← Chapters

စက်ဆုပ်ဖွယ်ရာကျောက်ဟို

Vol. 14 Ch. 189

စက်ဆုပ်ဖွယ်ရာကျောက်ဟို

Vol. 14 Ch. 189

အခန်း (၁၈၉) စက်ဆုပ်ဖွယ်ရာကျောက်ဟို

လျိုရှန်းဖုန်းက ရှောင်ယွိကို ခေါင်းငုံ့ကြည့်ရင်း...

“မင်းက ငါ့ထက်သန်မာတယ်ဆိုရင် မင်း ဆွေးနွေးလို့ရတယ် ၊ ငါ နားထောင်ပေးရမှာပေါ့ ၊ ဒါပေမဲ့ မင်းက ငါ့ထက် အားနည်းတယ်ဆိုရင်တော့ မင်းပြောတဲ့ သောက်အဓိပ္ပါယ်မဲ့စကားတွေကို ဘယ်သူက တစ်နေကုန်နားထောင်ပေးနိုင်မှာလဲ”

ပြင်းထန်သည့် နာကျင်မှုကို ခံစားရင်း ရှောင်ယွိက တခြားဘက်သို့ လှမ်းကြည့်လိုက်သည်။

“ဂိုဏ်းတူညီလေး’ကျောက်ဟို’ ၊ ကျွန်တော့်ကိုကူညီပြီး ဂိုဏ်းတူအစ်ကို’လျို’ ကို ဖြောင်းဖျပေးပါဦး”

ထိုအချိန် မြင့်မားလှသော ရွှေရောင်မျှော်စင်ကြီးနောက်မှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ့အကြည့်က မယုံကြည်နိုင်စရာကောင်းလောက်အောင် အေးစက်နေပြီး ထိုသူမှာ အတိအကျ “ကျောက်ဟို” ပင် ဖြစ်သည်။

ကျောက်ဟို၏ မျက်နှာက ပုံမှန်အတိုင်းပင်ဖြစ်ပြီး သူ၏အနက်ရောင်မျက်ဝန်းများက အပြည့်အဝ အေးဆေးတည်ငြိမ်နေသည်။

“မင်းသာ စိတ်ဓာတ်ခိုင်မာတယ်ဆိုရင် မင်းကို အမှောင်ဘက်ခြမ်းရောက်သွားအောင် ဘယ်သူမှ မလုပ်နိုင်ဘူး ၊ အများဆုံး သေရုံပဲ ရှိမှာပေါ့ ၊  မင်းအသက်ရှင်ချင်တယ်ဆိုရင်တော့ လူသားပဲဖြစ်ဖြစ် နတ်ဆိုးပဲဖြစ်ဖြစ် ဘာကိစ္စရှိမလဲ”

ကျောက်ဟိုက ဆက်ပြောသည်။

“ဒါပေမဲ့ ငါသာ မင်းနေရာမှာဆိုရင်တော့... အခု မင်းက စဉ့်တုံးပေါ်က ငါးတစ်ကောင်လိုပဲလေ ၊ သေခြင်းရှင်ခြင်းဆိုတာ မင်းလက်ထဲမှာ မဟုတ်ဘူး ၊ အမှောင်ဘက်ခြမ်းကိုရောက်သွားတာကမှ နောက်ဆုံးမှာ ရန်သူကိုတွန်းလှန်ဖို့ စွမ်းအားရယူချင်ရင် ရယူနိုင်ဦးမှာ မဟုတ်ဘူးလား”

ကျောက်ဟိုစကားကြောင့် ရဲ့ကျုန်းကျိုးနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

ရှောင်ယွိက...

“ဂိုဏ်းတူညီလေး’ကျောက်ဟို’ က နတ်ဆိုးဖြစ်ချင်မှာတဲ့လား ၊ ဒါပေမဲ့ မင်း အခုထိ အမှောင်ဘက်ခြမ်းကို မကျရောက်သေးဘူးလေ”

ကျောက်ဟိုက ရွံလျှာဟန်ဖြင့်...

“မင်းအတွက်တော့ နတ်ဆိုးတစ်ယောက်ဖြစ်လာရင် မင်းရင်ထဲက အဖြစ်ချင်ဆုံးဆန္ဒတွေ ဖြစ်လာနိုင်မှာပဲ ၊ မင်းတစ်ခါမှ မလုပ်ဖူးတဲ့အရာတွေကိုလည်း သတ္တိရှိရှိလုပ်ရဲလာလိမ့်မယ် ၊ ဒါပေမဲ့ ငါကတော့ အစကတည်းက မလုပ်ရဲတာ ဘာမှမရှိဘူး ၊ ငါလုပ်ချင်တာကို ငါလုပ်တယ် ၊ ငါ့ဘဝကို ငါနေချင်သလိုနေတယ် ၊ ငါ ကျေနပ်သလိုနေတယ်”

“ငါ့အတွက်တော့ လူဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ် ဘာကွာခြားချက်မှ မရှိဘူး ၊ ပြီးတော့ တခြားသူတွေ လူလား နတ်ဆိုးလားဆိုတာကိုလည်း ငါ အရေးမစိုက်ဘူး ၊ ငါ့အတွက်တော့ အားလုံးအတူတူပဲ ၊ ငါလျှောက်မယ့်လမ်းကို လာတားဆီးတဲ့ကောင်တွေဆိုရင်တော့ လူဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ် သတ်ပစ်မယ်”

ကျောက်ဟိုက ရှုတ်ချသည့်အမူအရာဖြင့် ရယ်မောလိုက်ရင်း...

“ဒီကမ္ဘာပေါ်မှာ အန္တရယ်အရှိဆုံးနဲ့ အဆိပ်သင့်ဆုံးအရာက လူသားတွေရဲ့ စိတ်နှလုံးပဲ ၊ နတ်ဆိုးဆိုတာလည်း လူသားတွေရဲ့စိတ်နှလုံးထဲကပဲ ဖွားမြင်လာတာ ၊ လူသားတွေရဲ့စိတ်ဆန္ဒတွေ ရှိနေသရွေ့ နတ်ဆိုးတွေရှိနေမှာပဲ ၊ တကယ်တော့ မင်းတို့တွေ နတ်ဆိုးကိုကြောက်တယ်ဆိုတာ မင်းတို့စိတ်ထဲမှာရှိနေတဲ့ အနက်ရှိုင်းဆုံး အမှောင်မိုက်ဆုံး အတွေးတွေကို ကြောက်ရွံ့နေတာပဲ”

“ဒါပေမဲ့ ငါကတော့ ငါ့ရဲ့ အနက်ရှိုင်းဆုံး အမှောင်မိုက်ဆုံးအတွေးတွေကို ဘယ်တော့မှ စိတ်မဝင်စားသလို ထိန်းချုပ်မှုလည်း မပျက်ခဲ့ဘူး ၊ ငါလိုချင်တဲ့အရာက လွတ်လပ်မှုပဲ ၊ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းကင်းနဲ့ ငါပျော်သလို နေချင်တယ် ၊ ငါ့အတွက် ဒီလောကမှာ အရေးကြီးဆုံးက စွမ်းအားကြီးမားဖို့ပဲ ၊ ကျန်တာတွေကတော့ အလကားပဲ”

“အဘိုးကြီး’မော့’က ငါ့အပေါ် အတော်လေးကောင်းတယ် ၊ ဒါကြောင့် သူ့စေတနာကို ငါ လက်ခံတယ် ၊ ငါက သူ့လိုဖြစ်ချင်စိတ်မရှိသလို ငရဲကိုးထပ်ဒီလောကို ရောက်လာဖို့ကိုလည်း မကူညီချင်ဘူး ၊ ဒါပေမဲ့ ငါက သူ့အကြံအစည်တွေကိုလည်း တမင်သက်သက် ဖျက်ဆီးပစ်မှာ မဟုတ်ဘူး”

ကျောက်ဟိုက ရဲ့ကျုန်းကျိုးနှင့် အခြားသူများကို မထီမဲ့မြင်ကြည့်လိုက်ရင်း...

“ဒါကြောင့် ငါက နတ်ဆိုးတွေကို အရေးမစိုက်ဘူး ၊ ဘာလို့လဲဆိုတော့ ငါ့စိတ်ကိုငါ ထိန်းချုပ်နိုင်တယ်လေ ၊ မင်းတို့လို အမှိုက်ကောင်တွေကတော့ တွေးတော့တွေးရဲကြပေမယ့် ဝန်ခံရဲကြမှာ မဟုတ်ဘူး ၊ အကြောက်တရားထဲမှာ ပိတ်မိနေမှာပဲ”

ရဲ့ကျုန်းကျိုးက လျိုရှန်းဖုန်းနှင့်သူ့ဘေးနားမှလူများကို အရေးမစိုက်တော့ဘဲ ကျောက်ဟိုကို အော်ဟစ်အပြစ်တင်လိုက်သည်။

“သောက်အဓိပ္ပါယ်မဲ့တဲ့အကောင် ၊ မင်းက ကိုယ်ကျိုးပဲကြည့်တဲ့အလကားကောင် ၊ မင်းကိုယ်မင်းကလွဲပြီး တခြားသူတွေအတွက် ထည့်မစဉ်းစားပေးတဲ့ကောင်”

ကျောက်ဟိုက...

“မင်းလိုအမှိုက်ကောင်က ငါ့ကို အဲဒီလိုပြောဖို့ ထိုက်တန်လို့လား”

သူ့ပါးစပ်မှ ထိုသို့သောစကားထွက်လာသည့်အခါ ရဲ့ကျုန်းကျိုးနှင့် အခြားသူများသာမက လျိုရှန်းဖုန်းပါ အံ့အားသင့်သွားသည်။

ကျောက်ဟိုက ရဲ့ကျုန်းကျိုးနှင့် ရွမ်ပင်းကိုကြည့်ရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“အသက်ဒီလောက်ကြီးနေတာတောင် ရှန်ထျန်း အလယ်ဆင့်မှာပဲ ရှိနေသေးတယ် ၊ မင်းက တစ်သက်လုံး ခွေးလို အသုံးမကျတဲ့ကောင်ပဲ”

ရဲ့ကျုန်းကျိုးက ဒေါသတကြီး ရယ်မောလိုက်ရင်း...

“မင်းလို အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် ကျင့်ကြံသူက ငါ့ကို ရှန်ထျန်းအလယ်ဆင့်ပဲ ရောက်သေးလို့ အပြစ်တင်နေတယ် ဟုတ်လား”

ကျောက်ဟိုက မဲ့ပြုံးပြုံးလို်ကရင်း...

“ငါ့အသက်အရွယ်မှာ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ ၊ ငါ့ထက်မြင့်သလား ၊ မဟုတ်ရင် မင်းငါ့ကို ဘယ်လိုမျက်နှာနဲ့ ဝေဖန်နေတာလဲ”

ရဲ့ကျုန်းကျိုးက သူ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း...

“အယုတ်တမာကောင် ၊ ငါ့ဒဏ်ရာကြောင့်သာမဟုတ်ရင် မင်းကို ကောင်းကောင်းပညာပေးပစ်တယ်”

သူ့ဘေးနားမှ ရွမ်ပင်းကလည်း ကျောက်ဟိုကို ဒေါသတကြီး စိုက်ကြည့်နေသည်။

လျိုရှန်းဖုန်းက ပြုံးသလိုလို မပြုံးသလိုလို မျက်နှာထားဖြင့် ကျောက်ဟို ၊ ရဲ့ကျုန်းကျိုးနှင့် ရွမ်ပင်းတို့ကို တစ်လှည့်စီကြည့်ရင်း အကဲခတ်နေ၏။

သူ့ဘေးနားမှ လူနှစ်ယောက်က ကျောက်ဟိုကို သဘောမကျသည့်အကြည့်များဖြင့်ကြည့်နေလေရာ လျိုရှန်ဖုန်းက သူတို့ကို လက်ကာပြပြီး ဝင်မပါရန် တားလိုက်သည်။

ကျောက်ဟိုကတော့ သူတို့ (၃)ယောက်၏ အမူအရာများကို အရေးမစိုက်ဘဲ ရဲ့ကျုန်းကျိုးအား တစ်ချက်ကြည့်လိုက်ပြီး...

“စကားမစပ်... လွန်ခဲ့တဲ့တစ်နှစ်လောက်က ငါက သိုင်းပညာရှင်တောင် မဖြစ်သေးဘူး ၊ အခု ငါက အတွင်းပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့် သိုင်းပညာရှင်ဖြစ်နေပြီ ၊ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကနေ အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ရောက်တဲ့အထိ မင်း ဘယ်လောက်ကြာအောင် ကျင့်ကြံခဲ့သလဲ ပြောကြည့်လေ ၊ ငါ့ထက်မြန်ခဲ့သလား ၊ မမြန်ခဲ့ရင်တော့ မင်းက အမှိုက်ကောင်မဟုတ်လို့ ဘာလဲ”

သူက ဆက်ပြောသည်။

“ဒီနှစ်တွေထဲမှာရော... မင်းရဲ့ကျင့်ကြံခြင်းက ဘယ်လောက်တိုးတက်လာလို့လဲ ၊ အသက်ပဲကြီးနေပြီ... ရှန်ထျန်းအလယ်ဆင့်က မတက်သေးဘူး ၊ ခွေးလိုပဲအသုံးမကျဘူးလို့ မပြောရင် ဘယ်လိုပြောမလဲ”

“ပြီးတော့ ငါ့ကို ကောင်းကောင်းပညာပေးချင်တယ်ဆိုရင် ပေးလေ... ၊ လုပ်ကြည့်လိုက်... တူညီတဲ့ကျင့်ကြံခြင်းအဆင့်မှာဆိုရင် ငါက မင်းတို့ (၃)ယောက်မှမဟုတ်ဘူး ၊ မင်းတို့ (၅)ယောက်လုံးကို တစ်ပြိုင်တည်း အနိုင်ယူနိုင်သေးတယ် ၊ ဒါတောင် ငါ့ကို ပညာပေးချင်သေးသတဲ့လား”

ကျောက်ဟိုက ရဲ့ကျုန်းကျိုးကို သနားစရာ သတ္တဝါတစ်ကောင်အလား ကြည့်လိုက်ရင်း...

“တကယ်တော့ မင်းအတွက် ဒီနေ့သေတာ ပိုကောင်းလိမ့်မယ် ၊ မဟုတ်ရင် ငါက အချိန်တိုလေးအတွင်း မင်းကိုလိုက်မီလာပြီး ပုရွက်ဆိတ်လေးသတ်သလို သတ်ပစ်လိမ့်မယ်”

ရဲ့ကျုန်းကျိုးမှာ ဒေါသထွက်လွန်းသဖြင့် ဦးနှောက်တစ်ခုလုံး ထူပူနေသော်လည်း ဒဏ်ရာအပြင်းအထန်ရထားသည့်အတွက် လုံးဝ လှုပ်ရှားနိုင်ခြင်းမရှိပေ။ သူ့မျက်လုံးများက ဒေါသကြောင့် သွေးနီရောင်တောက်လျှက်ရှိသည်။

ရှောင်ယွိက တုန်လှုပ်စွာဖြင့် ကျောက်ဟိုကိုကြည့်ရင်း...

“ဂိုဏ်းတူညီလေး’ကျောက်ဟို’ ၊ မင်းရဲ့စကားတွေက တစ်ဖက်သားကို အရမ်းထိခိုက်နေပြီ...”

ကျောက်ဟိုက သူ့ကိုလှမ်းကြည့်ရင်း စက်ဆုပ်ဟန်ဖြင့်...

“ချီးထုပ်အဖြစ်ဆုံးကတော့ မင်းပဲ ၊ ဘာလုပ်ရမယ်ဆိုတာ နားမလည်ဘဲ ထစ်ကနဲရှိ သောက်စကားများနေဖို့ပဲတတ်တယ် ၊ မင်းဆရာသာ မင်းကိုကာကွယ်မပေးရင် မင်း... အကြိမ်တစ်ရာလောက် သေနေလောက်ပြီ ၊ ငါက မင်းတို့လိုလူမျိုးတွေကို သောက်ထင်မကြီးဆုံးပဲ ၊ ကိုယ့်အရည်အချင်းကို တန်ဖိုးထားရကောင်းမှန်းမသိဘဲ ဖြုန်းတီးပစ်နေတာ အမှုက်ထက်တောင်ဆိုးတဲ့ကောင်စားမျိုးတွေ...”

သူ စကားပြောနေစဉ် ရွှေရောင်မျှော်စင်ထိပ်ဆုံးရှိ အနီရောင်အလင်းတံခါးနှင့် မြေပြင်ထက်တွင်အရိပ်ထင်နေသည့် အနီရောင်အလင်းတံခါးတို့က ပိုပြီးပုံပျက်ပန်းပျက်ဖြစ်လာသည်။

တံခါးတွင်းမှ တန်ခိုးစွမ်းအားများက ပိုမိုကြောက်မက်ဖွယ်ရာကောင်းလာသလို ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များလည်း ထွက်ပေါ်လာလေရာ ဒဏ်ရာအပြင်းအထန်ရထားသည့် ရဲ့ကျုန်းကျိုး ၊ ကျန်ယောင်နှင့် အခြားသူများမှာ တောင့်ခံရန် ပိုမိုခက်ခဲလာသည်။

မျှော်စင်ပတ်ပတ်လည်တွင်ရစ်ပတ်ထားသည့် ဝိညာဉ်သင်္ကေတ အနက်ရောင်ကြိုးများကလည်း အဆက်မပြတ် လှုပ်ခါလျှက် ရှိ၏။

သူတို့ရောက်ရှိနေသည့် အနီရောင်အလင်းတန်းနယ်မြေသည်လည်း အဆက်မပြတ် လှုပ်ခတ်လျှက် ရှိသည်။

အနီရောင်နယ်မြေအပြင်ဘက်တွင် အနက်ရောင်မြူခိုးများက ဝိညာဉ်သင်္ကေတအလင်းတန်းများဖြင့် ရောယှက်လျှက် သိုင်းသမားတစ်ယောက်၏ လက်သီးသိုင်းဝိညာဉ်နှင့် ထိတွေ့သည့်အလား လူးလွန့်လျှက် ရှိသည်။

မဟာငရဲကိုးထပ်တံခါး ဖွင့်လှစ်မှုသည့် အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အပြင်ဘက်မှ ထိပ်တန်းသိုင်းကျင့်ကြံသူများနှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများ၏ တိုက်ပွဲသည်လည်း ခံစစ်တိုက်စစ်များစွာဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲနေကြသည်။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ ထိပ်တန်းသိုင်းသမားများ၏ ခံစစ်စည်းသည် တဖြည်းဖြည်းနောက်ဆုတ်လာခဲ့ရပြီး အစီအရင်ဗဟိုချက်နှင့် တဖြည်းဖြည်း နီးကပ်နေပြီ ဖြစ်သည်။

သို့သော် မဟာငရဲကိုးထပ်တံခါးအတွင်းမှထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာအငွေ့အသက်များကြောင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများသည် တိုက်ပွဲတွင်ပိုမိုပြင်းထန်ရဲရင့်လာကာ ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ သိုင်းကျင့်ကြံသူများကို တန်ပြန်ထိုးစစ်စတင်လာကြသည်။

ကျောက်ဟိုက ရှောင်ယွိ ၊ ရဲ့ကျုန်းကျိုးနှင့် အခြားသူများကို မထီမဲ့မြင်အကြည့်ဖြင့်ကြည့်လိုက်ပြီး ရွှေရောင်မျှော်စင်ရှိရာသို့ ပြန်လှည့်သွားသည်။

သူက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“ရန်ကျောက်ကဲကိုတွေ့ရင် ငါ့ကိုသတင်းပို့ပါ...”

လျိုရှန်းဖုန်းက...

“မင်းက ရန်ကျောက်ကဲကို ရှာနေတာလား”

ကျောက်ဟိုက...

“ရန်ကျောက်ကဲက အနည်းဆုံးတော့ ဒီအမှိုက်ကောင်တွေလို မဟုတ်ဘူး ၊ ဒါပေမဲ့ သူနဲ့ငါနဲ့ အဆင့်မတူဘူးဆိုတာ သိအောင်တော့ ပြရမယ်”

ထိုစဉ်...

“ငါ့ကို ရှာနေတာလား”

အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

လျိုရှန်းဖုန်း ၊ ကျောက်ဟိုနှင့် အခြားလူများ တပြိုင်နက်တည်း လှည့်ကြည့်လိုက်သောအခါ မနီးမဝေးတစ်နေရာမှ သူတို့ကိုကြည့်နေသည့် ရန်ကျောက်ကဲကို တွေ့လိုက်ရသည်။

ရန်ကျောက်ကဲက လျိုရှန်းဖုန်းနှင့် ကျောက်ဟိုကို အရေးမစိုက်ဘဲ ရဲ့ကျုန်းကျိုးနှင့် အခြားသူများကို အလေးအနက် တောင်းပန်စကားဆိုလိုက်၏။

“ငါ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရလို့ မင်းတို့တွေကို ဒုက္ခရောက်စေခဲ့တယ် ၊ အဲဒီအတွက် စိတ်မကောင်းပါဘူး ၊ ခဏနေရင်တော့ လျိုရှန်းဖုန်းဟာ သူလုပ်ခဲ့တဲ့လုပ်ရပ်အတွက် အဆတစ်ရာပြန်ပေးဆပ်ရမယ်ဆိုတာ ငါ အာမခံပါတယ်”

All Chapters