← Chapters

တားမြစ်ပိတ်ပင်ထားခြင်း

Vol. 6 Ch. 90

တားမြစ်ပိတ်ပင်ထားခြင်း

Vol. 6 Ch. 90

Child of light (ကျန်းကုန်း)

Volume 3: Chapter 47 – The Forbidden

“ကောင်းပါပြီ။ ကျုပ် အဲ့နေရာကို ရောက်အောင်သွားပါ့မယ်”

သန့်ရှင်းသောဓားနဲ့ မှော်ဘိုးဘေးကြီးဖြစ်ဖို့အတွက်တော့ အဲ့နေရာကို သွားမနေဘူး။ ဟွင့်။

“ငါ အရင်ဆုံး မန္တန်ရွတ်ဖို့ သင်ပေးမယ်။ နောက်မှပဲ ကိုယ့်ဖာသာကိုယ် လေ့ကျင့်ကြပေါ့ကွာ”

ပြောပြီးတာနဲ့ ကျုပ်တို့အထက်ဒန်တျန်ကို ဦးတည်ပြီး နတ်ဘုရားရုပ်တုကနေ ရွှေရောင် အလင်းလုံး(၆)ခု ပစ်လွှတ်လိုက်တယ်ဗျ။ ကျုပ်တို့အားလုံးရဲ့ စိတ်ထဲကို တစ်ခုခု ထည့်လိုက်သလိုပဲ။

“မင်းတို့ရဲ့ အတွင်းစိတ်ထဲမှာ မန္တန်ကို ရိုက်နှိပ်ပေးလိုက်တာကြောင့် မင်းတို့တွေ ထာဝရ မှတ်မိနေလိမ့်မယ်”

ခဏလေး မိန်းမောသွားပြီးတာနဲ့ စကားလုံးတွေ သိသိသာသာ ပေါ်လာတယ်။

ကျုပ်တို့တွေ မသိစိတ်နဲ့ အဲ့စကားလုံးတွေကို စဖတ်မိလိုက်ကြတယ်။

ကျန့်ဟူက..

“နတ်ဘုရားတို့ရဲ့အရှင်… စစ်ပွဲအတွက် စစ်နတ်ဘုရားချပ်ဝတ်အစုံ ကျုပ်ကို အပ်နှင်းလိုက်တယ်။ မကောင်းဆိုးဝါး မွန်းစတားတွေကို ကျုပ်မဖြစ်မနေ တိုက်ဖျက်မှာဖြစ်တဲ့အတွက် ဘယ်လို မကောင်းမှုမျိုးကိုမှ ကျူးလွန်မှာ မဟုတ်ပါဘူး”

ရှို့စစ်ကလဲ..

“နတ်ဘုရားတို့ရဲ့အရှင်… ကျုပ်ကို ကောင်းကင်ဘုံနတ်ဘုရားရဲ့ ဦးချိုနှင်းလိုက်တဲ့အတွက် ကျုပ်ရဲ့ ဦးချိုဂုဏ်ရှိန်ဟာ ကောင်းကင် (၉)သွယ်ကို ထိုးဖေါက်ရောက်ရှိစေရပါ့မယ်”

ရှင်းအောင်းလဲ အားကျမခံ..

“နတ်ဘုရားတို့ရဲ့အရှင်.. တိုက်တန်နတ်ဘုရားရဲ့ တူကို ချီးမြှင့်ခဲ့တဲ့အတွက် အမှန်တရားလမ်းစဉ်ကို ကာကွယ်ဖို့ဆိုရင် ကောင်းကင်ကို ကိုင်လှုပ်ပြီး မြေပြင်ကိုလဲ ရွှေ့ပစ်လိုက်ပါ့မယ်”

ကောင်းသဲလဲ မနေပါဘူး..

“နတ်ဘုရားတို့ရဲ့အရှင်.. အလင်းနတ်ဘုရားရဲ့ဒိုင်းကို ချီးမြှင့်ခဲ့တဲ့အတွက် ဓား(၁၀၀၀၀)ဆိုရင်တောင် ကျုပ်အတွက် အတားအဆီး မဖြစ်စေရပါဘူး”

အမယ် တုန်းရီလဲ မခေဘူးဗျ။

“နတ်ဘုရားတို့ရဲ့အရှင်… လေနတ်ဘုရားရဲ့လေးကို ချီးမြှင့်ခဲ့တဲ့အတွက် ကျုပ်ရဲ့ သိမ်မွေ့ခြင်းမြှားတွေဟာ ပြင်းထန်လျှင်မြန်စွာ တောက်ပစေရပါမယ်”

နောက်ဆုံးပိတ် ကျုပ်လဲ မနေသာတော့ဘူးပေါ့ဗျာ ဘာရမလဲ..

“နတ်ဘုရားတို့ရဲ့အရှင် တောက်ပခြင်း သန့်ရှင်းသောဓားကို ချီးမြှင့်ခဲ့တဲ့အတွက် ကောင်းကင် ဘဝဋ်ညံ့အောင် အရှိန်အဟုန်နဲ့ တောက်ပစေရပါမယ်”

“ကဲ ကဲ.. တော်လောက်ပါပြီ။ မင်းတို့ ကြွေးကြော်သံတွေ ရပ်လိုက်ကြပါတော့။ မန္တန်ကို ဆက်ရွတ်နေမယ်ဆိုရင် မင်းတို့တွေ ရပ်နိုင်မှာ မဟုတ်တော့ဘူး။ မင်းတို့တွေ ကိုယ့်ကိုကိုယ် တိုးတက်အောင် ကျင့်ကြံအားထုတ်မှပဲ မန္တန်ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ သိလာကြလိမ့်မယ်။ နတ်ဘုရား မျိုးနွယ်စုထဲမှာတောင် ဒီမန္တန်ကို ထိပ်တန်း မန္တန်အဖြစ် သတ်မှတ်ထားရတာ။ ဒါလူသားတွေရဲ့ တားမြစ်မန္တန်တွေထက် အစမတန် အစွမ်းထက်လိမ့်မယ်။ ဒါကြောင့် ဒီထိပ်တန်းမန္တန်ကို ‘နတ်ဘုရားအားလုံး၏ နိုးထခြင်းတေးသွား’ လို့ နာမည်ပေးလိုက်မယ်”

နတ်ဘုရားဘုရင် စကားကို နားထောင်ပြီး ကျုပ်တို့တွေ မန္တန်မရွတ်တော့ဘူး။ မန္တန်က မပြည့်စုံသေးတာတောင် ရွတ်လိုက်တာနဲ့ ဘယ်လောက်အစွမ်းထက်မလဲဆိုတာ တွေးကြည့်လို့ရနေပြီ။

“ဒီလောက်ပါပဲ.. ကလေးတို့။ ငါမင်းတို့ကို ပေးစရာရှိတာ ရှင်းပြစရာရှိတာတွေ အားလုံးပြီးပြီ။ တာဝန်အတွက်တော့ ကိုယ့်အရည်အချင်းကိုပဲ ကိုယ်အားကိုးရလိမ့်မယ်။ မင်းတို့တွေ မွန်းစတား မကောင်းဆိုးဝါးတွေကို နှိမ်နင်းပြီး ကမ္ဘာကြီးအတွက် ငြိမ်းချမ်းမှု ဆောင်ကျဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

အဲအချိန်လေးမှာတော့ နတ်ဘုရားဘုရင်ရဲ့ စိတ်အားထက်ထက်သန်သန်နဲ့ မိန့်မှာချက်တွေကို နားထောင်ရင်း စိတ်လှုပ်ရှားနေမိတာတော့ အမှန်ပဲ။ ကျုပ်တို့တွေအားလုံး နတ်ဘုရားရုပ်တုကြီးကို ဂါရဝ ပြုလိုက်ကြတယ်။

“ကောင်းလေစွ။ မင်းတို့တွေ အဲလိုလုပ်ဖို့ မလိုပါဘူးလေ။ မင်းတို့ရဲ့ နတ်ဘုရား လက်နက်တွေကို မင်းတို့ခန္ဓာကိုယ်တွေထဲမှာ ဝှက်ထားလို့ရတယ်။ သူတို့တွေက မင်းတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့ အားကိုးရတယ်။ မင်းတို့တွေ မွန်းစတားဘုရင်နဲ့ သူ့နောက်လိုက်တွေကို တွေ့တဲ့အခါကျရင် မင်းတို့ရဲ့ စွမ်းအားတွေရင် အစောတလျှင် ထုတ်မပြကြနဲ့။ မင်းတို့တွေ နတ်ဘုရားလက်နက် သုံးနိုင်ဖို့အတွက် သီးသန့် လေ့ကျင့်စရာ နေရာတစ်ခု ရှာရလိမ့်မယ်။ နတ်ဘုရားသစ်တောထဲကနေ မင်းတို့ကို ထုတ်ပေးလိုက်မယ်။ နောက်လာမယ့် (၅)နှစ်အတွင်း ကြိုးကြိုးစားစား လေ့ကျင့်ကြ။ ဒီလောက်လေး လုပ်ပေးဖို့ပဲ တောင်းဆိုပါရစေ။ နောက်နေ့ကစပြီး ဒီနတ်ဘုရားသစ်တော ဆိုတာ မရှိတော့ဘဲ သာမန်သစ်တော တစ်ခုအနေနဲ့သာ ကျန်ခဲ့လိမ့်မယ်။ မင်းတို့ ထွက်သွားပြီးတာနဲ့ ငါလဲ နတ်ဘုရား ဘုံကျောင်းကိုပြန်ပြီး လက်ကျန် နတ်ဘုရားတွေနဲ့ ပူးပေါင်းပြီရလိမ့်မယ်။ ကလေးတို့ ငါတို့တွေ နောက်မှ ပြန်ဆုံကြတာပေါ့”

ကျုပ်တို့တွေ ဒူးထောက်လျှက်သားနဲ့ပဲ စိတ်ထဲမှာတော့..

“ကျုပ်တို့ နှလုံးသားထဲမှာတော့ ခင်ဗျားသဟာ ဘုရားသခင်ပါပဲ။ ကျုပ်တို့ အမြဲသတိရနေမှာပါ”

နတ်ဘုရားဘုရင် ရယ်မောရင်း..

“မင်း မွန်းစတားဘုရင်ကို နှိမ်နင်းပြီးတဲ့အချိန်ထိ စောင့်နေမယ်။ နတ်ဘုရားတို့ရဲ့ ဘုရင်ဖြစ်တဲ့ ငါ့ဘွဲ့တော်ကို လူသားနဲ့ နတ်ဘုရားတို့ရဲ့ ရှေ့မှာ ဦးဆောင်နိုင်ပါစေ”

နတ်ဘုရားရုပ်တုကြီးကနေ ရွှေရောင်း အလင်းစက်ဝန်းကြီး လင်းလာပြီး ကျုပ်တို့အားလုံးကို ခြုံလွှမ်းပစ်လိုက်တယ်။ အလင်းရောင်စဉ်တွေ တဖျတ်ဖျတ်နဲ့ နတ်ဘုရားသစ်တောရှေ့ကို ရောက်သွားပါလေရော။

ကျုပ်တို့ခန္ဓာကိုယ်နဲ့ လက်တွေမှာသာ လင်းလက်တောက်ပနေတဲ့ လက်နက်တွေ မရှိခဲ့ရင် ဘာမှ မဖြစ်ခဲ့လိုက်သလိုပဲ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြပြီး လက်တွေ့ဘဝထဲ ပြန်ရောက်သွားသလိုပဲ။

ကျန့်ဟူ သက်ပြင်းချပြီး..

“ဒီလိုမျိုး အန္တရာယ်နဲ့ ရင်ဆိုင်တွေ့ကြုံပြီးမှ ငါတို့အားလုံး နတ်ဘုရားလက်နက်တွေ အမွေဆက်ခံနိုင်ခဲ့ကြတယ်ဆိုတာ မယုံနိုင်သေးဘူး။ အခုတော့ ငါတို့အတွက် နောက်ထပ်ပန်းတိုင်တစ်ခု ပေါ်လာပြီဆိုတော့ ငါတို့တွေ ဆက်ကြိုးစားကြတာပေါ့”

ရှို့စစ်လဲ ကောင်းကင်နတ်ဘုရား ဦးချိုကို လှုပ်ရမ်းရင်း..

“မှန်တယ်။ ငါတို့တွေ မွန်းစတားဘုရင်ကို အောင်မြင်ခွင့် မပေးနိုင်စေရဘူး”

“သွားကြစို့။ ငါတို့မပြန်ခင် နတ်သူငယ်ရွာလေးကို ဝင်ပြီး လည်ပတ်လိုက်ကြတာပေါ့”

ကျုပ်တို့အားလုံးမှာလဲ ကိုယ့်ကိစ္စတွေနဲ့ ကိုယ်ဆိုတော့ မကြာခင် လမ်းခွဲကြရအုံးမယ်ဆိုတာ အကုန်သိနေကြတယ်လေ။

“မင်းတို့တွေအားလုံး နတ်ဘုရားလက်နက်တွေကို ခန္ဓာကိုယ်ထဲမှာ ဝှက်ထားနိုင်အောင် ကြိုးစားကြအုံး။ ငါတို့တွေ အဲ့လက်နက်တွေကို အမြဲတမ်းကို ထုတ်ကိုင်နေလို့ မဖြစ်ဘူး။ တော်ကြာ ငါတို့ကို နတ်ဘုရားတွေ ဆင်သက်လာကြတယ် ထင်နေကြအုံးမယ်။ ဟား.. ဟား”

ရှင်းအောင်း သူ့တိုက်တန်နတ်ဘုရားတူကြီးကို ထုပြီး..

“ဘယ်လိုလုပ်ပမလဲ။ နတ်ဘုရားဘုရင်ပေးထားတဲ့ လက်နက်က အရမ်းကြီးလွန်းတယ်လေ။ ငါ့ခန္ဓာကိုယ်ထဲကို ဘယ်လို ဝှက်ထားရပါ့မလဲ”

သူ့စကားကြားတော့ ကျုပ်တောင် ရယ်လိုက်မိတယ်။

“ဒီနတ်ဘုရား လက်နက်တွေက သန့်စင်တဲ့ စွမ်းအားတွေအဖြစ် တည်နိုင်တာကြောင့် သူတို့တွေက မင်းခန္ဓာကိုယ်ထဲမှာ နေရာယူမထားပါဘူး။ မင်းခန္ဓာကိုယ်ထဲကို သူတို့ဝင်လာတဲ့ လမ်းကြောင်းလေးတစ်ခု တွေးလိုက်ယုံပဲ”

ကျုပ်ပြောပြီးတာနဲ့ တုန်းရီလက်ထဲ ကိုင်ထားတဲ့ လေးက ချက်ချင်း ပျောက်သွားပါလေရော။ သူဝမ်းသာအားရနဲ့..

“ငါအောင်မြင်သွားပြီကွ”

ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး သူကိုယ်တိုင်လဲ အကျွမ်းတဝင်ဖြစ်အောင် (၂)ကြိမ်၊ (၃)ကြိမ်လောက် ထုတ်လိုက် ထည့်လိုက် ပြန်လုပ်ကြည့်လိုက်သေးတယ်။ အားလုံး ကျုပ်ပြောတဲ့အတိုင် လုပ်ကြည့်ကြတာပေါ့။ မကြာပါဘူး အားလုံး သူတို့လက်နက်တွေကို ဆင့်ခေါ်တာ ပြန်သိမ်းတာ အပြည့်အဝ ကျွမ်းကျင်သွားကြတယ်။

နတ်သူငယ်ရွာလေးကတော့ ကျုပ်တို့တွေ ပထမဆုံး ရောက်ခဲ့တုန်းကလိုပဲ လှပမြဲ လှပနေတုန်းပဲ။ နေ့လည်ဘက်လဲ ဖြစ်နေတာဆိုတော့ နတ်သူငယ် တော်တော်များများ အလုပ်ရှုတ်နေကြလေရဲ့။ ဒီကိုပြန်ရောက်လာတာ အိမ်ကိုပြန်ရောက်သလို ခံစားလိုက်ရတယ်။ ရွာအဝင်ဝရောက်တာနဲ့ တွေ့ရတဲ့ နတ်သူငယ်တစ်ယောက် ချက်ချင်း ပြေးလာပြိး..

“ကျန်းကုန်း မင်းတို့တွေ ပြန်လာကြပြီပေါ့”

“ဟုတ်ပ။ ရွာရော အခြေအနေဘယ်လိုလဲ။ အခြေအနေကောင်းလား။ အမှောင်မျိုးနွယ်တွေ လာတိုက်ကြသေးလား”

“မတိုက်ဘူး။ သူတို့တွေ ထပ်မလာရဲတော့ဘူး။ လာတိုက်မယ်ဆိုလဲ အလင်းမှော်အစွမ်း ကောင်းကောင်းကြီး ခံစားရလိမ့်မယ်”

“ကောင်းတာပေါ့။ အချိန်ရတိုင်း အလင်းမှော်ပညာကို အချိန်ပေး လေ့ကျင့်သင့်တယ်။ အလင်းမှော်ပညာကိုသာ မင်းရဲ့ မွေးရာပါစွမ်းအားတွေနဲ့ ပေါင်းစပ်နိုင်ပြီဆိုရင် မင်းသူတို့ကို ဘာမှ ကြောက်စရာမလိုတော့ဘူး”

အဲ့အချိန်မှာပဲ နတ်သူငယ်ဘုရင်ကြီး သူ့ လက်ရုန်း နတ်သူငယ်အိုကြီး (၄)ယောက်နဲ့အတူ ရောက်လာပြီး..

“မင်းဘေးကင်းကင်းနဲ့ ပြန်လာနိုင်တဲ့အတွက် ဝမ်းသာအားရ ကြိုဆိုပါတယ်။ လာလာ ငါတို့တွေ ရွာထဲဝင်ကြရအောင်”

အဲဒီတော့မှ ကျုပ်တို့တွေ ရွာအဝင်ဝမှာပဲ ရှိနေသေးတယ်ဆိုတာ သတိရတော့တယ်။ ကျုပ်တို့တွေ နတ်သူငယ် ဘုရင်ကြီးနောက်ကနေ လိုက်လာခဲ့လိုက်ကြတယ်။ သိပြီးသား လမ်းတွေ လျှောက်လာပြီးတော့ ညီလာခံ ခန်းမထဲ ရောက်လာကြတာပေါ့။ နတ်သူငယ်အိုကြီး (၄)ယောက်ကလွဲရင် ကျန်တဲ့ နတ်သူငယ်တွေ အားလုံးကို ဘုရင်ကြီးက အပြင်ထွက်ခိုင်လိုက်တော့တယ်။ ကျုပ်တို့တွေ နတ်ဘုရားလက်နက်တွေ ရခဲ့တယ်ဆိုတာ အထူးလျှို့ဝှက်ချက်ဆိုတော့ နတ်သူငယ်ဘုရင်ကြီးနဲ့ နတ်သူငယ်အိုကြိး(၄)ယောက် ပဲသိနိုင်မယ်လေ။

နတ်သူငယ် ဘုရင်ကြီးက..

“ဘယ့်နှယ့်လဲကွ၊ မင်းတို့တွေ ဒီကိုရောက်လာတာ အကျိုးအမြတ်ရှိခဲ့ကြရဲ့လား”

ကျုပ်တို့တွေ အန္တရာယ်နဲ့ ကြုံခဲ့ရတာတွေ အကုန်ပြောလိုက်ပေမယ့် နတ်ဘုရားလက်နက်တွေနဲ့ ပတ်သက်တာတွေတော့ ချန်ထားခဲ့လိုက်တယ်။ နတ်ဘုရားဘုရင်က ကျုပ်တို့ ခန္ဓာကိုယ်တွေကို သန့်စင်ပြောင်းလဲပေးခဲ့တာတော့ ပြောပြလိုက်တယ်။

ကျုပ်စကားဆုံးတာနဲ့ နတ်သူငယ်ဘုရင်ကြီးနဲ့ နတ်သူငယ်အိုကြီး(၄)ယောက် အရိုအသေပေးကြတယ်။ နတ်သူငယ် ဘုရင်ကြီးက..

“မင်းကို နတ်ဘုရားဘုရင်ကြီးက လက်ခံလိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး။ မွန်းစတားဘုရင်ကို တိုက်ခိုက်တဲ့ နေရာမှာလဲ စိတ်အေးအေးသာထားပါ။ ငါတို့ နတ်သူငယ်တွေလဲ ပါဝင်တိုက်ခိုက်ပေးပါ့မယ်။ ကမ္ဘာကြီး တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ ညီညွှတ်ရေးဆိုတော့လဲ ငါတို့တွေ လုပ်သင့်လုပ်ထိုက်တဲ့ ဝတ္တရားတစ်ခုပါပဲ”

ကျန့်ဟူ ပြုံးပြီး..

“အရမ်းကောင်းတယ်။ ခင်ဗျားတို့ အကူအညီနဲ့ဆိုရင် စစ်ပွဲမှာ တိုက်ပွဲစွမ်းအားတွေ သေချာပေါက် တိုးလာလိမ့်မယ်။ အော် ဟုတ်သားပဲ။ ခင်ဗျားတို့မှာ သစ်သီးစုံ ဝိုင်တွေများရှိသေးလား။ ထပ်ပြီး လုပ်ထားဖြစ်ကြသေးလား”

နတ်သူငယ်အိုကြီး (၄)ယောက် ကတုန်ကရင်ဖြစ်သွားပြီးတော့ တတိယအကြီးအကဲကပဲ..

“အခုအချိန်မှာတော့ ငါတို့မှာ လက်ကျန်တွေ မရှိတော့ဘူး။ အဲ့တို့က မင်းတို့တွေ ရှိသမျှ အကုန် သောက်ပစ်ကြတာလေကွာ”

တကယ်ဆို သူတို့မှာ ဝိုင်ပုလင်း (၅)ပုလင်း ကျန်သေးပေမယ့် ဟိုအရင် ရွာက ထွက်တုန်းက တောင်းခဲ့ဖူးသေးတယ်လေ။ ဒီတစ်ခါ သူတို့မှာ တကယ်ကြီး ကုန်နေလောက်ပြီ။

တတိယအကြီးအကဲစကားကြောင့် ကျုပ်ကလွဲရင် အားလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြပါလေရော။

ဒီလို ဂွကျကျ အနေအထားကြီး အမြန်ဆုံး ပြတ်သွားရအောင် ကျုပ်ကပဲ..

“ကျုပ်တို့တွေ ဒီမှာ တစ်ရက်လောက်နားပြီး မနက်ဖြန် ပြန်သွားချင်ပါတယ်။ စစ်ကြီးဖြစ်ဖို့က (၅)နှစ်လောက်ပဲ အချိန်ကျန်တော့တယ်လို့ နတ်ဘုရားဘုရင်ကြီး ပြောထားတယ်။ သူ့အစီအစဉ်တွေကိုလဲ ကျုပ်တို့တွေ မသိခဲ့ကြဘူးလေ။ ဒီအတောက်အတွင်းမှာ မွန်းစတားဘုရင်ကို ချေမှုန်းနိုင်ဖို့အတွက် ပြင်ဆင်မှုအနေနဲ့ ကျုပ်တို့တွေ ကြိုးစားပြီး လေ့ကျင့်မှုတွေ လုပ်သွားရမှာပဲ”

============= (*^*)=============

အပိုင်း(၉၁)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters