ကျောင်းတော်ကြီးဆီသို့
Vol. 7 Ch. 93
Child of light (ကျန်းကုန်း)
Volume 4: Chapter 3 – Return to the Academy
နောက်နေ့မနက်ကျ ကောင်းသဲအစောကြီး ရောက်ချလာပါလေရော။
“မင်း တော်တော် စိတ်မြန်တဲ့ကောင်ပဲကွ။ လောင်ယွီကရော”
“လေ့ကျင့်ခန်း မစနဲ့အုံးလို့ လာပြောတာကွ။ လောင်ယွီက (ဆန်ခယ်) မှာပါနေလို့ကွ။ သသူ့ကို အရင်သွားတွေ့ပြီး ပြန်လာခဲ့မယ်။ ငါတို့ရောက်လာမှ မင်းလေ့ကျင့်ခန်း စလို့ရမလား”
“အေးပါကွာ။ ငါ မင်းတို့ကို စောင့်နေမယ်”
ကောင်းသဲ ခြေကုန်သုတ်ပြေးသွားတဲ့ပုံကို ကြည့်ပြီး ကျုပ် ခေါင်းမခါဘဲကို မနေနိုင်တော့ဘူး။ ရီးစားထားရတာ တော်တော် ပင်ပန်းတဲ့ အလုပ်ပဲ။ ဒီလောက် ဒုက္ခများမှတော့ နောက်နောင် မိန်းမချောလေးတွေဆိုရင် ရှောင်ပြေးဖို့ပဲ တွေးလိုက်မိတယ်။
“ကျန်းကုန်းရေ မနက်စာ စားမယ်။ အစောက ဘယ်သူလဲ”
“လာပြီ အမေရေ။ ကောင်းသဲပေါ့ဗျာ။ မှော်ပညာ သင်ဖို့အရေး လောင်ယွီကို အရင်သွားတွေ့ရအုံးမယ်လို့တော့ ပြောသွားတာပဲ”
ကျုပ်လဲ ပြောပြီးတာနဲ့ အိမ်ထဲ အမြန်ဝင်သွားလိုက်တယ်။ မနက်စာ တော်တော် ကောင်းတာပဲ။ နွားနို့၊ ကြက်ဥကျော်၊ နောက်ထပ် ဟင်းအမယ်တွေကလဲ ပါသေး။
“ဦးရာလူစနစ်”
အငွေ့ တထောင်းထောင်းထနေတဲ့ ပေါင်မုန့်ကို ပါးစပ်ထဲ ပစ်ထည့်လိုက်တယ်။ ဝါး… ပူလိုက်တာ။
“ဖြေးဖြေးစား။ သားဆီက ဘယ်သူမှ လုမစားပါဘူး”
မနက်စာ စားပြီးတော့ သူတို့ရောက်လာတယ်ဗျ။
“မင်းတို့ မနက်စာ စားပြီးပြီလား။ ဒါမှမဟုတ် အရင်စားလိုက်ကြမလား”
“ငါတို့စား ပြီးပြီ။ အောင်းသဲက နင် မှော်ပညာတတ်တယ်လို့ အမြဲပြောနေကျလေ။ ကျေးဇူးပြုပြီး ငါ့ကို မြန်မြန်လေး ဉာဏ်အလင်းရအောင် မြန်မြန်စလိုက်ရအောင်လေ”
“နင်က ကောင်းသဲထက်တောင် ပိုပြီး စိတ်မြန်နေသေးတယ်။ ကောင်းပြီလေ”
အဖေ၊ အမေ၊ ကောင်းသဲ၊ လောင်ယွီတို့နဲ့အတူ ခြံထဲ ဆင်းခဲ့ကြတယ်။
“ဟုတ်ပြီ။ ငါတို့တွေ အခု အလင်းမှော်ပညာကို လေ့လာကြမယ်။ ပထမဆုံး ငါတို့တွေ အလင်းမှော်ပညာကို စသုံးချင်တယ်ဆိုရင် အလင်းဒြပ်စင်တွေကို ဘယ်လိုစုစည်းရမလဲဆိုတာ အရင်လေ့လာရလိမ့်မယ်။ အလင်းဒြပ်စင်တွေ ဆိုတာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ဒြပ်စင်တွေပေါ့။ သူတို့တွေက တောက်ပမှုနဲ့ ဖြောင့်မတ်ခြင်းကို ကိုယ်စားပြုတယ်။ အလင်းဒြပ်စင်တွေကို စုစည်းတဲ့အခါမှာ သူတို့ရဲ့အတွေးတွေကို အမိန့်မပေးသင့်ဘူး။ အလင်းဒြပ်စင်တွေဆိုတာ ငါတို့ မိတ်ဆွေတွေပဲ”
ဒီလိုနဲ့ သူတို့အတွက် အလင်းမှော်ပညာကို စလိုက်ကြတာပေါ့။ တကယ်တော့ အောင်းသဲ အရင်တုန်းက အဖြစ်အပျက်တွေကို တအားစွဲလန်းထားတာတွေရှိတော့ ကျုပ်သင်မပေးချင်ဘူးဗျ။ ဒါပေမယ့် လောင်ယွီတောင်းဆိုတော့လဲ မှော်ပညာသင်ပေးဖို့ ကလွဲရင် ရွေးစရာမှ မရှိတော့တာ။ ရက်နည်းနည်းလောက် သင်ပေးပြီးတဲ့အခါကျ အရင်ကလိုမျိုး ထုံကျင်တဲ့ ခံစားချက်တွေ မဖြစ်ဘဲ တည်ငြိမ်လာတယ်။
အလင်း ဒြပ်စင်တွေကို စုဆောင်းပြီး အခြေခံ အလင်းမှော်ပညာနည်းနည်း သင်ပေးဖို့အတွက် သူတို့ကို တစ်လလောက် အကူအညီပေးလိုက်ရသေးတယ်။ အလယ်အလတ် အလင်းမှော် မန္တန်တွေကိုတော့ စာနဲ့ချရေးပြီး သူတို့အတွက် ထားခဲ့ပေးလိုက်တယ်။
သွားဖို့အချိန်က ရောက်လာပြန်ပြီ။ နောက်တစ်ခေါက် ခွဲခွာရအုံးမှာပေါ့။
“အဖေ၊ အမေ ကျေးဇူးပြုပြီး ဂရုစိုက်ကြပါ။ အချိန်ရရင် (၁)နှစ်ခွဲအတွင်း သားပြန်လာခဲ့မယ်။ အလင်းမှော်ပညာကိုလဲ သေသေချာချာ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြဖို့ လိုတယ်နော်။ သားပြန်လာရင်း အဖေအမေတို့ အလင်းမှော်ပညာကို စစ်မှာဗျ။ ဒီ ဝိုင်ပုလင်းလေးကို အဖေတို့အတွက် ထားခဲ့လိုက်မယ်။ သောက်မယ်ဆိုရင် ဖြည်းဖြည်းလေးသောက်ရမှာနော်။ နောက်ထပ် တစ်လုံးမှ မကျန်တော့ဘူး။”
အစက ကျုပ်အတွက် ချန်ထားမလို့ပါဗျာ။ ဝိုင်ပုလင်းကိုမြင်တာနဲ့ အဖေ့မျက်လုံးတွေမှာ အရောင်လက်နေတာတွေ့လိုက်ရတယ်။
“သားလေး နောက်ထပ် ဝိုင်တွေရှိသေးလား။ မင်းအမေကိုလဲ တစ်ပုလင်းပေးလိုက်လေ”
ကျုပ်ကမှ (၅)ပုလင်းထဲ ယူလာတာ။ တစ်လုံးက သောက်ပြီးသွားပြီ။ တစ်လုံးက အဖေ့ကိုပေးလိုက်ပြီဆိုတော့ (၃)လုံးပဲ ကျန်တော့တယ်။ နာကျင်စိတ်တွေ မနည်းဖျောက်ပြီး..
“ဒါ နောက်ဆုံးပုလင်းပဲ။ သေချာသောက်ရမယ်နော်”
အမေ စိတ်လောလောနဲ့ အဖေ့ကို သတိပေးပါလေရော…
“ဒါ ငါတစ်ယောက်ထဲ သီးသန့်သောက်မှာ။ နင် ငါ့ဆီက လာခိုးမသောက်နဲ့”
ရနံ့က ကောင်းလွန်းတော့ အမေလဲ ဝိုင်ကို တော်တော် ကြိုက်သွားတဲ့ပုံပဲ။ ဝိုင်ကနေ ကျင့်ကြံမှုအတွက် အကျိုးသက်ရောက်မှု တစ်ခုခုတော့ ရကြမှာပါလေ။
ကျုပ် သူတို့ကို ကြည့်ပြီး ငိုရမလား ရယ်ရမလား မသိတော့ဘူး။
“သား တကယ်ကို သွားသင့်ပြီ”
အဖေကတော့ လက်ယမ်းပြရင်း “သွား” ဆိုတဲ့ စကားလုံးပဲ ပြောလိုက်တယ်။ ကျုပ် မချိပြုံး ပြုံးလိုက်ပြီး ကျောင်းတော်ကိုသွားရမယ့်လမ်းကို ခြေဦးတည်လိုက်တော့တယ်။
ကျုပ် မလှုပ်တလှုပ်နဲ့ သွားနေတဲ့ပုံကို အဖေကြည့်ပြီး ပြုံးလိုက်တယ်။
“လူမိုက်လေး”
အမေကတော့ အဖေ့လက်ကို ချိန်ထားလေရဲ့။
“သူ ဒီလိုမျိုးနဲ့ သွားရင် မဆိုးပါဘူး။ မဟုတ်ရင် ငါစိတ်ဆိုးမိတော့မှာ”
သားဖြစ်တဲ့သူနဲ့ (၁)နှစ်ခွဲလောက် ဝေးရတော့မယ့်အသိကြောင့် အမေ့မျက်ဝန်းတွေ နီလာခဲ့ပြီ။
“ဒီလိုလုပ်ပါလား။ နင့်ဝိုင်ပုလင်း ငါ့ကိုပေးလိုက်လေ။ နင့်သားနဲ့ မြန်မြန်တွေ့ရအောင် ငါလုပ်ပေးမယ်။ ဒါဆို ဘယ်လိုလဲ”
အမေ ဝိုင်ပုလင်းကို ရင်ခွင်ခဲ ဖွက်လိုက်ပြီးမှ..
“မရဘူး။ ငါ့သားကို ငါ အနှောက်အယှက်မပေးဘူး။ သူကောင်းကောင်း လေ့ကျင့်တာပဲ မြင်ချင်တယ်”
……………
အိမ်က ထွက်လာပြီးတာနဲ့ သဘာဝတရားကြီးထဲမှာ ကျင်လည်ဖို့ ဖြစ်လာခဲ့ပြီ။ ဆရာတိ ဘယ်လိုနေမလဲမသိဘူး။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သီးခြားနေရာလေးလိုဖြစ်နေတော့ စာအုပ်ထဲက မှော်ဝင်္ကပါကိုထုတ်လိုက်တယ်။ ကျုပ် စထွက်ကတည်းက ကျောင်းကို ပြန်လာမယ်ဆိုရင် ဒီဝင်္ကပါကိုသုံးဖို့ ဆရာတိမှာလိုက်တာ ကျုပ်သတိရသေးတယ်လေ။ စမ်းကြည့်ရသေးတာပေါ့။
မှော်ဝင်္ကပါကို သေချာလေး ထုတ်လိုက်တယ်။ စာထဲမှာပါတဲ့အတိုင်း ကျပ်အလေးအနက်ထား ရေးဆွဲလိုက်တယ်။ ကျုပ်အမှားလေးတစ်ခု လုပ်မိလိုက်တာနဲ့ ဦးတည်ရာ ပြောင်းသွားနိုင်တယ်လေ။
ပုံကြမ်းဆွဲတာနဲ့တင် (၂)ညအိပ် (၃)ရက်ကြာမှ ပြီးသွားတယ်။ မှော်ဝင်္ကပါထဲမှာ ဖုံးကွယ်ထားတဲ့ ပုံစံတွေကို ကျုပ်မှတ်ထားပြီးသားဆိုတော့ ကောင်းကောင်းသုံးနိုင်နေပြီလေ။ မှော်ဝင်္ကပါကို ပြောင်းပြန်သုံးလိုက်တာနဲ့ ဒီကိုရောက်လာမယ်။ ပုံစံတူ ဝင်္ကပါတစ်ခုကို နတ်သူငယ်တွေဆီမှာ နေရာချထားခဲ့သေးတယ်။ ဝင်္ကပါကနေ စိတ်ဝိညာဉ်ချိတ်ဆက်မှုတွေတောင် ထားခဲ့သေးတယ်။ ထူးထူးခြားခြားနည်းလမ်းတစ်ခုခု သုံးလိုက်ရင် သူတို့အခြေအနေ တွေကိုတောင် ပြောပြနိုင်လောက်တယ်။ အဓိက ရည်ရွယ်ချက်က ဟိုငမိုက်သား အမှောင်မျိုးနွယ်စုတွေ ခြုံခိုတိုက်ခိုက်လာရင် အချိန်မှီရောက်နိုင်အောင်လို့လေ။
မှော်ဝင်္ကပါကို အသေးစိတ်ထပ်စစ်လိုက်တော့ အားလုံး စနစ်တကျပဲဆိုတာ တွေ့ရတော့ ကျုပ်လဲ ဝင်္ကပါဗဟိုမှာရပ်ပြီး..
“ကျွန်ုပ်၏ မှော်စွမ်းအားတို့ကို အသုံးပြု၍ အချိန်နှင့် နေရာတို့ ရွှေ့ပြောင်းကြပါတော့”
ချက်ချင်းကို ကျုပ်ခန္ဓာကိုယ်က မှော်ဝင်္ကပါထဲကို စိမ့်ဝင်သွားတယ်။ အလင်းရောင်တွေ ဝင်းကနဲတောက်ပပြီးတာနဲ့ မှော်ဝင်္ကပါလဲ ပျောက်သွားတာ။
မန္တန်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ဖို့ ကျုပ်မှော်စွမ်းအားတွေကို သုံးရတာပေါ့။ ကျုပ်လက်ရှိ မှော်စွမ်းအားနဲ့ဆိုရင် မှော်ဝင်္ကပါကိုသုံးရတာ အရမ်းကိုလွယ်နေရော။
တော်ဝင် အလယ်တန်းမှော်ပညာကျောင်းရဲ့ နောက်ဘက်မှာ အဖြူရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီးတဲ့အခါ ကျုပ်ပေါ်လာတယ်။ ဒါ ဆရာတိ အိမ်အပြင်မှာ မဟုတ်ပါလား။ ဒါနဲ့ သူက မှော်ဝင်္ကပါကို အစွန်တစ်နေရာမှာ ချထားတာပဲ။ ဒါတကယ်ကို အဆင်ပြေပြီး တော်တော် ဒုက္ခငြိမ်းတယ်။
ဆရာတိ အိပ်ခန်းကို လျှောက်သွားနေတုန်း တံခါးပွင့်လာတယ်။ ဆရာတိ ရုပ်ကြီး ပေါ်လာတာပေါ့။ ကျုပ် နည်းနည်း ဆက်သွားပြီး သူ့ရှေ့မှာ ဒူးထောက်လိုက်တယ်။
“ဆရာ ကျွန်တော်ပြန်လာပြီ”
“အင်း.. မင်းပြန်ရသင့်တဲ့ အချိန်ရောက်ပြီဆိုတာ ငါမှန်းထားပြီးသား။ စောစောက မှော်စွမ်းအင် အတက်ကျ သတိထားမိလို့ ကမန်းကတန်း လာခဲ့တာကွ။ တကယ်ကို မင်းဖြစ်နေတာပဲ။ လာလာ အထဲဝင်”
ခရီးစဉ် အဖြစ်အပျက်အားလုံးကို တစ်ခါတည်း ပြန်ပြောပြလိုက်တယ်။ (၃)နာရီလောက်တောင် ကြာတာပဲ။ အစစ်အမှန် မှော်ဘိုးဘေးဖြစ်ဖို့အတွက် တစ်ကိုယ်လုံးမှာ နေရာလပ်မကျန် ရွှေအမြူတေရှိရမယ်ဆိုတဲ့ နတ်ဘုရားဘုရင် ရှင်းပြလိုက်တာကို ဆရာတိကြားတော့ စိတ်လှုပ်ရှားပြီး တုန်သွားတာပဲ။
“ဒီအတွေ့အကြုံက မင်းအတွက် တော်တော် အကျိုးရှိသွားတဲ့ပုံပဲ။ မင်းက တာဝန်ကျေခဲ့ရုံတင်မဟုတ်ဘူး မှော်စွမ်းအားတွေလဲ မှော်သခင်ကြီး အဆင့်ရောက်သွားပြီ။ သင်ပေးစရာတောင် ဘာမှမကျန်တော့ဘူးထင်တယ်။ ရှေ့ဆက် မင်းဘာဆက်လုပ်မယ် စဉ်းစားထားလဲ”
“ကျွန်တော် စဉ်းစားထားတာတော့ အထက်တန်းမှော်ပညာကျောင်းမှာ (၂)နှစ်(၃)နှစ်လောက် တက်ဖို့ စဉ်းစားထားတယ်။ အဲ့မှာ လေ့လာသင်ယူစရာတွေ အများကြီးနဲ့ လေ့ကျင့်ချင်တယ်။ အဲဒီမှာ ပတ်ဝန်းကျင် သဘာဝအရလဲ ပိုကောင်းတယ်လေ။ အဲနည်းနဲ့ပဲ မွန်းစတားဘုရင်ကို နှိမ်နင်းဖို့ ကိုယ့်ကိုကိုယ် ပြင်ဆင်နိုင်မယ်ထင်တယ်”
“ကောင်းပြီ။ မင်းကို ငါကိုယ်တိုင် လိုက်ပို့ပေးမယ်။ မင်းအတွက် ငါစီစဉ်လိုက်မယ်။ (၂)ရက်လောက်နားပြီးတာနဲ့ မင်းအဲ့ကို သွားရလိမ့်မယ်”
============= (*^*)=============
အပိုင်း(၉၄)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား