပ်လိုက်ရာ သူ့လက်ရာအတော်တိုးတက်လာသည်။
ဒါကြောင့်လည်း အနောက်တိုင်းအစားအစာကအကောင်းဆုံး၊ကမ္ဘာ့ရေပန်းအစားဆုံးဟုထင်ပြီး တရုတ်အစားအစာ ဒါမှမဟုတ် တခြားနိုင်ငံအစားအစာများကိုအထင်သေးနှိမ့်ချသော သူ့နိုင်ငံကအရူးတွေလိုမဟုတ်တော့ဘဲ သူသဘောပေါက်လာသည်။
နိုင်ငံတိုင်းတွင် သူ့ကိုယ်ပိုင်အစားအစာယဉ်ကျေးမှုနှင့် ကိုယ်စီတန်ဖိုးရှိသည်။
တရုတ်အစားအစာကိုလေ့လာခါစဖြစ်သော်လည်း သူ့လက်ရာကိုအများကြီးအထောက်အကူဖြစ်စေသည်။ သူ့လိုအပ်ချက်များကို ဖာထေးနိုင်သည်။
သင်ယူရခက်ခဲရင်တောင် ဒီစကားကသင့်တော်သည်ဟု သူထင်မိသည်။
သို့သော် ငါးဟင်းပါးစပ်ထဲရောက်သောခဏတွင် Lazda မျက်နှာမှာ စိတ်ပျက်လက်ပျက်နှင့်_
"လိုသေးတယ်... အများကြီးလိုသေးတယ်!''
သူနည်းနည်းဦးနှောက်ခြောက်သွားသည်။
ဒီတံခါးပိတ်လေ့ကျင့်နေတဲ့အတောအတွင်း သူ့လက်ရာက အတော်တိုးတက်လာသည်။ ကြယ်သုံးပွင့်မီချီလင်စာဖိုမှူးတွေနှင့် အဆင့်မတူတော့။ သို့သော် ဟိုအရသာရှိတဲ့ဟင်းပွဲမျိုးမဖန်တီးနိုင်သေး။
ငါးချင်းအတူတူ၊ သူစိတ်ရောကိုယ်ပါနှစ်ပြီး ချက်ထားတဲ့ငါးက ချင်းလင်စံအိမ်ကဟာနဲ့ယှဉ်ရင် အသင့်စားအထုပ်လိုခံစားနေရသည်။
ဒီလိုဆက်သွားလို့တော့မဖြစ်။ သူဘယ်လောက်ပဲလေ့လာလေ့လာ အဲလိုဟင်းပွဲမျိုးချက်နိုင်မည်မဟုတ်။ ဖြစ်နိုင်တာက၊ ဖြစ်နိုင်တာက၊ ချင်းလင်စံအိမ်ကို သူသွားသင်မှရတော့မည်။

သူကမာနကြီးသူဆိုသော်လည်း အချက်အပြုတ်လက်ရာနှင့်ပတ်သက်လျှင် နှိမ့်ချတတ်သူဖြစ်သည်။
ထိုအခိုက် ဝတ်စုံနှင့်လူဖြူတစ်ယောက်လျှောက်ဝင်လာပြီး_
"Lazda... ဒါမင်းဖန်တီးထားတဲ့ဟင်းပွဲအသစ်လား?''
သူကပြောပြောဆိုဆို ငါးဟင်းကိုနှိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ တူဘယ်လိုသုံးရလဲ သူသိပုံမရ။
Lazda ခေါင်းခါလိုက်သည်။ ထိုသူက အစားအစာမန်နေဂျာ Doug ဖြစ်သည်။ ပြိုင်ပွဲအတွက် တခြားစားဖိုမှူးများနှင့်ချိတ်ဆက်ပေးသောသူပင်။
မဟုတ်ရင် သူ့မှာအချိန်မရှိ။
ငါးရှဉ့်ပါးစပ်ထဲရောက်ရောက်ချင်း Doug ကပြုံးပြီး ချီးကျူးလိုက်သည်_
"Lazda... မင်းလက်ရာက တိုးတက်လာပြန်ပြီ... ဒီတရုတ်ဟင်းပွဲက အရမ်းအရသာရှိတယ်... တခြားကြယ်သုံးပွင့်မီချီလင်စားဖိုမှူးတွေနဲ့ ကွာခြားချက်ပိုကြီးလာပြီ''
Lazda မှာ သိပ်ဝမ်းသာမနေ။ တခြားကြယ်သုံးပွင့်မီချီလင်စားဖိုမှူးတွေကို သူဂရုမစိုက်။ သူလေးစားတဲ့တစ်ဦးတည်းသောသူက ချင်းလင်စံအိမ်ကလူ။
"ဟုတ်သားပဲ... ငါ တောင်တန်းစံအိမ်က စာဖိုမှူးတစ်ယောက်ကိုလည်း စိန်ခေါ်ခဲ့တယ်''
Doug က ဖြည့်ပြောလိုက်သည်_
"စာဖိုမှူးက အရမ်းနာမည်ကြီးတဲ့ပုံပဲ... တစ်နပ်စာကို ယွမ် ၆၀၀၀၀ ကျော်နဲ့ရောင်းတာ... အဲဒါ ဒေါ်လာ ၉၀၀၀ ကျော်ပဲ... နာမည်တောင်ပေးထားသေးတယ်... အကြီးအကဲစားပွဲတဲ့... ဘာသာပြန်ရရင် သမ္မတစားပွဲပေါ့ကွာ''
“???”
သူပြောတာနားထောင်ရင်း Lazda ရုတ်တရက်ကြောင်သွားသည်။ တစ်ခုခုတော့ မှားနေပြီ။
"ဒါနဲ့... အဲဒီစံအိမ်နာမည်က ချင်းလင်စံအိမ်တဲ့''
Doug က ထပ်ပြောသည်_
"မင်းအတွက် လက်မှတ်ယူထားပြီးပြီ... ပြီးရင် လေယာဉ်အမီသွားရမယ်''
“ဘာ?”
Lazda ချက်ချင်းမျက်စိကျယ်သွားသည်။
Doug က ဘယ်သူ့ကိုစိန်ခေါ်မယ်ပြောနေတာလဲ?
ဒါ သူ့ကိုအချွန်နဲ့ 'မ'နေတာမလား?