← Chapters

လက်စားချေသည့် ရီးစားစာ

Vol. 7 Ch. 97

လက်စားချေသည့် ရီးစားစာ

Vol. 7 Ch. 97

Child of light (ကျန်းကုန်း)

Volume 4: Chapter 7 – Vengeful Love Letter

ဘေးနားက ကောင်မလေးက တိုးတိုးလေး ကပ်ပြောလာတယ်။

“နင် အမှန်အကန်နေသင့်တယ်”

ကျုပ် သူ့ကို စိတ်ဆိုးမိလိုက်လို့လား။ ဟုတ်သေးပါဘူး။ သူ့ကို ကြည့်လိုက်တာ့ မသိသလိုလိုနဲ့ ကျောက်သင်ပုန်းကိုပဲ စိုက်ကြည့်နေတယ်။ ဒါနဲ့ ကျုပ်လဲ သူ့ကို ဂျင်းထည့်ချင်စိတ်ပေါက်လာရော။ လက်ချောင်းအရွယ်လောက် အလင်းတန်းလေးထဲမှာ အလင်းဓာတ်တွေ တိတ်တိတ်လေး ပေါင်းထည့်လိုက်တယ်။ ကျုပ်လက်ဝါးအောက်ကနေ ဖြတ်ပြီး သူ့ကို ပစ်ထည့်လိုက်တယ်။

မထင်မှတ်ဘဲ တစ်ခန်းလုံးရှေ့မှာ မတ်တပ်ရပ်ပြီး..

“နင် ဒါဘာလုပ်တာလဲ။ ဆရာ.. သူ ကျွန်မကို နှိပ်ဆက်နေတယ်”

ကျုပ် ငုတ်တုတ်မေ့သွားတယ်။ ပက်ပက်ဆက်ဆက်ကို ခံလိုက်ရတာပဲ။ အဲ့ကောင်မလေး ဘာလို့များ အဲလောက်ထိ တုန့်ပြန်ချက်တွေ ပြင်းထန်နေရတာတုန်း။ နင်ဒီလို လုပ်စရာမလိုဘူးလေလို့။

စောစောကမှ ဒေါသပြေသွားတဲ့ မှော်ဆရာကြီး ပြန်ပြီး ပေါက်ကွဲသသွားပြန်ရောပေါ့။ ဒေါသတကြီးနဲ့..

“ကျောင်းသားသစ် အခုထွက်သွားစမ်း။ စင်္ကြန်မှာ သွားရပ်နေ”

အခန်းထဲက တခြားကျောင်းသားတွေကတော့ ကျုပ်ကို ရုပ်လေးနဲ့မှမလိုက် ဆိုတဲ့ပုံတဲ့ ဝိုင်းကြည့်နေကြပြီ။ သာမန်လောက် ရုပ်ရည်နဲ့ အဲ့ကောင််မလေးတစ်ယောက်ကို လိုက်ရလောက်အောင် ကျုပ် စံနှုန်းတွေနဲ့မှ မညီတာကြီး။ ကျုပ် ပြုံးရုံပဲပြုံးပြီး အခန်းအပြင် ထွက်လာခဲ့လိုက်တယ်။ မထွက်ခင်တော့ အဲ့ကောင်မလေးကို ဒေါသတကြီး စိုက်ကြည့်ခဲ့လိုက်သေးတယ်။ သူကတော့ ခပ်လှောင်လှောင်အကြည့်တွေနဲ့ ကျုပ်ကို တည့်တည့်ကြီးကို ပြန်ကြည့်နေလေရဲ့။

စင်္ကြန်မှာ မှီပြီးရပ်နေလိုက်တယ်။ သေလိုက်စမ်းပါကွာ။ ကောင်မလေးတစ်ယောက်က ကျုပ်ကို ဂျင်းထည့်သွားတယ်တဲ့လေ။ ကျုပ် ဘယ်လို လက်စားပြန်ချေရင် ကောင်းမလဲ။ သူ့လွယ်အိတ်ထဲကို ပိုးကောင်လေး တစ်ကောင်လောက် ထည့်ပေးလိုက်ရင်ကောင်းမလား။ သူ့ကို အရှက်ခွဲဖို့ မှော်ပညာကို သုံးရင် ကောင်းမလား။ မဟုတ်သေးပါဘူး။ ဘယ်အကြံမှ မကောင်းသေးဘူး။ သူတို့တွေ အရမ်း သာမန်ဆန်လွန်းနေတယ်။ သူ့ကို ဒဏ်ခတ်ဖို့ အကောင်းနည်းလမ်း တစ်ခုတော့ တွေးကြည့်ရတာပေါ့။ ဟွင့်။

အတန်းချိန်ပြီးသွားတော့ ဆရာကြီး ကျုပ်ကို သူ့ရုံးခန်းခေါ်သွားတယ်။

“မင်း စာသင်ဖို့လာတာလား ပေါက်ကရတွေ လျှောက်လုပ်ဖို့ လာတာလား”

အဲ့ အဘိုးကြီး တော်တော် ရက်စက်တာပဲ။ မတတ်နိုင်ဘူးလေ ကျုပ်ခေါင်းငုံ့ပြီး..

“တောင်းပန်ပါတယ် ဆရာကြီး။ ကျွန်တော် မှားမှန်းသိပါပြီ”

“ဟွင့်… မင်းလုပ်ရပ်တွေ ရပ်တန်းကရပ်လိုက်တော့။ အခုအချိန်ကစပြီး မင်းကို ငါ မျက်လုံး ဒေါက်ထောက်ကြည့်နေမယ်။ ကြည့်ရတာ တော်ဝင်ကျောင်းတော်ကြီးထဲကို နောက်ပေါက်ကနေများ ဝင်လာသလားကွ ဟမ်။ မင်းမှာ နောက်ခံတွေ ကောင်းကောင်း ရှိနေတယ်ဆိုရင်တောင် တခြားသူတွေရဲ့ လေ့လာသင်ယူမှုမှာ အနှောက်အယှက် ပေးလို့မရဘူးကွ။ ပြောစမ်း။ မင်းကို ဒီအတန်းမှာ တက်ခွင့်ရအောင် လုပ်ပေးတဲ့ အစိုးရအရာရှိနာမည် ဘာလဲ။”

သူ့လေသံက လှောင်ပြောင်သံတွေ အပြည့်နဲ့ဗျ။ သူကျုပ်ကို လူဂုဏ်ထံ အသိုင်းအဝိုင်းကလို့ ထင်နေတဲ့ပုံပဲ။

“ဆရာ့နာမည်က ဆရာလောင်လွင်တိပါ။ ကျွန်တော့ကို အစောလေးကမှ လုပ်ပေးထားတာပါ”

“လောင်လွင်တိ၊ လောင်လွင်တိ၊ တော်ဝင်အလယ်တန်း မှော်ပညာကျောင်းက ငါတို့လေးစားရတဲ့ ကျောင်းအုပ်ကြီးလို့တော့ လာမပြောနဲ့နော်”

“ဟုတ်ပါတယ်။ ကျွန်တော် အဲ့အဘိုးကြီးရဲ့ ဆက်ခံသူပါ”

“မင်းက ကျောင်းအုပ်ကြီးတိ ရဲ့ ဆက်ခံသူလား။ အဲလိုဆိုရင်တောင် အတန်းထဲမှာတော့ မင်းဒီလိုမျိုးတွေ မနှောက်ယှက်သင့်ဘူးလေ။ ဒါကို အခုကတည်းက ကြပ်ကြပ် ဂရုစိုက်ပါ။ မင်းသွားလို့ရပြီ”

သူ့လေသံက တော်တော် ပျော့ပျောင်းသွားတာပဲ။ ကျုပ်ဟာကျုပ် ရယ်လိုက်မိတယ်။ ဆရာနာမည်က တော်တော်လေး အသုံးဝင်တာပဲ။ ဟဲ ဟဲ။

ရုံးခန်းကနေ စာသင်ခန်းကို တန်းပြန်လာခဲ့လိုက်တယ်။ အခန်းထဲက ကျောင်းသားတွေကတော့ ကျုပ် ဘာဒဏ်ရာဒဏ်ချက်မှမရှိပဲ ပြန်လာတာတွေ့တော့ တော်တော် အံ့ဩနေကြလေရဲ့။ အဲ့ကောင်မလေး ဘေးမှာပဲ ထပ်ထိုင်နေလိုက်တယ်။

ကျုပ် တိုးတိုးလေးနဲ့..

“နင် ရက်ရက်စက်စက်နဲ့ ငါ့ကို ဒုက္ခပေးလိုက်ရဲတာပဲ”

“ဟွင့် … ငါ နင့်ကို ဒုက္ခပေးတယ် ဟုတ်လား။ စာသင်ချိန်မှာ ဒီလို ဗရုတ်ကျတဲ့သူတွေ သေသင့်တယ်”

ကျုပ်လို ကြီးကျယ်ခန်းနားတဲ့ မှော်သခင်ကြီး တစ်ရောက်ကို ကောင်မလေးတစ်ယောက် ဂျင်းထည့် လိမ့်မယ်လို့ ဘယ်လိုမှကို မျှော်လင့်မထားခဲ့ဘူးတာ။ ကောင်းပြီလေ လက်စားတော့ ချေရမှာပေါ့။ ကျုပ်က အပရိက တစ်ယောက် မဟုတ်ဘူးဆိုတာတော့ သူသိအောင် လုပ်ပြရလိမ့်မယ်။

တော်တော် ကောင်းတဲ့ အကြံတစ်ခု ကျုပ်တွေးမိလိုက်တယ်။ ကျုပ် စာရွက်တစ်ရွက်ထုတ်ပြီး ချက်ချင်းကို ဒေါကြီးမောကြီးနဲ့ စာကောက်ရေးလိုက်တယ်။ တကယ်ဆို အတန်းမှာ ဘယ်သင်ခန်းစာ ရောက်နေမှန်းတောင် ကျုပ်မသိပါဘူး။ ဒါလဲ အရေးမှမကြီးတာ။ ဘာပဲပြောပြော ဆရာ့သင်ခန်းစာတွေက ကျုပ် ကျင့်ကြံရေးအတွက် မသင့်လျော်ဘူးလေ။ ညတိုင်း သမထ လုပ်ယုံနဲ့ လုံလောက်နေပြီကို။

ဘေးနားက ကောင်မလေးကတော့ ကျုပ် သေချာစဉ်းစားပြီးမှ စာတွေ ရေးနေတာမြင်တော့ ကျုပ်ကို ကြည့်ပြီး အံ့ဩသွားတယ်။ သူမမြင်အောင် ကျုပ်ခန္ဓာကိုယ်နဲ့ ကွယ်လိုက်တော့ သူကြည့်မရတော့ဘူး။

အတန်းချိန် ထက်ဝက်လောက် အချိန်ကုန်မှ ကျုပ်ရေးတာ ပြီးသွားတော့တယ်။ သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး ရေးထားတဲ့ စာကို အစအဆုံး တစ်ခေါက် ပြန်ဖတ်လိုက်တယ်။ ပြီးမှ ကျုပ်ကျေနပ်ပြီး ခေါင်းတောင်ညိတ်လိုက်သေး။

ကျုပ် ရှေ့တန်းမှာထိုင်နေတဲ့ အတန်းဖေါ်ရဲ့ ပုခုံးကို အသာလေးပုတ်လိုက်တယ်။ သူစိတ်မရှည်တဲ့ လေသံနဲ့..

“နင် ဘာဖြစ်ချင်နေတာလဲ”

သူ မျက်မှောင်ကြုတ်ပြီး ကျုပ်လက်ထဲက ဒင်္ဂါးပြားတစ်ပြားတွေ့တော့ ရုတ်တရက် အပြောင်းအလဲတစ်ခုလို ဖြစ်သွားပြီးတော့မှာ..

“ဘာကိစ္စရှိလို့လဲ”

ကျုပ် ရယ်ရယ်မောမောနဲ့ တိုးတိုးလေး ကပ်ပြီး…

“ငါ့ဘေးနားမှာ ထိုင်နေတဲ့ မိန်းမကြမ်းလေး နာမည် ပြောပြပါလား။ ဒါဆိုရင် ဒီ ဒင်္ဂါးပြားက မင်းအပိုင်ပဲ”

ဒီကောင် ကျုပ်ဘေးနားက ကောင်မလေးကို တစ်ချက် ဝှေ့ကြည့်ပြီးမှာ..

“သူ့နာမည်က မူကျီမို့ တဲ့”

ကျုပ်ဟာကျုပ် ရယ်လိုက်မိသေးတယ်။ ငွေရဲ့ တန်ခိုး တော်တော် ထွားတာပဲနော့။ ပြီးတော့ စာရွက်ထိပ်လေးမှာ စာလုံးနည်းနည်း ခပ်မြန်မြန် ဖြည့်ရေးလိုက်တယ်။

မူကျီ ကျုပ် ခပ်လျှိုလျှို လုပ်နေတာမြင်တော့ နည်းနည်း စပ်စုနေတယ်။ ကျုပ်လက်ထဲက စာရွက်ကိုလဲ ခိုးကြည့်ချင်နေတယ်။ ကျုပ် အေးတိအေးစက်နဲ့..

“နင် ကြည့်ချင်လို့လား”

သူ အလန့်တကြားနဲ့ ချက်ချင်း နောက်လှည့်သွားပြီး..

“နင် ဘာဖြစ်ချင်နေတာလဲ”

ကျုပ် စာရွက်ကို လှမ်းပေးလိုက်ပြီးတော့..

“ရော့ ဒီမှာ မကြည့်ချင်ဘူးလား”

သူ့ မသိစိတ်ထဲကနေ ကျုပ်လက်ထဲက စာရွက်ဖြူလေးကို ယူဖို့ တိုက်တွန်းနေလေရဲ့။ စာဖတ်ပြီးတော့ သူ့မျက်နှာ နီရဲလာတယ်။ သူ တော်တော်လှပေမယ့် ရဲတွတ်နေတဲ့ သူ့မျက်နှာက ပန်းသီးနဲ့တောင် တူလာတယ်။ ဒါကို မြင်ပြီး ကျုပ် ကုန်းကိုက်ချင်စိတ်တောင် ပေါ်လာမိသေး။

ကျုပ် စာရွက်ပေါ်မှာ ရေးထားတာတွေက ‘မူကျီမိန်းကလေး မင်္ဂလာပါ။ ငါ့က ကျန်းကုန်းပါ။ နင်ငါ့ကို ပထမဆုံးကြည့်တဲ့ အကြည့်မှာကတည်းက ငါတို့တွေ ရှေးရေစက်ပါလာတယ်လို့ ခံစားနေရတယ်။ နင့် မျက်လုံးကြီးတွေက ငါ့ကိုယ်ငါ မသိလိုက်ဘဲ အရမ်းချစ်မိသွားအောင် ဆွဲဆောင်နေသလိုပဲ။ နင် ငါ့အပေါ် ဘယ်လို သဘောထားထား ငါလုံးဝ လုံးဝ စိတ်မဆိုးဘူး။ တကယ်ကို စိတ်မဆိုးတာ။(*****စာလုံး ၂၀၀၀ လောက် ကျော်လိုက်ပြီ****) ငါ နင့်ရဲ့ အာရုံစိုက်တာ လိုချင်လို့ တစ်မျိုးပြီးတစ်မျိုး လျှောက်လုပ်နေရတာ။ နင် ငြင်းလိုက်မှာလဲ ငါကြောက်လို့ နင့်ရှေ့မှာ ပြောရမှာလဲ တော်တော် ရှက်နေတယ်လေ။ ငါ့ခံစားချက်တွေ နင်သိအောင် ဒီ ရီးစားစာလေးသုံးဖို့ပဲ တတ်နိုင်တော့တယ်။ နင်ငါနဲ့ ချိန်းတွေ့ဖို့များ သဘောတူနိုင်မလား….. ရိုးသားသော ချစ်ခြင်းများစွာဖြင့် ကျန်းကုန်း’ ဆိုပြီး ရေးထားတာ။

ဒါကျုပ်ရဲ့ အကောင်းဆုံးအစီအစဉ်ပဲ။ ကျုပ် သူ့ကို နှိပ်ဆက်တယ်လို့ ပြောလို့မရတော့ဘူးလေ။ သူ့ကို လက်စားမချေနိုင်ခင် သူ့အချစ်ကို ရထားဖို့လိုတယ်။ အဟီး ဒီအကြံတော်တော် ကောင်းတာပဲ။

မူကျီတော့ ကျုပ်ပေးလိုက်တဲ့ ရီးစားစာဖတ်ပြီး ခေါင်းကို လှည့်မလာဝံ့တော့တာ အံ့ဩစရာပဲ။ ခနလေး ငြိမ်ပြီးမှ သူ့မျက်နှာပေါ်မှာ ရဲတွတ်နေတာတွေ ပျောက်သွားတယ်။ ပြီးတော့ ကျုပ်ဘက်ကို ခေါင်းလှည့်လာပြီးတော့..

“ပျင်းစရာကောင်းလိုက်တာ။ ငါနဲ့ ကစားဖို့ ဒီလို ပေါက်လွှတ်ပဲစား လှည့်ကွက်တွေ သုံးတာ ရပ်လိုက်တော့”

ကျုပ်စာကို လုံးချေပြီး ကျုပ်ကို ပြန်ပေးလာတယ်။ ဒါကျုပ် ကြိုပြီး မျှော်လင့်ထားတဲ့ ရလဒ်တစ်ခုလေ။ ကျုပ်အပေါ် အဆိုးမြင်နေတဲ့သူ တစ်ယောက်အနေနဲ့ သူဒီလောက် မရူးနိုင်သေးဘူးလေ။ အေးဆေးပေါ့။ အချိန်တွေ ရှိပါသေးတယ်။ အနှေးနဲ့ အမြန်တော့ ကျုပ်ထောင်ချောက်ထဲကို ဝင်လာမှာပေါ့။

ကျုပ် ခေါင်းငုံပြီး အသည်းကွဲနေတဲ့ ပုံစံနဲ့ ရီးစားစာလေးကို ပြန်ပြီး ပြန့်အောင် လုပ်နေလိုက်တယ်။ ပြီးမှ သေသေသပ်သပ်လေး ခေါက်ပြီး အိတ်ထဲ ထည့်ထားလိုက်တယ်။ ကျုပ် နောက်ထပ် ဘာစကားမှ မပြောဘဲ ကျောက်သင်ပုန်းကိုပဲ အာရုံစိုက်ကြည့်နေပေမယ့် မူကျီရဲ့ အချစ်စိတ်ကို စွပြီး လက်စားချေဖို့ အကြံထုတ်နေတုန်းပဲ။

မူကျီတော့ ကျုပ်ကို ကြည့်ပြီး စိတ်ရှုတ်သွားတဲ့ မျက်လုံးတွေနဲ့ဗျ။

အတန်းချိန်ပြီးတဲ့ ခေါင်းလောင်းသံကြားလဲ ကျုပ်ခေါင်းမလှုပ်ဘူး။ ကျုပ်ရဲ့ အေးစက်စက် အပြုအမူတွေက သူကို လှုပ်ခတ်နိုင်မလားတော့မသိဘူး။ မာခယ်ကို အရင်ရှာရမယ်။ ဒီကောင် သူ့ဇာတ်ကြောင်း မပြောရသေးဘူးလေ။

============= (*^*)=============

အပိုင်း(၉၈)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters