ချောင်ရန် အုပ်စုက လူတွေ လာတယ်
Vol. 91 Ch. 1354
“ ငါ့အထင် တစ်မူကို ယွမ် ၃၅၀,၀၀၀ လားမသိဘူး…” လုရန်မင် မပြောမီ စက္ကန့်အနည်းငယ် ကြာအောင် တိတ်ဆိတ်နေခဲ့၏။
“ နေဦးနော်… သေချာအောင် ငါ ခဏ ဖုန်းဆက်ပြီး မေးကြည့်လိုက်ဦးမယ်… ဖုန်းမချသေးနဲ့ဦး… “
“ ဟုတ်ကဲ့.. အလုပ်များစေမိပြီ…”
“ ဥက္ကဌလင်း… မင်း တအား ယဉ်ကျေးလွန်းနေပြီ… မင်းက ငါတို့ကို ကူညီပေးနေတာလေ… မင်းကို ပြန်ကူညီပေးရမှာ ဓမ္မတာပါပဲ…”
ထို့နောက် လုရန်မင် အခြား ဖုန်းတစ်လုံးထုတ်၍ သက်ဆိုင်ရာ ဌာန ခေါင်းဆောင်ကြီးများထံ ဆက်သွယ်လိုက်သည်။
သူတို့ ပြောနေသည့် စကားလုံးတို့အား လင်းရီ ရှင်းလင်းစွာ ကြားနေရ၏။ သူ မတတ်နိုင်ပဲ ပြုံးလိုက်မိ၏။ တစ်ချိန်တည်းတွင် သက်ပြင်းလည်း ချမိသည်။ ဒီလို ရာထူးထိုင်ခုံမှာ ထိုင်နေနိုင်တဲ့ လူတွေက တအား ဉာဏ်ကောင်းကြတာပဲ….
လုရန်မင်သည် သူနှင့် လျန်မိသားစုကြားရှိ ပတ်သက်ဆက်နွယ်မှုကို ကောင်းစွာ သိရှိထားပြီး ယခုလို နည်းလမ်းကို အသုံးပြု၍ သူ၏ ကောင်းမွန်သည့် သဘောထားအမြင်များအား ပြသနေလေသည်။ သူ၏ ရိုသေလေးစားမှုနှင့် သစ္စာရှိမှုကို ပြဌာန်းစာအုပ်များထဲ၌ပင် ထည့်သွင်းဖော်ပြဖို့ သင့်လှ၏။ သို့မှသာ နှောင်းလူတို့ သင်ယူနိုင်ကြမည်။
မိနစ် အနည်းငယ် ကြာပြီးနောက် လုရန်မင် တစ်ဖက် ဖုန်းကို ချလိုက်သည်။
“ ဥက္ကဌလင်း.. ငါ မေးကြည့်ပြီးပြီ… တုံးစန်းကောင်တီရဲ့ အခြေအနေနဲ့ဆိုရင် ငါတို့ ပေးနိုင်တဲ့ အနိမ့်ဆုံးဈေးက ယွမ် ၂၉၀,၀၀၀ ပဲ… သည့်ထက် ပိုနိမ့်ပေးလို့ မရတော့ဘူး…”
“ ကောင်းပြီ… ဒီလောက်ဈေးဆိုရင်ကိုပဲ ကောင်းလှပါပြီ…”
“ တကယ်လို့ မင်းမှာ တကယ်ကြီး အဲ့လို အတွေးမျိုး ရှိနေတယ်ဆိုရင် ငါ မင်းကို ပြည်နယ်ကနေ ကာကွယ်ပေးထားပြီ မင်းရဲ့ တခြား ပြိုင်ဘက်တွေကို အကောင်းဆုံး စောင့်ကြည့်ပေးထားမယ်လေ…” လုရန်မင် စကား ကမ်းလှမ်းလာခဲ့၏။
“ အာ… မလိုဘူး မလိုဘူး… အဲ့လို လုပ်ပေးဖို့ မလိုဘူး… ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်းပဲ သွားကြတာပေါ့….”
“ ငါ့ကို အားနာမနေစမ်းပါနဲ့ကွာ… ဒါက ငါ့အတွက် ဘာမှမပေါက်ပါဘူးဟ….” လုရန်မင်ပြောလိုက်ပြီး “ နည်းနည်းလေး စည်းကျူးသလို ဖြစ်တယ်ဆိုပေမယ့် အသေးအမွှားလေးရယ်.. တခြား စီးပွားရေး လုပ်ငန်းတွေ အတွက်ဆိုရင်တောင် မင်းဘက်သာ အရွယ်အစားနဲ့ အဆင့်တစ်ခုထိ ရောက်နေရင် ဒီလိုမျိုး သီးသန့် ကာကွယ်ပေးတဲ့ မူဝါဒတွေ ကမ်းလှမ်းပေးလို့ရတယ်…”
“ ဒါကကျ….”
လင်းရီ ခါးသီးစွာ ပြုံးလိုက်ရင်း “ ကျေးဇူးတင်ပါတယ် အတွင်းရေးမှူး လု…”
“ ဒါပေမယ့် မင်း တုံးစန်းကောင်တီမှာ အိမ်ခြံမြေ ရင်းနှီးမြုပ်နှံတော့မယ်ဆို သေချာလေး ဂရုစိုက်… တအားကြီး မစွန့်စားနဲ့…”
“ ခင်များဆိုလိုချင်တာကို ကျွန်တော် သဘောပေါက်ပါတယ်…”
“ မင်းနားလည်ရင် ငါ ဝမ်းသာပါတယ်…”
“ စကားမစပ် ကျွန်တော် အခုလို မေးတာကို လျန်ရူရွှယ်ကို သွားမပြောပြနဲ့နော်… ဒါ ကျွန်တော်တို့ နှစ်ယောက်ကြားက ကိစ္စပဲ… အိုကေလား…”
“ အိုကေ.. ငါ သဘောပေါက်တယ်…”
**********
နောက်တစ်နေ့နံနက်တွင် လင်းရီ ထုံးစံအတိုင်း ရုံးသို့ ရောက်လာခဲ့သည်။
သူနှင့် လီစီကျင်း၏ ကွန်ပျူတာများသည် အသင့်ပြင်ဆင်ထားပြီး ပရင်တာ အသစ်တစ်ခုလည်း ချထားပေး၏။ ဟက်ဝဲများအားလုံး အဆင်သင့် ဖြစ်နေချေပြီ။
သို့သော် လီချင်းခိုင်ကတော့ ရုံးခန်းထဲ ရှိမနေချေ။ လီစီကျင်း တစ်ယောက်တည်းသာလျှင် အထဲတွင် ရှိ၏။ သူမက ကွန်ပျူတာ စခရင်ကို ကြည့်နေရင်း တစ်စုံတစ်ခုကို အခက်တွေ့နေဟန်ဖြင့် မျက်မှောင်လည်း ကြုတ်ထားသေးသည်။
“ အစ်ကိုလီ ဘယ်မှာလဲတဲ့…” လင်းရီ မေးမြန်းလိုက်သည်။
“ သူ အစည်းအဝေးသွားတယ်…”
“ မင်းကရော အခု ဘာတွေလဲ လုပ်နေတာ…”
“ လင်းယွင် အုပ်စုက ရထားတဲ့ ယွမ်နှစ်သိန်းကို ဘယ်လို ခွဲဝေရင် ကောင်းမလဲ စဉ်းစားနေတာ… “ လီစီကျင်း လင်းရီကို ကြည့်လိုက်ပြီး “ ရန်ပုံငွေတွေကလည်း နည်းနည်းကြပ်တည်းနေတော့လေ… အစ်ကိုရီ… ရှင်ပြောကြည့်.. ကျွန်မတို့ တစ်နေရာတည်းကိုပဲ ပစ်မှတ်ထားသင့်လား.. ဒါမှမဟုတ် ညီညီမျှမျှ ခွဲဝေပေးလိုက်သင့်လား…”
“ ငါတို့ အညီအမျှ ခွဲဝေပေးလိုက်တယ်ဆိုရင်တောင်မှ ထွေထူး ပြဿနာတွေ ဖြေရှင်းနိုင်မယ်လို့ ငါ မထင်ဘူး..”
“ ကျွန်မလည်း အဲ့တာကို အခက်တွေ့နေတာပဲ…” လီစီကျင်း ပြောလိုက်ပြီး “ တကယ်လို့ ကျွန်မတို့သာ ယွမ်နှစ်သိန်းကို တစ်နေရာတည်းမှာပဲ အသုံးပြုလိုက်မယ်ဆိုရင် တချို့ ပြဿနာတွေ ဖြေရှင်းသွားနိုင်လိမ့်မယ်… ဒါပေမယ့် အညီအမျှ ခွဲဝေပေးမယ်ဆိုရင် လောက်ငှမှာ မဟုတ်ဘူး…”
“ ဒါဆိုလည်း တစ်နေရာတည်းပဲ ရွေးလိုက်ပေါ့… ကန့်ကွက်တဲ့လူ ရှိရင် အစ်ကိုလီကို ဖြေရှင်းခိုင်းလိုက်…”
လီစီကျင်း ခစ်ကနဲ ရယ်မောမိသွားခဲ့သည်။ “ အစ်ကိုရီ … ရှင် အရမ်းဆိုးတာပဲ…”
ကလင် ကလင် ကလင်…
ထို အချိန်တွင်ပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။ လီချင်းခိုင်မှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ မင်းတို့ ရုံးရောက်ကြပြီလား…”
“ ရောက်ပြီ…”
“ လီလေးနဲ့ အတူ အစည်းအဝေးခန်းထဲကို လာခဲ့… မင်း ခုတလော ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ဖို့ လုပ်နေတာမလာ… update ပေးဖို့ပါ ပြင်ခဲ့လိုက်…”
“ အမ်… ရတယ်လေ…”
အစည်းအဝေးက မည်သည့် အကြောင်းကြောင့်လဲ ဆိုတာကို လင်းရီ မသိသော်လည်းပဲ အပြင်လူ တစ်ယောက်ယောက်တော့ ရောက်နေပြီဟု လင်းရီ မှန်းဆကြည့်လိုက်၏။
“ မြန်မြန် အသင့်ပြင်.. အမြန် လာခဲ့…”
“ အိုကေ…”
ရိုးရှင်းစွာ ဖုန်းပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်ပြီး လီစီကျင်းကို ပြောလိုက်သည်။
“ ဘာမှ မလုပ်သေးနဲ့ဦး… အစ်ကိုလီက ငါတို့ နှစ်ယောက်ကို အစည်းအဝေးခန်းထဲ လာဖို့ ပြောတယ်..”
“ အစည်းအဝေးလား…” လီစီကျင်း မေးမြန်းလိုက်ပြီး “ ဒီနေ့ ပွဲက ကုန်သည်ကြီးများ အသင်းနဲ့ ရင်းနှီးမြုပ်နှံမှု ပရိုရှင်းလုပ်တဲ့ ပွဲလေ… ကျွန်မတို့ သွားဖို့ လိုလို့လားတဲ့…”
“ ရင်းနှီးမြုပ်နှံမှု ပရိုမိုးရှင်း လုပ်တဲ့ပွဲ ဟုတ်လား…” လင်းရီ ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး “ ငါလည်း မကြားမိပါလား… ဘယ်တုန်းက စတာ…”
“ ကိစ္စက တော်တော်ကြီးကို ရုတ်တရက် ဖြစ်သွားခဲ့တာပဲ…” လီစီကျင်း ပြောလိုက်ပြီး “ ကျိုးဟိုင် ၊ ချောင်ရန် အုပ်စုက လူတွေ ဒီရောက်လာခဲ့လို့လေ… အစ်ကိုရီလည်း သိမှာပါ… နာမည်ကြီး အိမ်ခြံမြေ ကုမ္ပဏီပဲလေ.. သူတို့က ကျွန်မတို့ဆီကနေ မြေသုံးကွက် ရချင်နေတာ… ကောင်တီက ဒီအကြောင်း သိသွားတော့ သူတို့လည်း အံ့အားသင့်ကုန်ကြတာပေါ့… သူတို့ ဒီကိစ္စ အစည်းအဝေး ထိုင်နေကြတာ ဖြစ်မယ်…”
“ အာ…. လက်စသတ်တော့ အဲ့သလိုကိုး…”
ဘာဖြစ်နေလဲ ဆိုတာ လင်းရီ နားလည်သွားခဲ့၏။
လွန်ခဲ့သည့် ရက်အနည်းငယ်ကပဲ ဤကိစ္စကို ကျီချင်းရန်ထံ သူ ပြောပြခဲ့သည်။ ယခုလို လျင်လျင်မြန်မြန်ကြီး လူစေလွှတ်လာလိမ့်မည်လို့ သူ ထင်မထားခဲ့ချေ။
“ ဒါပေမယ့် ဒီကိစ္စ သူတို့ချင်းပဲ ပြောကြပေါ့… ငါတို့ကို ဘာလို့ လာခဲ့ဖို့ ခေါ်နေရတာ…”
လီစီကျင်း ပခုံးတွန့်ပြလိုက်၏။ “ ဘယ်သူကသိမှာ… သွားပြီး တစ်ချက် ကြည့်ကြတာပေါ့…”
နှစ်ယောက်သား ပစ္စည်းများ သိမ်းဆည်းလိုက်ပြီး အစည်းအဝေးခန်းထဲ ရောက်လာခဲ့ကြ၏။
အစည်းအဝေးခန်းထဲတွင် ကောင်တီ၏ ခေါင်းဆောင်ကြီးများက ရှည်လျားသည့် လေးထောင့်စားပွဲ နှစ်ဖက်လုံးတွင် နေရာယူထားကြလေသည်။
ချောင်ရန် အုပ်စုဘက်က ကိုယ်စားလှယ် လေးယောက် စေလွှတ်လာခဲ့၏။ ခေါင်းဆောင်က ချောင်ရန် အုပ်စု၏ ဒုဥက္ကဌ၊ ကန့်ကျင်းဟွေ့ ဖြစ်ပြီး ကျန်သူများကတော့ ဌာန မန်နေဂျာများ ဖြစ်ကြလေသည်။ ထိုအထဲ ဝမ်ရင်းလည်း ပါလာခဲ့၏။
သို့သော် စစလာချင်းတုန်းကတည်းကရင် ဝမ်ရင်းသည် အစည်းအဝေး၏ အကြောင်းအရာများအပေါ် အာရုံရှိမနေပဲ လင်းရီထံသို့သာ စိတ်ရောက်နေသည်။
သူ အမြန်လေး ရောက်လာပါစေဟု သူမ မျှော်လင့်နေခဲ့၏။
ဒေါက် ဒေါက် ဒေါက်…
“ ဝင်ခဲ့…”
တံခါးခေါက်ပြီးနောက် လင်းရီနှင့် လီစီကျင်းတို့ အထဲ ရောက်လာခဲ့ကြသည်။
ဝမ်ရင်းကို မြင်တော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သူမလည်း ရောက်လာလိမ့်မည်လို့ လင်းရီ ထင်မှတ်မထားခဲ့ချေ။
ကျန်သည့် သုံးယောက်ကိုလည်း သူ သိနေသည်။ သူတို့က ချောင်ရန် အုပ်စု၏ စီနီယာများ ဖြစ်ကြပြီး သူ အရင် အလုပ်လုပ်ခဲ့တုန်းကတော့ ၎င်းတို့ထံတွင် လုပ်ပိုင်ခွင့် အာဏာ အများအပြား ရှိကြသူများ ဖြစ်သည်။
ထို အချိန်တွင် လီချင်းခိုင် မတ်တပ်ရပ်၍ နှစ်ယောက်ကို မိတ်ဆက်ပေး၏။ ထို့နောက် အချင်းချင်း ခေါင်းညိမ့်နှုတ်ဆက်ရင်း ပြန်ထိုင်လိုက်ကြသည်။
ဤလူလေးယောက်ကို လင်းရီသိနေလိမ့်မည်လို့တော့ မည်သူကမျှ ထင်ထားကြလိမ့်မည် မဟုတ်ချေ။
လင်းရီနှင့် လီစီကျင်းတို့ အတူရောက်လာသည်ကို မြင်တော့ ကျိုးဖုန်း၏ အမူအရာသည် ဖော်ရွေဟန် မရှိတော့ပဲ စကားစလာခဲ့၏။
“ လီလေး…”
ဖင်ထိုင်ချတော့မည့် လီစီကျင်းသည် ကျိုးဖုန်း၏ အသံကြောင့် တိုးလို့တန်းလန်း ဖြစ်သွားခဲ့ရ၏။ အနည်းငယ် ကြောင်အမ်းသွားပြီး “ ကျွန်မကို ခေါ်နေတာလား…”
ကျိုးဖုန်း ခေါင်းညိမ့်ပြီးမှ သူ့ဘေးရှိ ခုံကို ညွှန်ပြလာသည်။
“ မင်းက ငါတို့ ရုံးခန်းကို ယာယီ ရွေ့ပြောင်းထားတဲ့ လူမလား… ငါ့ဘေးမှာ လာထိုင်… လင်းရီ … မင်းကတော့ ကျေးဇူးပြုပြီး ထိုင်ခုံ တစ်ခုံ ရှာပြီး ဒါရိုက်တာလီ အနောက်မှာ ထိုင်လိုက်ကွာ….”
“ ဟမ်…”
လင်းရီ ကြက်သေသေသွားခဲ့သည်။ နေရာအလွတ်တွေ ဒီလောက် များနေတာကို ငါက ဘာလို့ အနောက်မှာ သွားထိုင်ရမှာလဲ…
အကယ်လို့ သူက ရှေ့ခုံတွင် ထိုင်ခွင့် မရှိပါက လီစီကျင်းသည်လည်း အရည်အချင်း မပြည့်မီပေ။
အစည်းအဝေးခန်း၏ အဓိက အလယ်ထိုင်ခုံတွင် ထိုင်ရင်း စာရွက်စာတမ်းများအား လှန်လော ကြည့်ရှုနေသည့် ကန့်ကျွင်းဟွေ့သည် ခေါင်းမော့ပြီး ကျိုးဖုန်းကို တစ်ချက်ကြည့်လိုက်၏။ သူ၏ အမူအရာက အနည်းငယ် အေးတိအေးစက် နိုင်နေသည်။
ဒီကောင်က တကယ်ကြီး ဥက္ကဌလင်းကို အနောက်မှာ ထိုင်ခိုင်းနေတယ်ပေါ့.. ဘယ်လိုတောင် သတ္တိကောင်းနေလိုက်လဲ…
ဝမ်ရင်းသည်လည်း မသိစိတ်အလျောက် လီစီကျင်းကို ကြည့်လိုက်ပြီး ဘာမျှတော့ မတတ်နိုင်။ မျက်ခုံး ပင့်ကြည့်လိုက်မိသည်။
ဒီ ကျိုးဖုန်းဆိုတဲ့ လူက လင်းရီကို ဆန့်ကျင်နေတာ အဓိက ပြဿနာက အဲ့ဒီ မိန်းကလေးကြောင့်ပဲ ဖြစ်ရမယ်…
သူမ ကြည့်ရတာ လှပါတယ်… ဒါပေမယ့် ရင်ဆိုဒ်က C cup ဆိုတော့ သူ့အကြိုက်တော့ မဖြစ်သင့်ဘူးမလား…
လီစီကျင်း ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ရသည်။ ကျိုးဖုန်း တောင်းဆိုနေသည်ကို သူမ နားလည်သည်။ သို့သော် သူမဘက်က ဆန္ဒမရှိပဲ ဖြစ်နေသည်မှာတော့ ခက်လှ၏။
ထိုသူနှင့် မည်သို့မျှလည်း မပတ်သက်လိုပေ။
“ ဒါရိုက်တာကျိုး… အစီရင်ခံစာကို နည်းနည်း ပြင်ဖို့လေး ရှိနေတော့ ဒီမှာပဲ ထိုင်လိုက်တော့မယ်နော်…”
ပြောပြီးနောက် လီစီကျင်းသည် ထိုင်ခုံ နှစ်လုံးယူ၍ လီချင်းခိုင် နောက်တွင် လင်းရီနှင့် အတူ ထိုင်လိုက်သည်။
လီစီကျင်း၏ လုပ်ရပ်ကို မြင်တော့ ကျိုးဖုန်း၏ အမူအရာသည် အေးစက်သွားခဲ့လေသည်။
ဒီကောင်မ ငါ့ကို ဒီလောက် လူတွေ အများကြီး ရှေ့မှာ အရှက်ခွဲတယ်ပေါ့လေ….
သို့သော် နုနယ်လှနိုင်လွန်းသည့် လီစီကျင်းအား သူ အပြစ်မတင်ရက်နိုင်။ထိုအစား လင်းရီဘက်သို့ မြားဦးလှည့်သွားခဲ့၏။
အကယ်၍ အကြည့်ဖြင့်သာ လူသတ်နိုင်သည်ပါက လင်းရီသည် မရေ မတွက်နိုင်အောင် သေကြေနေပြီး ဖြစ်သည်။