နတ်ဘုရား၏ ဆုလာဘ်
Vol. 6 Ch. 89
Child of light (ကျန်းကုန်း)
Volume 3: Chapter 46 – God’s reward
ကျန့်ဟူ သူ့ချပ်ဝတ်အသစ်ကို လှည့်ပတ်ကြည့်ပြီးတာနဲ့ နေရာကရွှေ့လိုက်တယ်။ သူ ဘယ်လောက် စိတ်လှုပ်ရှားနေတယ် ဆိုတာ တော်တော်သိသာတာပဲ။ တစ်ဆက်တည်း ဒူးထောက်ပြီး နတ်ဘုရားဘုရင်ကြီးကို ဦးခေါင်းနဲ့မြေကြီး တိုက်မိတဲ့အထိ (၃)ကြိမ် ဂါရဝပြုလိုက်တယ်။
“ကျုပ် အရှင်မင်းကြီးကို စိတ်မပျက်စေရပါဘူး။ မွန်းစတားဘုရင်ကို အမြစ်ပြတ်သုတ်သင်ဖို့ဆိုတာ ကျုပ်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်သွားပါပြီ”
နတ်ဘုရားဘုရင် ပြုံးပြုံးနဲ့ သေခါင်းညိတ်သရင်း…
“ကောင်းတယ်။ ဒီစစ်ပွဲမှာ နတ်ဘုရားလက်နက်ကို အပြည့်အဝ သုံးနိုင်ဖို့အတွက် မင်းရဲ့ကျင့်ကြံမှုကို ကောင်းကောင်း ဆက်လေ့ကျင့်မှရလိမ့်မယ်”
ကျန့်ဟူ အဖွဲ့ကိုပြန်လာပြီး..
“ဒီချပ်ဝတ်ကို ဝတ်ထားရတာ ငါ့တစ်ကိုယ်လုံး စွမ်းအားတွေ ပြည့်နေသလို ခံစားရတယ်။ ဝတ်ထားတဲ့အချိန်မှာ ဘာအလေးချိန်မှ မရှိတဲ့ ခံစားချက်က တော်တော် အံ့မခန်းပဲဟေ့”
အားလုံး သူ့ကို မနာလိုတဲ့ မျက်လုံးတွေနဲ့ကြည့်ရင်း ကိုယ့်အလှည့်ကျ ဘာတွေရမလဲဆိုတာ သိချင်နေကြပြီ”
နတ်ဘုရား ဘုရင်က..
“ကဲ ကဲ. ဒီတစ်ခု ရှို့စစ်”
နတ်ဘုရားဘုရင် ပြောပြီးတာနဲ့ ရှို့စစ် နတ်ဘုရားပုံရုပ်တုရှေ့ကို ချက်ချင်းလျှောက်သွားပါလေရော။
“ရှို့စစ်…. မင်းအတွက်တော့ ကောင်းကင်နတ်ဘုရားရဲ့ ဦးချိုကို ငါပေးလိုက်မယ်။ ဒါကို သုံးတဲ့အချိန်တိုင်း မင်းမသေသေးသသ၍ မူလအသက်ဓါတ်တွေ ပြန်ရလာလိမ့်မယ်”
ကျန့်ဟူတုန်းကလိုပဲ ရွှေရောင်အလင်းတန်း လင်းလက်သွားပြီးတာနဲ့ ရှို့စစ်လက်ထဲမှာ ဦးချိုလေးတစ်ခု သိမ်သိမ်မွေ့မွေ့ ပေါ်လာတယ်။
“ဒါကို ဘယ်လိုသုံးရမလဲဆိုတာတော့ ကိုယ့်အစွမ်းအစနဲ့ကိုယ်ပဲ ကျိုးစားရလိမ့်မယ်”
ရှို့စစ် နတ်ဘုရားဘုရင်ကို ဂါရဝပြုပြီး..
“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
ပြောပြီးတာနဲ့ အဖွဲ့ဆီကို ပြန်လာတယ်။ သူကတော့ ရွှေရောင်တဝင်းဝင်းတောက်နေပြီး ကြိုးတပ်ထားတဲ့ စက်ဝိုင်ပုံဦးချိုကို တီးရင်း သဘောခွေ့နေလေရဲ့။
“နောက်တစ်ယောက်က ရှင်းအောင်း”
နာမည်ခေါ်သံကြားတာနဲ့ လျှပ်စီးလက်သလိုမျိုး နတ်ဘုရားရုပ်တုရှေ့ကို သွားရပ်တော့တာဗျို့။ ရုပ်တုကြီးကို မျှော်လင့်ခြင်း မျက်လုံးတွေနဲ့ ကြည့်နေလေရဲ့။
“ရှင်းအောင်း…. မင်းအတွက်တော့ တိုက်တန်နတ်ဘုရားရဲ့ တူကိုငါပေးလိုက်မယ်။ မင်းဓားရှည်သုံးနေတာ မှန်ပေမယ့် ဒီတူကို စသုံးလိုက်တာနဲ့ မင်းရဲ့စွမ်းအားတွေ တိုးလာလိမ့်မယ်”
ရွှေရောင် အလင်းတန်းတစ်ခု လက်ကနဲဖြစ်သွားပြီးတော့ အရှည်(၅၀)စင်တီမီတာရှိတဲ့တူကို၊ (၁.၅)မီတာ အရိုးတပ်ထားတဲ့ တူကြီးတစ်ခု ရှင်းအောင်းလက်ထဲ ပေါ်လာတယ်။ သူ့ပုံစံက တည်ငြိမ်နေတာဆိုတော့ အဲ့တူကြီး သိပ်တော့ မလေးလောက်ဘူးဗျ။
“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
ရှင်းအောင်း သူ့လက်နက်အသစ်ကို အရမ်းကျေနပ်နေပြီး စိတ်အားတွေတက်တက်ကြွကြွနဲ့ အဖွဲ့ဆီပြန်လာတယ်။
“ကောင်းသဲ”
နတ်ဘုရားဘုရင်ရဲ့ နောက်ထပ်စကားကြားပြီး ဒင်းက ရုပ်တုရှေ့ကို အပြေးအလွှားသွားတော့တာ။
“မင်းအတွက် လျှပ်စီးနတ်ဘုရားရဲ့ ဒိုင်းကာ ငါပေးလိုက်မယ်။ ဘယ်လို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးကိုမဆို ဒီဒိုင်းနဲ့ ကာလို့ရတယ်”
ရွှေရောင်အလင်းတောက်ပပြီးတာနဲ့ ချင်း(၁၀)စင်တီမီတာလောက်ရှိတဲ့ လက်ရာမြောက်လွန်းတဲ့ ဒိုင်းကာ သေးသေးလေးတစ်ခု ကောင်းသဲလက်ထဲမှာ ပေါ်လာတယ်။
“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
ကောင်းသဲကတော့ သူ့ဒိုင်းကာသေးသေးလေးကိုကြည့်ပြီး နည်းနည်း ဘဝင်မကျ ဖြစ်နေလေရဲ့။
လက်ဆောင်မရသေးတဲ့သူ ဆိုလို့ တုန်းရီနဲ့ ကျုပ်ပဲ ကျန်တော့တယ်။ ကျုပ်ကိုကျ ဘာလို့အခုထိ မခေါ်သေးတာလဲမသိဘူး။ ဒီတစ်ခုတော့ ကျုပ်ဖြစ်မှာပါလေ။
“တုန်းရီ”
တုန်းရီ ထွက်သွားရင်းနဲ့..
“ဟုတ်ကဲ့”
“မင်းအတွက် လေနတ်ဘုရားရဲ့လေး ငါပေးလိုက်မယ်။ လေနတ်ဘုရားရဲ့လေးကို ပစ်ရတဲ့အတွက် မင်းရဲ့ ကံဇာတာတွေ မြင့်လာလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
ရွှေရောင်အလင်းတန်းတစ်ခု တောက်ပပြီးသွားတာနဲ့ နူးညံ့သိမ်မွေ့တဲ့ပုံနဲ့ လေးသေးသေးလေးတစ်လက် တုန်းရီလက်ထဲ ပေါ်လာတယ်။
“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
“ကောင်းတယ်။ မင်းတို့အားလုံး ကိုယ့်လက်နက်တွေကိုကိုယ် အပြည့်အဝ နားလည်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ သူတို့ရဲ့ အစစ်အမှန် စွမ်းအားကို သုံးနိုင်ဖို့အတွက် သူတို့နဲ့ ချိတ်ဆက်ဖို့ မင်းတို့နှလုံးသားကို သုံးရလိမ့်မယ်။ နတ်ဘုရားလက်နက်တိုင်းမှာ ကိုယ်ပိုင် စိတ်ဝိညာဉ် အထူးနည်းလမ်းတွေ ရှိတယ်။ မောက်မာတာ၊ စိတ်မရှည်တာတွေ မဖြစ်ကြနဲ့။ အဲလိုမှပဲ မင်းတို့တွေ ငါ့ကို စိတ်ကျေနပ်မှု ပေးနိုင်မှာ”
ကျုပ်ကလွဲပြီး အကုန်လုံး ဂါရဝပြုလိုက်ကြပြီး တစ်ညီတစ်ညွှတ်တည်း..
“ကျုပ်တို့တွေ အရှင်မင်းမြတ်ရဲ့ ဩဝါဒကို လေးစားလိုက်နာကြပါမယ်”
ဘယ်ဘက်ကို ကြည့်ကြည့် ညာဘက်ကို ကြည့်ကြည့် အားလုံးမှာ နတ်ဘုရား လက်နက်ကိုယ်စီနဲ့။ ကျုပ်တစ်ယောက်တည်းမှာပဲ မရှိသေးတာ။ ဒါ ကျုပ်ကို အဲ့နတ်ဘုရားဘုရင်ကြီး စော်ကားနေတာပဲ။ ကျုပ်လဲ နတ်ဘုရား လက်နက်တစ်ခု အရမ်းလိုချင်တာပဲလေလို့။ သေချာအောင် ကျုပ်မေးလိုက်တယ်..
“အရှင်မင်းကြီး ကျုပ်မှာကျ ဘာလို့ နတ်ဘုရားလက်နက် မရှိရတာလဲ”
နတ်ဘုရားဘုရင်ကြီး ရယ်ရယ်မောမောနဲ့..
“မင်း စိတ်အေးသသလက်အေး ရှိနေလိမ့်မယ်လို့ ငါထင်ထားတာကွ.. ဟား ဟား”
နတ်ဘုရားသခင်ဆိုတဲ့ သူလဲ လူတွေကို လှည့်စားတတ်တာပဲနော်။ ဟွင့်။
ကျုပ် ခေါင်းကုတ်လိုက်ရင်း..
“ကျုပ် ဒီနေရာကို ရောက်လာရတယ်ဆိုတာ သန့်ရှင်းသောဓား အတွက်ကြောင့် ဆိုတာတော့ သဘောပေါက်ပြီးသား နေမှာပါ”
“ကောင်းပြီ.. ကဲ ကဲ ရှေ့ကိုလာ”
နောက်ဆုံးတော့ ကျုပ်အလှည့် ရောက်လာပြီပေါ့။ ကောင်းလိုက်တာ။ နတ်ဘုရားရုပ်ထုရှေ့ကို အစောတလျှင် ပြေးပြီး တောင့်တစိတ်တွေနဲ့ ရတနာကို လက်ခံဖို့ စောင့်နေလိုက်တယ်။
“မင်းအတွက် တောက်ပခြင်း သန့်ရှင်းသောဓားကို ငါပေးလိုက်မယ်။ မွန်းစတားဘီလူးတွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ မျိုးနွယ်စုတိုင်းကို ဦးဆောင်နိုင်အောင် မင်းသုံးလုပ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။”
တော်တော် အံ့ဩဖို့ကောင်းတာပဲ။ တောက်ပခြင်း ဆိုတဲ့ဟာက ထူးထူးခြားခြား စွမ်းအားတစ်မျိုး ရှိလိမ့်မယ်ဗျ။ ဒါ ကျန်တဲ့သူတွေနဲ့ မတူဘူးလေ။ ကျုပ်အပေါ်ကို ဘာရွှေရောင်မှ လင်းမလာပါ့လား။ ဟော.. ရွှေရောင် ဘောလုံးကြီးတစ်လုံး ကျုပ်ဆီကို ဖြည်းဖြည်းလေး ပျံလာနေတယ်။ လက်ခံယူဖို့ လက်လှမ်းလိုက်ပေမယ့် ကျုပ်ရှေ့ကိုရောက်တာနဲ့ ချက်ချင်းပဲ ကျုပ်ရင်ဘတ်ထဲကို ဝင်ပြီး ပျောက်သွားပါလေရော။
ဘာတွေ ဖြစ်နေတာတုန်း။ ကျုပ်ရင်ဘတ်ကို စမ်းကြည့်လိုက်တယ်။ တောက်ပခြင်း သန့်ရှင်းသောဓားက ဘယ်မှာတုန်း။ ဘယ်နေရာမှာလဲ။
“မင်း လျှောက်ရှာနေတာ ရပ်လိုက်တော့။ တောက်ပခြင်း သန့်ရှင်းသောဓားက မင်းခန္ဓာကိုယ်ထဲမှာ ရှိနေပြီ။ ဒါပေမယ့် မင်းရဲ့ လက်ရှိအစွမ်းလောက်နဲ့တော့ သူ့ကို မသုံးနိုင်သေးဘူး”
“ဒါဆို ကျန်တဲ့သူတွေကျ ဘာကြောင့် လက်နက်သုံးလို့ရနေတာလဲ”
နတ်ဘုရားဘုရင်ကြီးရဲ့ အသံက ကျုပ်ခေါင်းထဲမှာ ပဲ့တင်ထပ်နေလောက်အောင်ကို မြည်ဟီးပြီးထွက်လာတယ်။ ဒါပေမယ့် ဒီအသံကို ကျုပ်တစ်ယောက်ထဲ ကြားနေရတဲ့ပုံပဲ။
“သူတို့လဲ သူတို့နတ်ဘုရားလက်နက် အစစ်အမှန်စွမ်းအားရဲ့ အစွန်အဖျားနည်းနည်းလောက်ပဲ သုံးနိုင်သေးတာ။ သူတို့ နတ်ဘုရားလက်နက်တွေက ဒုတိယအဆင့် လက်နက်တွေဆိုတော့ ထိန်းချုပ်ဖို့ ပိုပြီးလွယ်တယ်လေ။ တောက်ပခြင်း သန့်ရှင်းသောဓားကတော့ ငါ့ရဲ့ လက်စွဲတော်(အဖော်မွန်) ဓားဖြစ်ခဲ့ဖူးတယ်။ တောက်ပခြင်း နတ်ဘုရားရဲ့ တိုက်ပွဲနတ်သမီး မီကျားလေ ကို အရင်က နတ်ဆိုးတိုက်ဖျက်ရေး စစ်ပွဲကြီးမပြီးမချင်း ပေးထားခဲ့ဘူးတယ်။ နောက်ဆုံး အောင်ပွဲအတွက် သူ့ကိုယ်သူ စတေးသွားခဲ့တာပေါ့။ အဲ့တော့မှ ဒီဓားကို ပြန်ယူထားတာ။ အခုအချိန်မှာတော့ မင်းစွမ်းအားနဲ့ သန့်ရှင်းသောဓားရဲ့ စွမ်းအားက အရမ်းကွာခြားလွန်းနေတာ သိသာတယ်။ ဒါကြောင့် မင်းအနေနဲ့ သန့်ရှင်းသောဓားကို မင်းခန္ဓာကိုယ်ထဲမှာ ခဏတာ အိပ်ပျော်ခွင့် ပေးထားဖို့ လိုလိမ့်မယ်ကွ။ ဒါကို သုံးဖို့ စွမ်းအား အလုံအလောက် ရလာပြီဆိုတာနဲ့ သူ့ဟာသူ နိုးထလာလိမ့်မယ်”
အခုမှပဲ ဘာတွေဖြစ်သွားလဲဆိုတာ ကျုပ်နားလည်သွားတော့တယ်။
“ဘယ်ချိန်ကျမှ စွမ်းအား လုံလုံလောက် အသုံးချနိုင်မှာလဲ”
“အဲဒါ မင်းအတွက် နောက်ထပ် ပန်းတိုင်တစ်ခုပေါ့ကွာ။ လူသားနဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ အနောက်ဘက် နယ်စပ်မှာ ‘ကောင်းကင် ပြိုကျ မဟာချိုင့်ဝှမ်း’ ဆိုတဲ့ နေရာတစ်ခုရှိတယ်။ အဲ့နေရာကို မင်းသွားရလိမ့်မယ်။ သန့်ရှင်းသောဓားရဲ့ တိုက်ပွဲနတ်သမီး မီကျားလေမသေခင်က စွမ်းအားတစ်ချို့တစ်ဝက် အဲ့နေရာကို ရွှေ့သွားတယ်။ ဝင်္ကပါချိတ်ပိတ်ဖို့အတွက် မှော်ပညာကို သုံးခဲ့တာပေါ့။ သန့်ရှင်းသောဓားက သူ့စွမ်းအားတွေ ပြန်ပြည့်ဖို့အတွက် မင်း အဲ့နေရာကိုသွားပြီး သန့်ရှင်းသော နတ်ဘုရား ရဲ့အမွေ သွားပြီး ဆက်ခံဖို့လိုလိမ့်မယ်။ ဒါပေမယ့် မင်းသိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး။ မင်းရဲ့ ကျင့်ကြံမှုမှာသာ ကြိုးစားဖို့ လိုသေးတယ်။ ငါ ခန့်မှန်းကြည့်ရသလောက်ဆိုရင် နောက်(၅)နှစ် ဝန်းကျင်လောက်အတွင်း မွန်းစတားဘုရင် စွမ်းအားလုံလောက်အုံးမှာမဟုတ်ဘူး။ ဒီကာလထဲမှာ ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်ရမယ်။ မင်းစွမ်းအားတွေ တိုးလာတာနဲ့အမျှ အမွေဆက်ခံဖို့လဲ အခွင့်အရေး တိုးလာလိမ့်မယ်”
ငင့်….. အဲလိုကြီးပေါ့။ ကျုပ်မှာ နတ်ဘုရားလက်နက် တစ်ခုရထားပါလျှက်နဲ့ လူတိုင်းကြည့်လို့ရအောင် ထုတ်ပြဖို့ နည်းလမ်းမရှိဘူးတဲ့။
“ကလေးတို့။ မင်းတို့တွေ နတ်ဘုရားလက်နက်တွေ ရထားကြပြီးပြီ။ အခုမင်းတို့ကို မှော်ပညာသင်ပေးလိုက်မယ်။ ဒီမန္တန်က မွန်းစတားဘုရင်ကို ထိန်းချုပ်ဖို့အတွက် အရေးကြီးဆုံး မန္တန်ပဲ။ မင်းတို့စွမ်းအားတွေ နတ်ဘုရားစွမ်းအားနဲ့ နီးစပ်လာပြီဆိုတာနဲ့ ဒီမန္တန်ကို စပြီးလေ့ကျင့်လို့ရနိုင်ပေမယ့် တခြားသူတွေထက်စာရင် ကျန်းကုန်းရဲ့ စွမ်းအားလိုအပ်ချက်က ပိုများလိမ့်မယ်။ သူကတော့ အဖွဲ့နဲ့အတူ မန္တန်မလေ့ကျင့်ခင်မှာ မှော်ဘိုးဘေးကြီး အဆင့် ရောက်ထားမှ ရလိမ့်မယ်”
ကျုပ် ကြားဖြတ်ပြီး ပြောလိုက်တယ်..
“မှော်ဘိုးဘေးကြီး အဆင့်ရောက်ဖို့ ကျုပ်ဘာတွေလုပ်ရမလဲ။ ကျုပ်ဆရာ ပြောဖူးထားတဲ့အတိုင်း ခန္ဓာကိုယ်ထဲက ရွှေအမြူတေ (၆)ခုလိုတယ်တဲ့။ အဲလိုပဲလား”
“အင်း.. မင်းပြောတာ တစ်ဝက်မှန်တယ်။ မင်းပြောသလို ဖေါက်ထွင်းမြင်နိုင်တဲ့ ရွှေအမြူတေ(၆)ခု မင်းရလာတဲ့အခါကျရင် မင်းက မှော်ဘိုးဘေးကြီးအဆင့်ကို သေချာပေါက် စရောက်နေပြီ။ ဒါပေမယ့် အစပိုင်းမှာ မင်း ဓါးသူတော်စင်ထက် နည်းနည်းပဲ ပိုသန်မာနေလိမ့်မယ်။ ရွှေအမြူတေ(၉)ခု ရတဲ့အထိ လေ့ကျင့်ရလိမ့်မယ်။ ဒီလိုမှပဲ မင်းအနေနဲ့ အစစ်အမှန် မှော်ဘိုးဘေးအဆင့် ဖြစ်လာလိမ့်မယ်။ ရွှေအမြူတေ(၉)ခုဆိုတာ မင်းပြောခဲ့သလို ရွှေအမြူတေ (၉)ခုမဟုတ်ဘူး။ (၉)ဆိုတာက ကိန်းဂဏန်း ပုံသဏ္ဍာန် တစ်ခုသက်သက်ပဲ။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရွှေအမြူတေ လွတ်နေတဲ့ နေရာရယ်လို့ မရှိတဲ့အချိန် မင်းခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြီးကျယ်ခမ်းနားဆုံး ရွှေအမြူတေ ဖြစ်လာမှသာ နောက်ဆုံးပိတ် အစစ်အမှန် မှော်ဘိုးဘေးကြီး အဆင့်ရောက်မှာ။ အဲ့အချိန်ကျ မင်းမှာ နတ်ဆိုးတွေကို တိုက်ထုတ်ဖို့ လုံလောက်တဲ့ နတ်ဘုရားစွမ်းအားတွေ ရလာလိမ့်မယ်”
နတ်ဘုရားသခင်က ကျုပ်တစ်ယောက်ထဲကြားအောင် မနောကနေပြီး..
“သန့်ရှင်သော နတ်ဘုရားရဲ့ အမွေကို ရဖို့ပဲလိုတာပါလေ။ အဲ့အချိန်ကျ မင်း မှော်ဘိုးဘေးကြီးအဆင့်ကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် အဲ့နေရာကို မဖြစ်မနေ မင်းသွားရမှာ”
============= (*^*)=============
အပိုင်း(၉၀)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား