‘လွင်ဝါ’တွင် အနားယူခြင်း
Vol. 6 Ch. 76
Child of light (ကျန်းကုန်း)
Volume 3: Chapter 33 – Resting at Lunwa
ကျန့်ဟူ ပြုံးရင်းနဲ့..
“ဒါများ ဘာသွားကောင်းနေလို့လဲ။ ရှုခင်းတွေ ကြည့်ရင်းနဲ့ နှေးနှေးနဲ့ အချိန်အကြာကြီး ပျံလို့မှမရတာ။ ပျံဖို့ဆိုရင် တိုက်ပွဲစိတ်ဝိညာဉ် အရမ်းအကုန်မြန်တယ်လေ။ ဒါကြောင့် ငါတို့က ဒီလိုဟာတွေအတွက် ဘာကြောင့် စွမ်းအားအကုန် ခံချင်မှာတုန်း။ ငါတို့တွေ ပျံသန်းရတဲ့ အရသာကို ထူးပြီးမခံစားရပါဘူးကွာ”
“ဘယ်လိုပဲဖြစ်ဖြစ် ပျံနိုင်တာက အရမ်း ကောင်းတာပဲလေ။ ငါ့သိုင်းပညာ ဘယ်တော့များမှ ပျံနိုင်တဲ့အဆင့် ရောက်မလဲ မသိပါဘူး”
တုန်းရီ ပါဝင်လာပြီး..
“တော်ပါတော့ကွာ။ တကယ်တမ်းကျ မင်းအကြောက်နေတာပါ။ မင်း အသက်(၂၀)တောင်မပြည့်သေးဘူး၊ အခု မှော်သခင်ကြီး ဖြစ်နေပြီ။ ဒါတောင် မင်းကောင်းကင်ပေါ် ပျံချင်သေးတာလား။ မင်းအတွက် အရမ်းကောင်းလွန်းနေပြီလေ”
တုန်းရီ စကားကို လူတိုင်းလက်ခံကြတယ်ဗျ။ ကျန့်ဟူကတောင် ကျုပ်ကို ရှည်ရှည်ဝေးဝေး လျှောက်မတွေးဘဲ မှော်ပညာကိုပဲ အာယုံစိုက် လေ့ကျင့်သင့်တယ်တဲ့။ ကျုပ်က ဒီအဖွဲ့မှာ အသန်မာဆုံးဆိုပေမယ့်၊ တုန်းရီကလွဲရင် ကျုပ်အငယ်ဆုံးဗျ။ ကျုပ်သူတို့ကို ဘာများ ပြောနိုင်အုံးမှာလဲ။ ပျံတာနဲ့ပတ်သက်ပြီး သူတို့ပြောသမျှ ခေါင်းညိတ်နေယုံပဲပေါ့”
‘လွင်ဝါ’မြို့က ကျုပ်တို့တွေ ‘တလူ’နိုင်ငံထဲမှာ ပထမဆုံးရောက်တဲ့ မြို့ပေါ့။ ဒီမြို့က ကုန်သည်နိုင်ငံဆိုတဲ့ နာမည်နဲ့ လိုက်ဖက်လွန်းတယ်။ ဒီလို နယ်စပ်မြို့လေးမှာတောင် ကုန်သွယ်လုပ်ငန်း အရမ်းတိုးတက်နေတာ။ လမ်းမကြီးတွေပေါ် ဆိုရင် စိတ်လှုပ်ရှားတကြီး ဆူညံ့ပွက်လောရိုက်နေတဲ့ အသံတွေနဲ့ စည်းကားနေရောပဲ။ လူတိုင်းလူတိုင်း ရောင်းရေး ဝယ်တာလုပ်ငန်းတွေမှာ ပျော်ရွှင်စွာနဲ့ နစ်မြုပ်နေကြသလိုမျိုး။
လောလောဆယ်တော့ ကျုပ်တို့တွေ စတည်းချဖို့ တည်ခိုခန်းကောင်းကောင်း အရင်ရှာလိုက်တယ်။ ဘာပဲပြောပြော ကျုပ်တို့မှာ ငွေကြေး မချို့တဲ့ကြဘူးလေ။ အစ်ကိုကြီး ကျန့်ဟူယူလာတဲ့ အမောင့်ဆို ပြောစရာကိုမလိုဘူး။ ညစာ စားပြီးတာနဲ့ ကျုပ်တို့တွေ ရှေ့ဆက်လုပ်ရမယ့် လမ်းကြောင်းကို ဝိုင်းဆွေးနွေးဖြစ်ကြတယ်။
စားပွဲခုံပေါ်မှာ မြေပုံကို ဖြန့်ချထားလိုက်တယ်။ ‘တလူ’ကို ညွှန်းထားတဲ့ နေရာကို လက်ညှိုးထိုးပြီး..
“အားလုံးကြည့်လိုက်။ ငါတို့က အခု ဒီနေရာမှာ။ ‘ခက်န’ပြည်နယ်က တောင်ဘက် ကီလိုမီတာ(၄၀၀)ကျော်မှာ။ သန့်ရှင်းသောဓားက ‘ခက်န’ပြည်နယ်ထဲက ချိုင့်ဝှမ်းတစ်ခုထဲမှာလို့ ဆရာတိ ပြောတယ်။ ဒီတော တွေကို ဖြတ်ပြီး ရှာရမယ့်သဘောပဲ။ ဘယ်သူ ဘာမေးစရာရှိသေးလဲ”
ကျန့်ဟူက
“ဒီမြေပုံက အကြမ်းဆန်လွန်းတယ်ကွ။ ‘ခက်န’ပြည်နယ် မြေပုံတစ်ခု ဝယ်လိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို အမှတ်အသားလုပ်ပြီး တစ်နေရာပြီး တစ်နေရာရှာ သင့်တယ်။ ဘယ်နှယ့်လဲ”
ကျန့်ဟူ အကြံကို လူတိုင်းသဘောတူတယ်ဗျ။ ရှို့စစ်ကလဲ..
“အခုအချိန်တော့ ငါတို့လုပ်နိုင်တာ ဒီလောက်ပဲရှိမှာပဲ။ ငါတို့ရထားတဲ့ သဲလွန်စက နည်းလွန်းနေတယ်။ ပိုက်ကွန်လို ဖြန့်ပြီး နည်းနည်းချင်းစီ စေ့စေ့စပ်စပ် ရှာကြည့်ဖို့လဲ လုပ်ရမှာ။ သံသယ ဖြစ်စရာနေရာတွေကို ဘာကြောင်းနဲ့ဖြစ်ဖြစ် ချန်ထားလို့မရဘူး”
တုန်းရီက…
“လောလောဆယ် ငါတို့ အစွမ်းတွေနဲ့ဆိုရင် အန္တရာယ်မှန်သမျှ ရင်ဆိုင်ဖို့ လုံလောက်တယ်။ နေရာရှာဖို့ဆိုတာ ငါတို့အတွက် ပြဿနာမရှိနိုင်ဘူး”
ကျုပ် ပင့်သက်ရှိုက်လိုက်ပြီးတော့..
“ကောင်းပြီလေ။ သွားကြစို့ တုန်းရီ။ အရင်ဆုံး ‘ခက်န’ပြည်နယ်မြေပုံသွားဝယ်ပြီးမှ ထပ်ဆွေးနွေးကြတာပေါ့။ ကျန်တဲ့သူတွေ အရင်အနားယူထားတာကောင်းလိမ့်မယ်။ ငါတို့ပြန်လာမှ သွားစားကြတာပေါ့”
တုန်းရီနဲ့ ကျုပ် လူအရမ်းစည်တဲ့ လမ်းမကြီးပေါ် ရောက်သွားတယ်။ ဒီအတိုင်းပဲ ဟိုမေးဒီမေးနဲ့ မြေပုံရောင်းတဲ့ ဆိုင်လေး တစ်ခုကို ရောက်သွားတယ်။ အထဲမှာကြည့်လိုက်တော့ နေရာတိုင်းမှာ ဒေသအမျိုးမျိုးရဲ့ မြေပုံတွေနဲ့ ပြည့်နေတာ။ ဆိုင်ရှင်ရောက်လာပြီးတော့..
“ဆရာတို့ ဘာမြေပုံများ လိုချင်လို့လဲဗျ။ ဒီဆိုင်မှာရှိတွေ မြေပုံတွေအကုန်လုံး အသေးစိတ်ပါတာတွေကြီးပဲ။ ကျုပ်တို့ဆီမှာ တိုက်ကြီးတစ်ခုလုံးရဲ့ မြေပုံတွေရှိတဲ့အပြင် အနောက်တိုက်ကြီးက မြေပုံတွေတောင် ရှိသေးတယ်။”
“အိုး.. ခင်ဗျားမှာ အနောက်တိုက်ကြီးရဲ့ မြေပုံတွေတောင် ရှိတယ်ပေါ့။ အဲဒါတွေ ကြည့်လို့ရမလား”
နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်ဆိုတာ ကျုပ်အတွက်တော့ လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုလိုပဲလေ။ ဒါကြောင့် အရှေ့ဘက် တိုက်ကြီးရဲ့ မြေပြင်အနေအထားနဲ့ ကွာခြားမှုတွေ ရှိ/မရှိ သိချင်တာပေါ့။
ဆိုင်ရှင်က နှစ်ဖက်ပိတ် ဆလင်ဒါလိုဟာမျိုးလေး တစ်ခု ယူလာတယ်။ သိုးသားရေနဲ့ လုပ်ထားတဲ့ မြေပုံကို တစ်ချက် ဖွင့်ကြည့်လိုက်တယ်။ နည်းနည်းလေး ဝါညက်ညက်အရောင် ပေါ်နေတယ်။ အနည်းဆုံး ဆယ်စုနှစ်နဲ့ချီပြီး သက်တမ်းကြာလောက်ပြီဗျ။
ကျုပ်ကို မြေပုံပေးလိုက်ရင်နဲ့..
“ဆရာ.. ဒါ ကျုပ်တို့ မျိုးရိုးစဉ်ဆက်က ဆင်းသက်လာတာဗျ။ ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀)လောက်က အနောက်တိုက်ကြီးရဲ့ မြေပုံပဲ။ လောလောဆယ်တော့ အနောက်တိုက်ကြီးမှာ အပြောင်းအလဲ တစ်ချို့ ရှိနိုင်ပေမယ့် ခန့်မှန်းချေအားဖြင့်တော့ အဓိက နေရာတော်တော်များများ မှန်နေအုံးမှာပါ”
ကျုပ် မြေပုံကို ယူလိုက်တယ်။ သေသေချာချာ စေ့စေ့စပ်စပ်ကို ရေးဆွဲထားတာပဲ။ အဲ့အပေါ်မှာ နယ်မြေငယ်လေးတွေမှ အများကြီးပဲ။ မြေပုံရဲ့ အလယ်ခေါင် ဘယ်ဘက်မှာ နတ်ဆိုးမျိုးနွယ်စုရဲ့ မြို့တော် ‘စာတန်’မြို့ကို တွေ့လိုက်ရတယ်။ ကျုပ်တွေ့ခဲ့ဖူးတဲ့၊ အရမ်းလှလွန်းတဲ့၊ နတ်ဆိုးမျိုးနွယ် မိန်းကလေးကို သတိမရဘဲ မနေနိုင်အောင် ဖြစ်သွားတယ်။ သူရော အခုရှိနေလောက်သေးလား။ သူရဲ့ အံ့မခန်းလှလွန်းတဲ့ မျက်နှာလေးကို တွေးမိပြီး မနည်းကို အတွေးထဲကနေ ရုန်းထွက်ခဲ့လိုက်ရသေးတယ်။
“ကျန်းကုန်း၊ ကျန်းကုန်း၊ မင်းဘာတွေလုပ်နေတာတုန်း။ အနောက်တိုက်ကြီး မြေပုံပေါ်မှာ မင်းဘာတွေရှာနေတာတုန်း။ ငါတို့အလုပ် ဒီမှာ မြန်မြန်ဖြတ်ကြရအောင်”
“အာ.. မင်းဘာပြောလိုက်တာလဲ။ အော်.. ငါသိပြီ။ ဆိုင်ရှင် ‘ခက်န’ပြည်နယ်မြေပုံ ရှာပေးလို့ရမလား။ ဒီမြေပုံလဲ ကျုပ်လိုချင်တယ်။ စုစုပေါင်း ဘယ်လောက်ကျမလဲ”
“ ‘ခက်န’ပြည်နယ်မြေပုံက ကြေးဒင်္ဂါး (၂)ပြားပါ။ အနောက်တိုက်ကြီးရဲ့ မြေပုံကတော့ စိန်ဒင်္ဂါး(၂)ပြားကျမယ်”
“စိန်ဒင်္ဂါး (၂)ပြားလား။ ခင်ဗျား ကျုပ်တို့ဆီ ဓားပြတိုက်နေတာပဲ။ ကျန်းကုန်း အဲ့မြေပုံ သူ့ဆိ ပြန်ပေးလိုက်ကွာ”
တုန်းရီလက်ကို လှမ်းဆွဲပြီး ပိတ်လိုက်တယ်။ အိတ်ထဲက ကျုပ်ရဲ့ ခရမ်းရောင်ကတ်ကိုထုတ်ပြီး ဆိုင်ရှင်ကိုပေးလိုက်တယ်။ ခရမ်းရောင်ကတ်ကိုကြည့်ပြီး ကျုပ်တို့ သာမန်လူတွေ မဟုတ်ဘူးဆိုတာ ဆိုင်ရင်သိတယ်။ သူ့မျက်နှာမှာ အပြုံးတွေ ဝေပြီး..
“တကယ်တော့ နိမ့်ကျတဲ့ ဒီလူက မျက်လုံးရှိပေမယ့် တိုင်တောင်ကြီးကို မမြင်မိဘူးဗျာ။ ‘ခက်န’ပြည်နယ် မြေပုံ မင်းကို လက်ဆောင်အဖြစ်ပေးလိုက်မယ်။ ဒါပေမယ့် ဒီ အနောက်တိုက်ကြီးရဲ့ မြေပုံကိုတော့….”
ကျုပ် စိတ်မရှည် စွာနဲ့ လက်ယမ်းပြလိုက်ပြီးတော့..
“သူ့နှုန်းထားက သူ့နှုန်းထားပဲပေါ့။ မြန်မြန်လေးသာ လုပ်စမ်းပါ။”
ကျုပ် အဲဒါကို တကယ်ဝယ်ချင်နေတာတွေ့တော့ တုန်းရီ ဘာမှဝင်မပြောတော့ဘူး။ ဆိုင်ရှင် ခရမ်းရောင်ကတ်နဲ့ ငွေချေပြီးသွားတော့ ကျုပ်ကို တလေးတစားနဲ့ ပြန်ပေးတယ်။ ကျုပ်လဲ အနောက်တိုက်ကြီးရဲ့ မြေပုံကို ကျုပ်ရဲ့ သိုလှောင်အိတ်ထဲ ထည့်ထားလိုက်တယ်။ ‘ခက်န’ပြည်နယ် မြေပုံကိုပဲ လက်ကကိုင်ရင်း ကျုပ်နဲ့ တုန်းရီ တည်ခိုခန်းကို ပြန်လာခဲ့လိုက်ကြတာပေါ့။
“မင်းထွက်လာတော့ မင်းရဲ့ကောင်မလေး ဟုန်ရွှယ်ကို ဘာမှ မမှာခဲ့ဘူးလားကွ။ ဟား ဟား”
“အဲလိုကြီး ငါ့ကို မလှောင်နဲ့ကွာ။ ငါ့ဆီရောက်တုန်း သူ့ကို ဘာမှ မပြောခဲ့လိုက်ဘူး။ သူ့အိမ်က ဘယ်လိုအဆင့်မျိုးလဲ။ ငါ့ အဆင့်အတန်းကရော ဘာလဲ။ ငါ့အတွက် လုံးဝကြီးကို မဖြစ်နိုင်ဘူးလေကွာ”
“ဒီလိုတွေပြောတာ ရပ်သင့်ပြီ။ မင်းထပ်ပြောလာပြန်ပြီလား။ ငါတို့ဘယ်နှကြိမ်လောက် မင်းကိုပြောပြီးပြီတုန်းဟ။ မင်းကိုယ်မင်း နိမ့်ကျတယ်လို့ မခံစားစမ်းပါနဲ့ဟ။ မင်းက တခြားလူတွေလိုမဟုတ်ဘူး။ မင်းပြောရမှာက ဟုန်ရွှယ်ကို ကြိုက်လား မကြိုက်ဘူးလားပဲ ပြောရမှာကွ”
“အဲလိုပဲ ဖြစ်မယ်ထင်တယ်”
“ဟား ဟား…. အဲဒါ မင်းသူ့ကို သဘောကျနေလို့ပေါ့ကွ။ ဟုန်ရွှယ်လဲ မင်းကို အရမ်းသဘောကျနေတာ ငါတွေ့သားပဲ။ ဒီလိုမျိုး လိုက်ဘက်ညီတဲ့စုံတွဲလောက် ဘယ်ဟာ ပျော်စရာကောင်းအုံးမှာလဲ။ မင်းသူ့ကို ဆွဲလမ်းနေပါပြီကွာ။ ဆရာဝမ်က မင်းအုပ်ထိန်းသူနေရာက နေပေးမှာသေချာတယ်။ ဒီတစ်ကြိမ် မင်းဘာမှမပြောဘဲ ထွက်သွားလိုက်တာ ဟုန်ရွှယ်သာသိရင် အရမ်းဝမ်းနည်းနေမှာ သေချာတယ်။ ငါတို့ပြန်ရောက်တဲ့အခါ ခွင့်လွှတ်ဖို့ မင်းသွားပြန်ချောရမှာ အသေအချာပဲ”
“ငါတို့ ပြန်ရောက်မှ ဒီကိစ္စတွေ ပြောရအောင်ကွာ”
လမ်းမှာ တုန်းရီ ဘာသံမှကို ထပ်ထွက်မလာတော့ဘူး။ သူ့ကောင်မလေး ဟုန်ရွှယ်အကြောင်း တွေးနေတဲ့ပုံပဲ။ ကျုပ်လဲ သူ့ကို ထပ်မနှောက်ယှက်တော့ဘူးလေး။ အဟီး…။
တည်းခိုခန်းပြန်ရောက်တော့ အစ်ကိုကြီး ကျန့်ဟူ ကျုပ်မြေပုံကိုင်ထားတာကို ကြည့်ပြီး ပြုံးပြုံးလေးနဲ့..
“နောက်ဆုံးတော့ မင်းဝယ်လာလိုက်ပြီပေါ့လေ။ ကဲကဲ ထားလိုက်တော့။ ငါတို့တွေ သွားစားကြရအောင်။ ငါတို့ တော်တော် စာနေကြပြီ။ ပြန်လာမှ မြေပုံကြည့်ပြီး ထပ်ဆွေးနွေးကြတာပေါ့”
တည်းခိုခန်းရဲ့ စားသောက်ခန်းထဲမှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်လို့ရတဲ့ စားပွဲတစ်လုံး ရွေးလိုက်ကြတယ်။ ကျုပ်တို့တွေ စပါယ်ရှယ် စားစရာတွေ မှာပြီး ကျုပ်တို့ဗိုက်တွေကို စပါယ်ရှယ် ဖြည့်လိုက်ကြတာပေါ့ဗျာ။ အရင်နေ့တွေတုန်းက အခုလို အရသာရှိတဲ့ ထမင်းတစ်နပ်မှ မှ မစားခဲ့ရတာကြီးကို။ ဘယ်လောက်တောင် အစားသောင်းကျန်းလိုက်ကြလဲဆို ရွှေဒင်္ဂါး(၄၀)ကျော်ကို ကုန်သွားတာ။ တစ်ခါတလေ အစားအသောက်တွေက ကျုပ်တို့ နှလုံးသားကို နာကျင်စေတယ်နော့။ အဟီး……။
============= (*^*)=============
အပိုင်း(၇၇)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား