ငယ်တယ်၊ မရင့်ကျက်ဘူး
Vol. 91 Ch. 1353
အိတ်ဝယ်ပြီးနောက် လင်းရီသည် လျန်ရူရွှယ်ကို မောလ်အနှံ့ လျှောက်ခေါ်သွားပြီး နောက်ဆုံးတွင် လုရန်မင်နှင့် နေ့လည်စာ စားရန် ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။
စားသောက်ဆိုင်က အရမ်းကြီး မကြီးမားပေ။ သို့သော် အဆင့်မြင့် ဇိမ်ခံ ပစ္စည်းများဖြင့် မွမ်းမံပြင်ဆင်ထားပြီး အရေးကြီးဆုံးကတော့ အရာရှိ အရာခံတချို့၏ ကျောထောက်နောက်ခံ ရှိနေပုံရလေသည်။
“ အန်ကယ်လု… အလုပ်များနေရတဲ့ထဲ အပြင် ထွက်လာခဲ့ခိုင်းရလို့ တကယ့်ကို စိတ်မရှိပါနဲ့နော်…”
လုရန်မင်သည် လျန်ရှန့်ဟော်၏ တပည့် တစ်ယောက် ဖြစ်သော်လည်းပဲ လျန်ရူရွှယ်ဘက်က အင်မတန် ယဉ်ကျေးနေပြီး ငယ်သူက ကြီးသူကို ပြသသည့် ဂါရဝတရားတို့ကို ဖော်ပြနေလေသည်။
“ ကောင်မလေး… မင်းက ဒီလောက်ထိ ပိုပိုပြီး တိုးတက်လာနေတာကို ယဉ်ကျေးနေတုန်းပဲပေါ့…” လုရန်မင် ပြုံးလိုက်၏။
“ ငယ်ငယ်တုန်းက မှတ်မိပါသေးတယ်.. အရင်တုန်းက မင်း အဘိုးဆီ လာလည်ရင် သက်တောင့်သက်သာ နားမလို့ကို မင်းကပဲ ပစ်ကွင်းကို ဆွဲဆွဲခေါ်သွားတာလေ… အဲ့တုန်းက ကောင်မလေးနဲ့ ယှဉ်ရင် ဒီခုက အများကြီး ပြောင်းလဲသွားခဲ့တာပဲ…”
လုရန်မင်သည် ယခုလို စကားမျိုးကို ကိုယ့်အချင်းချင်းသာလျှင် ပြောဝံ့သည်။ အကယ်၍ အပြင်လူများရှေ့တွင် ဆိုပါက သူသည်လည်း လျန်ရူရွှယ်အပေါ် ရိုသေလေးစားမှုတို့ ပြသရလေသည်။
“ အန်ကယ်လုက အရမ်းဆိုးတာပဲ… သူများက ဘာမဟုတ်တာလေး လုပ်တာကို သူများရှေ့မှာ လျှောက်ပြောနေတယ်ပေါ့…”
“ ဟုတ်ပါပြီ ဟုတ်ပါပြီ… ထပ်မပြောတော့ပါဘူး.. ဟုတ်ပြီလား…”
ပြောရင်းဖြင့် လုရန်မင် မီနူးကို လင်းရီတို့နှစ်ယောက်ထံ တွန်းပို့ပေးလိုက်၏။
“ မင်းတို့ စားချင်သာ မှာကြ… ငါက ဘာမဆို အကုန်ရတယ်…”
“ အန်ကယ်လုပဲ မှာလိုက်ပါ… ညီမတို့က အိမ်ရှင်စိတ်တိုင်းကျ နာခံရမှာပေါ့…”
“ ရတယ်လေ… အပြင်လူတွေလည်း မဟုတ်ဘူးဆိုမှတော့ ငါ အားနာမနေတော့ဘူးနော်..”
လုရန်မင် မီနူးကို ယူလိုက်ပြီး နာမည်ကြီး ဟင်းလျာတစ်ချို့ကို မှာလိုက်၏။ ထို့နောက် သုံးယောက်သားသည် အလုပ်ကိစ္စဘက်သို့ ရောက်ရှိလာကြ၏။
“ ဥက္ကဌလင်း… မင်း တုံးစန်းကောင်တီကို ဘယ်လိုထင်လဲ…”
“ ကျွန်တော်တို့ဘက်ကတော့ စပြီးတောင် လှုပ်ရှားနေပြီ.. ဒါပေမယ့် အကျိုးသက်ရောက်မှုကတော့ သိပ်ပြီးမှ သိသာထင်ရှားဦးမှာ မဟုတ်သေးဘူး..” လင်းရီ ပြောလိုက်ပြီး “ နောက်ဆုံး အိုင်ဒီယာက ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ပြီး အလုပ်လက်မဲ့ ဦးရေနှုန်းကို လျော့ချဖို့ပဲ.. လူငယ်တွေ အများကြီး ရောက်လာမယ်… ကောင်တီရဲ့ စီးပွားရေးကို ခိုင်မာ တောင့်တင်းလာစေမယ်… တကယ်လို့ ဒီသံသရာသာ ဆက်ပြီး လည်ပတ်နေဦးမယ်ဆိုရင် သူတို့အားလုံး ဆင်းရဲတွင်းကနေ လွတ်မြောက်ရုံတင် မကသေးဘူး… အတွေ့အကြုံအသစ်တွေပါ ရရှိသွားဦးမယ်..”
“ ရန်ပုံငွေ တိုးမြင့်ဖို့အတွက် အကြံအစည်ကရော… “
“ ကျွန်တော်တို့ရဲ့ အိုင်ဒီယာက လင်းယွင်အုပ်စု ဦးဆောင်ပြီး ချစ်ပ် စက်မှုဇုန် တစ်ခု တည်ဆောက်ဖို့ပဲ.. ပြီးရင် တခြား ကုမ္ပဏီတွေကိုလည်း ဒီထဲ ခေါ်လာမယ်… အဲ့လိုဆိုရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ပြီလို့ ပြောလို့ ရပြီ…” လင်းရီ ပြောလိုက်သည်။
“ နောက်ပြီးတော့ တုံးစန်းကောင်တီက မြို့သုံးမြို့ရဲ့ ဆုံရာမှာ တည်ရှိတယ်… တကယ်လို့ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ တည်ဆောက်ဖို့ အခွင့်အာဏာသာ ပေးလာမယ်ဆိုရင် မြို့သုံးမြို့ကို အဆင်ပြေပြေနဲ့ ဆက်သွယ်လို့ရမယ်…”
“ ချစ်ပ် စက်မှုဇုန်…”
လုရန်မင်၏ မျက်လုံးများ တောက်ပလာသည်။
“ ဒါ အမျိုးသားရေး ပရောဂျက်လား…”
လင်းရီ အကြောင်း အများစုကို လုရန်မင် သိထား၏။ လင်းယွင်အုပ်စုက နိုင်ငံတွင်း 5 nm လီတိုဂရပ်ဖီစက်ကို ထုတ်လုပ်နိုင်သည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ကြောင်းကိုလည်း သူသိထားသည်။
ထို့ကြောင့် ချစ်ပ် နယ်ပယ်၏ တိုးတက်ဖွံ့ဖြိုးလာမှုက သိပ်မလိုတော့ပေ။ သို့သော် စက်ရုံကို တုံးစန်းကောင်တီထဲ၌ ဆောက်လုပ်လိမ့်မည်လို့ သူ မထင်ထားခဲ့သည်မှာတော့ အမှန်ပင်။
“ ကျွန်တော်တို့ ကုမ္ပဏီက ဒီပရောဂျက်ကို လုပ်ဖို့ လုပ်ငန်းစဉ်တွေ ရေးဆွဲထားပြီးပြီ… ဒါကြောင့်မို့ မြို့ဘက်က ပေးနိုင်မယ့် အခြေအနေတွေကို သိချင်တာ…” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် အရမ်းကြီး တိုက်ရိုက်ကျစရာတော့ မလိုဘူး.. ကျွန်တော်နဲ့ လျန်ရူရွှယ်ရဲ့ ဆက်ဆံရေးကို ဘေးချိန်ပြီး သာမန် စီးပွားရေး တစ်ယောက်လိုပဲ ဆက်ဆံလို့ ရတယ်…”
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ကောင်လေး… မင်းနဲ့ မီလိလေးတို့ရဲ့ ဆက်ဆံရေး အတိုင်းဆိုရင် ငါ့ဘက်က မင်းကို အကောင်းဆုံး ကူညီပေးသင့်တာ.. ယုတ္တိရှိရှိ ပြောကြေးဆိုရင် မင်းက ယွီဟန် ကောင်းဖို့အတွက် လုပ်နေတာ… ဒါကြောင့်မို့ မင်းကို လုံးဝ ကူညီပေးသင့်တာ.. ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ဘက်က အကောင်းဆုံး လုပ်ပေးရမှာ ငါ့တာဝန်ပဲ….”
“ အဲ့လို လုပ်စရာ မလိုပါဘူး..” လင်းရီ ပြုံးလျက် ပြောလိုက်၏။
“ ကျွန်တော် တုံးစန်းကောင်တီကို လာခဲ့တယ်ဆိုတာ တခြား ဘာလုပ်စရာမှ မရှိလို့… ကိုယ့်ကိုယ်ကို စိန်ခေါ်ပြီး အဓိပ္ပာယ် ရှိတဲ့ တစ်စုံတစ်ရာကို ပြုလုပ်ချင်နေတာ..” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ အရာအားလုံးက အဆင်ပြေချောမွေ့နေမယ်ဆိုရင် ဒီကိစ္စကလည်း အဓိပ္ပာယ် ရှိတော့မှာ မဟုတ်ဘူး… ဒါကြောင့်မို့ ကျွန်တော့်ကို သူလိုငါလို စီးပွားရေး တစ်ယောက်လိုပဲ သဘောထားလိုက်ပါ…”
“ ဒါက…..”
လုရန်မင် ဘေးကြပ်နံကြပ် ဖြစ်သွားခဲ့တော့၏။
သို့သော် ထို အချိန်တွင်ပဲ လျန်ရူရွှယ်က စကားဝင်ပြောလာသည်။
“ အန်ကယ်လု… သူပြောတဲ့ အတိုင်းသာလုပ်ပေးလိုက်… တကယ်လို့ သူ ကောင်းကောင်း မလုပ်နိုင်ဘူးဆိုရင် သူ မတော်လို့ပဲ… ကျရှုံးခြင်းက ညီမတို့နဲ့ မဆိုင်ဘူး…”
“ ဒါဆိုလည်း ကောင်းပြီလေ… မင်းတို့က ပြောလာပြီ ဆိုမှတော့ ဒီကိစ္စပေါ် တဝဲဝဲလည် လုပ်မနေတော့ဘူး…” လုရန်မင် ပြောလိုက်၏။
“ ဒါပေမယ့် ငါ့မှာလည်း လုပ်ပိုင်ခွင့် အာဏာက သိပ်ရှိတာ မဟုတ်ဘူး ဆိုတော့ … မင်း တုံးစန်းကောင်တီက မြေနေရာကို ကြိုက်သလို သုံးလို့ရတယ်… ဒါပေမယ့် စိုက်ပျိုးမြေတွေကိုတော့ ယူလို့မရဘူး… အခွန်ကိစ္စဆိုရင်တော့ အခွန်လျော့ပေါ့ပေးတာတွေ လုပ်ပေးလို့ရတယ်.. ဒါက ပုံမှန် အခြေအနေအောက်မှာ ငါပေးနိုင်တဲ့ အခြေအနေတွေပဲ…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ မူဝါဒများက စံချိန်စံနှုန်းနှင့် အညီဖြစ်ပြီး ထူးခြားသည့် တစ်စုံတစ်ရာလည်း မရှိပေ။
တစ်နည်းဆိုရသော် အခြား ကုမ္ပဏီတစ်ခုက ဤနေရာသို့ ရောက်လာမည်ဆိုပါကလည်း အကယ်၍ သူတို့အရွယ်အစားကသာ လုံလောက်အောင် ကြီးမားမည်ဆိုပါက ယခုလို အကျိုးကျေးဇူးများအား ခံစားခွင့်ရပေမည်။
“ ကျေနပ်ပါတယ်…. ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးလု..” လင်းရီ ပြောလိုက်သည်။
“ ဘာကျေးဇူးတင်စရာမှ မလိုဘူး… ဒါတွေက သိပ်ကို သမာရိုးကျ ဖြစ်တဲ့ မူဝါဒတွေချည်းပဲ… အဲ့တာကို ကျေးဇူးတင်လာတင်နေတယ်ဆိုတော့ မင်းက ငါ့ကို အရှက်ရအောင် လုပ်နေတာပဲ…”
“ ဒီလောက်ဆိုရင်ကိုပဲ သိပ်ကောင်းနေပါပြီ…” လင်းရီ သူ၏ ခွက်ကို မြောက်လိုက်ပြီး “ လာပါ…”
“ အလုပ်အကြောင်း ပြောပြီးပြီဆိုတော့ စကားပြောရမယ့် အချိန်ပဲ…”
လင်းရီသည် လင်းယွင် အုပ်စုကို တည်ထောင်ပြီးသည်မှာ တစ်နှစ်ကျော်မျှသာ ရှိသေးကြောင်း သိလိုက်ရတော့ လုရန်မင် အင်မတန် ရှော့ခ်ရသွားခဲ့သည်။
သူ ရိုးရိုးရှင်းရှင်းပင် အထင်ကြီး လေးစားမိသွားခဲ့၏။
မကြာမီ နေ့လည် တစ်နာရီကျော်သွားခဲ့ပြီး သူတို့အားလုံးတွင် ကိုယ်စီ လုပ်စရာများရှိသဖြင့် နေ့လည်စာကို ဤနေရာ၌ပင် အဆုံးသတ်လိုက်ကြသည်။
နှစ်ယောက်သား လုရန်မင်ကို ခေတ္တ လိုက်ပို့ပေး၍ ကားထံ ပြန်လာခဲ့ကြ၏။
“ ကျိုးဟိုင်မှာ တစ်ခုခု ဖြစ်နေလို့လား..” လင်းရီ ပြောလိုက်ပြီး “ ဒီလောက် အဝေးကြီးကနေ လာရတာကို မပြန်ခင် သုံးလေးရက်လောက်တော့ နေသွားဦးပေါ့…”
“ ငါ ဒရိုင်ဘာ ခေါ်ပြီး သွားပြီ.. ဒီညနေ လာကြိုမှာ..” လျန်ရူရွှယ် ပြောလိုက်သည်။
“ ပြီးတော့ နင်နဲ့ အတူအိပ်ရင်လည်း နင်နှိပ်စက်တာနဲ့ အနားယူရတာ ဇိမ်ပျက်တယ်..”
“ တစ်ချက်ကြည့်တာနဲ့ မင်းက ငယ်တယ်.. ကလေးဆန်တယ်… အတွေ့အကြုံ မရင့်ကျက်ဘူးဆိုတာ ငါ ပြောနိုင်တယ်…”
“ ငါက ဘယ်လိုများ မရင့်ကျက်နေလို့…”
“ မင်း အခု ထင်နေတာ ညမှာ ဘာမှမလုပ်ဘဲ ကောင်းကောင်းမွန်မွန် အိပ်တဲ့ အမျိုးသားက ပိုကောင်းတယ်လို့ ထင်နေတယ်မလား… မင်း အဲ့ဒီ ချိုမြိန်တဲ့ အရသာကို စွဲလမ်းသွားရင် တစ်ညကို ခုနစ်ကြောင်းလောက် မောင်းနိုင်တဲ့ ယောက်ျားက ဘယ်လောက်ကြီးမြတ်လဲဆိုတာ မင်း သိလာပါလိမ့်မယ်…”
“ ငါ့မှာ အဲ့လောက် အာသီသကြီးလည်း ရှိမနေပါဘူး.. ငါက ဒီတိုင်းလေးပဲ အိပ်ချင်တာ…”
“ ငယ်တုန်းမှာ ခုလိုမျိုး အာဟာရ မဖြည့်ထားဘူးဆိုရင် အိုဖို့ လွယ်တယ်နော်..” လင်းရီ ပြောလိုက်ပြီး “ မင်းက စကတည်းကရင် ယောက္ခမကြီးလောက်ကို မလှတာ… ကိုယ့်ကိုယ်ကို ကောင်းကောင်း ဂရုမစိုက်ဘူးဆိုရင် အနာဂတ်ကျ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး..”
“ ငါ နင့်ကို သတ်မယ်… !! “
လျန်ရူရွှယ်ကို မည်သူနှင့်ပဲ နှိုင်းနှိုင်း သူမ စိတ်မရှိပေ။ သို့ပေမယ့် ရှန်းရှုရီကတော့ ခြွင်းချက်ဖြစ်၏။ ရှန်းရှုရီက သူမကို ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံမှနေ၍ ဖိနှိပ်ထားနိုင်လေသည်။
ထိုမွန်းလွဲညနေပိုင်းတွင် လင်းရီသည် လျန်ရူရွှယ်ကို အခြားသော နေရာများသို့ ခေါ်သွားပေးပြီး ညနေစာ ထမင်းအတူစားကာ ပြန်ပို့ပေးလိုက်၏။
ထို့နောက် သူလည်း ယွီဟန်တွင် အကြာကြီး ဆက်မနေတော့ပဲ တုံးစန်းကောင်တီသို့ ပြန်ရောက် မောင်းနှင်လာသည်။
တုံးစန်းကောင်တီသို့ ပြန်ရောက်ပြီးနောက်တွင် လင်းရီသည် လုရန်မင်ထံ ဖုန်းခေါ်လိုက်၏။
“ ဟယ်လို အတွင်းရေးမှူးလု… အလုပ်များနေလားမသိဘူး…”
“ မများပါဘူးကွာ… ခုလေးတင် အိမ်ပြန်ရောက်တာ… “ လုရန်မင် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ မင်းရော မီလိလေးနဲ့ အတူရှိတုန်းလား…”
“ သူ ကျိုးဟိုင်ပြန်သွားခဲ့တာကြာပြီ.. ကျွန်တော်လည်း တုံးစန်းကောင်တီ ပြန်ရောက်နေပြီ…” လင်းရီ ပြောလိုက်၏။
“ ကျွန်တော် တစ်ခု ပြောချင်တာလေး ရှိလို့…”
“ အချင်းချင်းတွေကိုပဲ … ပြော… ဘာပြောမှာ….”
“ ချစ်ပ် စက်မှုဇုန် အပြင်ကို ကျွန်တော် ကောင်တီရဲ့ အိမ်ခြံမြေလုပ်ငန်းကဏ္ဍကိုလည်း တိုးတက်ဖွံ့ဖြိုးအောင် လုပ်ချင်တယ်.. တကယ်လို့ ပုံမှန် အခြေအနေအောက်မှာ လုပ်မယ်ဆိုရင် ဘယ်လို မူဝါဒတွေကို ကျွန်တော် ရနိုင်မလဲ…” ဤအကြောင်းကို နေ့လည် ထမင်းစားစဉ်က သူ မမေးမြန်းခဲ့သည်မှာ လျန်ရူရွှယ် အတွေးလွန်သွားမည်ကို သူ ကြောက်ရွံ့သောကြောင့်ပင်။
အကယ်၍ သူ့ဘက်ကသာ အိမ်ခြံမြေ လုပ်ငန်းအကြောင်း စကား စလာမည် ဆိုပါက ကျီချင်းရန်အတွက် ကူညီပေးချင်နေခြင်း ဖြစ်ကြောင်းကို သူမ ဒက်ကနဲ သိသွားလိမ့်မည်။ ထို့ကြောင့် ယခုလို လျန်ရူရွှယ် မရှိသည့် အချိန်၌ ဖုန်းဆက်ပြီး မေးလိုက်တော့ သူမလည်း သဝန်မတိုနိုင်တော့ချေ။
“ ဟင်… လင်းယွင်အုပ်စုက အိမ်ခြံမြေ လုပ်ငန်းရော လုပ်ချင်နေတာလား..”
“ ကျွန်တော် စဉ်းစားနေတာ…”
“ မူဝါဒကတော့ အရင်ကနဲ့ အတူတူပါပဲ… ငါမင်းကို အခွန်လျော့ပေးလို့ရတယ်… ဒါပေမယ့် စီးပွားဖြစ် အိမ်ယာမြေတွေကျတော့ စက်မှုဇုန်လုပ်မယ့် မြေနဲ့ မတူဘူးလေ… မြေကိုတော့ ဝယ်ရမယ်… ငါမင်းကို အနိမ့်ဆုံး ဈေးနဲ့ ရအောင် ကူညီပေးလို့ရတယ်… အလကားတော့ မရဘူး…”
“ အင်း………..”
လင်းရီ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် “ အနိမ့်ဆုံးဈေးက ဘယ်လောက်လဲတဲ့…”