← Chapters

အိမ်ပြန်ခြင်း

Vol. 7 Ch. 91

အိမ်ပြန်ခြင်း

Vol. 7 Ch. 91

Child of light (ကျန်းကုန်း)

Volume 4: Chapter 1 – Returning Home

ရင်းနှီးနေပြီဖြစ်တဲ့ နတ်သူငယ်တွေကို နှုတ်ဆက်ပြီး အိမ်ပြန်လမ်းကို စခဲ့လိုက်ပါတယ်။ နောက်ဆုံး ရှို့တိ နယ်စပ်ကို ရောက်လာတာပေါ့။ ကျုပ်တင်မဟုတ်ဘူး အားလုံးလဲ မွေးရပ်မြေပြန်ရောက်တဲ့ ခံစားချက်တွေနဲ့ပေါ့။

(၃)ရက်ကြာတော့ တစ်လမ်းက ရှို့တိကိုသွားတဲ့လမ်း၊ တစ်လမ်းက အိုက်ရှားကို သွားတဲ့လမ်း လမ်းစုံတစ်ခုမှာ ရပ်လိုက်မိကြတယ်။ အင်း လမ်းခွဲဖို့ အချိန်ကျလာပြန်ပြီကိုး။

အစ်ကိုကြီး ကျန့်ဟူက..

“ကျန်းကုန်း မင်းကိုယ်မင်း ဂရုစိုက်ရမယ်နော်။ ငါကတော့ ရှို့တိမှာ အဖေနဲ့ မိသားစုကိုသွားတွေ့ပြီး ငါ့ဓားပြစခန်းမှာ ပြန်ပြီး လေ့ကျင့်နေတော့မှာ”

“အစ်ကိုကြီး မင်းလဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမှာနော‌၊ ကျုပ်လဲ အိုက်ရှားကို ပြန်ရောက်တာနဲ့ အပြင်းအထန် လေ့ကျင့်ရတော့မှာလေ၊ (၃)နှစ်လောက်ကြာလို့ သန့်ရှင်းသောဓားသခင်ရဲ့ အမွေကို ကျုပ်ရှာနိုင်တဲ့အဆင့်ရောက်ပြီဆိုရင် မင်းကိုလာပြီးတွေ့မယ်”

ရှို့စစ်ကလဲ..

“အားလုံး သတိဝီရိယ ရှိပေ့စေ။ ကျန်းကုန်း (၃)နှစ်ကြာရင် ရှို့တိမှာ ပြန်ဆုံကြမယ်”

ကျုပ် ခေါင်းညိတ်ပြလိုက်တယ်။ မျက်လုံးနဲ့ နှုတ်ခမ်းတွေ နည်းနည်းလေး စိုချင်လာပြီ။

“ဟုတ်တယ် ပြန်ရောက်ရင် ဆရာဝမ်ကို နှုတ်ဆက်တဲ့အကြောင်း ပြောပေးကြအုံး။ တုန်းရီ မင်းအခုထိ နိမ့်ကျတယ်လို့ ခံစားနေရတုန်းလား။ ငါတို့ကလွဲရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူက နတ်ဘုရားဘုရင်ရဲ့ အမွေရခဲ့ကြလို့တုန်း။ ငါတို့အားလုံး ကြီးကျယ် မြင့်မြတ်တဲ့သူတွေ ဖြစ်နေပြီ။ ဟုန်ရွှယ်က မိန်းမကောင်းလေးတစ်ယောက်နော်။ မင်းသူကို တန်ဘိုးထားမှ ရမယ်”

တုန်းရီ ကျုပ်ပုခုံးကို ပုတ်ရင်းနဲ့..

“ကျန်းကုန်း ကျေးဇူးပဲကွာ။ ငါလဲ မင်းကို သတိရနေမှာပါ။ အိမ်ပြန်လမ်းမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ကွ”

ကျုပ်တို့တွေ အုပ်စုလိုက်ကြီး ပွေ့ဖက်လိုက်ကြတယ်။ လတ်လတ်ဆတ်ဆန် လေထုကို ပါးစပ်အပြည့် စုတ်ယူရင်း ပါးပြင်ပေါ်က မျက်ရည်စတွေကို သုတ်ရင်းနဲ့..

“အားလုံး ဂရုစိုက်ကြ။ ငါတို့တွေရဲ့ တောက်ပခြင်းတိုက်ခိုက်ရေးကြေးစားအဖွဲ့ က အကောင်းဆုံးပဲ။ ငါ့ခေါင်းထဲမှာ အမြဲမှတ်ထားမှာ”

ကျုပ်ပြောပြီးတာနဲ့ အိမ်ပြန်လမ်းကို ချက်ချင်းလှည့်ထွက်သွားတော့တာ။ ထိန်းထားတဲ့ မျက်ရည်တွေလဲ ပါးပြင်ပေါ်မှာ တလိမ့်လိမ့် စီးကျလာတော့တာပေါ့။

ဆရာတိနဲ့ ကျုပ်ရဲ့ (၂)နှစ်တာ အချိန်းအချက်နေ့ရောက်ဖို့လဲ (၃)လလောက်ပဲ လိုတော့တာ။ စိတ်ထဲမှာ အရင်ဆုံးတွေးမိတာက အဖေ အမေတို့ဆီ သွားတွေ့ဖို့ပဲ။ ကျုပ်သူတို့နဲ့ မတွေ့ရတာ (၁)နှစ်ကျော် (၂)နှစ်နီးပါးရှိပြီလေ။ သူတို့ကို အရမ်း သတိရနေပြီ။

ကျုပ်တစ်ယောက်ထဲ ကျန်တော့တာဆိုတော့ လေဟာနယ် ရွှေ့ပြောင်းခြင်းကိုသုံးပြီး အမြန်ဆုံး ခရီးဆက်ခဲ့တော့တာပေါ့။ စမ်ခကိုရောက်ဖို့ (၁၀)ရက်လောက်ကြာတယ်ဗျ။ သူတို့နဲ့ မကြာခင်တွေ့ရမှာပေါ့။ စမ်ခ ရောက်တော့ အမေ ကြိုက်တတ်တဲ့ မုန့်တွေနဲ့ အဖေအတွက် သစ်သီးတွေ ဝယ်ပစ်လိုက်တယ်။ အားလုံး အိမ်ကို သိမ်းကြုံး သယ်လာတော့တာပေါ့။

ကျုပ်ရဲ့ ဇာတိချက်ကျွေရွာလေးကို ရောက်လာခဲ့ပြီ။ ရွာသူရွာသားတွေအကုန် ကျုပ်ကို အာရုံစိုက်ကြည့်နေကြလေရဲ့။ ကျုပ်က အပြင်လူတစ်ယောက်လို ဖြစ်သွားတာ သိသာလိုက်တာ။

ဟိုရှေ့က ဘယ်သူပါလိမ့်။ မီတာ(၅၀)လောက်အကွာမှာ ရင်းနှီးတဲ့ ပုံရိပ်တစ်ခုပေါ်လာတယ်။ အရပ်ရှည်ပြီး သန်သန်မာမာ တုတ်တုတ်ခိုင်ခိုင်နဲ့ဗျ။ သူ့ဘေးမှာတော့ ပိန်ပိန်ပါးပါးနဲ့ ကောင်မလေးတစ်ယောက်။ နှစ်ယောက်စလုံး သန့်သန့်ရှင်းရှင်းနဲ့ ရင်းနှီးနေတဲ့ပုံပဲ။

ကျုပ် အမြန်လျှောက်သွားပြီး တောင့်တောင့်တင်းတင်းနဲ့ သူကို ပုခုံးပုတ်လိုက်တယ်။ သူလှည့်ကြည့်လာတော့ အားရဝမ်းသာနဲ့ပဲ..

“အောင်းသဲ မင်းမို့လား”

သူ ကျုပ်ကို ကြည့်နေပေမယ့် ပုံစံက အံ့အားသင့်နေတဲ့ပုံ။

“ကျန်းကုန်း မင်းလား။ တကယ်ကြီးပဲဟ”

ကျုပ်တို့နှစ်ယောက်လုံး စိတ်လှုပ်ရှားနေမိကြတယ်။

“နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့။ မင်းအမေ မင်းကို သတိရနေတာကွ။ မင်းလဲ အရင်ကထက် ပိုမြင့်ပြီး ပိုသန်လာသလိုပဲ။ မင်းမှော်ပညာသင်ဖို့ မြို့ကိုသွားရတာတောင် ငါမနာလိုတော့ဘူး”

အောင်သဲဘေးက ကောင်မလေးက သူ့ကိုဆွဲခေါ်ပြီး..

“အောင်သဲ သူက ဘယ်သူလဲ”

အဲအချိန်ကျမှာ ကျုပ် သူ့ကို သတိထားစပြုလာတယ်။ သူလဲ မိန်းမလှလေးတစ်ယောက်ပဲ။ သူ့မျက်လုံးဝိုင်းကြီးတွေက သက်သေပြနေတယ်လေ။ ရေညှိစိမ်းရောင် စကပ်လေးက သူနူးညံ့သိမ်မွေ့တဲ့ ကိုယ်ဟန်နဲ့ လိုက်နေရော။ နောက်မှာတော့ အုံထူထူ ဆံပင်ရှည်ကြီးတွေကို ကျက်ဆံမြီး ကျစ်ထားတယ်။

အောင်းသဲ ရှက်ပြုံး ပြုံးပြီး..

“လာ မိတ်ဆက်ပေးမယ်။ ဒါ ငါ့ချစ်သူ လောင်ယွီဟုန် တဲ့။ သူက ကျန်းကုန်းတဲ့။ ငါနဲ့သူက ငယ်ငယ်လေးကတည်းက အချစ်ဆုံး သူငယ်ချင်းတွေပေါ့။ သူက အရမ်းအစွမ်းထက်တဲ့ မှော်ဆရာနော်”

အောင်းသဲကို ပြုံးပြပြီး လက်ဆန့်ပေးလိုက်တယ်။

“မင်္ဂလာပါ။ ငါ့ကို ကျန်းကုန်းလို့ ခေါ်လို့ရပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ်”

လောင်ယွီလဲ ပုံမှန်အတိုင်း ကျုပ်လက်ကို ပြန်ကိုင်ပြီး..

“မင်္ဂလာပါ။ ငါလဲ တွေ့ရတာ ဝမ်းသာပါတယ်”

ကျုပ် အောင်းသဲကို လက်သီးနဲ့ ခပ်ဖွဖွလေးထိုးပြီး..

“လူယုတ်မာ။ မင်းက ဒီလောက်လှတဲ့ ချစ်သူတစ်ယောက် တွေ့ထားတယ်ပေါ့လေ။ ငါတော်တော် ခံပြင်းသွားပြီ”

“ဟုတ်တယ်လေ။ လောင်ယွီက ငါတို့ကျောင်းရဲ့ အလှဆုံးပန်းတစ်ပွင့်ကွ။ ငါမှာ သူ့ကို အဆက်မပြတ်လိုက်နိုင်လွန်းလို့သာ နောက်ဆုံးပိတ် အဖြေရခဲ့တာဟ။ မင်းက ငါ့ထက်အခြေအနေကောင်းပါတယ်ကွာ။ မင်းကို ကြိုက်မယ့် မိန်းကလေးတွေ ဝိုင်းနေမှာ သေချာတယ်”

အောင်းသဲစကားကြားတော့ သူ့ဘေးက ကောင်မလေးက နာလွန်းလို့ အော်လိုက်ရတဲ့အထိ သူ့ကို ဗိုက်ခေါက် လိမ်နေတော့တာဗျို့။

ကျုပ်လဲ ခေါင်းကုတ်ပြီး..

“ဒီပြဿနာထဲမျိုးတော့ ငါလဲ မတွေ့ဘူးသေးဘူး။ နောက်တခါ အထက်တန်းမှော်ပညာကျောင်း ရောက်ရင်တော့ တစ်ယောက်ယောက် တွေ့မယ်ထင်တာပဲ။ ဟား ဟား”

“မင်းဆရာက မင်းအတွေ့အကြုံရအောင် လွှတ်လိုက်တာလို့တော့ မင်းအမေပြောတယ်။ အဲဒါရော ဘယ့်နှယ့်လဲကွ။ အဲ့ အတွေ့အကြုံရှာတာတွေက မင်းတက်လမ်းကို မနှောက်နှေးဘူးလား”

“အဲဒါ အရေးမကြီးပါဘူးကွာ။ ပြင်ပ ခရီးသွားရတာက ငါ့အတွက် တော်တော် အကျိုးရှိပါတယ်။ ကောင်းပြီလေ မင်းလဲ တော်တော်အလုပ်များနေတယ်ဆိုတာ ငါမြင်နေရတော့ အိမ်ကို အမြန်ပြန်ချင်နေပြီဟေ့။ ညစာ လာစားလှည့်ကွာ”

“ကောင်းတယ်။ ငါဒီည မင်းကို လာတွေ့လှည့်မယ်။ ငါတို့ ညီအစ်ကိုတွေအတွက် ဒီနေညတော့ သောက်ပွဲကြီးပေါ့”

လောင်ယွီ အောင်းသဲကို ဘေးကနေ နားရွက်ဆွဲပြီး..

“နင့်ကို သောက်ခွင့်မပေးပါဘူး။ နင်မြန်မြန် အရက်သမားဖြစ်ချင်နေတာလား”

သူတို့ကို ကြည့်ပြီး ကျုပ်လဲ ရယ်လိုက်မိတော့တာပေါ့။

“ကိုယ့်ဟာကိုယ်ပဲ ဆက်ငြင်းနေကြဟေ့။ ငါတော့သွားပြီ”

အိမ်အဝင်ဝ ရောက်တာနဲ့တင်..

“အမေ။ အဖေ။ သားပြန်လာပြီဗျ။ သားပြန်လာပြီ”

တံခါးဖွင့်သံကြားလို့ အမေထွက်ကြည့်သလာတယ်။ အမေနဲ့ မတွေ့ရတာ (၂)နှစ်နီးပါးရှိပြီလေ။ အမေတောင် နည်းနည်း အသက်ကြီးသွားသလိုပဲ။

“ကျန်းကုန်း။ အမေ့သားလေး။ နောက်ဆုံးတော့ သားလေးပြန်ရောက်လာပြီပေါ့။ အမေ သားကို အရမ်းသတိရနေတာ”

အမေ တံခါးအကုန်ဖွင့်ပြီး ပြေးဖက်တော့တာ။ ကျုပ်လဲ အမေ့ကို ပြန်ဖက်ထားတာပေါ့။

“အမေ။ သားလဲ အမေ့ကို အရမ်းသတိရနေတာ”

မျက်ရည်တွေ ထိန်းမရအောင်ကို ကျလာတော့တာဗျို့။

အဲ့အချိန်မှာပဲ အဖေအိမ်ထဲကနေထွက်လာပြီး ပြုံးရင်းနဲ့..

“ကျန်းကုန်း။ နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့၊ မင်းသွားကတည်းက မင်းအမေဆို ငိုလိုက်တာမှ မရေမတွက်နိုင်အောင်ပဲ။ နေ့တိုင်း မင်းအကြောင်းပဲတွေးနေတော့တာဟေ့”

“အဖေ”

အမေ့ကို လွှတ်ပြီး အဖေ့ကို ပြောင်းဖက်လိုက်တယ်။

“ကောင်းပြီ ကောင်းပြီ။ မင်းအိမ်ပြန်ရောက်လာတာ ကောင်းတယ်။ လာ အထဲဝင်ကြရအောင်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ ငါတို့တွေ အနားယူနေကြတာကွ။ မဟုတ်ရင် မင်းငါတို့ကို ရှာတွေ့မှာတောင် မဟုတ်ဘူးရယ်။ ဒီနေ့တော့ မင်းအမေကို သူ့စိတ်ကြိုက်ဟင်းတွေ ချက်ခိုင်းလိုက်ကြတာပေါ့ကွာ။ ငါတို့ သားအဖတွေ သောက်ကြတာပေါ့”

“အကောင်းဆုံးပဲ။ အမေ လက်ရာ အရမ်းကြိုက်တယ်။ အပြင်မှာ ဘာတွေစားရစားရ အိမ်က ဟင်းတွေနဲ့ ဘယ်လိုမှ ယှဉ်လို့မရဘူး။”

တကယ်ကြီး အိမ်ကလက်ရာကပဲ အကောင်းဆုံးလို့ ခံစားရတာဗျ။

အထဲရောက်တော့ အဖေက..

“မင်း ခရီးစဉ်ကရော ဘယ့်နှယ့်လဲကွ”

“အဆင်ပြေပါတယ်။ ပြဿနာ ကြီးကြီးတွေတော့ တွေ့ရသေးတာပေါ့။ အောင်မြင်တယ်လို့ ပြောရမျာပဲ”

ကျုပ် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြလိုက်တယ်။ ဟဲ ဟဲ.. သူတို့တွေ စိတ်ပူသွားမယ့် ကိစ္စတွေတော့ ချန်ထားခဲ့တာပေါ့ဗျာ။

ကျုပ်စကားတွေဆုံးတော့ အမေက..

“ဘာဖြစ်ဖြစ် သားလေး ပြန်ရောက်လာတာ အကောင်းဆုံးပဲ”

“အဖေ၊ အမေ၊ ဘာလို့ သားနဲ့အတူ လိုက်မနေကြတာတုန်း။ အခုဆို အဖေနဲ့အမေတို့ကိုတောင် ကောင်းကောင်း စောင့်ရှောက်နိုင်ပြီဆိုတာ သေချာတယ်”

အဖေက အမေ့ကို တစ်ချက်ကြည့်ပြီး..

“မဟုတ်သေးဘူးကွ။ စနစ်တကျ လေ့ကျင့်ဖို့ လိုသေးတယ်။ မင်းအမေနဲ့ ငါက ဒီမှာနေလာတာ နှစ်ပေါင်း မနည်းတော့ဘူး။ ဒီနေရာက လူတွေက အရမ်းအေးပြီး ရိုးသားကြတယ်။ ပတ်ဝန်းကျင်ကလဲ ကောင်းပဲ အနားယူဖို့ အသင့်တော်ဆုံးပဲ”

ကျုပ်နဲ့အတူ လိုက်နေဖို့ သူတို့ကို ထပ်စည်းရုံးကြည့်ပေမယ့် အမေက..

“သားလေးသာ အမေတို့ဆီကို မကြာခဏ အလည်လာဖို့ပဲလိုတယ်။ သားဆီကိုတော့ အမေတို့ လိုက်နေဖို့ မဖြစ်နိုင်ဘူးလေ”

“ဟုတ်ကဲ့ပါ။ အချိန်ကျရင် သားအဲ့လိုပဲ လုပ်ပါ့မယ်။ အထက်တန်း မှော်ပညာကျောင်းမှာ (၂)နှစ် (၃)နှစ်လောက် လေ့ကျင့်ပြီးသွားတာနဲ‌ အတွေ့အကြုံအတွက် ခရီးထွက်ဖို့ ထပ်သွားရအုံးမှာ”

============= (*^*)=============

အပိုင်း(၉၂)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters