ရန်ဆွယ်များကို တွန်းလှန်ခြင်း
Vol. 6 Ch. 79
Child of light (ကျန်းကုန်း)
Volume 3: Chapter 36 – Repelling the Enemy
ဒါ ဘယ်လို မှော်ပညာပါလိမ့်။ အမှောင်မျိုးနွယ်ရဲ့ ထူးခြားတဲ့ ပညာရပ်တစ်ခုလားမသိဘူး။ လူအိုကြီး အံ့ဩနေတဲ့ မျက်လုံးအကြည့်တွေကြောင့် သူလဲ ဒီမန္တန်ကို တခါမှ မတွေ့မြင်ဖူးသေးဘူးဆိုတာ သေချာပြောနိုင်တယ်။ ဟိုတခါ ကျုပ်တွေ့ခဲ့ဘူးတဲ့ ဝါးလုံးကြီး သုံးတဲ့ မှော်ပညာနဲ့ တော်တော်များများတူတယ်။ ဒါပေမယ့် တော်တော်လေး ကွဲပြာပုံလဲ ရတယ်။ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။
တတိယအကြီးအကဲက..
“ဒီစွမ်းအားတွေက အမှောင်မျိုးနွယ်ရဲ့ စွမ်းအားတွေမဟုတ်ဘူး။ ဒီ ဆိုးယုတ်လွန်းတဲ့စွမ်းအားတွေ ဘယ်ကရောက်လာတာ ပါလိမ့်”
အဲ့အချိန်မှာ အမှောင်စွမ်းအားတွေရဲ့ ကြောက်စရာကောင်းလောက်အောင် တိုက်စားမှုုဒဏ်တွေကို အရှုံးမပေးဘဲ တွန်းလှန်ခုခံရင်းကနေ သဘာဝ နတ်သူငယ်ဘုရင် လဲကျသွားပါလေရော။ သဘာဝ နတ်သူငယ်(၄)ယောက် သူတို့ဘုရင်ကို ဆီးဖမ်းပေးဖို့ရာ သဘာဝစွမ်းအားတွေ သုံးလိုက်တာ တွေ့ရတယ်။
အမှောင်စွမ်းအားတွေက နတ်သူငယ်ဘုရင်နောက်လိုက် ဇွတ်လိုက်နေတုန်းပဲ။ ဒီတော့ ကျုပ်ဝင်ကူရတော့မယ့် အချိန်ပေါ့လေ။
“အို လင်ရောင်ခြည်။ သင့်ရဲ့ ကြောက်စရာကောင်းလောက်တဲ့ စွမ်းအားတွေ ငှားပေးပါအုံး။ ကမ္ဘာမြေကြီးကို အဆုံးမဲ့ အလင်းရောင်ခြည်နဲ့ ထွန်းလင်းတောက်ပါလိုက်စမ်းပါ၊ အလင်းအင်ပါရာ”
ဒါ ကျုပ်အကျွမ်းကျင်ဆုံးတွေထဲက မန္တန်ဖြစ်နေတော့ မြေပြင်ပေါ်ကနေ တဖြည်းဖြည်းနဲ့ လွှင့်မြောရင်း အမှောင်မျိုးနွယ်ရဲ့ စွမ်းအင်တွေ အပေါ်ထိ ရောက်သွားတယ်။ ကျုပ်တစ်ကိုယ်လုံးလဲ အလင်းရောင်တွေ ဖြာထွက်လာပြီး ခေါင်းကို မော့ကြည့်လိုက်တယ်။ ကျုပ်မှော်စွမ်းအားတွေရဲ့ (၃)ပုံ(၁)ပုံကို အထက်ဒန်တျန် ရွှေအမြူတေထဲကနေ ထွက်လာပြီး ကျုပ်တစ်ကိုယ်လုံးကို ဖုံးသွားတယ်။ လုံးပတ်(၂)မီတာလောက်ရှိတဲ့ အလင်းတိုင်လုံးကြီးထဲကို အလင်းဒြပ်စင်တွေ စုစည်းပြီး ရှေ့တည်းတည်းကို တွန်းပို့လွှတ်လိုက်တယ်။
ကျုပ်ရဲ့ အလင်းတိုင်လုံးနဲ့ သူ့အဆုံးမဲ့ ဝါးမျိုးသူ ထိပ်တိုက်တွေ့သွားပါလေရော။ နက်ပြာရောင် အခိုးအငွေ့တွေထဲကနေ ဝမ်းနည်းစရာကောင်းလောက်အောင်ကို သွေးပွက်ပွက်ဆူနေတဲ့ အော်သံလိုမျိုးတွေ ထွက်နေတယ်။ ခုဏက စွမ်းအင်ပမာဏ တော်တော်များများ သုံးခဲ့လိုက်တာဆိုတော့ ကျုပ်ရဲ့ တောက်ပခြင်း အလင်းအင်ပါယာနဲ့ ထိပ်တိုက်တွေ့တဲ့ခါ ပြန့်ကျဲသွားတာပေါ့။ အမှောင်မျိုးနွယ်ဘုရင် တောက်ပသော အလင်းအင်ပါရာရဲ့ စွမ်းအင်လက်ကျန်တွေကို ဖြေရှင်းဖို့ သူ့ဓားရှည်ကို ချက်ချင်း ထုတ်လိုက်ရတယ်။
“ငါတို့ နတ်သူငယ်တွေကြားက ပြဿနာထဲကို ဝင်ရှုတ်ဝံ့တာ ဘယ်သူတုန်းကွ ဟေ”
“မင်္ဂလာပါ အမှောင်မျိုးနွယ်အရှင်မင်းကြီး။ ခင်ဗျာ မေးခွန်းကြီးက တော်တော်ညံ့ဖျင်းလွန်းတာပဲ။ ကျုပ်က လူသား တစ်ယောက်ဆိုတာ အသိသာကြီးကို။ ဘာကြောင့် ဝင်ရှုတ်ရသလဲဆိုတော့ ကျုပ်မှာလဲ အကြောင်းပြချက်တစ်ခု သေချာပေါက်ရှိတာပေါ့။ ဒီလောက်ကြီးတဲ့ တောအုပ်ကြီးထဲမှာ ဘာလို့များ အကုန်လုံး အတူမနေနိုင်ကြရတာတုန်း။ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်နေတာက တော်တော် ရင်နာစရာပဲ”
အမှောင်မျိုးနွယ်ဘုရင် ခန္ဓာကိုယ်ထဲကနေ အေးစိမ့်နေတဲ့ အရှိန်အဝါတွေ ထုတ်လွှတ်လိုက်ရင်းနဲ့..
“မင်း ဘာနားလည်လို့လဲ။ ဒီနတ်သူငယ် မျိုးကွဲတွေ ဒီတောအုပ်ထဲမှာ နေထိုင်နိုင်လောက်အောင် ထိုက်တန်လို့လား။ ငါတို့ အမှောင်မျိုးနွယ်တွေသာ နတ်သူငယ်တွေရဲ့ အစစ်အမှန် အုပ်ချုပ်သူတွေပဲ။ မင်းသာ အရိပ်အကဲ နားလည်မယ်ဆိုရင် အခုချက်ချင်းထွက်သွားလိုက်။ အဲလိုမှ မဟုတ်ရင် မင်းတော့ ကြေကွဲစရာ အဆုံးသတ်နဲ့ နိဂုံးချုပ်သွားလိမ့်မယ်”
အမှောင်မျိုးနွယ်တွေ ဘာလို့များ ဒီလောက် လူမျိုးရေးခွဲခြားမှုကို တော်တော် အလေးထားနေလဲမသိဘူး။ ဒီ သာမန်ပြည်သူတွေနဲ့ မှူးမတ်တွေကြားက ပဋိပက္ခလို ပုံစံနဲ့ ဘာများ ကွာခြားလို့တုန်း။ ကျုပ် သက်ပြင်းချ ခေါင်းယမ်းရင်း..
“ခင်ဗျား တော်တော် အစွဲအလမ်းကြီးပြီး နားမလည်တဲ့သူပဲ။ ခင်ဗျားကိုယ်ပိုင်မဟုတ်တဲ့ စွမ်းအားတွေကို သုံးပြီး တောအုပ်(၁၁)ခုလုံးကို သိမ်းနိုင်မယ်လို့များ ထင်နေတာလား”
“ငါက ငါ့ကိုယ်ပိုင်မဟုတ်တဲ့ စွမ်းအားသုံးတယ်ဆိုတာ မင်းဘယ်လိုလုပ် သိလဲ”
အာဟ။ ကျုပ်မှန်းလိုက်တာ ကွက်တိပဲ။
“အမှောင်မျိုးနွယ်တွေရဲ့ မှော်ပညာကိုပဲ ခင်ဗျားသုံးသင့်တယ်။ ဒါပေမယ့် စောစောက ခင်ဗျားသုံးသွားတာ အမှောင် မှော်ပညာမဟုတ်ဘူး။ ခင်ဗျားကို အမြန်ဆုံးထွက်သွားဖို့ အခွင့်အရေးကျုပ်ပေးမယ်။ မဟုတ်လို့ကတော့ မျိုးသုန်း သတ်ဖြတ်ခြင်း ကံကြမ္မာကို ခင်ဗျားဘယ်လိုမှ ရှောင်လွှဲနိုင်မှာ မဟုတ်တော့ဘူး”
ကျုပ်စကားကြားတော့ အမှောင်မျိုးနွယ်ဘုရင်အနေနဲ့ အရှက်ရစရာလို့ ခံစားနေရမှာပေါ့။ ကျုပ်ကလဲ ကျုပ်ခန္ဓာကိုယ်ကို အလင်းတွေနဲ့ ဖုံးထားပြီးတော့..
“အို အလင်းရောင်ခြည်။ မိတ်ဆွေတို့ရေ ကျုပ်ကို သန့်ရှင်းသော ခွန်အားများ ပေးစမ်းပါ။ နာကည်းမှုတွေအကုန် ဖယ်ရှားပြီး နွေဦးလေပြည်လို နွေးထွေးစွာနဲ့ တစ်ကမ္ဘာလုံးကို လင်းလက်တောက်ပလိုက်စမ်းပါ”
ဒါ ကျုပ်အနေနဲ့ လက်ရှိအနေအထားမှာ အမြင့်ဆုံးသုံးနိုင်တဲ့ အဆင့်(၈)မန္တန်တစ်ခုပေါ့။ ဒါတင်မကသေးဘူး အဆင့်အမြင့်ဆုံး မန္တန်က အမှောင်မှော်ပညာကို ဖျက်စီးနိုင်တဲ့အပြင် နယ်မြေကြီးတစ်ခုလုံးမှာရှိတဲ့ ဆန့်ကျင့်ဖက် အရာတွေမှန်သမျှ အကုန်ဖယ်ရှားပေးနိုင်တယ်လေ။
ကျုပ် မန္တန်ရွတ်ပြီးတာနဲ့ မြေပြင်ပေါ်ကနေ အသာအယာ ခုန်တက်လိုက်တယ်။ ကျုပ်ခန္ဓာကိုယ်ကနေလဲ အလင်းတန်းတွေ ထုတ်လွှတ်နေတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေ အဆက်မပြတ် စီးဆင်းနေတာဆိုတော့ အဖြူရောင်အလင်းတန်းကနေပြီး ရွှေရောင် ပြိုးပြိုးပြက်ပြက် အလင်းတန်းတစ်ခု ဖြစ်လာတယ်။ ရွှေရောင်အလင်းတန်း တွေ အဖြူရောင်အလင်းတွေရဲ့ နေရာတိုင်းကို အစားဝင်ပြီးသွားတာနဲ့ ကောင်းကင်ထိအောင် ဒေါင်လိုက် ထိုးတက်သွားတယ်။ (၁)မီတာလောက်ကျယ်တဲ့ ရွှေရောင်အလင်းတန်းကြီးက နေမင်းကြီးအထိအောင် ပြေးထွက်သွားတယ်။
အမှောင်မျိုးနွယ်ဘုရင်တောင် စကြောက်လာပေမယ့် သူတိုက်ခိုက်မခံရတာ သိတော့ အထင်သေးတဲ့ လေသံနဲ့..
“ဒါလားကွ ကြောက်စရာဆိုတာ။ အမှောင်မျိုးနွယ်ဝင်တွေ တိုက်ခိုက်ဖို့ အသင့်ပြင်ကြစမ်း”
အနက်ရောင် နတ်သူငယ်တွေအားလုံး သူ့တို့ရဲ့ အတောင်ပံနက်တွေကိုခတ်ရင်း ဓားရှည်နက်ကြီးတွေကို မြှောက်လိုက်ကြတယ်။ အင်း သွေးချောင်းစီးမယ့် နမိတ်ကတော့ မမျှော်လင့်ဘဲ ဖြစ်လာပြီ ထင်တယ်။
ကောင်းကင်ကြီး ရုတ်တရက် အရောင်ပြောင်းသွားတယ်။ နက်ပြာရောင် မဟုတ်တော့ဘူး ရွှေရောင်ဖြစ်သွားပြီ။ ရွှေရောင် အလင်းတွေ ထိန်ထိန်တောက်လို့ သကမ္ဘာကြီးကို အနွေးဓာတ်တွေ ပေးနေလေရဲ့။ နတ်သူငယ်တွေရော၊ နတ်သူငယ်ဘုရင်ပါ အလင်းရဲ့ အလှတရားတွေကို ခံစားနေကြတယ်။ ဒဏ်ရာရထားတဲ့ စစ်သည်တွေက တဖြည်းဖြည်း ခွန်အားပြန်ရလာပြီး အလင်းဓာတ်က သူတို့မှာ တိုက်စားခံနေရတာတွေကို ဖယ်ရှားပေးလိုက်တယ်။
ဒါပေမယ့် အမှောင်မျိုးနွယ်အတွက်တော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ရှိတာပေါ့။ အလင်းရောင်အောက်မှာ သူတို့ခန္ဓာကိုယ်တွေ ပြင်းပြင်းထန်ထန် နာနာကျင်ကျင် ခံစားနေကြရတယ်။ သာမန်သူတွေ လုံးဝမခံနိုင်ကြဘူး။ နည်းနည်း အားနည်းတဲ့သူတွေဆို မြေပေါ် လဲကျကုန်ကြပြီ။ အမှောင်မျိုးနွယ်ဘုရင် အသံပြဲကြီးနဲ့..
“မင်းဒါဘာလုပ်တာလဲ။ ငါ့မျိုးနွယ်တွေကို မင်းဘာလုပ်လိုက်တာလဲကွ ဟေ”
သူ့ ဓားရှည်နဲ့ ကျုပ်ကို တိုက်ပါလေရော။
ကျုပ်လဲ လက်တစ်ဖက်ကို မြှောက်ပြီး အလင်းတန်းခုလွှတ်ရင်း သူ့ကို နောက်ပြန်ဆုတ်ခိုင်းလိုက်တာပေါ့။
“ဒါ မကောင်းဆိုးဝါးတွေကို မောင်ထုတ်ဖို့အတွက် အဓိထားတဲ့ ရိုးရိုးမန္တန်တစ်ခုလေးပါပဲလေ။ အမှောင်မျိုးနွယ်ဘုရင် ရပ်လိုက်ပါတော့။ ခင်ဗျားက ခင်ဗျားမျိုးနွယ်ဝင်တွေ အခုလိုမျိုး ဒုက္ခရောက်နေတာကို မြင်ချင်လိမ့်မယ်တော့ မထင်ဘူး။ ခင်ဗျား အမှောင်မျိုးနွယ်တွေကို မျိုးသုန်းသွားစေချင်တာလား”
အမှောင်မျိုးနွယ်ဘုရင်ရဲ့ စွမ်းအားတွေ တော်တော် နက်ရှိုင်းတယ်ဆိုပေမယ့် သူလဲ မအီမသာ ဖြစ်ရတာပဲ။ သူ့ ပုံမှန်အစွမ်းရဲ့ တစ်ဝက်လောက်တောင် ထုတ်မသုံးနိုင်တော့ဘူး။ သူ နည်းနည်းလေး တုန့်ဆိုင်းသွားပြီး၊ ဒီနေ့တော့ သဘာဝ နတ်သူငယ်တွေကို မသိမ်းပိုက်နိုင်တော့ဘူးဆိုတာ သိသွားပြီ။
“ကောင်းပြီ။ မင်းမှော်ပညာတွေကို ပြန်ရုတ်သိမ်းလိုက်ပါ။ ငါတို့တွေ အခုထွက်သွားမယ်”
ခပ် အသာပြုံးရင်းနဲ့ မှော်အစွမ်းတွေ ပြန်ရုတ်သိမ်းလိုက်တယ်။ စိတ်ထဲမှာတော့ တိတ်တိတ်လေး သက်ပြင်းချမိတယ်။ တကယ်ဆို လက်ရှိအနေအထားမှာ တော်တော် ဝန်ပိတာဗျ။ ဒီလို အဆင့်မြင့်လွန်းတဲ့ မန္တန်လိုမျိုးကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ကျုပ်ရဲ့ အကန့်အသတ်ကို အမြန်ဆုံးရောက်နေခဲ့ပြီးပြီ။ သူတို့ အမြန်တပ်ပြန်ဆုတ်သွားတာ ကောင်းလိုက်သတာ။
အမှောင်မျိုးနွယ်ဘုရင် ကျုပ်ကို အငြိုးတကြီးနဲ့ ကြည့်ရင်း..
“ဒီနေ့အဖြစ်အပျက်ကို ကောင်းကောင်းမှတ်မိနေမှာပါ။ မင်း ငါ့လက်က မလွှတ်နိုင်ပါဘူး။ တပ်တွေ ပြန်ဆုတ်ကြ”
မန္တန်ကို ထောက်ပံ့ဖို့ သုံးထားတဲ့ ကျုပ်ရဲ့ စွမ်းအင်တွေ ပြန့်ကျဲပြီး မြေပေါ်မှာ လွှင့်ပျံ့ရင်း ပျောက်ကွယ်သွားတယ်။ သဘာဝ နတ်သူငယ်တွေဆီကနေ တုန်လှုပ်ချောက်ချားလောက်တဲ့အထိကို အားပေးသံတွေ ကြားလိုက်ရတယ်။ တတိယ အကြီးအကဲ ကျုပ်လက်ကို လာကိုင်ရင်းနဲ့..
“ငါတို့တွေ မင်းကို တကယ်ကျေးဇူးတင်ပါတယ်ကွာ။ မင်းသာမကူညီခဲ့ရင် ငါတို့တွေ ဒီကပ်ဆိုးကနေ လွတ်နိုင်မှာ မဟုတ်တော့ဘူး”
ကျုပ် ခန္ဓာကိုယ်က တုန်ယင်လာတော့ တုန်းရီ ချက်ချင်း ကျုပ်ကို လာတွဲပေးထားတယ်။
“သူတို့သာ နောက်ဆုတ်မသွားရင် ငါတို့အားလုံးတောင် သေသွားနိုင်မယ်ထင်တယ်။ ဒီလောက် အင်အားကြီးတဲ့ မန္တန်ကို ထောက်ပံ့ရတာ ကျုပ် အဆုံးစွန်ထိ ပင်ပန်းနေပြီ။ ကံကောင်းတယ်။ တော်တော်ကို ကံကောင်းသွားတယ်”
ကျုပ်တို့ (၆)ယောက်ကို သဘာဝ နတ်သူငယ်တွေ ဝိုင်းအုံရင်း ရွာကို ပြန်ခဲ့လိုက်ကြတယ်။ တတိယ အကြီးအကဲက မျက်မှောင်ကြုတ်ပြီး စိုးရိမ်နေတာ မြင်လိုက်ရတော့..
“ဘာ ပြဿနာရှိလို့လဲ။ အမှောင်မျိုးနွယ်ဘုရင် ဆုတ်သွားပြီလေ။ ဘာလို့ ခင်ဗျားက ဒီလောက်ထိ စိုးရိမ်နေရသေးတာလဲ”
“စောစောက သူတို့တွေ ဆုတ်ခွာသွားတာ မှန်ပေမယ့် ငါတို့ဘုရင် တိုက်ပွဲမှာ ဒဏ်ရာ အကြီးအကျယ် ရခဲ့တယ်လေ။ ငါတို့ရဲ့ ကုထုံးတွေကလဲ အကျိုးသက်ရောက်မှုမရှိတော့ဘူး။ ငါ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာတဲ့လဲ”
ကျုပ် ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေကို စစ်ကြည့်လိုက်တယ်။ ဝိညာဉ် ပြန်လည်ကုသရေး လုပ်ဖို့အတွက်တော့ ပြဿနာမရှိအောင်ကို လုံလောက်သေးတယ်။ လူကောင်းတစ်ယောက် သေလုမျောပါးဖြစ်နေပြီဆိုတော့လဲ..
“သွားစို့ ကျုပ် ခင်ဗျားနဲ့အတူ သွားစစ်ကြည့်မယ်လေ”
============= (*^*)=============
အပိုင်း(၈၀)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား