ဒီကောင်က အံ့ဩစရာ! မပြိုင်ခင် အရှုံးပေး? ၂
Vol. 42 Ch. 625
သို့သော် စနစ်ထုတ်ကုန်များက မတူ။ တစ်ချိန်တည်းမွေးမြူခဲ့ခြင်းဖြစ်သော်လည်း လိပ်ကြီးနှစ်ကောင်ပါလာသည်။
(လိပ်: အရည်အသွေး ၁)
(အလွန်အာဟာရဖြစ်သောတိရစ္ဆာန်ဖြစ်သည်။ အသားကလည်း ဖြည့်စွက်စာကုထုံးအတွက် အာနိသင်များစွာရှိသည်:
စားကောင်းခြင်း +၁၊ အရသာ +၁၊ အာဟာရကြွယ်ဝခြင်း +၁၊ မူးဝေသက်သာစေခြင်း +၁၊ ညဘက်ချွေးပြန်ခြင်းကိုသက်သာစေခြင်း +၁၊ အပူဓာတ်ကျဆင်းခြင်းကိုသက်သာစေခြင်း +၁၊ ယင်ဓာတ်အားဖြည့်ပေးခြင်းနှင့်မီးဓာတ်လျှော့ချပေးခြင်း +၁၊ နှလုံးသွေးကြောပိတ်ဆို့မှုကိုသက်သာစေခြင်း +၁၊ သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးခဲဖြိုခွဲပေးခြင်း +၁၊ ကျောက်ကပ်အားဖြည့်ပြီး အရိုးသန်မာစေခြင်း +၁၊ ခါးကောင်းစေခြင်း +၁!)
ဒါကြောင့် ဒီလိပ်ကအရမ်းနာမည်ကြီးပြီး လူအတော်များများ စားချင်နေကြတာပဲ။
အရသာ၊ အသားနှင့် တခြားအရည်အသွေးတွေအသာထားဦး။ ကျောက်ကပ်အားဖြည့်ပေးပြီး အရိုးအားကောင်းစေခြင်း၊ ခါးကောင်းစေခြင်း အရည်အသွေးနှစ်မျိုးနှင့်တင် လူတိုင်းကိုဆွဲဆောင်နိုင်ပြီ။
စနစ်ပစ္စည်းအတော်များများမှာ ဒီလိုအရည်အသွေးရှိတတ်ကြောင်း သူသိသည်။
လွန်တာ!
အမှန်အတိုင်းပြောရရင် အရင်ထွက်တဲ့ပစ္စည်းတွေက ယန်ဓာတ်အားဖြည့်ပေးပြီးကျောက်ကပ်အားကောင်းစေတဲ့အစားအစာတစ်ဝိုင်းလုပ်ရင်တောင်လုပ်နိုင်ပြီ။
ထို့နောက် ချင်လင်ကလိပ်ကြီးနှစ်ကောင်ကိုကြည့်လိုက်သည်။
(လိပ်: အရည်အသွေး ၂)
(အလွန်အာဟာရဖြစ်သောတိရစ္ဆာန်ဖြစ်သည်။ အသားကလည်း ဖြည့်စွက်စာကုထုံးအတွက် အာနိသင်များစွာရှိသည်:
စားကောင်းခြင်း +၂၊ အရသာ +၂၊ အာဟာရကြွယ်ဝခြင်း +၂၊ မူးဝေသက်သာစေခြင်း +၂၊ ညဘက်ချွေးပြန်ခြင်းကိုသက်သာစေခြင်း +၂၊ အပူဓာတ်ကျဆင်းခြင်းကိုသက်သာစေခြင်း +၂၊ ယင်ဓာတ်အားဖြည့်ပေးခြင်းနှင့်မီးဓာတ်လျှော့ချပေးခြင်း +၂၊ နှလုံးသွေးကြောပိတ်ဆို့မှုကိုသက်သာစေခြင်း +၂၊ သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးခဲဖြိုခွဲပေးခြင်း +၂၊ ကျောက်ကပ်အားဖြည့်ပြီး အရိုးသန်မာစေခြင်း +၂၊ ခါးကောင်းစေခြင်း +၂၊ အစာအိမ်ကင်ဆာကာကွယ်ကုသခြင်း +၁)

အရည်အသွေး ၂ လိပ်မှတ်ချက်က အရည်အသွေး ၁ နှင့်တူသော်လည်း အားလုံး +၂ အာနိသင်ဖြစ်သည်။
သို့သော် မှတ်ချက်အဆုံးတွင် နည်းနည်းကွာသည်။
ချင်လင်တောင် ကြည့်ပြီးအံ့ဩသွားသည်။
ကျောက်ကပ်အားဖြည့်ပြီးအရိုးအားကောင်းစေတာ၊ ခါးကောင်းစေတာတွေ ဘေးရောက်သွားသလိုလို။
အစာအိမ်ကင်ဆာကာကွယ်ကုသခြင်း +၁!
ဒီအရည်အသွေးက အရည်အသွေး ၂ ငါးပုတ်သင်အဝါရဲ့ကင်ဆာကာကွယ်ခြင်း +၂ အာနိသင်ထက်တောင်ပိုကောင်းသေး။
ဒီအရည်အသွေးက +၁ ပဲရှိပေမဲ့ အစာအိမ်ကင်ဆာအတွက် ကာကွယ်နိုင်တဲ့အပြင် ကုသနိုင်ခြင်း +၁ အာနိသင်ပါပါတာ အံ့ဩစရာ။
အစာအိမ်ကင်ဆာအတွက်ဆိုရင်တောင် အပြင်လူတွေဒီအကြောင်းသိရင် အသည်းအသန်လုကြလိမ့်မည်။
"ဒီကောင်က ဒီလိုအာနိသင်မျိုးရှိတာပဲ''
လိပ်ခွံက ကင်ဆာကုနိုင်သည်ဆိုသော်လည်း စားသူတွေမှာ အာနိသင်မပြကြောင်း ချင်လင်ကြားဖူးသည်။
အခု ဒီအရည်အသွေး ၂ လိပ်မှာ ဒီလိုအရည်အသွေးမျိုးတကယ်ရှိနေသည်။
အဓိကက အရည်အသွေး ၁ လိပ်မှာ ဒီလိုအရည်အသွေးမျိုးမရှိ။
ချင်လင်က အကြောင်းရင်းကိုမှန်းဆကြည့်သည်။ အတိုင်းအတာတစ်ခုအထိကြီးထွားလာမှ ဒီလိုအရည်အသွေးမျိုးရှိပုံရသည်။

အတိုင်းအတာတစ်ခုအထိ ရောဂါကိုဖိနှိပ်နိုင်ခြင်းက ကုသနိုင်ခြင်းနှင့်အတူတူပင်။ ဒီကောင်က အစာအိမ်ကင်ဆာကိုဖိနှိပ်နိုင်သည်။ ကုသတဲ့ဆေးရှိရင်တောင် ဆေးအာနိသင်ကဒီလောက်မကောင်း၊ အစာအိမ်ကင်ဆာကိုကုသနိုင်ချေရှိခြင်းသာ။
ဒါပေမဲ့ ဒါကသူ့ခန့်မှန်းချက်။ ဘာစမ်းသပ်ချက်မှမရှိဘဲ အလုပ်ဖြစ်မဖြစ်ဘယ်သိမလဲ?
ဘာပဲဖြစ်ဖြစ် ဒီလိပ်ကပစ္စည်းကောင်းပင်။
ချင်လင်က အရည်အသွေး ၂ နှစ်ကောင်ကိုယူပြီး အရင်ဂိမ်းသိုလှောင်ခန်းထဲတွင်အသင့်ဆောင်ထားသောအိတ်ထဲထည့်လိုက်သည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။
ဒီညစားကောင်းဖို့ ဒီလိပ်နှစ်ကောင်ကို အားကိုးရတော့မည်။
ကျေးလက်မှစီရင်စုထဲရောက်ပြီးနောက်ပိုင်း ထပ်မစားဖူးတော့။ ကလေးဘဝက သူ့အဖေနောက်လိုက်ပြီး ဓာတ်မီးနှင့်သဘာဝလိပ်ဖမ်းခဲ့သောအချိန်များကို သတိရမိသည်။
စံအိမ်ရောက်သောအခါ ချင်လင်က လိပ်နှစ်ကောင်ကိုစားဖိုဆောင်ထဲယူပြီး ဆရာလင်းလက်အပ်ကာ ကြည့်ကြပ်လုပ်ခိုင်းလိုက်သည်။
အရည်အသွေး ၂ လိပ်နှစ်ကောင်မှာ ဝန်ကြီးလုနှင့်ပါမောက္ခရန်ကိုဧည့်ခံဖို့ မျက်နှာပန်းလှသည်။
ဆရာလင်းမှာ လိပ်ကြီးနှစ်ကောင်မြင်လျှင် အံ့ဩပြီး_
"သူဌေး... ဒီနှစ်ကောင်က ပေါင် ၃၀ လောက်ရှိမယ်... ဆယ်စုနှစ်ချီတဲ့သဘာဝကောင်တွေမလား? ဒီအရွယ်လောက်အကောင်က မွေးဖို့တောင်ခက်တယ်''
ချင်လင်ကခေါင်းသာညိမ့်ပြီး ရှင်းမပြ။
ဘယ်လိုပဲဖြစ်ဖြစ် ရှင်းပြရခက်သည်။
ဆရာလင်းအထင်လွဲလည်း လွဲစေတော့။
ဆရာလင်းက သိပ်မမေး။ ဘာပဲဖြစ်ဖြစ် သူဌေးယူလာနေကျပစ္စည်းကောင်းတွေအားလုံးကို သူအသားကျနေပြီ။
စားဖိုမှူးတစ်ယောက်အနေနှင့် ဒီလိုအဆင့်မြင့်ပါဝင်ပစ္စည်းကိုလုပ်ကိုင်စီစဉ်တတ်ခြင်းကလည်း ပျော်စရာတစ်ခုပင်။
ဒီလိုပျော်စရာမျိုးကို သာမန်လူတွေနားလည်ဖို့ခက်သည်။
လိပ်နှစ်ကောင်ကိုဆရာလင်းလက်အပ်ပြီး ချင်လင်ကသူ့ရုံးခန်းထဲပြန်လာသည်။ သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုပြန်ကြည့်၍ ဂိမ်းဇာတ်ကောင်အား နွေဦးသတ္တုတွင်းသွားကာဆက်တူးစေလိုက်သည်။
အရင် နှစ်လွှာဆက်တိုက်တူးပြီး ကံမကောင်း၍ ဘာမှဟုတ်တိပတ်တိမရခဲ့။ ဒီနေ့ သူ့ကံက ပြန်တက်လောက်ပြီမလား?
ထိုအတွေးနှင့် ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား နွေဦးသတ္တုတွင်းတွင် စတူးစေသည်။ ဖြစ်ချင်တော့ သူ့ကံကတက်လာပုံမရ။ နှစ်လွှာဆက်တိုက်တူးပြီးနောက် ကျောက်မျက်တစ်စနှစ်စ၊ အထူးမြေကြီးနှစ်အိတ်သုံးအိတ်မှလွဲ၍ ကမ္ဘာ့စမ်းရေတစ်ပုံးတောင်မတွေ့။
ချင်လင်က ဂိမ်းဇာတ်ကောင်အား ၁၈ လွှာထဲဆက်ဝင်စေရာ အတားအဆီးမရှိပေ။
ဒီအဆင့်မှာ နွေဦးသတ္တုတွင်းက အရင်ထက်အလွှာများများပိုပွင့်လာပုံရသည်။
သူဆက်တူးသည်။
၁၈ လွှာထဲဝင်ပြီးနောက် သူ့ကံတက်လာသည်။ လေးငါးကွက်တူးပြီးလျှင် ကျောက်မျက်သတ္တုနှင့်အထူးမြေကြီးတစ်အိတ်ရသည်။ ထို့နောက် အသိပေးစာပေါ်လာသည်။
(အထူးဂမ္ဘီရကျောက်ပြားရသည့်အတွက် ဂုဏ်ယူပါသည်။ ဟင်းချက်နည်းတစ်မျိုးပါပုံရသည်။ မြို့ထဲသွား၍ အစားတလိုင်းထံတွင် အကဲဖြတ်နိုင်သည်!)
"ငါ့ကံကောင်းလာပြီ''
ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်အား အထူးဂမ္ဘီရကျောက်ပြားကိုအိတ်ထဲထည့်စေသည်။
အရင်အတွေ့အကြုံအရ ဒီအထူးဂမ္ဘီရကျောက်ပြားက နောက်ထပ်ဟင်းချက်လက်ရာပေးဖို့များတယ်ဆိုတာ အကဲဖြတ်စရာတောင်မလို။
သူကအလျင်မလိုဘဲ သူ့ဂိမ်းဇာတ်ကောင်ကိုဆက်တူးစေလိုက်သည်။
ကံကောင်းလက်စနှင့် ပစ္စည်းကောင်းတွေပိုရချင်သည်။ ဖြစ်ချင်တော့ လောဘကြီးတိုင်းမရ။ ၁၈ လွှာအကုန်တူးပြီး ရွှေ၊ ငွေ၊ ကြေးနီစအပြင် ပစ္စည်းကောင်းမရတော့။
သူ့ဂိမ်းဇာတ်ကောင်အား ၁၉ လွှာထဲဝင်ခိုင်းမည်အပြုတွင် ဖြတ်သန်းခွင့်ကန့်သတ်ကြောင်းစနစ်အသိပေးချက်ပေါ်လာတော့သည်။