လီယောင်၏သတ်ဖြတ်လိုစိတ်
Vol. 011 Ch. 1080
နတ္ထိဘုံတိုက်ပွဲ ပြီးဆုံးခဲ့သည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ အင်ပါယာရှားဘုံသည်လည်း နတ္ထိဘုံအား အပြည့်အဝ ထိန်းချုပ်ထားပြီး ဖြစ်၏။
သို့သော်လည်း အင်ပါယာလီဘုံမှ လီယောင်ကား ထွက်ခွာသွားခြင်း မရှိသေးပေ။ အင်ပါယာလီမြို့သည် အပျက်အစီးပုံ ဖြစ်နေသေးကာ နေရာအများအပြားမှာ ပြင်ဆင်ခြင်း မပြုရသေးပေ။ တစ်နေရာတည်းသာ ပြင်ဆင်မွမ်းမံထား၏။
ယခု လီယောင်သည် ထိုနေရာတွင် ရှိနေပေသည်။ သူသည်လည်း နတ္ထိဘုံ၌ တစ်ချိန်လုံး လေ့ကျင့်နေခဲ့သည်။
“အရှင့်သား …” ထိုအခိုက်တွင် လူတစ်ယောက် သူ့ထံသို့ ရောက်လာကာ ဦးညွှတ်သည်။
“ပြော …”လီယောင်က ဆိုသည်။
“ရီဖူရှင်းက အဲဒီမှာ လေ့ကျင့်နေတုန်းပဲ။ လေ့လာ စုံစမ်းရသလောက် သူနဲ့ လူအတော်များများ မတည့်ဘူး။ တစ်ခါက လီဟန်ဓားနန်းတော်နဲ့ ရီဖူရှင်းတို့ ကတောက်ကဆ ဖြစ်ပြီးတော့ ဝမ်ချွန်းနဲ့ ရီဖူရှင်းတို့ စိန်ခေါ် တိုက်ခိုက်ခဲ့ကြတယ်။ ပြီးတော့ သူက ဝမ်ချွန်းကို အနိုင်ရခဲ့ပြီးတော့ လီဟန်ဓားနန်းတော်က နတ္ထိဘုံတိုက်ပွဲမှာ မပါတော့ဘူး”
“နောက်ထပ် ရှိသေးလား” လီယောင်က မေးသည်။
“ကုန်းစွန်းကျောင်းနဲ့ ရှောင်ရှမ်းတို့က ရီဖူရှင်းကို မကျေမနပ် ဖြစ်နေတဲ့ပုံရှိတယ်။ အင်ပါယာရှားဘုံ ထန်ကျိနန်းတော်က ရလာတဲ့ သတင်းတွေအရ ကုန်းစွန်းကျောင်းက မင်းသမီးကို သဘောကျနေတယ်။ ပြီးတော့ ရှောင်ရှမ်းက ရှားရှင်းယွန်ရဲ့ ဝမ်းကွဲအစ်ကိုပဲ။ သူ့မိသားစုက နန်းတွင်းထဲဝင်ပြီး ရှားရှင်းယွန်ရဲ့လူယုံ ဖြစ်စေချင်ကြတယ်။ ဒါပေမဲ့ ရှောင်ကလန် ခေါင်းဆောင်ရဲ့ မွေးနေ့ပွဲမှာ …”
“အဲဒီနေ့က ဖြစ်ခဲ့တာတွေ ငါ့ကို အသေးစိတ်ပြောစမ်း” လီယောင်က ဆိုသည်။
“ကောင်းပါပြီ” ထိုသူကလည်း အသေးစိတ် ပြောပြသည်။
သူတို့က အင်ပါယာရှားဘုံသို့ အထိ လူများစေလွှတ်ကာ ရီဖူရှင်းနှင့် ပတ်သက်သမျှသော သတင်းများအား လေ့လာ စုံစမ်းစေခြင်း ဖြစ်သည်။
သူတို့ ရရှိသော သတင်းများအရ လီဟန်ဓားနန်းတော်က ရီဖူရှင်းကို သဘောမကျ ဖြစ်သည့်တိုင် သူတို့အနေဖြင့် ဘာမှ လုပ်၍ မရနိုင်။ လက်ရှိတွင် သူတို့ ချဉ်းကပ် နိုင်သည်မှာ ကုန်းစွန်းကျောင်းနှင့် ရှောင်ရှမ်းတို့သာ ရှိပေမည်။
သူတို့က မည်သူ့ကို ရွေးရမည်နည်း။
တိမ်တိုက်တောင်ကြား၏ သခင်လေးဖြစ်သော ကုန်းစွန်းကျောင်းသည် မင်းသမီး ရှားရှင်းယွန်အား ကြိုက်နှစ်သက် နေသည်။ သို့သော်လည်း သူက မင်းသမီးအား သစ္စာဖောက်ရဲမည် မဟုတ်ပေ။ သူက သစ္စာဖောက်ရဲလျှင်ပင် တိမ်တိုက်တောင်ကြားက သူ့အား ကာကွယ်ရန် စွမ်းမည် မဟုတ်ပေ။
ရှောင်ရှမ်းကား မင်းသမီး၏ ဝမ်းကွဲအစ်ကိုဖြစ်သည်။ ရှောင်ကလန်၏ ဆက်ခံသူဖြစ်သော ရှောင်ရှမ်းသည် မိသားစုထဲတွင် အရေးပါ အရာရောက်သော နေရာ၌ ရှိသည်။ သူ၏အဒေါ်သည် အင်ပါယာရှား၏ ဇနီးမဟုတ်ပါလား။
သူ၏နောက်ခံ အနေအထားအရဆိုလျှင် ရှောင်ရှမ်းသည် အသင့်တော်ဆုံး ဖြစ်သည်။ သူကား အင်ပါယာရှား၏ မိသားစုဝင် တစ်ယောက်ဟုပင် သတ်မှတ်နိုင်ပေသည်။
လီယောင်၏မျက်လုံးများ အရောင်တစ်ချက် လက်သွားကာ မေးသည် … “ရှောင်ရှမ်း ဘယ်မှာလဲ”
“သူက ခွန်စွမ်းမြို့မှာ ရှိသေးတယ်”
မင်းသမီး ရှားရှင်းယွန်က ထွက်ခွာသွားခြင်း မရှိသေးရာ သူသည်လည်း ထွက်သွားလိုခြင်း မရှိသေးဟန်ရသည်။
“သူလျှို့တွေကတစ်ဆင့် သူ့ကို ဆက်သွယ် …” လီယောင်က အမိန့်ပေးသည်။
ထိုလူက ခေါင်းညိတ်၏။
***
လီယောင် ကြံစည်နေသည်များအား ရီဖူရှင်း မသိပေ။ သူကား တိတ်ဆိတ်စွာ လေ့ကျင့်နေရင်းဖြင့်ပင် ရက်သတ္တပတ် အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင် ရီဖူရှင်းသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များအား စုစည်းလိုက်သည်။
“ငါတို့ ပြန်ကြတော့မလား” ဂူတုံးလျိုက ရီဖူရှင်းအား မေးသည်။
“နတ္ထိဘုံက အင်ပါယာဘုံသုံးခု အုပ်ချုပ်တဲ့နေရာပဲ။ ဒီနေရာကို နေရာဒေသ အသီးသီးက တန်ခိုးရှင်တွေ လာရောက် လေ့ကျင့်ကြတယ်။ ဒါကြောင့် နတ္ထိဘုံမှာ အရမ်းကောင်းမွန်တဲ့ ရောင်းဝယ် ဖောက်ကားတဲ့ နေရာတွေ ရှိတယ်။ ကျုပ်တို့က ဒီကို ရောက်လာမှတော့ အလဟဿ ဖြစ်လို့ မရဘူး”
ရီဖူရှင်းက ပြုံးလျက်ပြောသည် … “မင်းသမီးက ခင်ဗျားတို့ အားလုံးအတွက် တော်ဝင်ရတနာတွေ သွန်းလုပ်ပေးဖို့ ကတိပေးထားတယ်။ ဒါပေမဲ့ မြေရိုင်းပြည်နယ်က အထောက်အပံ့ ပစ္စည်းတွေက အကန့်အသတ် ရှိတယ်။ အားလုံးက နတ္ထိဘုံမှာ လျှောက်ကြည့် ပြီးတော့ သင့်တော်တာတွေ ရွေးချယ် ဝယ်သင့်တယ်”
“နန်းတော်သခင်က ကျုပ်တို့ကို ကြိုက်သလို သုံးခိုင်းတာလား” ယူစီက ပြုံးလျက် ပြောသည်။ လက်ရှိ ရီဖူရှင်းသည် အလွန်တရာ ကြွယ်ဝသည်ဟု ပြောနိုင်ပေ၏။
“မှန်တယ် … အားလုံး ကြိုက်တဲ့ဟာတွေကို ဝယ်လို့ ရတယ်။ ပြီးတော့ ကျုပ်က နန်းတော် အတွက်လည်း အသုံးဝင်မယ့်အရာတွေ ဝယ်ဖို့ စိတ်ကူးထားတယ် “ ရီဖူရှင်းက ပြောသည်။
“ရှန့်ထိုရှား၊ ရှန့်ထိုလီနဲ့ လစန္ဒာရှန့်ထိုတို့ကို ခေါ်လိုက်ပါ” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူတို့အုပ်စု အပြင်သို့ ထွက်လာကြသည်။
ရှန့်ထိုရှားတို့သည် သိပ်မဝေးသော နေရာတွင် ရှိကြပေသည်။ သူတို့က သတင်းကြားလျှင် ရီဖူရှင်းနှင့်အတူ ပျော်ရွှင်စွာ လိုက်ပါလာကြ၏။
“အာ … ကျွန်မလည်း နတ္ထိဘုံကို လျှောက်ကြည့်မလို့ပဲ” ယောင်းချီက ပြုံးလျက် လျှောက်လာကာ ပြောသည် … “ကျွန်မက ရှင်နဲ့အတူ လိုက်ကြည့်လို့ ဖြစ်ပါ့မလား … သခင်ရီ”
“မင်းက ဒီကို ရောက်နေပြီးပြီပဲ။ သူက ဘာလို့ အဆင်မပြေ ဖြစ်ရမှာလဲ” ရှန့်ထိုရှားက ပြောသည်။ ယောင်းချီက ဂရုမစိုက်ပေ။ သူမ၏ရည်ရွယ်ချက်က ရီဖူရှင်းသာ ဖြစ်သည်။
အဝေးတွင် ရှားရှင်းယွန်က ကောင်းကင်ကို ကြည့်သည်။ သူမက ဘေးမှ လူတချို့အား အမိန့်ပေးလျှင် သူတို့အုပ်စုက လေထဲသို့ ပျံသန်းလာသည်။ သူတို့က ရီဖူရှင်းတို့နောက်သို့ ရောက်လာကြ၏။ ရီဖူရှင်းက သူတို့အား သိပေသည်။ သူတို့ကား ရှားရှင်းယွန်၏ ကိုယ်ရံတော်များ ဖြစ်ကြသည်။
“စီနီယာ …” ရီဖူရှင်းက ခေါ်သည်။
“ကျုပ်တို့ကို စိတ်မပူနဲ့” ထိုလူက ပြောသည်။ ရှားရှင်းယွန်က သူတို့အား ရီဖူရှင်းကို ကာကွယ်ရန် အမိန့်ပေးထားသည်။
ရီဖူရှင်းက ရှားရှင်းယွန်အား အံ့အားသင့်စွာ ကြည့်သည်။ ရှန့်ထိုရှားသည်လည်း စိတ်ဝင်စားသော အမူအရာများ ဖြစ်လာ၏။
“သွားရအောင် …” သူတို့အုပ်စုက လေထဲသို့ ပျံတက်ကာ တောင်တန်းကြီးမှ ထွက်ခွာကြသည်။
ရှားရှင်းယွန်ရှိနေရာ၌ ထန်ကျိက သူမအား ကြည့်ကာ မေးသည် … “မင်းသမီး … ဘာလို့ ဒီလို လုပ်တာလဲ”
“စိတ်မဝင်စားနဲ့ …” ရှားရှင်းယွန်က ပြောသည်။
နတ္ထိဘုံတိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ တစ်ဖက် အင်အားစုများက အင်ပါယာတစ်ဦး၏ သမီးဖြစ်သော သူမအား လာရောက်ထိရဲမည် မဟုတ်ပေ။ ထိုသို့လုပ်ပါက အင်ပါယာများ အကြား စစ်ပွဲကြီးများ ဖြစ်သွားနိုင်ပေသည်။
တစ်ဖက်တွင် ရီဖူရှင်း၏ စွမ်းဆောင်ရည်က ပေါ်လွင်လွန်းနေသည်။ သူက အင်ပါယာလီဘုံမှ တန်ခိုးရှင် အများအပြားကိုလည်း သတ်ဖြတ်ခဲ့သေးသည်။ လီယောင်က သူ့အား သေချာပေါက် မကျေမနပ် ဖြစ်ပေလိမ့်မည်။ နတ္ထိဘုံမှ မထွက်ခွာမှီ ရီဖူရှင်း၏ဘေးကင်းမှုကို သူမက အလေးထားရန် လိုပေသည်။
“မင်းသမီးက တစ်ခါတည်း သူနဲ့အတူ သွားလို့ ရတာပဲ” ထန်ကျိက ပြောသည်။
ရှားရှင်းယွန်က သူ့အား အေးစက်စွာ ကြည့်လျှင် ထန်ကျိက ဦးညွှတ်ကာ ပြောသည် … “ကျွန်တော် လျှာရှည်မိပြီ”
ရှားရှင်းယွန်က အကြည့်အား အဝေးသို့ ပို့လိုက်သည်။ သူမ ဘာတွေးနေသည်ကိုမူကား မည်သူမှ မသိပေ။
***