← Chapters

ညီအစ်ကိုတွေ ပြန်တွေ့ပွဲ

Vol. 7 Ch. 94

ညီအစ်ကိုတွေ ပြန်တွေ့ပွဲ

Vol. 7 Ch. 94

Child of light (ကျန်းကုန်း)

Volume 4: Chapter 4 – Reunion of Brothers

အိုက်ရှားနိုင်ငံတော်၊ တော်ဝင်အထက်တန်းမှော်ပညာကျောင်း၊ တတိယနှစ်၊ အခန်း(၃)

အခန်းပိုင်ဆရာဖြစ်တဲ့ ကထိက စစ်လန်ယု စာသင်လျှောက်လမ်းပေါ်မှာရပ်နေရင်း..

“အားလုံး အသံတိတ်ပါ။ အခုမှ ပြောင်းလာတဲ့ ကျောင်းသားသစ် ကျန်းကုန်းဝေနဲ့ မိတ်ဆက်ပေးမယ်”

ဆရာယု ပြောပြီးတော့ ကျုပ်အခန်းထဲဝင်သွားလိုက်တယ်။ လျှောက်လမ်းရှေ့မှာရပ်ပြီး အတန်းသားတွေဘက်ကို ပြုံးပြပြီး အသံခပ်တိုးတိုးနဲ့..

“အားလုံးပဲ မင်္ဂလာပါ။ မင်းတို့တွေ ငါ့ကို ဂရုစိုက်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ငါ့ရဲ့ ပင်မမှော်ပညာက အလင်း ဖြစ်ပြီးတော့ အရန်မှော်ပညာကတော့ လေဟာနယ်မှော်ပါ။”

“သူ ဘယ်ကရောက်လာတာလဲ။ ငါတို့ တတိယနှစ်ကို ဘယ်လို ကျော်တက်လာတာလဲ၊ ပထမ နှစ်ကနေ စရမှာ မဟုတ်ဘူးလား”

“အေးလေ။ ရုပ်ကလေးကတော့ ခပ်ချောချောပါပဲ။ ဒါပေမယ့် သူ့အစွမ်းဘယ်လောက်ရှိတယ်ဆိုတာ ငါတို့ မသိသေးဘူး”

ကျောင်းသူလေး (၂)ယောက် တိုးတိုး တိုးတိုးနဲ့ တွတ်ထိုးနေကြတယ်ဗျ။

“နင်တို့တွေ မသိသေးဘူးပဲ။ သူက တော်တော်လေး နာမည်ကြီးတယ်ဟ။ တော်ဝင်အလယ်တန်းမှော်ပညာကျောင်းက လာတဲ့ ထူးချွန်ကျောင်းသား တစ်ယောက်ပေါ့။ ပြီးတော့ (၅)နှစ်ဆက်တိုက် ထိပ်တန်းကျောင်းသား တစ်ယောက်လဲ ဖြစ်တယ်။ အဲဒါ အစွမ်းထက်တာမဟုတ်ဘူးလား။ နောက်ပြီး သူက မှော်သခင်ကြီး အဆင့်တောင် ရောက်နေပြီလို့ ငါကြားထားတယ်”

“အာ.. တကယ်ကြီးလား။ အဲလောက်တောင် အစွမ်းထက်တာလား။ သူနဲ့ ဆရာ့ ကျွမ်းကျင်မှုနဲ့ တခြားဆီပဲ။ သူနဲ့ ရီးစားဖြစ်လိုက်ရရင်လဲ မဆိုးဘူးအေ့”

“အိပ်မက် မက်မနေနဲ့။ နင့်ပုံစံနဲ့ သူ့ရည်းစားဖြစ်ချင်နေသေးတာလား။ တကယ်ဆို သူ ငါ့ဆီလာသင့်တာပေါ့”

“အိပ်မက် မက်မနေနဲ့”

....

“ကျန်းကုန်း နောက်တန်းမှာ ထိုင်လိုက်လိုက်။ အဲ့မှာ ခုံအလွတ်ရှိတယ်”

“ဟုတ်ကဲ့။ ကျေးဇူးပါဆရာ”

ပြီးတော့ နောက်တန်းကို ဝင်ထိုင်လိုက်တာပေါ့။

ဆရာတိ အားလုံးကို ခပ်မြန်မြန် စီစဉ်ပေးလိုက်တာဗျ။ (၂)ရက်တည်းနဲ့ ကျောင်းဝင်ခွင့်ရလိုက်တယ်။ မာခယ်တော့ တခြားအတန်းမှာလို့ ကျုပ်သတင်းရတယ်။ သူနဲ့ မတွေ့ရသေးဘူးဆိုတော့ အတန်းအားချိန် သွားတွေ့မယ် စိတ်ကူးထားတယ်။

“ဟုတ်ပြီ။ စာစသင်တော့မယ်။ ဒီနေ့တော့ အဆင့်မြင့်မှော်ပညာကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ပြောပြပေးမယ်။ ပထမဆုံး မင်းတို့ဟာ မှော်ပညာကို ထောက်ပံ့နိုင်ဖို့အတွက် မှော်စွမ်းအား သိပ်သိပ်သည်းသည်း ရှိနေဖို့လိုတယ်။ မင်းတို့တွေ မန္တန်အတွက် စွမ်းအားသုံးပြီးတဲ့အခါကျမှ ထိန်းချုပ်မှုအကြောင်းကို ဆက်ပြောလို့ရမယ်။ အဲလိုမှ မဟုတ်ရင် မင်းတို့ရဲ့ ပစ်မှတ်တွေကို တိတိကျကျ ထိနိုင်မှာမဟုတ်တော့ဘူး။ မန္တန်က နောက်ပြန်ဆုတ်ပြီး ကိုယ့်အဖွဲ့ဝင်တွေကို ပြန်ပြီး ထိခိုက်နိုင်တယ်”

ဆရာယု ကြောက်နေတဲ့ ပုံနဲ့ ခဏလေး ရပ်လိုက်တယ်။

ကျောင်းသားတွေ ‌သောသော နဲ့ပေါ့။ ဒီဆရာ သင်တဲ့ပုံစံက စိတ်ဝင်စားစရာပဲ။ ညာဘက်လက်နဲ့ မေးထောက်ပြီး အသက်(၄၀)လောက်ရှိတဲ့ ဆရာကို လှမ်းကြည့်နေလိုက်တယ်။

“အရင်တုန်းကတော့ အားလုံးဟာ သူတို့ရဲ့ မှော်စွမ်းအားတွေ တိုးတက်အောင် ကျင့်ကြံဖို့ အားစိုက်ချင်ကြတယ်။ ဒါ တကယ်အရေးကြီးတာပေါ့။ မှော်စွမ်းအားဆိုတာ မှော်ပညာရဲ့ အရင်းအမြစ်ပဲလေ။ ကဲ.. မူလ အကြောင်းကို ပြန်ဆက်မယ်။ မင်းတို့ကို ထောက်ပံ့ပေးနိုင်မယ့် မှော်စွမ်းအား သိပ်သည်းတာနဲ့ တပြိုင်နက် မန္တန်ကို ထိန်းချုပ်ဖို့အတွက် မင်းတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အားကိုးရတော့မယ်။ အခန်း(၁)က ကျောင်းသား မာခယ်ဆိုရင် စိတ်ဝိညာဉ်စွမ်းအား အရမ်းကြီးတယ်။ သူ့ရည်မှန်းချက်အတိုင်း ဖြစ်အောင် သူသုံးထားတဲ့ မန္တန်တွေကို အလွယ်လေး ထိန်းချုပ်နိုင်တယ်။ ဥပမာ ပြောရမယ်ဆိုရင် ရိုးရိုးရှင်းရှင်း မီးလုံးကြီးတစ်လုံးကို ရန်သူတစ်ယောက်ဆီ တည့်တည့်ပစ်လိုက်မယ်ဆိုရင် ရန်သူ ရှောင်တိမ်းသွားမှာပေါ့။ ဒါပေမယ့် မင်းတို့သာ ရန်သူ့ဆီကို မျဉ်းကွေးပုံသဏ္ဍာန် လမ်းကြောင်းအတိုင်း ပစ်မယ်ဆိုရင်တော့ အောင်အောင်မြင်မြင် ထိဖို့အတွက် အခွင့်အရေး ပိုများလာလိမ့်မယ်။ မင်းတို့သာ ပစ်မှတ်နောက် လိုက်နိုင်တဲ့အထိ ထိန်းချုပ်နိုင်ပြီဆိုရင် နည်းပညာ ကျွမ်းကျင်ဖို့ နီးစပ်လာပြီလို့ ပြောရလိမ့်မယ်”

မာခယ်တောင် တော်တော်နာမည်ကြီးနေပြီပဲ။ အတန်းထဲက ဆရာတစ်ယောက်နဲ့တောင် ရင်းနှီးနေပြီ၊ ပြီးခဲ့တဲ့ (၂)နှစ် လုံးလုံး ဒီကောင်း ငြိမ်မနေဘဲ သိသိသာသာ တိုးတက်လာတဲ့ပုံပဲ။ ဒါပေမယ့် ဒီကောင် မှော်သခင်ကြီး အဆင့် ရောက်မရောက်တော့ မသိသေးဘူး.။

ခဏကြာတော့ ဆရာစစ်လန် အတန်းချိန်ပြီးသွားတော့ မာခယ်ကို ရှာဖို့ ထွက်လာခဲ့လိုက်တယ်။ အရင်က သူပေးထားတဲ့ ဓားမြှောင်လေး အမြဲဆောင်ထားပြီး အားတဲ့အချိန်တိုင်း ထုတ်ထုတ်ကြည့်နေကျလေ။ ဒါ သသူနဲ့ လူချင်းတွေ့ရသလိုပဲလေ။ ဘာပဲဖြစ်ဖြစ် မာခယ်ဆိုတာ ကျုပ်ရဲ့ အချစ်ဆုံး ညီအစ်ကိုတွေထဲက တစ်ယောက်ဖြစ်နေတော့ ခဏနေ သူနဲ့တွေ့ရမယ့်အရေး စိတ်တောင်လှုပ်ရှားစပြုလာပြီ။

ကျုပ်ဘေးနားမှာ ထိုင်နေတဲ့ ကျောင်းသူလေးကို ခေါင်းလှည့်ကြည့်ရင်းနဲ့..

“တဆိတ်လောက်၊ အခန်း(၃)ကနေ အခန်း(၁)ကို ဘယ်လိုသွားရမလဲ။ ငါ လူတစ်ယောက်ကို ရှာချင်လို့”

ကျုပ်ဘေးနားမှာရှိတဲ့ ကျောင်းသူလေးက ရိုးရိုးလေးနဲ့ လှနေပေမယ့် သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံကတော့ အံ့မခန်းပဲ။ သူ့အရပ်က (၁.၇)မီတာဝန်းကျင်ဗျ။ အဲ့ကောင်မလေး ပြောသမျှ လုံးဝနားမလည်တာတော့ နေ့ခင်းအိပ်မက် မက်နေရသလိုပဲ။ သူ့လက်တွေက အရမ်းကို လှတာ။ သူ့အသားအရေအောက်မှာ စူရှတောက်ပမှုတစ်ခု ပျံ့နေတာဆိုတော့ သူ့အဆင့်ကလဲ မဆိုးလှဘူးဗျ။

သူ့မျက်လုံးတွေ မြင်ရတော့ ကျုပ်အံ့ဩသွားတယ်။ မျက်လုံး ဝိုင်းကြီးတွေက ရင်းနှီးနေတဲ့ ခံစားချက်ပေးနေပြီး တော်တော် ဆွဲဆောင်မှုရှိတာ။ မျက်လုံးတွေကိုသာ အဆင့်သတ်မှတ်ချက်တွေ ပေးမယ်ဆိုရင် သူထိပ်ဆုံး ရောက်နေမှာ သေချာတယ်။ သူ့မျက်လုံးတွေကနေ အလင်းရောင်တွေ ထူးထူးခြားခြား ထွက်နေသလိုမျိုး ဘာကြောင့်ခံစားနေရမှန်း နားကိုမလည်နိုင်ဘူး။ အဲ့ကောင်မလေး ကျုပ်ကို တည့်တည့်စိုက်ကြည့်နေတာနဲ့အမျှ ကျုပ်စိတ်တွေ တော်တော်ရှုတ်လာတယ်။

ကျုပ် အာရုံတွေ အမြန်ပြန်စုပြီး မျက်လုံးရှေ့မှာ လက်ရမ်းလိုက်တယ်။

“အာ၊ စိတ်အနှောက်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။ တတိယနှစ်၊ အခန်း(၁)ကို ဘယ်လိုသွားရမလဲဆိုတာ ပြောပြပေးလို့ရမလား”

သူလဲ အဲ့တော့မှ သတိဝင်လာတဲ့ပုံနဲ့ ခေါင်းညိတ်ပြီး..

“အာ… ဒီအခန်းကနေ ဘယ်ဘက်က နှစ်ခန်းမြောက်”

“ကျေးဇူးပဲနော်”

ကျုပ် ဘာမှ ထပ်စဉ်းစားမနေဘူး။ မာခယ်နဲ့ တွေ့ရဖို့ ကြားက အခန်းကို ဖြတ်လာခဲ့လိုက်တယ်။ သူလမ်းညွှန်လိုက်သလိုပဲ ‘တတိယနှစ် အခန်း(၁)’ ဆိုတာ တွေ့လိုက်ရတယ်။ ကျောင်းသားတွေ အနားယူနေကြတာပဲ။ အထူးသဖြင့် အခန်းထဲမှာ ကျောင်းသူလေးတွေနဲ့ ပြည့်နေတဲ့ အခန်းထောင့်မှာ ဖရိုဖရဲ ဖြစ်နေကြတယ်။ တစ်ခုခုကို ဝိုင်းဖွဲ့ ပြောနေသလိုပဲ။

“တဆိတ်လောက်ဗျာ၊ မာခယ်စိုင် ဒီအခန်းမှာလားဗျ”

ကျုပ်အသံကျယ်သွားတာဆိုတော့ တစ်ခန်းလုံး ကျုပ်ကို ဝိုင်ကြည့်နေကြပါလေရော။ ရင့်ကျက်သွားပုံရပေမယ့် ရင်းနှီးနေတဲ့ မာခယ့်အသံကြားလိုက်ရတယ်။

“ငါ ဒီမှာ။ မင်းက ဘယ်သူလဲ”

ကျောင်းသူလေးတွေ ပြည့်နေတဲ့ အခန်းထောင့်ကနေ ဒီကောင့်မျက်နှာကြီး ပေါ်လာတာ။

ကျုပ် သူ့ကို ပြုံးပြလိုက်တယ်။ တံခါးအဝင်ဝမှာ ရပ်နေတဲ့သူက ကျုပ်ဆိုတာ ဒီကောင် ချက်ချင်း မသိသေးဘူး။

သူ့ဘေးနားက ကျောင်းသူလေးတစ်ယောက်ကို တွန်းပြီး အမြန်ခုန်ထွက်လာတယ်။ သူ့လက်နှစ်ဖက်ကို ဖွင့်ပြီး ကျုပ်ကို တင်းနေအောင် ပြေးဖက်ရင်းနဲ့..

“အစ်ကို…. တကယ်ကြီးလားဟ။ မင်းပြန်လာပြီပေါ့”

“ဟုတ်ပ ငါမှ ငါအစစ်ပဲ။ တခြားဘယ်သူဖြစ်ရအုံးမှာတုန်း။ နောက်ဆုံးတော့ ငါပြန်လာပြီလေ”

ကျုပ်တို့ ညီအစ်ကိုနှစ်ယောက် ပြန်ဆုံရတာ ကျုပ်အတွက်တော့ စိတ်လှုပ်ရှားပြီး မျက်ရည်တွေတောင် ကျလာမိတယ်။

အခန်းထဲကို လှည့်ကြည့်လိုက်တော့ အားလုံး ပါးစပ်အဟောင်းသားနဲ့ အံ့ဩနေကြတာဗျ။ ကျုပ်တို့တွေ ဒီလို ဆက်ဆံရေးမျိုး ရှိလိမ့်မယ်လို့ သူတို့တွေးထားလို့များလား။

“အေးအေး ဆေးဆေး စကားပြောရအောင် တစ်နေရာသွားကြစို့ကွာ။ မြင်ကွင်းကြီးထဲမှာ နေရတာ အဆင်မပြေဘူး”

မာခယ်လဲ အခန်းထဲကို လှည့်ပတ်ကြည့်ပြီး သဘောပေါက်သသွားတဲ့ပုံပဲ။

“လာကွာ ကွင်းထဲသွားရအောင်”

ပြောပြီးတာနဲ့ သူကျုပ်ကို အခန်းထဲကနေ ဆွဲခေါ်လာတယ်။ ကျုပ်တို့နောက်မှာတော့ စကားသံတွေ ကျန်နေခဲ့လေရဲ့။

“မာခယ်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တာ ဘယ်သူများပါလိမ့်”

“ဟုတ်ပ။ သူ တော်တော်ချောတယ်နော်။ ဒါပေမယ့် ငါမမြင်ဖူးသေးဘူး။ သူ ငါတို့ကျောင်းကပဲလား”

“မာခယ် ယောက်ျားချင်းတော့ မကြိုက်လောက်ဖူးမိုလား.. ဟင်”

“နင်..နင် မာခယ်ကို ဝေဖန်တယ်ပေါ့။ ငါနင့်ကို မီးမှော်ပညာသုံးပြီး မီးရှို့ပစ်လိုက်မယ်”

“ဟုတ်တယ်။ သူ့ကို ထိဝံ့တဲ့သူထိကြည့်။ ဘယ်သူ့မှ ငါခွင့်မလွှတ်ဘူး”

“ထက်တန်းမှော်ပညာကျောင်းမှာ (၂)နှစ်လောက်ကြာသွားတာနဲ့ မင်းတော်တော်ပြောင်းလဲသွားမှန်း ငါမသိတော့ဘူး။ မင်း မလိုချင်တော့လောက်အောင်ကို မိန်းကလေးတွေဝိုင်နေတဲ့အထိ နာမည်ကြီးနေပြီ”

“ငါ့ကို လှောင်နေတာတွေရပ်လိုက်တော့။ သူတို့ကြောင့် ငါတော်တော် စိတ်ဆိုးနေရတာကွ။ မင်းလိုချင်ရင် အကုန်ပေးလိုက်မယ်”

============= (*^*)=============

အပိုင်း(၉၅)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters