← Chapters

သန့်ရှင်းသောဓားကို ရှာဖွေခြင်း

Vol. 6 Ch. 85

သန့်ရှင်းသောဓားကို ရှာဖွေခြင်း

Vol. 6 Ch. 85

Child of light (ကျန်းကုန်း)

Volume 3: Chapter 42- Looking for the Holy Sword

လူတိုင်း မတူတဲ့ အဆင့်တစ်ခုအထိ ပြောင်းလဲသွားကြတာ။ တုန်းရီရဲ့ တိုးတက်မှုက အမြန်ဆုံးပဲ။ အားလုံးက အဖွဲ့ထဲမှာ သူ့စွမ်းအားက အညံ့ဆုံးလို့ သတ်မှတ်ထားကြတာလေ။ အကုန်လုံးကလဲ သူ့ကို ထောက်ပြ လမ်းညွှန်ပေးကြတယ်။ ကျောက်တုံးဂိုလန်ကြီးတွေနဲ့ ဖြစ်ခဲ့တဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲမှာ တုန်းရီအနေနဲ့ သူ့ဘဝတစ်လျှောက် လိုအပ်ချက်တွေ သဘောပေါက်သွားတယ်။ သူကိုယ်တိုင်ကလဲ အားလုံးကို လမ်းညွှန်ပေးဖို့ အောက်ကျခံ တောင်းဆိုတယ်။ (၁၀)ရက်လောက် အင်တိုက်အားတိုက်နဲ့ လေ့ကျင့်ပြီးတဲ့နောက် သူ့ရဲ့ သေမျိုးခန္ဓာကိုယ်ကို ပြန်လည်ထုဆစ်လိုက်သလိုမျိုး၊ အရိုးတွေ အစားထိုးလဲလှယ်လိုက်သလိုမျိုး ခံစားလိုက်ရတယ်။ အခုဆို သူ့စွမ်းအားက ကောင်းသဲနဲ့ ရှင်းအောင်းတို့ကို မှီနေပြီ။

ရတနာရှာဖွေဖို့အတွက် အားလုံးစုလိုက်ကြပြီ။

ဘာအခက်အခဲ၊ ဘာအနှောက်အယှက်မှ မကြုံဘဲ (၃)ရက်လောက် ခရီးဆက်ပြီးတဲ့အခါ နတ်ဘုရားသစ်တောကြီးက အဆုံးအစမဲ့တယ်လို့တောင် ထင်လာမိလိုက်ကြတယ်။

မှော်စွမ်းအင် အတက်အကျ နည်းနည်းခံစားမိလိုက်ရတော့ ကျုပ်အတွေးတွေ နည်းနည်းအေးဆက်သွားတယ်။

“အားလုံး ခဏနေအုံး။ ဒီနား ပတ်ဝန်းကျင်မှာ မှော်စွမ်းအင် အတက်အကျတွေ ရှိနေတယ်”

အားလုံး လက်နက်တွေ ထုတ်ကိုင်လိုက်တယ်။ ကျုပ်ကတော့ ပြုံးရင်းနဲ့ အားလုံးအလယ်မှာပေါ့။

“ဒီတစ်ခါ ပြီးခဲ့တဲ့ အကြိမ်ကလို မဟုတ်ဘူးတဲ့လား”

လူတိုင်း အသံမထွက်ကြပေမယ့် ကျောက်တုံးဂိုလန်ကြီးနေနဲ့ တွေ့တုန်းက ကြောက်ရွံ့စိတ်တွေ ကျုပ်တို့အားလုံးနှလုံးသားထဲမှာ ရှိနေတုန်းပဲဆိုတာ ကျုပ်သိတယ်။

ကျုပ် အဖြေရှာမရသေးဘူး။ ပြီးတော့ မျက်လုံးတွေမှိတ်ပြီး ရွှေအမြူတေကို သုံးပြီး မှော်စွမ်းအင် အတက်အကျဖြစ်နေတဲ့ ဇစ်မြစ်ကို ရှာဖို့လုပ်လိုက်တယ်။

ကျုပ်တို့အားလုံး အနောက်မြောက်အရပ်ဆီကို စုစုစည်းစည်းနဲ့ သွားလိုက်ကြတယ်။

ကျုပ်တို့ နီးလာလေလေ မှော်စွမ်းအင် အတက်အကျက ပိုပြင်းထန်လာလေလေပဲ။ နောက်ကွယ်ကနေ အေးချမ်းမှုခံစားချက်တွေ ပေးနေသလိုတောင် ခံစားနေရသေးတယ်။ လမ်းလျှောက်ရင်း တောင်းတန်းမြင့်မြင့်ကြီး တစ်ခု တွေ့လိုက်ရတယ်။

“ဒီတောင် သေချာတယ်။ စစ်ကြည့်ရအောင်”

ကျုပ်တို့ပတ်ပတ်လည်မှာ ရှေးဟောင်း သစ်ပင်ကြီးတွေ ရှိနေတယ်။ တောင်အခြေထိရောက်အောင် သတိထားပြီး ကပ်သွားလိုက်ကြတယ်။ အံဩစရာကောင်းတာက တောင်ခြေမှာကျ မြက်တွေကလွဲပြီး ဘာမှမရှိဘူး။ တောင်ခြေကနေ မီတာ(၅၀)အတွင်း ဘာသစ်ပင်မှကိုမရှိတာ။

ကြည့်လိုက်တော့လဲ သာမန်တောင်တစ်လုံးလိုပဲ။ တောင်ကြီးမှာ ကျင့်ကြံဖို့ လှိုင်ဂူတစ်လုံးမှမတွေ့ရပေမယ့် မှော်စွမ်းအင် အတက်အကျတွေ ဒီကနေလာတယ်ဆိုတာ ခံစားနေရတုန်းပဲ။

တင်ပျဉ်ခွေထိုင်လိုက်ပြီးတော့ အားလုံး ကျုပ်ကို ဝိုင်ထားဖို့ပြောလိုက်တယ်။ မှော်စွမ်းအင် ဇစ်မြစ်ရှာဖို့ ကျုပ်စိတ်ဝိညာဉ်ကိုပဲ အာရုံစူးစိုက်ထားလိုက်တယ်။ မှော်စွမ်းအင်လှိုင်းလုံးတွေ တောင်နှလုံးသားနဲ့ ကင်းလွတ်သွားသလိုပဲ။ ကျုပ် မျက်မှောင်ကြုတ်ရင်း မတ်တပ်ရိုက်လိုက်ပြီးတော့..

“မှော်စွမ်းအင်တွေ ဒီတောင်က ထွက်လာတာ မှန်ပေမယ့် လှိုင်ဂူလဲ တစ်လုံးမှ မတွေ့ရဘူး”

ကျန့်ဟူ ကျုပ်ပုခုံးကို လက်သီးနဲ့ ဖွဖွထိုးလိုက်ရင်း

“တောင်ပေါ်မှာ ပတ်ပတ်လည် လိုက်ကြည့်လိုက်ရအောင်။ တစ်ခုခုတော့ ထပ်တွေ့မှာပါ”

တခြားရွေးစရာမှမရှိတော့တာ ခေါင်းညိတ်လိုက်ရတော့တာပေါ့။

ဝင်ပေါက် ဖြစ်နိုင်ချေရှိတဲ့ နေရာတိုင်းကို သေသေချာချာ လိုက်စစ်ဆေးကြည့်လိုက်တာ (၂)ရက်တောင်ကြာသွားတယ်။ ဒါပေမယ့် ဝင်ပေါက်မပြောနဲ့ အက်ကြောင်းလေးတစ်ခုတောင် မတွေ့ရဘူး။

နောက်ပိတ်ဆုံး တောင်ပေါ်က မြက်ခင်းစိမ်းစိမ်းပေါ်ပဲ ပြန်ရောက်လာပြန်ရော။ လူတိုင်း စိတ်တွေ ထိုင်းမှိုင်းနေကြပြီ။ ကျုပ်လဲ အဖြေတစ်ခုမှ မရတော့ စိတ်တိုနေပြီ။

မြက်ခင်းပြင်ပေါ်မှာပဲ ခေါက်တုန့်ခေါက်ပြန် လျှောက်နေမိကြတယ်။ ရုတ်တရက် မြက်ခင်ပြင်အလယ်ခေါင်က ဘေးအနားတွေနဲ့ မတူတာ သတိထားမိလိုက်တယ်။ ပေါက်တတ်ကရ စိတ်ခံစားချက်ကို အတည်ပြုလို့ ရလိုရငြား အဲ့နေရာနားလေးကို ကပ်သွားလိုက်တယ်။ မြက်ခင်းအစွန်းဘက်နေရာက သစ်တော မြေပြင်နဲ့ ထပ်တူနီးပါတူပြီး ပျော့ပြောင်းတယ်။ ဒါပေမယ့် မြက်ခင်းဗဟိုကတော့ (၁၀)စတုရန်းမီတာ ပတ်လည်လောက်ကို အရမ်းမာနေတာ။ ဒါများ ဖြစ်နိုင်မလားပဲ။ နှလုံးသားထဲမှာ လက်ကနဲ ဖြစ်သွားတာကလွဲလို့ ကူကယ်ရာမဲ့နေတုန်းပဲ။

“ဟေ့ကောင်တွေ။ ငါတော့ တွေ့ပြီ ထင်တာပဲ”

ကျုပ်စကားကြားတော့ အားလုံး အပြေးရောက်လာကြပြီး ရှင်းအောင်းကတော့ စိတ်မရှည်စွာနဲ့ပဲ..

“ကျန်းကုန်း မင်းဘာတွေ့ထားလဲ”

“ပထမတော့ ဘာမှမထူးခြားဘူး။ ဒါပေမယ့် ဒီနေရာက တော်တော်မာနေတယ်။ အောက်မှာ တစ်ခုခုရှိနေတာ သေချာတယ်”

ကျုပ်ပြောတာကို တစ်ချက်ကြည့်ပြီး အားလုံး လက်နက်ကိုယ်စီနဲ့ မြက်ခင်းတွေကို ရှင်းကြပါလေရော။

ခဏအတွင်းမှာပဲ (၁၀)မီတာပတ်လည်က မြက်ပင်တွေ အကုန်ရှင်းသွားတယ်။ ထူးထူးဆန်းဆန်း ပုံစံတွေနဲ့ (၆)ထောင့် ပုံစံ ဝင်္ကပါတစ်ခု တွေ့လိုက်ရတယ်။ အဲ့ဝင်္ကပါ အက်ကွဲကြောင်းတွေကြားထဲကနေ မြက်ပင်တွေ ပေါက်လာတဲ့ပုံပဲ။

အဖွဲ့ထဲမှာ ကျုပ်က တစ်ဦးတည်းသော မှော်သခင်ဆိုတော့ အားလုံးရဲ့ မျှော်လင့်ခြင်းအကြည့်တွေက ကျုပ်သွားလေရာ ရောက်လာကြပြန်ရော။

“အင်း ငါမှန်းတာသာ မမှားရင် ဒါလေဟာနယ် ပို့ဆောင်ရေး မှော်ဝင်္ကပါပဲ။ ဒါပေမယ့် ဘယ်နေရာကို ပို့မယ်ဆိုတာတော့ ငါလဲမသိဘူး”

ရှို့စစ်က..

“ဒါဆို ငါတို့စမ်းကြည့်ရအောင်။ သန့်ရှင်းသောဓားဆီကို ပို့မှာလဲ ဖြစ်နိုင်တာပဲ”

“ငါ ဘယ်လို ဆုံးဖြတ်ရမှန်း မသိသေးဘူး။ အလင်းမှော်ပညာကို သင်ယူခဲ့တယ်။ ဒါပေမယ့် လေဟာနယ် ပြောင်းရွှေခြင်း မှော်ပညာကို အများကြီး မသင်ခဲ့မိဘူး”

ကောင်းသဲ ထိတ်လန့်တကြားနဲ့..

“ဒါဆို ငါတို့ ဘာလုပ်ကြမှာတုန်း။ ဒီ ရတနာတောင်ကြီးကိုထားပြီး လက်ဗလာနဲ့ ပြန်ကြရမှာလား”

“သိပ်လဲ စိတ်မပူပါနဲ့။ ငါသိပ်မသုံးဖူးပေမယ့် သေသေချာချော လေ့လာလို့ရပါသေးတယ်”

ပြောရင်းနဲ့ ဆရာတိ ပေးလိုက်တဲ့ စာအုပ်လေးကို အိတ်ထဲက ထုတ်လိုက်တယ်။

“အားလုံး စိတ်ပူမနေနဲ့။ အရင်းဆုံး အနားယူလိုက်ကြလေ။ ငါလေ့လာကြည့်လိုက်မယ်”

အကုန်လုံး ခါးသက်သက်အပြုံးကိုယ်စီနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတာ။ အစ်ကိုကြီး ကျန့်ဟူကတော့ မယုံကြည်နိုင်တဲ့ လေသံနဲ့..

“ ဒီလောက် အချိန်တိုလေးအတွင်းကျမှ လေ့လာသင့်ယူနေလို့ ဖြစ်နိုင်ပါ့မလား”

“ငါတို့ လုပ်နိုင်တာ ဘာမှ မှမရှိတာ။ တစ်နည်းနည်းတော့ စမ်းကြည့်လို့ရတာပဲလေ။ ညီအစ်ကိုတွေ ထိုးထွင်းဉာဏ်နဲ့ဆို ငါတို့တွေ အောင်မြင်မှာပါ.. ဟား..ဟား..”

အားလုံး အသံတိတ်သွားကြတယ်။ ဒီလိုမျိုး မျှော်လင့်ချက်တွေ၊ ဒီလိုမျိုး သံယောက်ဇဉ်တွေသာ မရှိခဲ့ကြရင် ရန်ထသတ်ကုန်မှာ သေချာတယ်။ ကျုပ် အားတင်း ရယ်ရင်း မှော်စာအုပ်လေးထဲမှာ (၆)ထောင့် မှော်ဝင်္ကပါနဲ့ ပတ်သက်ပြီး လိုက်ရှာကြည့်လိုက်တယ်။

ကျုပ် တစ်နည်းနည်းနဲ့ စမ်းကြည့်မယ်လို့သာ ပြောလိုက်ရတာ ဒီစာအုပ်ကို သေသေချာချာ ဖတ်ကြည့်မိတာဆိုလို့ ဒါပထမဆုံးအကြိမ်ပဲ။ အရင်က အပျင်းထူခဲ့မိတာတွေ အခုမှ နောင်တရနေမိတယ်။

အစကတော့ ကျုပ်ရည်ရွယ်ချက်က မှော်ဝင်္ကပါကို အဓိပ္ပါယ်ဖော်ကြည့်ဖို့ သက်သက်ပဲ။ ဒါပေမယ့် စာအုပ်ကို ဖတ်ရင်းနဲ့ မရပ်နိုင်တော့ဘဲ မှော်ပညာနဲ့ စွမ်းဆောင်နိုင်သမျှကို ချဲ့ထွင်ကြည့်နေမိလိုက်တယ်။ မှော်ပညာ ပင်လယ်ကြီးထဲကို နစ်မြုပ်သွားသလိုမျိုးပဲ။

ဒီစာအုပ်ထဲမှာက မှော်ပညာနဲ့ပတ်သက်ပြီး အခြေခံသဘောတရားတွေကစလို့ အစစ်အမှတ်တိုက်ပွဲတွေထဲမှာ ထိထိရောက်ရောက် အသုံးချပုံတွေထိအောင် အရာအားလုံး ပြွတ်သိပ်ပြီး ပါနေတာ။ အဲဒါကိုက အရိုးရှင်းဆုံးနဲ့ တန်ဖိုးမဖြတ်နိုင်အောင် ထိုက်တန်တဲ့ ရတနာ တစ်ပါးလိုပဲ။ ရေးထားတဲ့ အသုံးအနှုံးတွေကလဲ အရမ်းထိမိနေလိုက်ပုံများ အခြေခံမှော်ပညာ မိတ်ဆက်တဲ့ အခန်းတွေဆို စာကြောင်းလေး နည်းနည်းနဲ့ ထိရောက်နေတာ။ တစ်အုပ်လုံးကိုလဲ အဲလိုနည်းလမ်းမျိုးနဲ့ပဲ ရေးထားတာလေ။ ခေါင်းစဉ်ပေးထားတဲ့ ‘လက်တွေ့အသုံးချမှော်ပညာ’ ဆိုတဲ့အတိုင်းပဲ အမျိုးမျိုး သောဒြပ်စင်တွေတွေကို အခြေခံပြီး တိုက်ပွဲဝင်အင်းကွက် ပုံစံတွေ ဖန်တီးထားတာ။ ရှုတ်ထွေးနက်နဲတဲ့ မှော်အင်းကွက် တစ်ခုနဲ့ ဒြပ်စင်တွေကို ပုံမှန်အတိုင်း ပဲ့တင်တုန့်ပြန် လာအောင်လုပ်နိုင်ပြီးတော့ ဒြပ်စင်တွေ မပါမဖြစ်ပါရတဲ့ မန္တန်တွေကိုတောင် ထည့်သုံးနိုင်သေးတယ်။ မှော်အင်းကွက်တွေကို သာမန်အားဖြင့်တော့ အတားအဆီးတွေ၊ လေဟာနယ် ပို့ဆောင်ရေးတွေ၊ စွမ်းအားတိုးချဲ့မှုတွေ၊ ပံ့ပိုးမှုတွေနဲ့ ထူးထူးခြားခြား မှော်ပညာရပ်တွေမှာ သုံးလို့ရတယ်။ မှော်စွမ်းအင် အဆင့်မြင့်လာလေလေ၊ မှော်အင်းကွက်ရဲ့ အစွမ်းက မြင့်မားလေလေ၊ အသုံးပြုတဲ့သူရဲ့ အလိုဆန္ဒမြင့်မား လေလေ မှော်အင်းကွက်ရဲ့ ရှုတ်ထွေးမှုတွေက ပိုများလေလေပဲ။

============= (*^*)=============

အပိုင်း(၈၆)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters