← Chapters

နတ်ဘုရားများ၏ ဇာတ်ကြောင်း

Vol. 6 Ch. 87

နတ်ဘုရားများ၏ ဇာတ်ကြောင်း

Vol. 6 Ch. 87

Child of light (ကျန်းကုန်း)

Volume 3: Chapter 44 – Tale of the Gods

နာလိုက်တာဗျာ။ ကျုပ်တစ်ကိုယ်လုံး ကျေမွသွားသလိုပဲ။ ဒီလောက် ခန္ဓာကိုယ်က နာနေတာတောင် နွေးထွေးမှု အငွေ့အသက်တွေက သာသာယာယာရှိနေတုန်းပဲ။ အဲ့အငွေ့အသက် စွမ်းအင်တွေကပဲ ကျုပ်ကို နှစ်သိပ်ပေးနေသလိုမျိုးနဲ့ ကျုပ်ခန္ဓာကိုယ်ကို ကုစားပေးနေတော့ ပြန်ကောင်းလာနေပြီ။ ဒါကြီး ဘာကြီးလဲ။

မျက်လုံးကို ဖြည်းဖြည်းလေး ဖွင့်ကြည့်လိုက်တယ်။ ကျုပ်ရှေ့က မြင်ကွင်းက အံဩစရာကြီး။ နတ်ဘုရားရုပ်တုတွေ အများကြီးနဲ့ ခမ်းနားကြီးကျယ်လွန်းတဲ့ ဘုရားကျောင်းကြီး တစ်ခုထဲမှာ ကျုပ်ရောက်နေသလိုမျိုးပဲ။ ကြမ်းပြင်က အနည်းဆုံး စတုရန်းမီတာ(၁၀၀၀၀)လောက်ကျယ်တဲ့အပြင် အမိုးဆိုလဲ မီတာရာကျော်လောက်မြင့်မှာ။ မျက်နှာကျက်တွေ၊ နံရံတွေမှာဆို အဖိုးတန်ကျောက်မြက်ရတနာတွေ မြုပ်ထားလိုက်တာမှ အများကြီးပဲ။ ခန်းမကြီး တစ်ခုလုံးလဲ နေ့လည်ဘက်လိုပဲ လင်းထိန်နေတာ။ ဘယ်လောက်တောင် ခမ်းနားကြီးကျယ်လိုက်တဲ့ အဆောက်အဦးကြီး လဲဗျာ။

ကျုပ်တို့တွေ အားလုံးကို အလင်းရောင်တွေ ဖုံးလွှမ်းနေတာ။ သူတို့တွေတော့ မနိုးကြသေးဘူးထင်တယ်။ စောစောက နွေးထွေးမှု စွမ်းအင်တွေက အလင်းရောင်ထဲက ထွက်လာတာနဲ့တူတယ်။

ကျုပ် နည်းနည်းလေး လှုပ်ဖို့ ကြိုးစားကြည့်လိုက်တော့ မခံမရပ်နိုင်အောင် နာတဲ့ဒဏ်ပဲ ခံလိုက်ရတယ်။ ကျုပ်တစ်ကိုယ်လုံးကို နာကျင်နေတာပဲ။ နာလွန်းလို့ အော်လိုက်တော့လဲ အသံကထွက်မလာပြန်ဘူး။ ကျုပ်လဲ လန့်လွန်းလို့ မူးမေ့သွားပြန်ရော။

အချိန်တွေ ဘယ်လောက်ကြာသွားလဲတော့မသိဘူး ကျုပ်ပြန်နိုးလာပြန်တယ်။ တုန်းရီ အသံကျုပ်နားထဲ ဝင်လာတယ်။

“ကျန်းကုန်း နိုးပြီလား”

မျက်လုံး ဖွင့်ကြည့်လိုက်တော့ အကုန်လုံး ကျုပ်ပတ်ပတ်လည်မှာပဲ။ အာ မနာတော့ပါလား။ ဒီအလင်းရောင်တွေက ကျုပ်ကို ကုပေးလိုက်သလိုပဲ။

“အားလုံး အဆင်ပြေလား”

“အေးဆေးပဲ။ အားလုံးအဆင်ပြေတယ်ကွ”

“ဒါဆို ကောင်းပါတယ်။ ငါတို့တွေ ဘုရားကျောင်းကြီးတစ်ခုထဲမှာ ရောက်နေတယ်ထင်တယ်။ ငါတို့ ရဲ့ ပန်းတိုင်တောင် ဖြစ်လောက်သေးတယ်။ ဒါနဲ့ သန့်ရှင်းသော ဓားတွေ့ကြပြီလား”

“ငါတို့လဲ စောစောကမှ နိုးလာကြတာ။ ပတ်ပတ်လည် လိုက်ကြည့်ပေမယ့် ဘာမှ လောက်လောက်လားလား မတွေ့ရသေးဘူးကွ”

တုန်းရီ ကျုပ်ကို မတ်တပ်ရပ်လို့ရအောင် ကူပေးတယ်။ ခန္ဓာကိုယ် အခြေအနေ မစစ်ဆေးခင် အရင်ဆုံး လေကို တဝကြီး ရှူပစ်လိုက်တယ်။ ကျုပ် မှော်စွမ်းအားတွေ အပြည့်အဝကို ပြန်ကောင်းနေပြီပဲ။ ဘယ်လိုဖြစ်ပါလိမ့်။ ဒီအလင်းရောင်က တကယ်ကြီး ကျုပ်ခန္ဓာကိုယ်ကို ပြောင်းလဲပေးလိုက်တာများလား။

“မင်းတို့တွေ ထူးခြားတာ တစ်ခုခု ခံစားရသေးလား”

ကောင်းသဲက..

“ဟုတ်တယ်ကွ။ တော်တော်ကို ကွာခြားတယ်။ ငါ့ခန္ဓာကိုယ် တော်တော် ပြောင်းလဲသွားတဲ့ပုံပဲ။ အာရုံ(၆)ပါး အစွမ်းတွေ တော်တော်လေးတိုးလာတယ်။ သိုင်းပညာ အဆင့်အတန်းကတော့ အရင်အတိုင်းပဲ။ ဒါပေမယ့် ငါသာ ဆက်လေ့ကျင့်မယ်ဆိုရင် အရှိန်အဟုန်နဲ့ကို တိုးတက်လာလိမ့်မယ်လို့ ခံစားနေရတယ်။”

ကျန့် ဟူကလဲ..

“ဟုတ်တယ်ကွ။ ငါလဲ အဲလိုပဲ ခံစားနေရတာ။ ငါခန္ဓာကိုယ်ကြီးကို တစ်ကိုယ်လုံး ပြန်ပြီး ပုံစံသွင်း၊ အရိုးတွေ အစားထိုး လိုက်သလိုပဲ”

ကျုပ် တစ်ခုခု ပြောတော့မယ့်အချိန် ဘုရားကျောင်းထဲကနေပြီး မွန်မြတ် သန့်စင်ပြီး ရင်းနှီးလွန်းတဲ့ အသံတစ်ခု ထွက်လာတယ်။

“ချစ်ရတဲ့ သားတော်လေးတွေ အားလုံးကို ကြိုဆိုပါတယ်ကွာ”

ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တော့လဲ အသံက ဘယ်ကထွက်လာမှန်း မသိနိုင်ဘူး။ အသံက အရပ်မျက်နှာ ပေါင်းစုံက ထွက်လာနေသလိုပဲ။

ကျင်နာနွေးထွေးတဲ့အသံက ထပ်ပြီး ထွက်လာပြန်ရော။

“မင်း ရှာနေတာကို ရပ်လိုက်ကြတော့။ မင်း ငါ့ကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူး။ မဟုတ်မှ လွဲရော မင်းကို ဝင်ခွင့်ပေးလိုက်တဲ့သူကို မေ့သွားတာများလား”

အာ.. ကျုပ်သတိရသွားပြီ။

“အဘိုး တားမြစ်စည်းလား”

“ဟား ဟား.. မင်း မှတ်မိတယ်ပေါ့လေ။ ငါက အဘိုးတားမြစ်စည်း မဟုတ်ပါဘူးကွာ။ ဒါပေမယ့် မင်းကတော့ ငါ့ကို နတ်ဘုရားတို့ရဲ့ ဘုရင်လို့ ခေါ်သင့်တယ်ကွ”

သူ့စကားတွေကို ကျုပ်တော်တော် အံ့ဩသွားတယ်။ တုန်းရီတောင် စကားတွေထစ်ပြီး..

“နတ်.. နတ်.. နတ်ဘုရားတို့ရဲ့ ဘုရင်”

“မှန်တာပေါ့။ ငါသာ ခွင့်မပြုခဲ့ရင် တားမြစ်စည်းကို ဖြတ်ကျော်နိုင်မယ် မင်းထင်နေလား”

ကျုပ်တို့တွေ နတ်ဘုရား တစ်ပါးနဲ့ တကယ်ကြီး တွေ့နေရတာပဲ။ ဒီလိုသာဆိုရင် သန့်ရှင်းသောဓားကို ရှာနေတဲ့အတွက် ကျုပ်တို့ကိုများ အပြစ်မြင်မလားမသိဘူး။ စောစောက အလင်းဓာတ်တွေ သူလွှတ်ထားတာဆိုတော့ အဲလိုတော့ မဖြစ်နိုင်လောက်ပါဘူးလေ။ တကယ်လို့ ကျုပ်တို့ကို အန္တရာယ်ပေးချင်ရင် ဘာလို့ကယ်နေအုံးမှာတုန်း။ ဒါပေမယ့် စိတ်အေးနေလို့တော့မရဘူး။ ပိုပြီး သတိထားနေမှ တော်ရာကျမယ်။

“အရှင်မင်းမြတ်.. သန့်ရှင်းသောဓားကိုရှာဖို့ ကျုပ်တို့တွေ ဒီကိုရောက်လာတာပါ။ သန့်ရှင်းသောဓားကို ယူလိုမရနိုင်ဘူး ဆိုလဲ ကျုပ်တို့တွေ ချက်ချင်းပြန်ထွက်သွားပါ့မယ်။ ကျန်တဲ့သူတွေကိုတော့ လွှတ်ပေးဖို့ တောင်းဆိုပါရစေ။ ကျုပ်တစ်ယောက်ထဲ အပြစ်ပေးတာ ခံပါ့မယ်”

အကုန်လုံး ကျုပ်စကားကို ကြားပြီး ဒေါသသံတွေနဲ့ မှတ်ချက်တွေ ထွက်လာကြပါလေရော။ ကျန့်ဟူက.

“လုံးဝ မဟုတ်ဘူး။ တစ်ယောက်ယောက်ကို အပြစ်ပေးမယ်ဆိုရင် ကျုပ်ကိုပဲ အပြစ်ပေးသင့်တယ်။ ဒီအဖွဲ့မှာ ကျုပ်က အသက်အကြိးဆုံး။ သူတို့တွေအကုန်လုံး ကျုပ်အမိန့်ပေးသမျှ လုပ်နေကြရတာ”

တခြားလူတွေလဲ အတူတူပဲ။ သူတို့ကိုယ်သူတို့ အပြစ်သားအဖြစ် ပြောနေကြတာပဲ။ ဒီအချိန် နတ်ဘုရား ဘုရင်ကြီး ဘာမှမပြောဘဲ ငြိမ်နေတယ်။ ကျုပ်တို့တွေ ငြင်းခုံနေတာကို သူသဘောခွေ့နေတဲ့ပုံပဲ။

“ငြင်းခုံနေတာတွေ အကုန်ရပ်လိုက်တော့။ မင်းတို့တွေအကုန် ငါ့ကြောင့် ဒီမှာရှိနေကြတာ။ မင်းတို့တွေအကုန်လုံး ငါ့အတွက် အကောင်းဆုံး ညီအစ်ကို သူငယ်ချင်း မိတ်ဆွေတွေပဲ။ ငါ့ကြောင့် မင်းတို့ကို ထိခိုက်နစ်နာအောင် လုံးဝ ခွင့်မပြုနိုင်ဘူး”

အဲ့အချိန် ဘုရင်ကြီးအသံထွက်လာတယ်။

“ကလေးတို့ ငြင်းခုံနေတာတွေ ရပ်လိုက်တော့။ မင်းတို့အားလုံး သားကောင်းရတနာလေးတွေကြီးပဲ။ မင်းတို့ ဒီကို ရောက်မလာခင် ပြင်းပြင်းထန်ထန် စစ်ဆေးခဲ့ပြီးသား။ ဘုရားသခင်သစ်တောထဲ ဝင်လာတုန်းက မင်းတို့တွေရဲ့ ရဲစွမ်းသတ္တိ၊ စွမ်းအား၊ ဉာဏ်ပညာနဲ့ စိတ်ဓါတ်တွေအကုန်လုံး စမ်းသပ် ခံခဲ့ရပြီးပြိး။ မင်းတို့သာ မအောင်မြင်ခဲ့ရင် ဒီကို ရောက်လာစရာ အကြောင်းမရှိပါဘူးလေ”

“ဒီလို ပြောတယ်ဆိုတော့ သန့်ရှင်းသောဓား ကျုပ်တို့ကိုပေးဖို့များ သဘောတူတာလားဗျ”

“ကျန်းကုန်းလေး.. မင်းသိပ်ပြီး ပူပန်နေစရာမလိုပါဘူး။ အရင်ဆုံး မင်းကိုငါ ပုံပြင်တစ်ပုဒ် ပြောပြမယ်”

ကျုပ်တို့တွေ အကုန်လုံး ခေါင်းမော့ပြီး နတ်ဘုရားတို့ရဲ့ဘုရင် ပြောမယ့်မယ့် ပုံပြင်ကို တိတ်တိတ်လေး နားထောင်နေလိုက်ကြတယ်။

“ဟိုး အရင်တုန်းက ဒီကမ္ဘာကြီးပေါ်မှာ အရမ်းအစွမ်းထက်တဲ့ မျိုးနွယ်တစ်မျိုးရှိတယ်။ သူတို့တွေက လူသားတွေလိုပဲ အရမ်းကြီးကျယ်တဲ့ ဉာဏ်ပညာတွေရှိကြတယ်။ ဟိုးရှေးယခင်ကတည်းက ဖြစ်ပျက်ခဲ့တာဆိုတော့သလဲ ဘယ်က သန္ဓေတည်လာလဲ့တော့ မသိတော့ဘူးပေါ့လေ။ ဒီလိုနဲ့ ဆင့်ကဲဆင့်ကဲ မျိုးဆက်တွေ တစ်ခုပြီးတစ်ခု များလာတဲ့အခါကျ သူတို့မျိုးနွယ်က အမှန်တကယ်ကို အားကောင်းလာတာ။ သူတို့တွေ မသေမျိုးဖြစ်သွားတဲ့အတွက် မျိုးဆက်ပွားတဲ့ အစွမ်း ဆုံးရှုံးသွားကြတယ်။ ဒီလိုနဲ့ မျိုးနွယ်တစ်ခုလုံးရဲ့ အရေအတွက်က စုစုပေါင်း (၃၀၀)ဝန်းကျင်လောက်ပဲ ကျန်တော့တယ်။ စိတ်ထား နှလုံးသား ဖြူစင်ကြတယ်။ သူတို့တွေက အလှအပအားလုံးကို ကြိုက်တဲ့ မျိုးနွယ် တစ်ခုဆိုလဲ ဟုတ်တယ်။ သူတို့ကို မျိုးနွယ်စုအားလုံးက နောက်ပိုင်းကျ နတ်ဘုရားမျိုးနွယ်စုလို့ ခေါ်ကြတယ်။”

အဲဒါကိုကြားပြီး ကျုပ်လဲ “အာ……” လို့ပဲ အော်လိုက်မိတော့တယ်။

နတ်ဘုရားဘုရင်ကတော့ ဆက်ပြောတာပေါ့..

“ကမ္ဘာကြီးတစ်ခုလုံးမှာ (၃၀၀)ပဲရှိတော့တာ။ တကယ်ကို အထီးကျန်ဆန်လွန်းတယ်။ အမျိုးမျိုး စမ်းသပ်လေ့လာရေးတွေ လုပ်ပြီးတဲ့အခါမှာ သူတို့နဲ့ ယှဉ်တွဲနေထိုင်လို့ရမယ့် မျိုးစိတ်အသစ်တစ်မျိုး ဖန်တီးလိုက်ကြတယ်။ ဒီနည်းနဲ့ဆို ကမ္ဘာကြီးက သစ်လွင်တောက်ပပြီး လှပလာလိမ့်မယ်လို့ သူတို့တွေ ထင်ခဲ့ကြတာပေါ့။ သူတို့တွေ ဉာဏ်ရည်မြင့်မားတဲ့ လူသားမျိုးနွယ်၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ အမှောင်နတ်ဆိုးမျိုးနွယ်၊ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ နတ်သူငယ်မျိုးနွယ်၊ ရိုးရှင်းပြီး စိတ်ရင်းမှန်တဲ့ လူပုလေးမျိုးနွယ်၊ စွမ်းအားကြီးတဲ့ ဘီလူးမျိုးနွယ်နဲ့ စွမ်းအား အရမ်းကြီးတဲ့ နဂါးမျိုးနွယ်တွေကို ဖန်တီးခဲ့ကြတယ်။ ဒီလိုမျိုး ပြိုင်ဆိုင်ကြတဲ့ပွဲမှာလဲ ကောင်းတဲ့အချက်တွေ ရှိခဲ့တာပဲ။ တိုက်ကြီး တစ်တိုက်လုံးမှာ မျိုးနွယ်စုတစ်ခု ပြီးတစ်ခု အဆက်မပြတ် ပေါ်လာပြီး စည်ကားသိုက်မြိုက်တဲ့ မြင်ကွင်းတစ်ခု ဖြစ်လာတယ်။ နတ်ဘုရား မျိုးနွယ်စုကတော့ တခြားမျိုးနွယ်စုတွေ လေးစားအားထားရာဖြစ်လာတော့ သူတို့ အဆင့်အတန်းက သိသာတာပေါ့”

နတ်ဘုရားဘုရင် ခဏလောက် နားပြီးမှ ဆက်ပြောတယ်..

“ကမ္ဘာကြီးတစ်ခုလုံး စည်းလုံးညီညွတ်ပြီး သာယာလှပနေတဲ့အချိန် ဘယ်သူမှ မထင်မိတဲ့ ဆိုးညစ်မှုတစ်ခု ပေါ်ထွက်လာတယ်။ အဲ့ဒါတွေကို မွန်းစတားမျိုးနွယ်စုလို့ခေါ်တယ်။ သူတို့ဆီမှာ နတ်ဘုရားမျိုးနွယ်စုကမဟုတ်တဲ့ စွမ်းအားတွေ အများကြီးရှိနေတယ်။ ပြီးတော့ သူတို့အရေအတွက်ကလဲ များလွန်းတယ်။ သူတို့စိတ်ထဲမှာ ကျူးကျော်မယ်၊ အကြမ်းဖက်မယ်၊ သတ်ဖြတ်မယ်၊ ခိုးမယ် ဆိုတာတွေနဲ့ပဲ ပြည့်နေတာ။ ကမ္ဘာကြီးမှာ သူတို့ပေါ်လာတာကြောင့် မျိုးနွယ်စုပေါင်းများစွာ၊ လူပေါင်းများစွာကို သတ်ဖြတ်လိုက်ကြတယ်။ ဒီတော့ နတ်ဘုရားမျိုးနွယ်စု ဦးဆောင်မှုအောက်မှာ မွန်းစတားမျိုးနွယ်စု ကျူးကျော်မှုကို တိုက်ဖျက်ဖို့ မဟာသမိတ်ဖွဲ့ခဲ့ကြရတာပေါ့”

အဲ့ဒီအချိန်မှာ နတ်ဘုရားဘုရင်ကြီးမှာ အမုန်းတရာတွေနဲ့ နာကျင်ခံစားနေရပုံပဲ။ ကြည့်ရတာ မီးခိုးငွေ့ တလူလူနဲ့ စစ်တလင်းပြင်ကြီးထဲကို သူကိုယ်တိုင် ပြန်ရောက်သွားတဲ့အတိုင်းပဲဗျာ။

============= (*^*)=============

အပိုင်း(၈၈)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters