ဒီကောင်က အံ့ဩစရာ! မပြိုင်ခင် အရှုံးပေး? ၃
Vol. 42 Ch. 626
ဒီတော့ ဒီတစ်ခေါက်နွေဦးသတ္တုတွင်းပြီးပြီပေါ့။
အထူးဂမ္ဘီရကျောက်ပြားရထား၍သာ အနည်းနှင့်အများဖြေသိမ့်နိုင်သည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား နွေဦးသတ္တုတွင်းမှထွက်စေသည်။ ဂမ္ဘီရကျောက်ပြားကိုဖြေရှင်းရန် သတ္တုမြို့တော်တန်းသွားပြီး အစားတလိုင်းကိုသွားရှာသည်။
အစားတလိုင်းက မြို့ထဲမှာအမြဲမရှိ။ အခြေအနေထူးခြားမှသာ ပေါ်လာတတ်သည်။ ဥပမာဆိုရသော် ပျောက်ဆုံးနေသောဟင်းချက်နည်းကျောက်ပြားကိုတူးဖော်ရရှိပြီး အကဲဖြတ်ဖို့လိုသောကြောင့် အစားတလိုင်းပေါ်လာသည်။
(စိုက်ပျိုးရေးခြံပိုင်ရှင်ပဲ... ထပ်ဆုံပြန်ပြီနော်... လက်ထဲကဘာလဲ? ကြည့်ရတာ ပစ္စည်းကောင်းတစ်ခုခုရှာတွေ့လာပုံပဲ... ကူကြည့်ပေးရမလား?)
အစားတလိုင်းက လိုလိုလားလားပြောနေမှတော့ ချင်လင်က ''ဟုတ်ကဲ့''ပါပေါ့။
ခဏအကြာ အစားတလိုင်းအသံထွက်လာပြန်သည်။
(ဂုဏ်ယူပါတယ်... ဒီဂမ္ဘီရကျောက်ပြားမှာ ဟင်းချက်နည်းဗဟုသုတတစ်မျိုးမှတ်တမ်းတင်ထားပါတယ်... အဓိပ္ပါယ်က နက်နဲတယ်... အခွံမာချက်နည်းစာအုပ်နဲ့လဲပေးရမလား?)
ချင်လင်က 'လဲမည်' 'မလဲပါ' အမှတ်အသားများကိုကြည့်ရင်း 'လဲမည်'ကိုပြတ်ပြတ်သားသားရွေးလိုက်သည်။
သူနည်းနည်းအံ့ဩနေသေးသည်။ ဒီဂမ္ဘီရကျောက်ပြားက ဟင်းချက်နည်းနှင့်လုံးဝဆက်စပ်နေမည်မှန်းသိထားသော်လည်း တိုက်တိုက်ဆိုင်ဆိုင် အခွံမာဟင်းချက်နည်းစာအုပ်ဖြစ်နေသည်။
အခွံမာဟင်းချက်နည်းမှာ ပြောစရာမလို။ ပုစွန်၊ ဂဏန်းလိုအခွံမာပါဝင်ပစ္စည်းများကို အခြေခံထားသည်။ လိပ်ကလည်း အခွံမာ၊ တွားသွားသတ္တဝါပင်။
ဒီတော့ မတိုက်ဆိုင်လွန်းဘူးလား?
နောက်ပြီး လိပ်ကဖြည့်စွက်စာအတွက်သင့်တော်သည်။ ထို့ကြောင့် အရည်အသွေး ၂ အပြင် ဆေးပြုတ်ရည်နှင့်ဟင်းချက်လက်ရာကြောင့် သူ့အစားအစာအရည်အသွေးက မြင့်လာပြန်သည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်သွားစေပြီး ဂိမ်းထဲဝင်လိုက်သည်။
(အထူးဟင်းချက်နည်းစာအုပ်ဖြစ်သည်။ အသုံးပြုပြီးလျှင် ဟင်းချက်လက်ရာနှင့်အခွံမာချက်နည်းရမည်။ အခွံမာပါဝင်ပစ္စည်းအမျိုးအစားအားလုံးကိုချက်တတ်မည်:
အသား +၁၊ စားကောင်းခြင်း +၁၊ နှုတ်မြိန်ခြင်း +၁၊ အနံ့ +၁၊ လျှာပေါ်စွဲကျန်ခြင်း +၁!)
လက်ရာအရည်အသွေးက အရင်ဘဲဥထမင်းကြော်နှင့်ငါးချက်နည်းအတိုင်းပင်။

ချင်လင်က အခွံမာဟင်းချက်နည်းစာအုပ်အားအသုံးပြုမည်ကိုရွေးလိုက်သည်။
ထူးဆန်းသောခံစားချက်မျိုးထပ်ဖြစ်လာပြီး ခဏအကြာ အခွံမာဟင်းချက်နည်းကို သူတတ်မြောက်သွားသည်။
ညနေပိုင်းတွင် ချင်လင်က စားဖိုဆောင်တန်းသွားလိုက်သည်။
ဒီနေ့ အခွံမာဟင်းချက်နည်းစာအုပ်ကိုရုတ်တရက်ရလိုက်သဖြင့် အရည်အသွေး ၂ လိပ်နှစ်ကောင်ကိုဆေးဖက်ဝင်အစားအစာဖြစ်အောင် သူကိုယ်တိုင်ချက်ချင်သည်။ အရည်အသွေး ၂ လိပ်နှစ်ကောင်၊ ဆေးဖက်ဝင်နည်းနှင့် အခွံမာချက်နည်း၏စားကောင်းပုံကိုမြည်းချင်သည်။
တစ်ချိန်တည်း ချင်းလင်ဓာတ်ခွဲခန်းမှ လီခိုင်၊ ရှန်လီ၊ ဝန်ကြီးလု၊ ဒါရိုက်တာရန်၊ ပါမောက္ခရန်နှင့်လက်ထောက်များ၊ အားကစားသမားတချို့ကိုလည်း ဖိတ်လိုက်သည်။
၁၅ ကီလိုနီးပါးရှိသောလိပ်နှစ်ကောင်ကိုဆေးဖက်ဝင်ပြုတ်ရည်လုပ်လိုက်ရာ စံအိမ်စီမံရေးအကြီးပိုင်းအားလုံး စားလောက်သောက်လောက်အောင်ရသည်။
သို့ရာတွင် ပါမောက္ခရန်မှာ အူလမ်းကြောင်းအာဆေးကိုစိတ်စွဲနေသည်။ အစာအိမ်အူလမ်းကြောင်းအကျိတ်အပေါ်အာနိသင်ကို အမြန်ဆုံးအတည်ပြုချင်နေသည်။
ဝန်ကြီးလုလည်း ရလဒ်စောင့်နေသဖြင့် ဖိတ်ကြားမှုကိုအားနာပါးနာငြင်းလိုက်သည်။ စားဖို့ကံမပါဟုသာ ပြောရတော့သည်။
ဒါရိုက်တာရန်လည်း ယဉ်ယဉ်ကျေးကျေးငြင်းသည်။ အားကစားသမားများမှာ အစားအသောက်ထိန်းရသည်။ အထူးသဖြင့် အားဖြည့်ဆေးသုံးပြီး အကန့်အသတ်နှင့်လေ့ကျင့်ရသူများပင်။ သူတို့ကိုမစားဖို့တားမြစ်ထားသောကြောင့် သူလည်းအားကစားတချို့နှင့်အတူ မလာဖြစ်ချေ။
တစ်ဖက်တွင် လီခိုင်နှင့်ရှန်လီမှာ ဖိတ်ကြားချက်ရရချင်း ချင်းလင်စံအိမ်ရောက်သွားသည်။ ချင်လင်၏လက်ရာကိုသူတို့သိသောကြောင့် မစားလိုက်ရရင် တနုံ့နုံ့ဖြစ်နေမည်။
ချင်လင်က စားဖိုဆောင်ထဲဝင်လိုက်ရာ ဆရာလင်းမှာ လိပ်သားအိုးဆေးနေသည်ကိုတွေ့ရသဖြင့် မေးလိုက်သည်_
"အားလုံးပြီးသွားပြီလား?''
"သူဌေး... ခင်ဗျားကိုယ်တိုင်ချက်မလို့လား?''
ဆရာလင်းက ခေါင်းညိမ့်ပြသည်။
"အင်း! ရုတ်တရက်လက်တွေယားလာလို့ စားဖိုဆောင်ထဲရောက်လာတာ''
ချင်လင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။
"ဟား ဟား... ကောင်းလိုက်တာ... ဟင်းကောင်းထပ်စားရဦးမယ်... ကျုပ်ကူပေးမယ် သူဌေး''
ဆရာလင်းကပြုံးပြုံးနှင့် ဆေးထားသောလိပ်သားကို ချင်လင်ဆီပေးလိုက်သည်။
ဒီတစ်ကြိမ် စားဖိုဆောင်ထဲကစာဖိုမှူးများ စိတ်ဝင်စားသွားပြန်သည်။ သူဌေးက အချက်အပြုတ်ဆရာတစ်ဆူမှန်း အားလုံးသိကြသည်။ သူဌေးချက်တိုင်း သူ့လက်ရာက လူတကာဩချရလောက်အောင် ကောင်းလွန်းသည်။
ပွင့်ပွင့်လင်းလင်းပြောရရင် အမြဲလိုလိုစားဖိုဆောင်ထဲအချိန်ကုန်နေသောသူတို့က သူတို့သူဌေးလောက်လက်ရာမကောင်းတာ အတော်လေးအရှိုက်ထိသည်။

သို့ရာတွင် ဒီလိုသူဌေးမျိုးလက်အောက်မှာအလုပ်လုပ်ရတာ အရမ်းဝမ်းသာကြောင်း စားဖိုမှူးများဝန်ခံရပေမည်။
ချင်လင်က လိပ်သားယူပြီးနောက် အရင်ဆေးဖက်ဝင်အပင်များထားသောမီးဖိုနားသွားလိုက်သည်။ ထို့နောက်အိုးထုတ်ပြီး ဆေးပြုတ်ရည်စပြုတ်သည်။
တစ်ချိန်တည်းမှာ အရင်တစ်ခေါက်ကလို အခွံမာချက်နည်းကိုသုံးပြီး လိပ်သားကိုကြော်လိုက်သည်။
ဤသို့ကြော်ခြင်းဖြင့် ဆေးဖက်ဝင်ဟင်းပွဲလုပ်သောအခါ လိပ်သားနံ့မွှေးနေလိမ့်မည်။ လိပ်ခွံချက်နည်းအာနိသင်လည်းရသည်:
အသား +၁၊ စားကောင်းခြင်း +၁၊ နှုတ်မြိန်ခြင်း +၁၊ အနံ့ +၁၊ လျှာပေါ်စွဲကျန်ခြင်း +၁!
အချိန်တန်ရင် လျှို့ဝှက်ဆေးရည်ပြုတ်နည်း၏အထူးအရည်အသွေးနှင့် အသား +၃၊ စားကောင်းခြင်း +၃၊ အထူးအရသာ +၁၊ အထူးဆေးနံ့ +၁ ဖြစ်လိမ့်မည်။
အခွံမာချက်နည်းနှင့်ဆေးရည်ပြုတ်နည်း၏ကြွက်သားမှတ်ဉာဏ်ကြောင့် ချင်လင်ချက်ပြုတ်နေပုံက ရှောရှောရှူရှူညင်ညင်သာသာဖြစ်နေသည်။ ဆယ်စုနှစ်ချီလုပ်လာသော ဝါရင့်စားဖိုမှူးနှင့်တူနေသည်။
ဆရာလင်းက ကူမည်ဆိုသော်လည်း ဘေးမှာမိုးတိုးမတ်တပ်နှင့် လုံးဝမကူနိုင်။
ဆေးပြုတ်ရည်အဆင်သင့်ဖြစ်သောအခါ ချင်လင်က လိပ်ခွံအတွက်ဆရာလင်းပြင်ပေးထားသော အထူးပြုတ်အိုးတချို့ကိုယူပြီး တဆက်တည်းမီးဖွင့်လိုက်သည်။ ထို့နောက် ကြော်ထားသောလိပ်သားနှင့်ဆေးပြုတ်ရည်ကို အိုးများထဲထည့်လိုက်သည်။ နောက်ဆုံး အိုးပိတ်ပြီး စပြုတ်သည်။
မကြာမီ ဆေးပြုတ်ရည်အနံ့က လေထဲဝေ့တက်လာသည်။
ရလောက်သည့်အချိန်တွင် ချင်လင်ကအိုးတစ်လုံးကိုဖွင့်လိုက်ရာ ဆေးနံ့ကပိုပြင်းလာသည်။
ဆရာလင်းက ပန်းကန်လုံးတစ်လုံးထိုးပေးသည်။ တစ်ချိန်တည်းမှာ သူလည်းပန်းကန်လုံးလေးတစ်လုံးကိုင်ထား၏။
ချင်လင်ပြုံးလိုက်သည်။ သူကပန်းကန်လုံးယူပြီး အိုးထဲမှလိပ်သားနှင့်ဟင်းရည်တစ်ခွက်ခပ်ကာ မြည်းကြည့်လိုက်သည်။
ပါးစပ်ထဲရောက်ရောက်ချင်း ဆေးနံ့နှင့်အရသာက စိမ့်ဝင်သွားသည်။ တစ်ချက်ဝါးကြည့်ရုံနှင့် သူမှန်းထားသောအရည်အသွေးမီကြောင်း သေချာသိသည်။
ဆရာလင်းလည်း တစ်ပန်းကန်ခပ်မြည်းသည်။ ခဏအကြာ စားရင်းသောက်ရင်းထချီးကျူး၏_
"အရမ်းအရမ်းအရသာရှိတယ်... သူဌေး... ခင်ဗျားလက်ရာက တကယ်လန့်စရာပဲ... ဒါတွေသုံးပြီးချက်တာချင်းအတူတူ ခင်ဗျားချက်တိုင်း ပိုအရသာရှိတယ်... ကျုပ်ဒီလောက်အကြာကြီး စားဖိုမှူးလုပ်လာတာ အလကားဖြစ်သွားသလိုပဲ''
ချင်လင်ပြုံးလိုက်သည်။ သူက တစ်ပန်းကန်လတ်စသတ်ပြီးနောက်_
"အားလုံး အပြင်ယူသွားလိုက်ပါ!''
ဆရာလင်းလည်းချက်ချင်း အလုပ်သင်တချို့ကိုလာသယ်ခိုင်းပြီး ချင်လင်နောက်လိုက်၍ စားဖိုဆောင်အပြင်ထွက်လာသည်။
စားသောက်ခန်းထဲ၌ ချန်တပေ၊ ကောင်းယောင်ယောင်နှင့် တခြားမန်နေဂျာများမှာ သူဌေးကဟင်းပွဲအပိုချက်သည်ဟုသတင်းကြားပြီး ရောက်နေကြသည်။
ကျောက်မိုချင်းနှင့်လင်းဖန်လည်း စောင့်နေသည်။
ချင်းလင်ဓာတ်ခွဲခန်းမှလာသောလီခိုင်နှင့်ရှန်လီလည်း ရှိနေသည်။
ပြုတ်ရည်အိုးများကိုဖွင့်ပြီးယူလာသောအခါ ဆေးနံ့က ပျံ့လွင့်လာသည်။ လူတိုင်းကိုလှုံ့ဆော်လိုက်သလို စားချင်စိတ်များတဖွားဖွားတက်လာ၏။
ချင်လင်ကထိုင်ပြီး အားလုံးနှင့်စားမည်အပြုတွင် ရုတ်တရက် လင်းလန်ဇီက နိုင်ငံခြားသားနှစ်ယောက်နှင့်လျှောက်လာသည်ကိုတွေ့လိုက်ရသည်။
နိုင်ငံခြားသားနှစ်ယောက်ကိုမြင်ပြီး ချင်လင်ခဏကြောင်သွားသည်။ တစ်ယောက်က Lazda။
လင်းလန်ဇီကမျက်မှောင်ကြုတ်ပြီး ချင်လင်ဆီလျှောက်လာသည်_
"သူက Lazda ပါ... တောင်တန်းစံအိမ်စားဖိုမှူးကို စိန်ခေါ်တဲ့တစ်ယောက်ပါပဲ''
ချင်လင်လည်း Lazda ကိုကြည့်လိုက်သည်။
ဒီကောင် တကယ်လာမယ်လို့မထင်မိ။
ဒါဆိုရင် သူကိုအပြစ်မဆိုနဲ့တော့။
Lazda က ဝင်ဝင်ချင်း ဆေးနံ့ကိုရသည်။ သူ့လိုအဆင့်ရှိသောစားဖိုမှူးတစ်ယောက်အနေနှင့် စားကောင်းသောက်ဖွယ်မှန်း တထစ်ချသိသည်။ သူ့မျက်လုံးများ ချက်ချင်းဝင်းလက်သွား၏။
Lazda နောက်တွင် Doug က နီရဲပြီးဖူးယောင်နေသောမျက်လုံးများနှင့်စိုက်ကြည့်နေသည်။
ကျားက သမင်ကိုစိုက်ကြည့်နေသလိုပင်။
ဘာမှန်းမသိ Lazda ထိုးတာခံရပြီး တစ်လမ်းလုံး Lazda လျစ်လျူရှုတာခံရသော်လည်း Lazda ကချင်းလင်စံအိမ်လာပြီး ဟင်းချက်ပြိုင်သေးတာ ကောင်းတဲ့ကိစ္စပင်။
မြို့စားနှင်းဆီကိစ္စကြောင့် ရှင်းကျန့်တယ်ပြည်သူများက ချင်းလင်စံအိမ်ကိုရွံ့မုန်းနေကြသည်။ ဟင်းချက်ပြိုင်ပွဲမှာ Lazda နိုင်ရင် ရှင်းကျန့်တယ်မှာ အုတ်အော်သောင်းတင်းဖြစ်ပြီး သူ့နာမည်ပိုတက်လာမည်။
Doug ကရှေ့တိုးပြီး Lazda အတွက် စိန်ခေါ်စကားပြောရန်ပြင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် Lazda က ရှင်းကျန့်တယ်မှာ စားဖိုမှုးနတ်ဘုရား။ သူ့စိန်ခေါ်မှုက အရင်အတိုင်း၊ သူကတာဝန်ခံလုပ်ပြီး ဒိုင်နှင့်သတင်းထောက်များကိုဖိတ်မည်။ ဒီတော့မှ ရိုက်ခတ်မှုကောင်းမည်။
သို့ရာတွင် Lazda က ခြေတစ်လှမ်းဦးသွားသည်။ သူက Doug ကိုကျော်တက်ပြီး ချင်လင်ဆီတည့်တည့်သွားလိုက်သည်။ ထို့နောက် အားလုံးရှေ့တွင် ချင်လင်ကိုအလေးအနက်ဦးညွတ်ပြီး စိတ်ရင်းနှင့်_
"တောင်းပန်ပါတယ်... စိန်ခေါ်စာကို ကျုပ်ပို့တာမဟုတ်ပါဘူး... ခွင့်လွှတ်ပေးပါ!''
ချင်လင်မှာ ဒီကောင်ကိုဘယ်လိုလုပ်လိုက်ရမလဲတွေးနေဆဲ၊ ရုတ်တရက် တစ်ဖက်လူက ဘာမှလုပ်မရအောင် လုပ်လိုက်သည်။
Doug လည်း သူမြင်နေရတာကိုမယုံရဲသလို ချက်ချင်းကြောင်သွားသည်။
နှစ်ယောက်သားက ဘာဖြစ်နေတာလဲ? စတောင်မစရသေးဘူး။ ဘာလို့ ဆရာသမားက တောင်းပန်နေတာလဲ?
ပြီးတော့ ဘာတွေလဲ?
Doug မှာ ပါးစပ်ဟလိုက်သော်လည်း ခဏအကြာ သူပြောချင်သမျှအားလုံး လည်ချောင်းမှာဆို့သွားတော့သည်။