နတ်ဘုရား၏ တာဝန်
Vol. 6 Ch. 88
Child of light (ကျန်းကုန်း)
Volume 3: Chapter 45 – God’s Mission
“နောက်တော့ ဘာဆက်ဖြစ်သွားလဲ”
“ကလေးတို့ စိတ်မပူပါနဲ့။ ငါဆက်ပြောမှာတွေကိုသာ သေချာ အာရုံစိုက်နားထောင်လိုက်။ မွန်းစတားမျိုးနွယ်က နတ်ဘုရားမျိုးနွယ်ထက် အရေအတွက်များပြီး အားလဲအရမ်းကောင်းတယ်။ ဒါပေမယ့် စုပေါင်း မဟာမိတ် မျိုးနွယ်စုတွေက မွန်းစတားမျိုးနွယ်ထက် ပိုများသွားတာပေါ့။ နတ်ဘုရားမျိုးနွယ်နဲ့ မဟာမိတ်အဖွဲ့ မျိုးနွယ်အသီးသီးက စစ်သည်တော်တွေရဲ့ ရဲရင့်တဲ့စိတ်ဓါတ်တွေကြောင့် မွန်းစတားမျိုးနွယ်ရဲ့ သောင်းကျန်းကျူးကျော်မှုတွေကို ရပ်တန့်သွားနိုင်ခဲ့တယ်။ နတ်ဘုရားမျိုးနွယ်ရဲ့ ဦးဆောင်မှုအောက်မှာ မဟာမိတ်မျိုးနွယ်စုအားလုံး မွန်းစတားမျိုးနွယ်ကို တိုက်ခိုက်ပြီးတဲ့ နောက်ဆုံးမှာတော့ ချေမှုန်းပစ်နိုင်ခဲ့တယ်လေ။ မွန်းစတားမျိုးနွယ်ဘုရင်နဲ့ နတ်ဘုရားမျိုးနွယ်ဘုရင်တို့ (၂)ယောက်လဲ ရင်ဆိုင်တိုက်ခိုက်ရာကနေ နှစ်ယောက်စလုံး ဒဏ်ရာ အပြင်းအထန် ရသွားကြတယ်။ တိုက်ပွဲပြီးသွားတဲ့ အချိန်မှာ နတ်ဘုရားမျိုးနွယ် အနည်းစုပဲ အသက်ရှင်ကျန်ရစ်ခဲ့ကြတယ်။ တိုက်ပွဲကြီးမှာ ပါခဲ့ကြတဲ့ မျိုးနွယ်စုတွေ၊ အထူးသဖြင့် နဂါးမျိုးနွယ်ကတော့ အကျိုးဆက်သက်ရောက်မှု ကြီးကြီးမားမားဖြစ်ခဲ့တာပေါ့။ နဂါးမျိုးနွယ်ကို ဖန်တီးလိုက်တဲ့ အချိန်ကတည်းက အရမ်းကြောက်စရာ ကောင်းတာကြောင့် မျိုးဆက်ပြန့်ပွားနှုန်းကို နတ်ဘုရား မျိုးနွယ်က ကန့်သတ်ထားခဲ့တာ။ တိုက်ပွဲပြီးတဲ့အချိန်မှာ နဂါးမျိုးနွယ် အရေအတွက်လဲ အရမ်းနည်းသွားပြီးတော့ အခုဆို (၂၀၀)ဝန်းကျင်လောက်ပဲ ကျန်တော့တယ်။ နတ်ဘုရားမျိုးနွယ်ဆိုတာလဲ သမိုင်းထဲကနေ တဖြည်းဖြည်း ပျောက်ကွယ် သွားတာပေါ့။ လူသားမျိုးနွယ်၊ မှော်မျိုးနွယ်၊ သားရဲမျိုးနွယ်တွေကတော့ အဆုံးမရှိ မျိုးပွားလာပြီး ကမ္ဘာကြီးတစ်ခုလုံးရဲ့ အရှင်သခင်သစ်တွေ ဖြစ်လာတာပေါ့။ ပုံပြင်ကတော့ ဒီလောက်ပါပဲ”
“နောက်တော့ နတ်ဘုရားမျိုးနွယ်စုက ဘာဖြစ်သွားလဲ”
“မင်းတို့တွေ နားထောင်ပြီးပြီဆိုတော့ ငါက နတ်ဘုရားတို့ရဲ့ ဘုရင်ဖြစ်တဲ့အပြင် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အနည်းစုထဲက တစ်ယောက်ဆိုတာ မင်းတို့ သိလောက်ရောပေါ့။ နှစ်ပေါက်အောင် ကြာခဲ့တဲ့ စစ်ပွဲကြီးအပြီးမှာ နတ်ဘုရားမျိုးနွယ် မဟာမတ်အဖွဲ့ အကူအညီနဲ့ မွန်းစတားဘုရင်ကို ဝင်္ကပါစည်းခတ်ထားနိုင်ပေမယ့် ဒဏ်ရာ အပြင်းအထန် ခံစားခဲ့ရတယ်လေ။ နှစ်ပေါင်း ရာနဲ့ချီသွားတာတောင် ငါတို့တွေ အခုထိ အပြည့်အဝ ပြန်မကောင်းသေးဘူး။ လောလောဆယ် မင်းတို့ကို ပြောပြတဲ့ ပုံပြင်မှာ သန့်ရှင်းသောဓားကိုရဖို့ ဘယ်လို ဆက်စပ်နေတယ်ဆိုတာ မင်းတို့ သိချင်နေကြမှာပေါ့။ ငါမင်းတို့ကို ဒီပုံပြင်ပြောပြပြီးပြီဆိုတော့ မင်းတို့ဆီက အကူအညီတောင်းရတဲ့ အကြောင်းအရင်းကိုလဲ နားလည်လောက်မှာပါ”
“ဘုရင်ကြီးတောင် ကျုပ်တို့ဆီက အကူအညီ လိုသေးတာလား”
ရှင်းအောင်းရဲ့ ရုတ်တရက်စကားကြောင့် ကျန့်ဟူ အနားကို လှမ်းဆွဲလိုက်ပြီး တိုးတိုးလေးနဲ့..
“တာဝန်မဲ့စကားတွေ စွတ်ပြောမနေနဲ့”
နတ်ဘုရားဘုရင်ကြီးကတော့ ရယ်ရယ်မောမောနဲ့ပဲ..
“မဟုတ်ဘူးကွ။ သူပြောတာမှန်တယ်။ မင်းတို့အကူအညီကို တကယ်လိုအပ်နေတာ။ တကယ်ဆို ဒီကိစ္စက ကမ္ဘာကြီးတစ်ခုလုံးရဲ့ သေရေးရှင်ရေးနဲ့ သက်ဆိုင်နေတာဆိုတော့ မင်းတို့ကိုယ်မင်းတို့ အကူအညီ ပြန်ပေးနေရသလိုပါပဲလေ။
အာ… တကယ်ကို ဆိုးဆိုးဝါးဝါးအခြေအနေလို့ ထင်မိသွားတော့..
“နောက်ဆုံး ဘာဖြစ်သွားလဲ။ မွန်းစတားဘုရင်က ခင်ဗျားရဲ့ ဝင်္ကပါစည်းကို ချိုးဖေါက်သွားတာလား။ ခင်ဗျားရဲ့ နတ်ဘုရားမျိုးနွယ်တောင် အနိုင်ရဖို့ ခက်ခဲခဲ့တာဆိုတော့ ကျုပ်တို့ လူသားတွေ ဘယ်လို ကူညီနိုင်ပါ့မလဲ”
“မင်းပြောတာ တစ်ဝက်မှန်တယ်။ ဒါကိစ္စမှာ မွန်းစတားဘုရင် ပါနေတယ်ဆိုပေမယ့် သူကိုယ်တိုင် ငါ့ဝင်္ကပါစည်းကနေ မလွတ်သေးဘူး။ ငါသူ့ကို ချိတ်ပိတ်ခဲ့ပြီးတော့ နှစ်ပေါင်း ရာချီကျင့်ကြံနေရာကနေ သူ့စွမ်းအားတွေ တဖြည်းဖြည်း ပြန်ရလာနေပြီ။ သူက နတ်ဘုရားမျိုးနွယ် နေထိုင်တဲ့ တာမြစ်စည်းကို အဆက်မပြတ် တိုက်ခိုက်လာနေပြီ။ တစ်ကြိမ်ဆို နတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက် သတိလက်လွတ်ဖြစ်ပြီး အင်အားကြီးစွမ်းအား နည်းနည်းကို လွတ်မြောက်ခွင့် ပေးလိုက်သလို ဖြစ်သွားတယ်။ အဲ့စွမ်းအားမှာ မွန်းစတားဘုရင်ရဲ့ စွမ်းအားနဲ့ အသိစိတ် တစ်စိတ်တစ်ပိုင်း ပါသွားတာကြောင့် ကမ္ဘာကြီးကို အန္တရာယ် စပေးလာတာ။ မွန်းစတားဘုရင် လွတ်မသွားအောင် ထိန်းထားရတဲ့အတွက် လွတ်သွားတဲ့ ကိုယ်ပွားကို ချေမှုန်းဖို့ ဒီကနေ ထွက်သွားလို့မရဘူးဖြစ်နေတယ်။ ဒါကြောင့် သူ့ကိုယ်ပွားကို ရှာပြီး ချေမှုန်းဖို့ တောင်းဆိုနေရတာ”
“ကျုပ်တို့တွေ တကယ်ကြီးလုပ်နိုင်ပါ့မလား။ သူကရော ဘယ်လောက်ထိ စွမ်းအားကြီးနိုင်လဲ”
“အင်း.. အဲဒါက သူ့စွမ်းအားရဲ့ အစိတ်အပိုင်း သေးသေးလေးဆိုပေမယ့် စွမ်းအားကတော့ တော်တော်ပြင်းထန်တုန်းပဲ။ မင်းရဲ့ လက်ရှိ အခြေအနေနဲ့ သွားတိုက်လို့ ရနိုင်မှာတော့ မဟုတ်ဘူးကွ။ မင်းတို့တွေ သူနဲ့ ရင်မဆိုင်ခင် မင်းတို့စွမ်းအားတွေကို အရင်မြှင့်တင်နိုင်မှ ဖြစ်မယ်။ မင်းတို့သာ မွန်းစတားဘုရင်ရဲ့ ကိုယ်ပွားကို ချေမှုန်းနိုင်ခဲ့မယ် ဆိုရင် ဝင်္ကဘာစည်းထဲမှာ ကျန်နေတဲ့ ဘီလူးစွမ်းအားကို သုတ်သင်ရှင်းလင်းဖို့ ငါတို့စွမ်းအားတွေအားလုံးကို ထိန်းထားလို့ ရနိုင်မှာပေါ့”
“ခင်ဗျားတို့တွေက အစောကတည်းက သူ့ကို ဘာလို့ လက်စသတ် မသုတ်သင်ရတာလဲ”
ကျုပ်လဲ နည်းနည်း စပ်စုကြည့်လိုက်တာပေါ့။
နတ်ဘုရားဘုရင် သက်ပြင်းချပြီး..
“စစ်ပွဲမှာ ငါတို့တွေ စွမ်းအားတော်တော် ကုန်သွားတာဆိုတော့ အဲအချိန်မှာသာ သူ့ကို အပြီးတိုင်ချေမှုန်းပစ်လိုက်မယ် ဆိုရင် မွန်းစတားဘုရင် သေသွားနိုင်တာပေါ့လေ။ ဒါပေမယ့် အဲ့ဒီတုန်းက မျိုးနွယ်စုတွေအားလုံး အသက်ရှင်နိုသင်ပြီး အချိန်တွေ ကြာလာတာနဲ့အမျှ မွန်းစတားဘုရင်ကို ချေမှုန်းနိုင်လိမ့်မယ်လို့ ငါယုံကြည့်ခဲ့မိတာပေါ့။ ဒါကြောင့် စိတ်ထား သိမ်မွေ့စွာနဲ့ပဲ သူကို ချိတ်ပိတ်ယုံ ချိတ်ပိတ်ထားဖို့ ဆုံးဖြတ်လိုက်တာ။ ဒါပေမယ့် ဒီလောက် နှစ်ပေါင်း ရာထောင်ချီကြာခဲ့တာတောင် သူ့ပင်ကိုယ်စရိုက်ဆိုးက လုံးဝ အားနည်းမသွားဘူးဆိုတာတော့ ငါလဲ ထင်မထားမိဘူးလေ။ ဒီအချိန်မှာသာ သူ့ကို ချေမှုန်းဖို့ ကြိုးစားရင် တော်တော် အန္တရာယ်များသွားပြီလို့ မြင်တယ်။ ကမ္ဘာလောကကြီးကို လွတ်သွားတဲ့ သူ့ကိုယ်ပွားကိုသာ ချေမှုန်းနိုင်မယ်ဆိုရင် သူ့မူလစွမ်းအား လျော့သွားပြီး ငါတို့တွေ တစ်ကြိမ်တည်းနဲ့ သုတ်သင်ပစ်လိုက်နိုင်မှာပေါ့”
ဒါကို နားထောင်ရင်းနဲ့ နောက်ဆုံးတော့ နတ်ဘုရားသခင်ပြောတဲ့ ဆိုလိုရင်းကို ကျုပ်တို့ နာလည်လာတယ်။ စိတ်ထဲမှာ တွေးနေတာက ကျုပ်တို့အသက်တွေကို စွန့်ရတော့မယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလား။ မွန်းစတားဘုရင်ရဲ့ ကိုယ်ပွား ဘယ်လောက်ထိ သန်မာနေမယ်ဆိုတာ ဘယ်သူသိမှာတဲ့လဲ။
လက်ရှိ ကို့ရို့ကားယား အနေအထားကနေ လွတ်အောင်..
“ကျုပ်တို့တွေ သူ့ကို တကယ်ကြီး ရှာတွေ့နိုင်မှာလား။ သူကရော လောကကြီးကို ဒုက္ခပေးနေပြီလား”
နတ်ဘုရားဘုရင် ကျုပ်စိတ်ကူးတွေကို မြင်တော့..
“ကလေး အခြေအနေတွေကို ရှောင်ပုန်းနေတာဟာ အဖြေမဟုတ်ဘူး။ တစ်ခုတည်းသောအဖြေက သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ ရှိတယ်။ မွန်းစတားဘုရင်က နှစ်ပေါင်းများစွာ ပြင်ဆင်နေခဲ့တာ။ သူတစ်ယောက်တည်းတောင် မဟုတ်ဘူး။ သူ့ လက်အောက်ငယ်သားတွေမှ အများကြီးပဲ။ သူတို့တွေ အကုန် လျှို့ဝှက်ပြီး လှုပ်ရှားနေကြတာ။ လူသားနဲ့ နတ်ဆိုးမျိုးနွယ်တွေ အချင်းများကြတယ်ဆိုတာလဲ နောက်ကွယ်မှာ မွန်းစတားဘုရင်ရဲ့ သွေးထိုး လှုံ့ဆော်နေလို့ပဲ။ မွန်းစတားဘုရင်ရဲ့ အသံကို ကြားလိုက်ရတာနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးတွေ၊ သဟဇာတဖြစ်မှုတွေအကုန် ဖျက်ဆီးပစ်ဖို့ ကြိုးစားကြတော့တာ။ မွန်းစတားဘုရင်က ကမ္ဘာကြီးကို အုပ်စိုးပြီးတာနဲ့ ငါတို့ နတ်ဘုရားမျိုးနွယ်စုအပါအဝင် မျိုးနွယ်စု အားလုံးကို ဖျက်စီးပစ်လိမ့်မယ်”
ဒါတော်တော် ဆိုးတာပဲ။ တချိန်လုံး ပါးစပ်ပိတ်နေတဲ့ ကျန့်ဟူက..
“ စိတ်ချပါ။ ကျုပ်တို့တွေ မွန်းစတားဘုရင်ကို သေချာပေါက် ချေမှုန်းပစ်မယ်။”
သူတောင် ပြောနေပြီဆိုတော့ ကျုပ်လဲ တတ်နိုင်သလောက် ထောက်ခံလိုက်ရတာပေါ့။
“ကျုပ်တို့တွေ သူ့ကို ချေမှုန်းရမယ်ဆိုရင် အချိန်ကစပြီး လှုပ်ရှားရမှာလဲ”
“မင်းတို့တွေ ဒီလောက်ကြီး စိတ်လောနေဖို့မလိုပါဘူးလေ။ မင်းတို့ လိုချင်တာ တစ်ခုထဲနဲ့ သူ့ကို စွတ်သွားရှာစရာ မလိုဘူး။ တစ်ကမ္ဘာလုံး စစ်ခင်းကြပြီဆိုရင် သူထွက်လာလိမ့်မယ်။ ဆိုတော့ စစ်မဖြစ်ခင် အချိန်အတွင်း မင်းတို့တွေ လေ့ကျင့်ပြီး ကိုယ့်ကိုကိုယ် စွမ်းအားတိုးအောင် ကြိုးစားကြဖို့နဲ့ မင်းတို့လိုမျိုး စိတ်ခံစားချက် တူတဲ့သူတွေစုထားဖို့ လိုလိမ့်မယ်။ မင်းတို့ အရည်အချင်းတွေကို မြှင့်တင်ထားရမယ်။ မင်းတို့ဟာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ မျှော်လင့်ချက်ဆိုတဲ့အတိုင်း မင်းတို့ ကြိုးစားရလိမ့်မယ်”
စကားမစပ်၊ ကျုပ်ကလွဲပြီး ကျန်တဲ့သူတွေအကုန်လုံး စိတ်အားထက်ထက်သန်သန်နဲ့ သူတို့ရဲ့ သူရဲကောင်းဆန်မှုတွေကို တစ်ယောက်ပြီးတစ်ယောက် ဖွင့်ထုတ်နေကြလေရဲ့။ နည်းနည်းကြောက်နေပေမယ့် ကျုပ်တို့ရဲ့ အသက်ရှင် ရပ်တည်နိုင်ရေးနဲ့ ပတ်သက်နေတာဆိုတော့ ယိမ်းယိုင်သွားမှာ မဟုတ်တာတော့ သေချာပါတယ်။
“ကျုပ်တို့တွေ အစွမ်းတိုးသွားအောင် သန့်ရှင်းသောဓားကို ပေးမှာလား”
တာဝန်ကြီးကို ဆောင်ရွက်နေတဲ့အချိန်မှာ ကျုပ်တို့ အသက်ရှင်နိုင်စွမ်းနဲ့ ဘေးကင်းလုံခြုံမှု မြင့်လာဖို့တော့ နတ်ဘုရားဘုရင်နဲ့ နည်းနည်းလေး ညှိနှိုင်းကြည့်ရမှာပေါ့။
“ကလေး ပြဿနာမရှိပါဘူး။ မင်းခွန်အားတွေ တိုးအောင် မင်းကို ပစ္စည်းနည်းနည်း ပေးလိုက်မယ်။ မင်းတို့တွေ ပထမဆုံး ရောက်လာတုန်းက မင်းတို့ခန္ဓာကိုယ်ကိုပြုပြင်ပြီး မင်းတို့ရဲ့အရိုးတွေလဲဖို့အတွက် ငါ့ရဲ့ နတ်ဘုရားစွမ်းအားတွေ သုံးလိုက်ရတယ်။ နောက်နောင်ဆိုရင် မင်းလုံ့လဝီရိယ တစ်ဝက်လောက်လေး အားစိုက်လိုက်ယုံနဲ့ မင်းရဲ့ ခွန်အားတွေ (၂)ဆ လောက်တိုးလာလိမ့်မယ်။ ကဲ ကဲ.. နောက်ထပ် ကောင်းနိုးရာရာ ပစ္စည်းလေးတွေ တစ်ခုစီပေးမယ်။ ငါပြောတာ နားထောင်။ မင်းတို့တွေ နတ်ဘုရားပုံတော်ရဲ့ အလယ်ကို သွားရပ်လိုက်ကြ။”
“ကျန့်ဟူ။ မင်းကို စစ်နတ်ဘုရားရဲ့ အကာကွယ် ချပ်ဝတ်တန်ဆာ ငါပေးမယ်။ မင်း စစ်နတ်ဘုရားစစ်စစ် ဖြစ်လိမ့်မယ်လို့ ငါမျှော်လင့်တယ်။”
ကျန့်ဟူ မြင့်မြတ်သော နတ်ဘုရား ပုံတော်ရှေ့သွားပြီးတာနဲ့ သူ့ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပ လင်းလက်လာပြီးတော့ နက်ပြာရောင်ကိုယ်ထည်ရှိတဲ့ ချပ်ဝတ်တန်ဆာနဲ့ ခမောက်ကြီးတစ်ခု ကျန့်ဟူ ခန္ဓာကိုယ်မှာ ပေါ်လာတယ်။ ဒေါက်(၃)ခုပါတဲ့ ခေါင်းဆောင်းတစ်ခု သူ့ခေါင်းပေါ်မှာ ပေါ်လာတယ်။ ခမောက်အလယ်မှာတော့ အပြာရောင် ဘဲဥပုံ ကျောက်မျက်ရတနာတစ်ခု ပါတယ်ဗျ။ ပခုံးမှာ အလွှာ(၄)ခုပါတဲ့ အကာအကွယ်နဲ့။ အပေါ်ဆုံးအလွှာက သူ့ပခုံးနဲ့ ကွက်တိပဲ။ ကျန်တဲ့အလွှာတွေကတော့ သူ့ထက်တိုတယ်။ နောက်ဆုံး အလွှာ(၂)ခုက အောက်ဘက်ကို ဆိုက်နေတယ်။ ရင်ဘတ်က ချပ်ဝတ်ကလဲ အကြီးကြီးပဲ။ သူ့ရင်ဘတ် အလယ်မှာလဲ အပြာရောင် ဘဲဥပုံ ကျောက်မျက်ရတနာ တစ်ခု၊ သူ့ခေါင်းဆောင်းပေါ်က ဟာနဲ့ တူတဲ့အပြင် နည်းနည်းလေး ပိုကြီးတယ်။ ချပ်ဝတ်တန်ဆာ ရင်ဘတ်ပိုင်းနဲ့ ဝမ်းဗိုက်ပိုင်းကတော့ ကျန့်ဟူရဲ့ ကြွက်သားတွေလိုမျိုး ပုံစံတူပဲ။ သူ့လက်နဲ့ ခြေထောက်တွေမှာလဲ အတိုင်းအတာ တစ်ခုထိ ထူတဲ့ အပိုင်းအစလေးတွေနဲ့ လုံနေအောင် အုပ်ထားတယ်။ နောက်ဆုံးပိတ် သူ့နောက်ကျောမှာလဲ အနက်ရောင် အလွှာတစ်ခု ပေါ်လာတယ်။ အရပ်(၂)မီတာလောက် ရှည်တဲ့ ကျန့်ဟူ ကြီးကျယ်ခန်းနားတဲ့ ပုံစံကို မတ်တပ်ရပ်ပြီး ပြနေတော့တာ။ တကယ်ပဲ သူက စစ်နတ်ဘုရား ပြန်ပြီး အသက်သွင်းလိုက် သလိုကို ဖြစ်နေတော့တာ။
============= (*^*)=============
အပိုင်း(၈၉)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား