နှလုံးသားကို နှိုးဆွခြင်း
Vol. 7 Ch. 104
Child of light (ကျန်းကုန်း)
Volume 4: Chapter 14 - Stirring the Heart
ကျုပ်အခန်းထဲက ထွက်လာတော့ အားလုံး တိတ်ဆိတ်နေတာပဲ။ လူတွေ ဘယ်သွားကြပါလိမ့်။ အိပ်ဆောင် အောက်ထပ်ရောက်တော့ အဆောင်စောင့် အဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။ သူ ကျုပ်ကိုပြုံးပြပြီး..
“အတန်းနောက်ကျနေပြီလေ။ ဘာလို့ မြန်မြန်မသွားတာလဲ”
“ဘယ်အချိန်ရှိပြီလဲ။ ဘာလို့ နောက်ကျရမှာလဲ”
“မင်းအမြန်မသွားရင် မနက်ပိုင်း တတိယအချိန် တော်ကြာဆိုပြီးတော့မှာ”
ဟိုက်။ အဲလောက်တောင် နောက်ကျနေတာလား။ သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး အိပ်ဆောင်ကနေ အမြန်ထွက်လာခဲ့လိုက်တယ်။ စာသင်ခန်း အဝင်ဝရောက်တော့ ဆရာမ စစ်လန်ယု စာသင်နေတာဗျ။ လာမယ့်ဘေး ပြေးတွေ့တာပေါ့ဗျာ။ ဘာပြောပြော ကိုယ်က နောက်ကျနေတာကိုး။
“ဝင်ခွင့်ပြုပါ ဆရာမ”
“ဝင်ခဲ့”
ကျုပ်အခန်းတံခါးတွန်းဖွင့်၊ စာသင်ခန်းထဲ ကြည့်ရင်း ခေါင်းညိတ်ပြလိုက်တယ်။
“ဆရာမ ကျွန်တော် နောက်ကျသွားတာ တောင်းပန်ပါတယ်”
ကျောင်းသားတွေအကုန်လုံး ကျုပ်ကို လှမ်းကြည့်နေတယ်လို့ ခံစားနေရတယ်။
“နောက်တစ်ခါ အချိန်မှန်အောင် ဂရုစိုက်။ အခု မြန်မြန်သွားထိုင်တော့”
ဆရာမ ယုက အရမ်းသဘောကောင်းတာပဲ။ အဟေး။ အေးအေးဆေးဆေး ကိုယ့်နေရာကိုယ် ဝင်ထိုင်လိုက်တယ်။ ဒီနေ့တော့ တစ်ခုခု မတူသလို ခံစားနေရတယ်။ ကျောင်းသားတွေရဲ့ မျက်လုံးထဲမှာ ရှုတ်ထွေးမှုတွေ ရှိမနေဘူး။ သူတို့ မျက်လုံးတွေထဲမှာ လေးစားမှုတွေ အပြည့်ပဲ၊ မျှော်လင့် တောင့်တနေတဲ့ အရိပ်အယောင်တွေတောင် ပါသေး။ ဖုန့်လျန့်ကို နိုင်လိုက်တဲ့ ပွဲက အတန်းထဲမှာ အကျိုးသက်ရောက်မှု ရှိသွားတဲ့ပုံပဲ။
ဘေးက မူကျီကို လှမ်းကြည့်လိုက်မိတယ်။ စာသင်ခန်းထဲ ဝင်လာကတည်းက သူ ကျုပ်ကို မကြည့်သေးတာဗျ။ ကျုပ် သူ့ကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။
“ဟိတ်… မနေ့တုန်းက ငါ ဖုန့်လျန့်ကို အနိုင်ယူနေတုန်းက နင်ကြည့်နေလား”
“ငါမကြည့်ဘူး။ တော်တော့။ အတန်းထဲမှာ စကားမပြောနဲ့တော့”
ကျုပ် နှုတ်ခမ်းစူပြီး စာရွက်တစ်ရွက် ထုတ်ပြီး ရည်းစားစာရေးတဲ့ အလုပ် စတော့တာပဲ။ ကျုပ် စာရွက်ပေါ်မှာ အရူးအမူးရေးနေလိုက်တာ အားလပ်ချိန် အပြင်ထွက်ဖို့တောသင် သတိမရမိလိုက်ဘူး။ စတုတ္ထမြောက်စာသင်ချိန် ပြီးမှပဲ စာလုံးရေ(၂၀၀၀)လောက်ပါတဲ့ ကျုပ်လက်ရာကို အပြီးသတ်လိုက်တော့တယ်။
ကျုပ်ရေးထားတာတွေက လုံးဝကြီးတော့ လန်းမနေပါဘူး။ ဖုန့်လျန့်နဲ့ တိုက်ပွဲတုန်းက ခံစားလိုက်ရတဲ့ ခံစားချက်တွေကိုပဲ အဓိကရေးထားပြီး ကိုယ်ပိုင်ခံစားချက်တွေကိုတော့ စာကြောင်နည်းနည်းလောက်ပဲ ထည့်ထားလိုက်တာ။ ‘ဒီတစ်ခါတော့ မူကျီ ကြွေဖို့ မျှော်လင့်ရတာပဲ။ သူသာ မျက်ရည်ကျခဲ့မယ်ဆိုရင် ပြီးသွားပြီ။ ကျုပ်အတွက် သူ့ကို ကျလောက်စရာ အခွင့်အရေးက သိပ်မရှိဘူးလေ။ လောလောဆယ် ဘာကြောင့်မှန်းမသိပေးမယ့် လက်စားချေချင်စိတ်တွေ့ လျော့လာမိတယ်။ သူ့ကို မုန်းရမယ့်အစား အဲ့ဒီ အေးစက်စက် သဘောထားကိုတောင် ပိုပြီး သဘောကျနေမိတော့တယ်။
ကျုပ် သူ့စာပွဲရှေ့ စာရွက်လေးချပြီး သူယူမလားဆိုပြီး စောင့်ကြည့်နေလိုက်တယ်။ သူ လှည့်လာတုန်း ကျုပ်ပြုံးပြလိုက်တော့ ကျုပ်ကို စိုက်ကြည့်နေတာဗျ။ သူ စာရွက်ကို ကောက်ကြည့်လိုက်တယ်။ ကောက်ကျစ် ယုတ်မာတဲ့ ချစ်ရေး ချစ်ရာတွေ မပါဘဲ တိုက်ပွဲအကြောင်း ခွဲခြမ်းစိတ်ဖြာထားတာကို တွေ့တော့ သူတော်တော် အလေးအနက်ထားပြီး ဖတ်နေလိုက်တာများ တကယ်ကြီး စိတ်ဝင်စားသွားတဲ့ ပုံဗျ။
‘မျှော်လင့်ချက်ရှိတယ်ကွ။ ယေ့ ယေ့ အံ့ဩစရာပဲ’
မူကျီ စာတွေ အကုန်ဖတ်ပြီး နောက်ဆုံး စာမျက်နှာမှာ စာနည်းနည်းရေးပြီး ကျုပ်ကို ပြန်ပေးတယ်။ သူ ကျုပ်စာကို လုံးချေ ကိုက်ဖြတ်ပြီး မတုန့်ပြန်ဘူးဆိုတော့ ကျုပ် ဝမ်းသာအားရ ထအော်မိလိုက်တယ်။ ဖြေသိမ့်မှုတစ်ခု ကျုပ်တစ်ကိုယ်လုံးကို ဖြတ်သွားသလိုပဲ။
စာကို ပြန်ယူကြည့်လိုက်တော့ သိမ်သိမ်မွေ့မွေ့လေး ရေးထားတဲ့ စာတစ်ကြောင်းတွေ့လိုက်ရတယ်။ သူရေးထားတဲ့ စာက သူ့လက်ရေးက အရမ်းမိုက်တော့ ကျုပ်တော်တော် အံ့ဩသွားရတယ်။ ဖားလောင်းလေးတွေလိုမျိုး လက်ရေးပုံစံဗျ။ သူ့စာကို မဖတ်ခင် ခေါင်းလှည့်ကြည့်လိုက်သေးတယ်။ ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ထားရင်းနဲ့ သူ့စာကို အလေးအနက်ထား ဖတ်တဲ့ ပုံစံ ကြိုးစားလိုက်တယ်။
ကံကောင်းချင်တော့ ကျုပ်ရဲ့ စာဖတ်အားကောင်းတဲ့ စွမ်းရည်ကြောင့် သူရေးထားတဲ့စာကို ကျုပ်ကောင်းကောင်း နားလည်နိုင်နေတယ်လေ။ ‘နင် ဖုန့်လျန့်ရီ ကို အနိုင်ယူနိုင်တဲ့အတွက် နင်တော်တော် သန်မာပါတယ်။ ငါပေမယ့် ငါတို့ အတူတူ လျှောက်လှမ်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီနေ့ကစပြီး ငါ့ကို မနှောက်ယှက်ပါနဲ့တော့ဟာ’
သူ့စာကိုဖတ်ရင်း ဝမ်းနည်းမှုမခံစားရတဲ့အပြင် အရမ်းတောင်ပျော်သွားတယ်။ နောက်ဆုံးတော့ သူနည်းနည်းလေး လှုပ်လာပြီ။ ဒါအရင်တုန်းကလိုမျိုး ဂရုမစိုက်တော့တဲ့ သဘောထား မဟုတ်တော့ဘူးလေ။ သူကျုပ်ကို ပြန်ပြောလာပြီ။ မျှော်လင့်ချက်ရှိပြီကွ။ မျှော်လင့်ချက်ရှိလာပြီ။
အတန်းပြီးတော့ မာခယ်နဲ့ တွေ့ဖြစ်တယ်။
“ဒီနေ့မနက် ဘာလို့ငါ့ဆီမလာတာတုန်း”
“မနေ့တုန်းက နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ဒဏ်ရာပြင်းထန်ပြီး အပြည့်အဝ ပြန်မကောင်းလောက်သေးဘူး ထင်လို့ကွ။ မင်းပုံကြည့်ရတာ တော်တော် နေကောင်းနေပြီထင်တယ်”
“ဟုတ်တယ်ကွ။ ငါအဆင်ပြေတယ်ကွ။ လက်ရှိ ငါ့မှော်စွမ်းအား ပြန်စုဆောင်တဲ့အရှိန် တအားမြန်တယ်။ လာကွာ မြန်မြန်သွားစားရအောင်။ ငါအရမ်း ဗိုက်ဆာနေပြီ”
တစ်ယောက် ပခုံးတစ်ယောက်ဖက်ပြီး စားသောက်ဆောင်ရောက်တော့ ထမင်းဖြူပုံးဆိုတဲ့ နာမည်နဲ့လိုက်အောင် အစားအသောက်တွေကို အရူးအမူး လွေးပစ်လိုက်တယ်။ ရုတ်တရက် ကျုပ်တို့စားနေတဲ့ စားပွဲရဲ့ မျက်နှာချင်းဆိုင်ကနေ ဟိုင်ရှင်းရဲ့ စွဲဆောင်မှုရှိတဲ့ အနံ့အသက်တွေ လွင့်ပျံ့လာတယ်။
“ကျန်းကုန်း ဘယ်နှလဲ။ နင့်ဒဏ်ရာတွေ ဘယ်လိုလုပ် ပြန်ကောင်းလာတာလဲ”
“အဲဒီအတွက် နင့်ကိုငါ ကျေးဇူးတင်ရမှာလေ။ မနေ့က နင်သာ ဒဏ်ရာတွေကို ကုမပေးဘူးဆိုရင် ဒီနေ့ အိပ်ယာကတောင် ထနိုင်မှာ မဟုတ်လောက်ဘူး”
“နင် နေကောင်းနေရင်ကို လုံလောက်ပါပြီ”
အဲလိုပြောပြီးတာနဲ့ သူ့မျက်နှာမှာ တစ်ခုခုကို ခံစားလိုက်ရတဲ့ ပုံနဲ့ နူးညံ့လွန်းတဲ့ သူ့မျက်နှာသေးသေးလေး နီရဲလာပြန်ရော။
မာခယ်ဝင်ပြီး..
“ဟေ့ ဘာလို့ မျက်နှာတွေ နီရဲနေတာလဲ”
ဟိုင်ရှင်း ခပ်ရွှတ်ရွှတ်ပုံစံနဲ့..
“နင်သာ ဒဏ်ရာရရင် ငါကုကို မပေးဘူး”
“ဟိုင်ရှင်း ဖုန့်လျန့် ဘယ်လိုနေသေးလဲ။ သူအသက်အန္တရာယ်ရှိတဲ့ အနေအထားတော့ မဟုတ်လောက်ဘူး မို့လား”
“သူ အဆင်ပြေပါတယ်။ သူအသက်ရှင် ပြန်ကောင်းလာမှာပါ။ ဒါပေမယ့် အပြည့်အဝ ပြန်ကောင်းဖို့ဆိုရင်တော့ အချိန် တော်တော်ကြာလိမ့်အုံးမယ်။ နင့် တိုက်ခိုက်လိုက်တာလဲ တော်တော် ပြင်းထန်သွားတာကိုး”
“အဲ့တုန်းက ငါ့မှာ တခြားရွေးစရာ မရှိဘူး။ နင်လဲ ကြည့်နေတာပဲမို့လား။သ သူသုံးတဲ့ မှော်ပညာက ထူးဆန်းလွန်းတယ်။ အမှောင်မှော်ပညာ ဆန်တဲ့ပုံပဲ။ ငါသာ အစွမ်းကုန်ထုတ်မတိုက်ရင် ဒီနေ့ နင်ငါ့ကို တွေ့ရမှာတောင် မဟုတ်တော့ဘူး”
“ဖုန့်လျန့်က နင့်ကို အပြစ်မတင်တဲ့အပြင် မနေ့က နင့်လုပ်ကိုတောင် ကျေးဇူးတင်နေသေးတယ်။ သူ့ကိုသာ နင်ချက်ချင်း ကုမပေးရင် သေသွားလောက်တယ်။ ဒါ တရားသဖြင့် စိန်ခေါ်ပွဲ ဆိုပေမယ့် ကျောင်းမှာသာ တစ်ယောက်ယောက် သေသွားမယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာလောက်တယ်။ ပြီးတော့ သူ့မှာ အရမ်းအားကောင်းတဲ့ ရီမိသားစု နောက်ခံရှိတယ်လေ။ ဟုတ်သားပဲ၊ ရီမိသားအကြောင်းနဲ့ သူတို့ကို နင့်စောင့်ကြည့်ထားသင့်တယ်။ သူတို့ ဘယ်အချိန် လက်စားချေမလဲဆိုတာ နင့်မသိနိုင်ဘူးလေ။ မနေ့တုန်းကဆို ဖုန့်လျန့်ရဲ့အဖိုး ရီမိသားစု အထင်ကရ အကြီးအကဲ စစ်ဖုန့်ရီက နင် ဖုန့်လျန့်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် တိုက်ခိုက်လိုက်တယ်ဆိုတာသိတာနဲ့ ဒေါသတကြီး ထွက်သွားသေးတယ်လို့ကြားတယ်။ နင်သာ ကျောင်းမှာမဟုတ်ရင် သေချာပေါက် လာပြီး လက်စားချေတာ ခံရမှာ။ အဲ့ခေါင်းကြောမာတဲ့အဖိုးကြီး သူ့မိသားစု နာမည်ထိန်းသိမ်းဖို့ဆိုရင် ဘာမဆိုလုပ်မယ့် အဖိုးကြီး။ ဒီအချိန်မှာ နင့်ကိုယ်နင် ခပ်လျှိုလျှိုလေး နေသင့်တယ်။ ဖုန့်လျန့် ပြန်သက်သာလာရင်တော့ သူလဲ စိတ်ပြေလောက်ပါပြီ”
“ဒီလို သတိပေးတဲ့အတွက် ကျေးဇူးပဲဟာ။ ဒါပေမယ့် ရီမိသားစုက တကယ်ကြီး လက်စားချေချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သူတို့ရဲ့ မြင့်မြတ်မှုနဲ့ တရားမျှတအောင် လုပ်မှာလား။ ဖုန့်လျန့်နဲ့ငါက တရားသဖြင့် ယှဉ်ပြိုင် တိုက်ခိုက် ခဲ့ကြတာလေ။ ငါကို သူတို့တွေ လာလုပ်မလဲဆိုတာ ငါ့တကယ်ကြည့်ချင်သေးတယ်”
“ရှူး…. နင့်အသံကို ထိန်းပြောစမ်းပါဟာ။ နင်ပြောလိုက်တဲ့စကားတွေကို တခြားသူတွေကြားသွားမှာ ကြောက်ရတယ်။ တစ်နိုင်ငံလုံးက မကြာခင် ပြည်တွင်းစစ်ဖြစ်တော့မှာ နင်မသိဘူးလား။ အခုအချိန်မှာ ဧကရာဇ်ကြီး သူ့ရဲ့ နောက်ဆုံး ထွက်သက်ကို ခံစားနေရတာ။ အသက်ရှုရပ်သွားတာနဲ့ ပြည်တွင်းစစ်က ထဖြစ်မှာပဲ။ ဒါတင်မကဘူး ပင်မ မိသားစုကြီး (၃)ခုက နိုင်ငံတော်ရဲ့ အာဏာ တော်တော်များများ ကိုင်ထားကြမှာ”
============= (*^*)=============
အပိုင်း( ၁၀၅ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား