← Chapters

သူများက သိုသိုသိပ်သိပ်နေတာ

Vol. 91 Ch. 1352

သူများက သိုသိုသိပ်သိပ်နေတာ

Vol. 91 Ch. 1352

သူတို့ ကျင်းဟော်ချိန်ကို ရောက်တော့ နှစ်ယောက်သည် ပထမလွှာကို အရင် လည်ပတ်ကြည့်ပြီးမှ လေးလွှာဆီသို့ ဦးတည်လာခဲ့ကြ၏။

ဤသည်က လက်ဇရီ အိုင်တမ်များ ရောင်းချသည့် ဧရိယာဖြစ်ပြီး နာမည်ကြီး ဘရန်းများအားလုံးကို ဤနေရာတွင် မြင်တွေ့နိုင်သည်။

ခေတ္တကြာ လှည့်ပတ်ကြည့်ပြီးနောက် နှစ်ယောက်သည် ပရာဒါ ဘရန်းများ အထူးရောင်းချသည့် စတိုးဆိုင်ထဲသို့ ဝင်လာခဲ့ကြလေသည်။

“ ဒီ ပရာဒါ အိတ်လေးက မဆိုးဘူးပဲ.. ငါ့ အထင်ပေါ့…. မင်းရော မဆိုးဘူးမလား…”

“ အွန်း… မဆိုးဘူး.. “ လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒါပေမယ့် ဈေးနည်းနည်းကြီးတယ်.. တခြား ပို ဈေးပေါတဲ့ဟာပဲ ဝယ်ကြစို့လား…”

“ အဲ့ဈေးနှုန်းတွေ ခေါင်းထဲထားမနေစမ်းပါနဲ့… လိုက်မလိုက် အရင် စမ်းကြည့်လိုက်…”

လင်းရီ၏ မျက်လုံးက အတော်လေး မဆိုးလှဟု လျန်ရူရွှယ် မြင်မိသည်။ သို့သော် သူမ၏ အထောက်အထားက ပြဿနာ ဖြစ်နေလေရာ ယခုလို ဈေးကြီးကြီးပေးရသည့် အိတ်များအား သိပ်ကိုင်လို့ မသင့်ချေ။

အကယ်၍ သူသာ တကယ်ကြီး ဝယ်ပေးလိုက်မည် ဆိုပါက အိမ်ရှိ စုဆောင်းသိမ်းဆည်းသည့် အခန်းထဲ၌သာ ဖုန်တက်ရပေတော့မည်။

“ ကောင်းပြီလေ… အရင်စမ်းကြည့်တာပေါ့…”

“ ဆိုင်က ပစ္စည်းတွေကို မဝယ်ဘူးဆို ကိုင်ကြည့်လို့ မရပါဘူးနော်…” ဘေးတွင် ရပ်နေသည့် အမျိုးသမီး စတိုးဆိုင် မန်နေဂျာကနေပြီး ပြောလိုက်သည်။

သို့သော် ထိုသို့ ပြောနေရင်းဖြင့် သူမက အိတ်များကိုသာ ဖုန်သပ်ရင်း နေသားတကျ ချိန်ညှိနေပြီး လင်းရီတို့နှစ်ယောက်ကို ကြည့်ပင် မကြည့်ချေ။ သူမ၏ စကားလုံးများထဲ အထင်သေးပြီး အမှုမထားသည့် ရောင်ဝါတို့ ပြည့်နှက်နေမည်မှာတော့ ပြောစရာပင် မလိုပေ။

“ ငါတို့က ကိုင်ကြည့်လို့တောင် မရဘူးပေါ့…” လင်းရီ ပြောလိုက်ပြီး “ စောနတင် မင်းတို့ဆိုင်ထဲမှာ ကတ်စတန်မာ တစ်ယောက်က အင်္ကျီတွေ စမ်းဝတ်ကြည့်နေတာ ငါမြင်ပါတယ်… ငါတို့ကျမှ ဘာလို့ မရတာ…”

စတိုး မန်နေဂျာမှာ ကြက်သေသေသွားခဲ့သည်။ ဤ အမျိုးသားက စကားဆက်ပြောလာလိမ့်မည်လို့ သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ပုံမှန်ဆို ငါ အဲ့လိုပြောလိုက်တာနဲ့ တစ်ဖက်က ရှက်ပြီး ထွက်သွားရမှာ မဟုတ်ဘူးလား…

သို့သော် သူမဘက်က ပုံမှန် အမူအရာကိုသာ ဆက်လက်ထိန်းသိမ်းထားရင်း “ အရင် ကတ်စတန်မာက ကျွန်မတို့ဆိုင်က မန်ဘာမို့လေ… ဒါကြောင့်မို့ ပစ္စည်းတွေကို ကိုင်လို့ရတယ်…”

“ ငါမြင်တာကတော့ အဲ့လိုလုပ်တာ တစ်ယောက်ထက်ကို ပိုတယ်နော်… သူတို့ အကုန်လုံးက မင်းဆိုင်က မန်ဘာတွေချည်းပဲ ဟုတ်လား…”

“ ဟုတ်တယ်…”

စတိုးဆိုင် မန်နေဂျာမှ စိတ်မရှည်တော့သည့် လေသံဖြင့် ပြတ်တောင်းတောင်း ပြောလာခဲ့တော့သည်။ ဝန်ဆောင်မှု ပေးသူတို့၏ အခြေခံ ကျင့်ဝတ်ဖြစ်သည့် ညင်သာစိတ်ရှည်မှုတို့ မရှိတော့ချေ။

“ ရပြီ… ငါနားလည်ပြီ… ရှင်းရှင်းပြောရရင် မင်းက ငါတို့ကို နှိမ့်ချပြီး မြင်နေတာပဲ…”

လင်းရီ၏ စကားလုံးကို ကြားတော့ စတိုးဆိုင် မန်နေဂျာမှာ ဒေါသ ထောင်းခနဲ ဖြစ်လာခဲ့တော့သည်။

“ ဆရာ.. ရှင်ဘာတွေ လာပြောနေတာလဲ… ရှင့်စကားကို ကြည့်ပြောပါ…”

“ အစ်မကျင်း အစ်မကျင်း… စိတ်လျှော့ဦးလေ… ကတ်စတန်မာတွေနဲ့ နောက်တစ်ခေါက် ရန်ဖြစ်နေဦးမယ်ဆိုရင် ဒီလထဲမှာ သုံးကြိမ်မြောက်သွားတော့မှာနော်.. တကယ်လို့ မန်နေဂျာကြီးသာ သိသွားခဲ့ရင် သူ နင့်ကို အလုပ်ဖြုတ်လိမ့်မယ်…” အခြား ဆိုင်လက်ထောက် ကောင်မလေးမှ တိုးတိုးကလေး ပြောလာသည်။

“ ဟွန့်… ငါလည်း သူတို့ကို ဂရုစိုက်မနေပါဘူး…” အမျိုးသမီး စတိုးဆိုင် မန်နေဂျာမှ အေးစက်စက် နှာမှုတ်လိုက်၏။ သူမ၏ အလုပ်မပြုတ်‌ရေးအတွက် ဒေါသများကို မျိုချရုံသာ တတ်နိုင်လေသည်။

“ သွားစို့… ဒီမှာ ဝယ်မနေနဲ့တော့…”

လျန်ရူရွှယ် သူမ၏ မာ့စ်နှင့် မျက်မှန်ကို ချိန်ညှိလိုက်ပြီး လင်းရီနှင့်အတူ ဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။

“ ဟွန့် ဟွန့်.. သူ့ပုံစံ ကြည့်လိုက်တာနဲ့ ငမွဲဆိုတာ ငါပြောနိုင်တယ်.. ဒါတောင် တကယ်ကြီး ပရာဒါထဲ ဝင်လာရဲနေတယ်.. သူတို့ ဘယ်လိုတွေ စဉ်းစားနေမှန်း ငါ သိကို မသိတော့ဘူး… စိတ်ရှုပ်လိုက်တာ…” လင်းရီတို့ ထွက်ခွာသွားပြီးနောက် အမျိုးသမီး စတိုင်းဆိုင် မန်နေဂျာမှ နှစ်ကြိမ်လောက် ဆက်တိုက်‌ အေးစက်စက် နှာမှုတ်လိုက်လေသည်။

“ ပကာသနကို လူတိုင်း မက်မောကြတယ်လေ… လက်ဇရီအိတ်ကိုင်ဖို့ အိပ်မက်မမက်ဖူးတဲ့ အမျိုးသမီး ဘယ်မှာရှိလို့…”

“ ကိုယ့်အတိုင်းအတာတော့ သိသင့်တာပေါ့ဟယ်.. မတတ်နိုင်ဘူးဆိုမှတော့ ကိုင်ကြည့်ပြီး ဘာလဲလုပ်မှာ… ပျက်စီးထိခိုက်သွားမှာတွေကို မပြောသေးနဲ့ဦး… ညစ်ပတ်သွားရင်တောင် သူတို့ တတ်နိုင်မှာတဲ့လား…”

“ အမ်… ဒီနှစ်ယောက်က ဘာလားပဲ… သူတို့ တကယ်ကြီး Hermes ဆိုင်ထဲ ဝင်သွားကြတယ်…” လက်ထောက် ဝန်ထမ်း မိန်းကလေးမှ ပြောလိုက်၏။

နှစ်ယောက်သား မျက်နှာချင်းဆိုင်ရှိ Hermes ဆိုင်ထဲသို့ ဝင်သွားသည်ကို မြင်တော့ ပရာဒါ လက်ထောက်ဝန်ထမ်းမှ စပ်စပ်စုစု ကြည့်လိုက်၏။

လက်ဇရီ လူသုံးကုန် ပစ္စည်းများ နယ်ပယ်၌ Hermes ဆိုသည်မှာ လူကြိုက်များသည့် ထိပ်တန်း ဘရန်းတစ်ခု ဖြစ်ပြီး ၎င်း၏ အဆင့်က ပရာဒါထက်ပင် မြင့်မားလေသည်။

ကုန်ပစ္စည်း အားလုံးနီးပါးက လက်ချုပ် ဖြစ်သဖြင့် ပရာဒါထက်ပင် ဈေးက မြင့်သေးသည်။

အမှန်ဆို ဤသည်က သူတို့ ပို၍ပင် မတတ်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်သင့်လေသည်။

“ အဲ့နှစ်ယောက်က ဘာမှားနေလဲ မသိပါဘူး… ဘယ်လို သတ္တိနဲ့များ Hermes ဆိုင်ထဲ ဝင်သွားကြတာပါလိမ့်… အံ့ပါရဲ့နော်…” စတိုးဆိုင် မန်နေဂျာမှ ပြောလိုက်သည်။

“ ပေ့ရှားရှားရဲ့ စရိုက်က ပိုတောင် ဆိုးသေးတယ်… ကတ်စတန်မာတွေနဲ့ ရန်ဖြစ်ဖူးတာ အကြိမ်ရေ မနည်းဘူး… သူတို့နှစ်ယောက်သာ အဲ့ရောက်သွားလို့ကတော့ ကျိန်းသေပေါက် ပြဿနာတက်မှာ သေချာတယ်…”

“ ငါ့အထင်တော့ သူတို့ လက်ဇရီ ပစ္စည်းတွေအကြောင်း သိပ်နားမလည်ကြဘူးနဲ့ တူတယ်… လက်ဇရီ ဘရန်း နယ်ပယ်မှာ Hermes က ဘယ်လိုတည်ရှိမှုမျိုးလဲ ဆိုတာကို သူတို့ မသိကြဘူး.. အဲ့ဒါကြောင့်မို့ သွားရဲကြတာနေမှာ…”

အမျိုးသမီး စတိုးဆိုင် မန်နေဂျာသည် ရင်ဘက်ရှေ့တွင် လက်ကိုပိုက်လျက် အထင်သေးသည့် မျက်နှာထားတစ်ခုကို လှစ်ဟာပြလိုက်သည်။

“ စောင့်ကြည့်လိုက်စမ်းပါ… ပေ့ရှားရှား ဒင်းတို့နှစ်ယောက်ကို မောင်းထုတ်လာလိမ့်မယ်…”

“ အာ… အွန်း… ဖြစ်နိုင်သားပဲ…” ပရာဒါ အမျိုးသမီး ဆိုင်ဝန်ထမ်းများအားလုံး အတွေးကိုယ်စီနှင့် ပြုံးတုံ့တုံ့ ဖြစ်နေကြ၏။ ရှေ့ဆက်ဖြစ်ပျက်လာမည့် အရာများကို သူမတို့တွေ မျှော်တလင့်လင့်နှင့် ဖြစ်နေကြလေသည်။

“ ငါ မှတ်မိသလောက်ဆိုရင် အစ်မရှားက ဒီလထဲမှာ ကတ်စတန်မာနဲ့ တစ်ခေါက်လားပဲ ရန်ဖြစ်သေးတယ်… သူတို့တွေ အသက်ရှင်လျက် ထွက်လာနိုင်ချေတော့ များပါသေးတယ်..”

“ ဒီလထဲ တစ်ခေါက်ပဲ ရန်ဖြစ်ရသေးတယ်ဆိုတာ လဝက်လောက်က ခွင့်ယူထားလို့လေ.. မနေ့တနေ့ကမှ အလုပ်ပြန်ဝင်လာတာ…”

“ အဲ့တာဆိုရင် ညီမတို့တော့ ပြပွဲကောင်း တစ်ခု ကြည့်ရတော့မှာပေါ့… အစ်မရှားရှားရဲ့ စရိုက်နဲ့ဆိုရင် သူတို့ကို လွယ်လွယ်နဲ့ ပေးပြန်မှာ မဟုတ်လောက်ဘူး… ပိုးစိုးပက်စက် စကားလုံးတွေနဲ့ ညှင်းပန်းလောက်တယ်.. တိုက်ပွဲကြီး တစ်ခုတော့ ထွက်ပေါ်လာတော့မယ်လို့ ဟော့ဒီက အာရုံရနေပြီ…”

သူတို့တွေ အတွေးကိုယ်စီနှင့် လှောင်ပြောင်နေကြတုန်းမှာပဲ လင်းရီနှင့် လျန်ရူရွှယ်တို့ Hermes ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။

Hermes ဆိုင်၏ မန်နေဂျာ ၊ ပေ့ရှားရှားသည်လည်း နှစ်ယောက်နှင့်အတူ ထွက်လာရင်း မျက်နှာကလည်း ရွှင်ပြုံးလို့နေသည်။ သူမ ဆိုင်ပေါက်ဝအထိ လိုက်ပို့ပေးပြီးနောက် ဦးညွှတ်၍ပင် နှုတ်ဆက်လိုက်သေးသည်။ အချုပ်ဆိုရသော် သူမ၏ အပြုအမူတိုင်းက အလွန်အင်မတန် ချိုသာယဉ်ကျေးနေသည်။

၎င်းကို မြင်တော့ ပရာဒါ ဝန်ထမ်းများအားလုံး ကြက်သေသေသွားခဲ့ကြ၏။

ဘာ‌တွေ ဖြစ်နေတာလဲ…

စရိုက်ဆိုးတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ပေ့ရှားရှား။

တစ်လကို တစ်ကြိမ်လောက်မှ ကတ်စတန်မာနဲ့ ရန်မဖြစ်ရရင် အိပ်မပျော် စားမဝင်စားပါဘူးဆိုတဲ့ ပေ့ရှားရှား။

ဒီနေ့ ဘာလို့ အဲ့ ငမွဲနှစ်ယောက်ကို ဒီလောက်ထိ ယဉ်ကျေးနေရတာလဲတဲ့…..

“ ရှားရှား… ဒီကို တစ်ချက်လာပါဦး…” အမျိုးသမီး စတိုးဆိုင် မန်နေဂျာမှ လက်ယပ်ခေါ်လိုက်၏။

“ ဘာကြီးလဲ…”

“ နင် ဒီနေ့ ဆေးမှားသောက်ခဲ့တာလား.. ဘာလို့ အဲ့ငမွဲနှစ်ယောက်ကို တရားလွန်ကြီးတွေ ယဉ်ကျေးပြနေတာလဲ…”

“ ဟင်… နင် ဘာတွေ လာပြီး ပြောနေတာလဲ…” ပေ့ရှားရှား နားဝေတိမ်တောင် ဖြစ်သွားခဲ့လေသည်။

“ နင့်ဆိုင်ထဲကနေ ခုလေးတင် ထွက်သွားတဲ့ အမျိုးသားနဲ့ အမျိုးသမီး စုံတွဲကို ပြောနေတာ… အဲ့ အမျိုးသားက ခန့်ချောကြီးမို့ နင် ယဉ်ကျေးပြနေတာလို့တော့ ငါ့လာမပြောနဲ့…”

“ ပေါက်တတ်ကရ… ငါဒီလောက် ဥစ္စာမက်တာကို ဘယ်တုန်းက ရုပ်ရည်ကို စွဲလမ်းဖူးလို့….” ပေ့ရှားရှား ပြောလိုက်သည်။

“ ပြီးတော့ သူတို့က ငမွဲတွေပါလို့ နင် ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ…”

“ ခုနက ငါ့ဆိုင်ကိုလည်း လာသွားသေးတယ်လေ… အဲ့ အမျိုးသမီး ပြောတာ ငါ့ဆိုင်က အိတ်တွေက ဈေးအရမ်းကြီးတယ်တဲ့… မတတ်နိုင်ဘူးဆိုတာ အသိသာကြီး… ဒီတိုင်း စိတ်ထွက်ပေါက် လာရှာနေတာ….” ( လိုချင်ပင်မယ့် မရနိုင်လို့ ဒီတိုင်းကြည့်ပြီး စိတ်ဖြေတာ.. )

“ ဟယ်… ဟုတ်လား… ငါ့တို့ဆီလာတော့လည်း ငါတို့ အိတ်တွေက ဈေးအရမ်းကြီးတယ်ဆိုပြီး ပြောတာပဲ… သူ မတတ်နိုင်ဘူးဆိုတာ အရှင်းကြီး… မျက်နှာအဖတ်ဆည်နိုင်အောင် တမင် ပြောနေတာ သိသာတယ်…” ပေ့ရှားရှား ထိုသို့ မှတ်ချပြုလိုက်၏။

“ ဒါပေမယ့် နင် အဲ့ဒီ အမျိုးသား ဝတ်ထားတဲ့ နာရီကို နင် မမြင်လိုက်ဘူးလား… ရစ်ချက်မီလီလေ… ဘာမော်ဒယ်လ်လဲတော့ ငါလည်း အတိအကျ မသိဘူး… ဒါပေမယ့် စိန်ပွင့်တွေ အများကြီး စီထားတာတော့ မြင်တယ်… အဲ့နာရီ တန်ဖိုးက ယွမ်တစ်သန်း အနည်းဆုံးပဲ… အဲ့လို လူစားမျိုးကို ငမွဲလို့ နင်က ထင်နေတာလား…”

“ အာ…. ရစ်ချက်မီလီ နာရီ ဟုတ်လား…”

“ ဟုတ်တာပေါ့… ငါ့ ဒီမျက်လုံးတွေက အရမ်း ထက်မြက်တာ… မမှားနိုင်ဘူး… ပြီးတော့ သူ့ကောင်မလေး အတွက်ဆိုပြီး ယွမ် သုံးသိန်းကျော်တန် အိတ်တစ်လုံးလည်း ဝယ်သွားခဲ့သေးတယ်… ချမ်းသာတဲ့ ဒုတိယမျိုးဆက်တောင် မဟုတ်တော့ဘူး… တိုင်ကွန်း အဆင့်ကိုတောင် ရောက်နေပြီ…”

ပရာဒါ၏ အရောင်းမိန်းကလေးများအားလုံးသည် ယွမ် သုံးသိန်းဆိုသည့် စကားကြောင့် ရှော့ခ်ရသွားခဲ့ကြ၏။

“ ဒါပေမယ့် သူတို့ ဒီလာတုန်းက ယွမ်တစ်သိန်းကျော်တန် အိတ်ကိုတောင် ဈေးအရမ်းကြီးတယ်လို့ ပြောခဲ့တယ်ကော…”

“ အဲ့လိုဆိုတိုင်းနဲ့ သူတို့ မတတ်နိုင်ဘူး မထင်လိုက်နဲ့လေ… တချို့ သူဌေးတွေက တအား ချွေတာကြတာ… ပြီးတော့ သူတို့ ဘယ်လောက် သိုသိုသိပ်သိပ် နေလဲ ဆိုတာ နင်သိလား…”

“ ဘာလဲ ဖြစ်လို့…”

“ ငါတို့ဆိုနော်.. တကယ်လို့ ငါတို့သာ လက်ဇရီ အိတ် တစ်လုံး ဝယ်ပြီးပြီ ဆိုတာနဲ့ ဆိုရှယ် မီဒီယာပေါ် အပုံ တစ်ရာလောက် ရိုက်ပြီး တင်လိုက်ရမှ … ဟုတ်တယ်မလား… ဒါပေမယ့် အဲ့ စုံတွဲကကျတော့ အပေါ်က Hermes လိုဂိုကို ဖြုတ်ပြီး ဘရန်း အသေးစားလေးရဲ့ လိုဂိုနဲ့ လဲတပ်လိုက်သေးတယ်…. ပြီးတော့ ထည့်ပေးတဲ့အိတ်တောင် မယူသွားဘူး… တကယ်လို့ အပြင်မှာသာ လွယ်သွားရင် Hermes အိတ်ဆိုတာ ဘယ်သူကမှ သိမှာတောင် မဟုတ်ဘူး.. ဘယ်လောက်တောင် သိုသိုသိပ်သိပ်နေလိုက်လဲ အဲ့တာသာ ကြည့်တော့…”

အမျိုးသမီး စတိုးဆိုင်မန်နေဂျာသည် ကြက်သေသေသွားခဲ့ရ၏။ သူမကိုယ်သူမ မိုးကြိုး အထိမှန်ခံလိုက်ရသကဲ့သို့ နေရာတွင် တောင့်တင်းနေလေသည်။ ယွမ်သန်းဆုထီလက်မှတ်ကြီး ပျောက်ဆုံးသွားသည့် လူတစ်ယောက်နှယ် ခံစားနေရတော့သည်။

“ ပြီးတော့ အဲ့ အမျိုးသားက တစ်လုံးတည်းပဲ ဝယ်သွားခဲ့တာ မဟုတ်ဘူး.. စုပေါင်းစပ်ပေါင်းဆိုရင် သုံးသွားခဲ့တာ ယွမ်တစ်သန်းကျော်တယ်…”

ယွမ် တစ်သန်းကျော်တောင် သုံးသွားခဲ့တယ်……

အမျိုးသမီး စတိုးဆိုင် မန်နေဂျာသည် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေပြီး ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ မိုးကြိုးထိမှန်ခံရရုံတင်မက ထိခိုက်မှု 999999999999+ ပါ ရရှိသွားသကဲ့သို့ ခံစားနေရတော့သည်။

All Chapters