ပညာရပ်များ အလဲအလှယ်လုပ်ခြင်း
Vol. 011 Ch. 1081
ဘုံဌာန အမျိုးမျိုးက လာကြသော တန်ခိုးရှင်များသည် ပုံမှန်အားဖြင့် ခွန်စွန်းမြို့တွင် စုစည်းကြပေသည်။ များစွာသော ရှန့်ထိုများက သည်နေရာတွင် လာရောက်ကာ လေ့ကျင့်ကြခြင်းမှာ မဟာလမ်းစဉ်၏ အာကာသဓာတ်များကြောင့် ဖြစ်ကြပေသည်။
ထို့အပြင် သည်နေရာတွင် အာကာသဓာတ်များအား တခြားသော ဓာတ်အမျိုးမျိုးဖြင့်လည်း ရောင်းဝယ် ဖောက်ကား နိုင်ပေသည်။
ရီဖူရှင်းတို့က ခွန်စွန်းမြို့တွင် လျှောက်သွားကာ နန်းတော်အတွက် လိုအပ်သော မဟာလမ်းစဉ်၏ လောကဓာတ်များအား ဝယ်ယူကြသည်။ ရှန့်ထိုရှား၊ ရှန့်ထိုလီနှင့် လစန္ဒာရှန့်ထိုတို့ပင် သူတို့လိုအပ်သော အထောက်အပံ့များအား ဝယ်ခွင့်ရကြ၏။
ရွှမ်ကျိတောင်သည် ခွန်စွန်းမြို့တွင် အကောင်းဆုံးသော ရောင်းဝယ် ဖောက်ကားရာ နေရာဖြစ်သည်။
ရွှမ်ကျိတောင်သည် ခွန်စွန်းတောင်၏ ဗဟိုနေရာတွင် ရှိပေသည်။ များစွာသော အဆောင်များနှင့် သီးသန့် နေရာများသည် တောင်ပေါ်တွင် ရှိနေကာ လူအများအပြားက နေရာဌာနအစုံ၌ သူတို့၏တန်ဖိုးရှိသော အရာများအား ရောင်းချကြသည်။
ထိုအခိုက်တွင် ရီဖူရှင်းတို့သည် တောင်ကုန်း တစ်ခုပေါ်တွင် ရှိနေကြသည်။
“ပြည်နယ်ကိုးခုက တကယ်ပဲ ဆင်းရဲတာပဲ” ရှန့်ထိုရှားက အမျိုးမျိုး ခင်းကျင်း ပြသထားသော ရတနာများအား ကြည့်ကာ သက်ပြင်းချသည်။
“တချို့သော မှော်ပညာတွေက ဘာလို့ တော်ဝင် ရတနာတွေထက် သက်သာ နေရတာလဲ” ယိရှောင်ရှီက မေးသည်။
“တော်ဝင်ရတနာဆိုတာ တစ်ခုတည်းပဲ ရှိတယ်။ ပညာရပ်တွေကတော့ ရောင်းချတဲ့သူက လေ့ကျင့်ပြီးသား ဖြစ်ဖို့များတယ်။ ဒါပေမဲ့ သူတို့က သက်သာတယ် ဆိုရင်တောင်မှ ဝယ်ဖို့ကတော့ တော်တော် တန်ဖိုးကြီးကြီ ပေးရမှာပဲ”
ယိရှောင်ရှီက ခေါင်းကုပ်ကာ ပြောသည် … “အစ်ကို၃က အရမ်းတော်တာပဲ။ တစ်ချက်ကြည့်ကာနဲ့ အရေးကြီးတာတွေကို သိတယ်”
“ဒါပေမဲ့ ဒီမှာ ရောင်းဝယ်ဖောက်ကား နေကြတဲ့ ပညာရပ်တွေက အဆင့်မြင့်ပညာတွေ မဟုတ်မှာ စိုးရိမ်တယ်။ စွမ်းအားကြီး ပညာရပ်တွေဟာ ပုံမှန်အားဖြင့် လက်ဆင့်ကမ်း သင်ကြားမှုတွေနဲ့သာ ကူးပြောင်းကြရတယ်။ သူတို့အနေနဲ့ ပြင်ပကို ထုတ်ရောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဂူတုံးလျိုက ပြောသည်။
“လူငယ်လေး ပြောတာ မှန်တယ်ဆိုပေမဲ့ အကုန်လုံးတော့ မမှန်ဘူး” အဝေးမှ အသံတစ်သံကို ကြားကြရသည်။ ထိုနေရာတွင် အဘိုးအိုတစ်ဦး ပျင်းရိစွာဖြင့် ထိုင်နေပြီး သူ့ရှေ့တွင် လူအချို့ရှိသည်။ သူတို့အား ရီဖူရှင်း သိပေသည်။
သူတို့ကား တိမ်တိုက်တောင်ကြားမှ ကုန်းစွန်းနီနှင့် ကုန်းစွန်းရွှမ်တို့ ဖြစ်ကြသည်။
“အစ်ကို၅” ယိရှောင်ရှီက လျိုဖန်း၏လက်မောင်းကို ရိုက်လိုက်ကာ တီးတိုးပြောသည် … “ဘယ်လောက် ရှားပါးတဲ့ အခွင့်အရေးလဲ”
“သွားစမ်းပါ” လျိုဖန်းက ဖက်တီးအား ကြည့်သည်။ သည်အကောင်က အမြဲတမ်း ပြဿနာရှာသည်။
ကုန်းစွန်းနီနှင့် ကုန်းစွန်းရွှမ်တို့က သူတို့ထံသို့ လှမ်းကြည့်သည်။
ကုန်းစွမ်းရွှမ်က လျိုဖန်းအား မြင်လျှင် စူးရဲစွာ ကြည့်သည်။ သိုသော်လည်း လျိုဖန်းက တစ်ဖက်သို့ လှည့်သွားသည်ကို ယိရှောင်ရှီက မြင်လျှင် တီးတိုးပြောသည် … “ငကြောက် …”
လျိုဖန်းက သူ့အား ဒေါသတကြီး ကြည့်ကာ ပြောသည် … “မင်း သေချင်နေပြီလား … ဖက်တီး”
“အစ်ကို၅က လေကြီးပြီး ဘာမှလည်း မဟုတ်ဘူး” ယိရှောင်ရှီက ပြောသည်။
“အဘက ဘာပြောတာလဲဗျ” ဂူတုံးလျိုက မေးသည်။
“မဟာလမ်းစဉ်ထဲမှာ သမိုင်းထဲ နစ်မြုပ်သွားတဲ့ အင်အားစုတွေ အများကြီးပဲ။ အဆင့်အတန်းမြင့် ပညာတွေက မိသားစုမျိုးရိုး အလိုက်ပဲ ဆက်ခံကြတယ် ဆိုပေမဲ့ တချို့ ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ ပညာရပ်တွေလည်း ရှိပါသေးတယ်။ သူတို့ကို ရောင်းဝယ် ဖောက်ကားနေတဲ့သူတွေ ရှိသေးတယ်” အဘိုးအိုက ပြောသည်။
“အဘပြောတာလည်း မှန်တာပဲ”
အဘိုးအိုက သူ၏မုဆိတ်မွေးများအား သပ်ကာ ပြောသည် … “ကျုပ်ရဲ့ မှော်ပညာကို စမ်းကြည့်မလား။ ဒါက အင်ပါယာရန်ဘုံက ပျောက်ကွယ်သွားတဲ့ ပညာရပ်တစ်ခုပဲ။ ဒါကို ကိုးနဝင်းမီးတောက်လို့ ခေါ်တယ်”
“…”
ရီဖူရှင်း၏မျက်နှာက နက်မှောင် သွားသည်။ အဘိုးအိုကား အစက ပညာရှိ ဟန်ဆောင်ကာ ယခု စျေးရောင်းနေသည်။
“သူပြောတာ နားထောင်ရအောင်။ သူ့မှော်ပညာက တစ်ခုခုတော့ တစ်ခုခုပဲ ” ရီဖူရှင်းက ပြောကာ ရှေ့သို့ လျှောက်သွားသည်။ သူ့ရှေ့တွင် အိုဟောင်းနေသော စာလိပ်တစ်ခုနှင့် ကျောက်စိမ်းရောင် စာလိပ်တစ်ခု ရှိနေသည်။
“ဒါက ပြီးပြည့်စုံခြင်း ရှန့်ထိုအဆင့် မှော်ပညာတစ်ခုပဲ” အဘိုးအိုက လေးနက်စွာ ပြောသည် … “ကိုးနဝင်းမီးတောက် ပညာက မဟာလမ်းစဉ်ရဲ့ မီးတောက်စွမ်းအားကို သန့်စင်ပေးနိုင်ပြီးတော့ လေ့ကျင့်သူကို မီးတောက်ပညာမှာ အဆင့်အတန်းမြင့်တဲ့ ထိန်းချုပ်နိုင်စွမ်းကို ပေးတယ်”
“မင်းတို့ စိတ်ဝင်စားကြလား” ရီဖူရှင်းက ကုန်းစွန်းကျောင်းနှင့် ကုန်းစွန်းနီတို့အား မေးသည်။
“မီးတောက်ပညာကို လေ့ကျင့်တဲ့ ဘယ်သူမဆို ဒါကို စိတ်ဝင်စားမှာပဲ။ မိန်းကလေးတွေက စျေးမြင့်တယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ စာလိပ်က တစ်ခုတည်းပဲ ရှိတယ်။ ငါက ရောင်းလိုက်တာနဲ့ ငါ့အတွက် ထပ်ရောင်းဖို့ မဖြစ်နိုင်တော့ဘူး။ ငါက အာကာသ အစိတ်အပိုင်း ၁၀၀၀ ပဲ တောင်းတာ။ ဒါက သိပ်မများပါဘူး” အဘိုးအိုက ရီဖူရှင်းကို ပြောသည် … “ကောင်လေး … မင်း စိတ်ဝင်စားလား”
သည်ပညာရပ်က အမှန်တကယ် ရှန့်ထိုအဆင့် ဆိုပါက အာကာသ အစိတ်အပိုင်း ၁၀၀၀ သည် မများပေ။ သို့သော်လည်း ကုန်းစွန်းကျောင်းနှင့် ကုန်းစွန်းနီတို့က ထိုပမာဏကို တတ်နိုင်မည် မဟုတ်ပေ။
ရီဖူရှင်းက အဘိုးအို၏စကားကို မယုံပေ။
“စျေးနည်းနည်း များတယ်။ နည်းနည်းလျှော့ပေးရင် ကျုပ်တို စဉ်းစားမယ်” ရီဖူရှင်းက အဘိုးအိုကို ပြောသည်။
အဘိုးအိုက ရီဖူရှင်းအား ကြည့်ကာ မျက်မှောင်ကြုတ်ပြီး ပြောသည် … “ကောင်းပြီ… တစ်ခုစီကို ၈၀၀၀”
ရီဖူရှင်းက ပြုံးလျက် ပြောသည် … “ဒါဆို ဒါက နောက်ဆုံး ကျန်တာ မဟုတ်နိုင်ဘူး”
“ငါက စွမ်းအား နည်းနည်း သုံးလိုက်ရင် တစ်ခုပွားပေးလို့ ရတယ်” အဘိုးအိုက ပြောသည်။
“ဒါက နောက်ဆုံးတစ်ခု မဟုတ်မှတော့ ၁၀၀၀ ကများတယ်။ ဒီလိုလုပ်ပါ … တစ်ခုကို ၅၀၀၀။ ဒါဆို ကျုပ်ဝယ်မယ်။ ဒီမိန်းကလေးတွေလည်း အတူတူပဲ” ရီဖူရှင်းက ပြောသည်။
အဘိုးအိုက ရီဖူရှင်းအား ကြည့်သည်။ မည်မျှ လည်ဝယ်သော ကောင်စုတ် ဖြစ်သနည်း။
“ကောင်းပြီ … အရှုံးခံပြီး ရောင်းရတာပေါ့။ တစ်ခုစီကို ၅၀၀၀” အဘိုးအိုက ပြောသည်။ သူကား ရှန့်ထို တတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ့အတွက် နောက်တစ်ဆင့် တက်ရန် မဟာလမ်းစဉ်၏ အာကာသဓာတ် အပိုင်းအစများစွာ လိုအပ်ပေသည်။ မဟုတ်လျှင် သူ့ပညာရပ်များအား ဤသို့ ထုတ်ရောင်းမည် မဟုတ်ပေ။
“ဒီပညာရပ်က အဘပြောသလို မဟုတ်ရင် မဟာလမ်းစဉ် အစိတ်အပိုင်းတွေ ပြန်ပေးဖို့ လိုလိမ့်မယ်” ရီဖူရှင်းက ပြောသည်။ အဘိုးအိုက ရီဖူရှင်း၏နောက်မှ လူများကို မြင်ကာ မျက်မှောင်များ ကွေးညွတ်သွားသည်။ သူ၏နောက်ခံက တော်တော် အားကောင်း ရပေမည်။
အဘိုးအိုက ခေါင်းညိတ်သည်… “ပြဿနာ မရှိဘူး”
ရီဖူရှင်းက မဟာလမ်းစဉ် စွမ်းအားအပိုင်းအစ ၅၀၀၀ အားထုတ်ယူကာ အဘိုးအိုကို ပေးလိုက်ပြီး စာလိပ်များအား ကောက်ယူသည်။ သူက ထိုအရာများအား သိမ်းဆည်းခြင်း မပြုဘဲ ကုန်းစွန်းရွှမ်အား ပြောသည် … “တိမ်တိုက်တောင်ကြားက မီးတောက်ပညာမှာ ထူးချွန်တယ်။ ဒါကို စမ်းကြည့်လို့ ရမလား”
ကုန်းစွန်းရွှမ်က အံ့အားသင့် သွားသည်။ သူမက ကုန်းစွန်းနီအား ကြည့်၏။
ရီဖူရှင်း ဘာလုပ်ချင်သည်ကို ပြည်နယ်ကိုးခုမှ လူများကလည်း နားမလည်ကြပေ။ ကုန်းစွန်းရွှမ်သည် အတန်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်သည်။ သူမက စာလိပ်အား ယူလိုက်ကာ သူမ၏စိတ်အသိဖြင့် ပေါင်းစပ်လိုက်သည်။ ထိုအခိုက်တွင် စာလိပ်မှ ထူးဆန်းသော စွမ်းအားတစ်ခု သူမ၏ခေါင်းထဲသို့ ဝင်လာသည်။ ထိုအရာက မီးတောက်တစ်ခု အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားတော့သည်။
“ဒါ … ဘယ်လိုလဲ” ရီဖူရှင်းက မေးသည်။
“ဒီအဘက မလိမ်ဘူး။ ဒါပေမဲ့ ..”
စာလိပ်ကား မရှိတော့။
“ဒါက နောက်ဆုံး လက်ကျန်ပဲလို့ မပြောဘူးလား။ အခု မိန်းကလေးက အဲဒါကို ဝယ်ပြီးတော့ ကောင်လေးကို ပေးသင့်တယ်” အဘိုးအိုက ပြုံးလျက် ပြောသည်။
“မလိုဘူး … မိန်းကလေး ကုန်းစွန်းမှာ မဟာလမ်းစဉ် အစိတ်အပိုင်းတွေ မရှိဘူး။ ကျုပ်က ဒါကို ဝယ်ပြီး အစ်ကို၅ကို လက်ဆောင်ပေးမလို့ပဲ။ အခု မိန်းကလေးက ဒါကိုဖတ်ပြီး သွားပြီဆိုတော့ အစ်ကို၅က ပေးတာလို့ သတ်မှတ်လိုက်လို့ ရတယ်” ရီဖူရှင်းက ပြောသည် … “မိန်းကလေးက ဆန္ဒရှိရင် အစ်ကို၅ကို ဝေမျှပေးလို့ ရတာပဲ”
“ဟင် …” လျိုဖန်း ရှက်သွားသည်။
ကုန်းစွန်းရွှမ်ကလည်း အံ့အားသင့်သွားပြီးမှ လျိုဖန်းကို ကြည့်ကာ ခေါင်းညိတ်သည် … “သခင်ရီက ဒါကို ဝယ်ပေးတာ ဆိုတော့ ကျွန်မက အစ်ကိုလျိုနဲ့ ဝေမျှပေး နိုင်ပါတယ်”
“မင်းတို့ကောင်လေးတွေ …” အဘိုးအိုက ရီဖူရှင်းအား လက်ညှိုးထိုးသည်။ သူကား လှည့်စား ခံလိုက်ရလေပြီ။
သူတို့နှစ်ဖွဲ့က အချင်းချင်း ရင်းနှီးနေမည်ဟု သူမထင်ထားပေ။
***