← Chapters

လူတိုင်းကို ရှော့ခ်ရစေခြင်း

Vol. 91 Ch. 1355

လူတိုင်းကို ရှော့ခ်ရစေခြင်း

Vol. 91 Ch. 1355

“ ကောင်းပြီ.. အခု လူတိုင်းလည်း ရောက်ပြီဆိုတော့ အစည်းအဝေးကို စကြရအောင်..”

ထိုစကားကိုတော့ တုံးစန်းကောင်တီ၏ ဒု တာဝန်ခံ ၊ ယွီချောင်းရှီက ပြောလိုက်ခြင်းပင်။ ကောင်တီတွင်း အလုပ်ကိစ္စအားလုံးကို သူကပဲ အမြဲတမ်း သဘာပတိအဖြစ် ဆောင်ရွက်ပေးလေ့ရှိ၏။

ယခု အစည်းအဝေးလည်း အပါအဝင်ပင်။

၎င်းအပြင် ခေါင်းဆောင်၊ ဝမ်ယွင်ကျန်းသည်လည်း သူ့ဘေးရှိ ထိုင်ခုံတွင် ထိုင်၍ အစည်းအဝေးကို နားထောင်နေသည်။

“ ဒါရိုက်တာကန့်… ငါတို့ အခုလေးတင် ဆွေးနွေးသွားခဲ့တဲ့ အတိုင်းဆိုရင် ငါတို့ဘက်က တစ်မူကို ယွမ် ၅၀၀,၀၀၀ ပေးနိုင်တယ်… ဒါက ငါတို့ ပေးနိုင်တဲ့ အနိမ့်ဆုံး ဈေးပဲ…” ယွီချောင်းရှီက ပြောလိုက်သည်။

“ အဲ့တာအပြင်ကို ငါတို့ဘက်က တခြား နေရာတွေမှာလည်း တတ်နိုင်သမျှ မီးစိမ်းပြပေးဖို့ ကူညီပေးမှာပါ… ဒီပရောဂျက်ကို ပြီးမြှောက်အောင်မြင်ဖို့ ဒါရိုက်တာကန့်နဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးသွားဦးမှာပါ…”

ပြောပြီးနောက် ယွီချောင်းရှီသည် ကျိုးဖုန်းဘက်သို့ လှည့်လိုက်သည်။

“ ဒါရိုက်တာကန့်… ဒါက ငါတို့ ကောင်တီ ရင်းနှီးမြုပ်နှံမှု ဌာနရဲ့ ဒါရိုက်တာ ၊ ကျိုးဖုန်း… သူက ကျန်တဲ့ လုပ်ငန်းစဉ်တွေမှာ ဒါရိုက်တာကန့်ကို ကူညီပေးပါလိမ့်မယ်…”

အစည်းအဝေးခန်းထဲရှိ မည်သူကမျှ စကားဝင်မပြောကြချေ။ သူတို့အားလုံး ယွီချောင်းရှီ၏ ရည်ရွယ်ချက်ကို ကောင်းစွာ မြင်နိုင်ကြသည်။

ကျိုးဖုန်းဆိုသည်ကား သူ၏ တူလေးဖြစ်၏။ ထို့ကြောင့် သူ့အတွက် လမ်းဖွင့်ပေးနေသည်မှာ သဘာဝကျသည်။

ကျိုးဖုန်းလည်း ရည်ရည်မွန်မွန် ကိုယ်ဟန်ဖြင့် မတ်တပ်ရပ်လိုက်၏။ “ ဒါရိုက်တာကန့်ခင်ဗျ… ပရောဂျက် အောင်မြင်သွားပြီဆိုတာနဲ့ မူဝါဒ ထောက်ပံ့မှုတွေ ပိုပြီး ရနိုင်အောင်လို့ ကျွန်တော့်ဘက်က ကြံဖန်ပေးပါ့မယ်.. တုံးစန်းကောင်တီမှာ လာပြီး ရင်းနှီးမြုပ်နှံလို့ မမှားယွင်းစေရပါဘူး…”

“ ဒါပမယ့် တုံးစန်းကောင်တီရဲ့ အခြေအနေနဲ့ဆိုရင် တစ်မူကို ယွမ် ၅ သိန်းဆိုတာက မနိမ့်ဘူး… ငါတို့ ဒီ ဈေးနှုန်းကို လက်မခံနိုင်ဘူး…” ကန့်ကျွင်းဟွေ့ ပြောလိုက်၏။

အကယ်၍ လင်းရီကသာ မပြောခဲ့ဘူးဆိုပါက ချောင်ရန် အုပ်စုသည် ယခုလို နေရာမျိုးတွင် ရင်းနှီးမြုပ်နှံရန် ဘယ်တုန်းကမျှ စဉ်းစားမိလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် မြေဈေးနှုန်းကို နည်းနိုင်သမျှ နည်းရန် မျှော်လင့်၏။

“ အဲ့တာက…..”

အစည်းအဝေးခန်းထဲရှိ လူများအားလုံး အကြပ်ရိုက်သွားခဲ့ကြသည်။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြရင်း တိုးတိုးတွတ်တွတ်ဖြင့် အချင်းချင်း ဆွေးနွေးကြတော့၏။

“ ဒါရိုက်တာကန့်… လက်ရှိ အခြေအနေပေါ် မူတည်ပြီး ပြောရရင် အဲ့ဒီပမာဏက ကျွန်တော်တို့ ကမ်းလှမ်းနိုင်တဲ့ အနိမ့်ဆုံး စည်းပဲ…” ကျိုးဖုန်းပြောလိုက်သည်။

“ ဒါပေမယ့် စိတ်ချ.. ကျွန်တော်တို့ဘက်က တက်တက်ကြွကြွနဲ့ ရင်းနှီးမြုပ်နှံသူတွေကို လိုက်ရှာနေတာဆိုတော့ အနာဂတ်မှာ အခြေအနေတွေက ပိုပြီး ကောင်းလာဖို့ပဲ ရှိတယ်… ဒီမှာ ရင်းနှီးမြုပ်နှံလို့ မရှုံးစေရဘူး…”

“ ဆိုတော့ အခု … ကောင်တီရဲ့ ရင်းနှီးမြုပ်နှံမှု ပရိုမိုးရှင်းနဲ့ ပတ်သက်ပြီး ဘာတိုးတက်မှုတွေ ရှိလာပြီလဲ…” ကန့်ကျွင်းဟွေ့ ရုတ်တရက် မေးမြန်းလိုက်၏။

“ အဲ့တာက….. အမ်…..”

ကျိုးဖုန်း အတန်ငယ်ကြာအောင် ရပ်တန့်သွားခဲ့ပြီး “ ကျွန်တော်တို့ ဒီကိစ္စကို လုပ်ဖို့ စီစဉ်နေပါတယ်… ပြီးတော့ မူဝါဒပိုင်း ထောက်ပံ့ပေးမှုတွေကလည်း အများကြီး လုပ်ပြီးပါပြီ… ဒီတစ်ခေါက် ရင်းနှီးမြုပ်နှံသူတွေ ဆီကနေ ကောင်းမွန်တဲ့ feedback တွေ ပြန်ရမယ်လို့ ယုံကြည်ပါတယ်…”

ကန့်ကျွင်းဟွေ့၏ မျက်နှာထက်တွင် မည်သည့် အမူအရာမျှ ဖော်ပြမလာပဲ တည်ငြိမ်စွာဖြင့် “ တခြားနည်းနဲ့ ပြောရရင် မင်းတို့ဘက်က ခုထိ ဘာမှ မစရသေးဘူးပေါ့… ငါတို့ရဲ့ ဒီတစ်ခေါက် ရင်းနှီးမြုပ်နှံမှုက အလောင်းအစား လုပ်နေတယ်လို့တောင် ပြောလို့ရတယ်… မှန်တယ်မလား…”

ကန့်ကျွင်းဟွေ့၏ စကားလုံးတို့က အခန်းထဲရှိ လူတိုင်းကို အနေအထိုင် ကြပ်သွားစေခဲ့၏။

ဒီလူက ကောင်တီက ပေးနေတဲ့ ကမ်းလှမ်းချက်တွေကို မကျေနပ်နိုင်သေးဘူးပေါ့…

ယွီချောင်းရှီနှင့် ကျိုးဖုန်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုတို့နှင့် ကူကယ်ရာမဲ့မှုတို့ ပြည့်နှက်နေသည်။

ဤသည်က သူတို့ ပေးနိုင်သည့် တန်လှပါပြီ ဆိုသည့် အနိမ့်ဆုံး ဈေးပင် ဖြစ်သည်။

ကောင်တီက သင့်တင့်ကောင်းမွန်သည့် ရင်းနှီးမြုပ်နှံမှုကို စောင့်ဆိုင်းနေသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ ဖြစ်၏။ ယခုလို ပုံစံနှင့် လက်လွတ်လိုက်ရမည် ဆိုပါက နှမြောစရာ ကောင်းလှသည်။

မသိလိုက် မသိစွာဖြင့် ကျိုးဖုန်း၏ ခေါင်းက ဝမ်ယွင်ကျန်းထံ လှည့်ကြည့်လိုက်မိသည်။ ၎င်း၏ မျက်နှာ သိပ်မလှသည်ကို သူ သတိထားမိလိုက်လေသည်။ သိသာစွာဖြင့်၊ သူ၏ လုပ်ဆောင်ချက်ကို မကျေမနပ် ဖြစ်နေသည်မှာ သိသာလှသည်။

လင်းယွင်အုပ်စု၏ ဒုတိယ အကြိမ် အကူအညီ ပေးအပ်လာမှုက ခေါင်းဆောင်ကြီး၏ သူ့ရာထူးအပေါ် ပြန်လည်သုံးသပ်မှုကို ဖြစ်ပေါ်သွားစေခဲ့သည်။

ထပ်မံပြီး ဇာတ်ရှုပ်မိမည်ဆိုပါက သူ၏ အနာဂတ်သည်လည်း အန္တရာယ် အပြည့်နှင့် ဖြစ်လာပေမည်။

ကန့်ကျွင်းဟွေ့ ယခုလို ကြမ်းတမ်းခက်ထန်ဖို့ရာ မရည်ရွယ်ထားခဲ့ပေ။ သို့သော် ယခုလေးတင် ကျိုးဖုန်း၏ လင်းရီအပေါ် သဘောထားက သူ့ကို အတော်လေး မရွှင်မပြ ဖြစ်သွားစေခဲ့ပြီး သူ့ ရှေ့ရှိ လူများအား ဖိအား တစ်ချို့ ရှိစေချင်သည်။

သို့သော် ထိုအခိုက်အတန့်တွင်ပဲ ယွီချောင်းရှီသည် တစ်စုံတစ်ရာကို ရုတ်တရက် စဉ်းစားမိသွားခဲ့ကာ လင်းရီကို မျက်လုံးထောင့်ကပ်ပြီး ကြည့်လိုက်၏။ ကျိုးဖုန်းကလည်း အရိပ်ပြ အကောင်မြင်သည်။ ချက်ချင်းဆိုသလို ဆိုလိုရင်းကို သဘောပေါက်သွားခဲ့ပြီး သူ၏ စားပွဲကို ဘန်းခနဲ ရိုက်နှက်ပြီး ပြောလိုက်၏။

“ လင်းရီ… ငါ မင်းကို ခိုင်းထားတာတွေ ဘယ်မှာလဲ…”

ဤမြင်ကွင်းက အခြားသူများအား ကြက်သေသေသွားစေခဲ့၏။

ဒါ လင်းရီနှင့် ဘာဆိုင်လို့…

ဘာလို့ သူ့ကို လက်ညိုးသွားထိုးနေတာလဲတဲ့…

“ မင်းမှာ ပြောစရာ ရှိတယ်ဆိုလည်း ပြောလိုက်… အချိန်ဖြုန်းမနေနဲ့…” လင်းရီ အနိမ့်သံဖြင့် ပြောလိုက်သည်။

ကျိုးဖုန်း အားတောင့်အားနာ ပြုမနေပဲ ပျစ်ပျစ်နှစ်နှစ် ဝေဖန်မှု ပြုတော့၏။

“ ခုရက်ပိုင်း ငါမင်းကို ကောင်တီရဲ့ ရင်းနှီးမြုပ်နှံမှုကိစ္စတွေအတွက် တာဝန်ပေးထားတာ မဟုတ်ဘူးလား… ခု ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ… ဘာ တိုးတက်မှုမှ ရှိမလာဘူး.. ပြောစမ်း.. ဒါ မင်းရဲ့ တာဝန် လစ်ဟင်းမှုကြောင့် မဟုတ်ဘူးလား….”

လီချင်းခိုင် မျက်မှောင်ကြုတ်မိသွားခဲ့၏။ ကျိုးဖုန်း အနည်းငယ် လွန်လွန်ကြူးကြူး ပြုမူနေသည်ဟု သူခံစားနေရသည်။

ရင်းနှီးမြုပ်နှံမှု ကိစ္စများကို လင်းရီက တာဝန်လွှဲယူထားသော်လည်းပဲ သူ ယူထားသည့် အချိန်က တစ်ပတ်တောင် မပြည့်သေးချေ။

ထို့ပြင် လူတိုင်းလည်း တုံးစန်းကောင်တီ၏ အနေအထားကို မသိကြတာ မဟုတ်ပေ။ ဤမျှ အချိန်တိုလေးအတွင်း ရလဒ်ကောင်းတစ်ခုကို မည်သူက စွမ်းဆောင်နိုင်လိမ့်မည်နည်း။

သို့သော် ယခုလို အချိန်တွင်တော့ သူလည်း ဘာမျှ မပြောနိုင်ပေ။

အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ရှိလာပြီ ဆိုပါက တစ်ယောက်ယောက်ကတော့ ခေါင်းခံဖို့ သင့်၏။ လင်းရီသည်က ကံမကောင်းသည့်လူ ဖြစ်သွားရုံမျှပင်။

မဟုတ်ပါက အကယ်၍ အထက်လူကြီးများကသာ သူ့အပေါ် အပြစ်တင်လာမည် ဆိုပါက သူ၏ အလုပ်အကိုင်အပေါ်၌ အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။

ကျိုးဖုန်း၏ အမူအရာသည် ရေခဲ အလား တင်းမာနေပြီး လင်းရီကို ကြိမ်နှင့်ပင် အပြစ်ပေးချင်သည့် ပုံစံ ပေါက်နေခဲ့သည်။

တာဝန်ယူမှု တာဝန်ခံမှုများအားလုံးကို လင်းရီ ခေါင်းပေါ် ပစ်ချလိုက်ပြီး သို့မှသာ ကျရှုံးမှုသည် သူနှင့်မသက်ဆိုင်မည် ဖြစ်သည်။

“ ငါ ဘာမှ မလုပ်ဘူးလို့ ဘယ်သူကပြောလဲ… မင်း မသိဘူးဆိုလည်း လျှောက်မပြောနဲ့… ဒီမှာ အပြင်လူတွေ ရှိနေတာကို မင်း မရှက်ဘူးလား…”

ထိုစကားလုံးများ ပြောပြီးသည်နှင့် တစ်ပြိုင်နက် အစည်းအဝေးခန်းထဲရှိ လူတိုင်းသည် လင်းရီကို ကြည့်လာကြသည်။ ကျိုးဖုန်းကို ထိပ်တိုက်ရင်ဆိုင်လိမ်မည်လို့ မည်သူက ထင်ထားလိမ့်မည်နည်း။

ဝမ်ယွင်ကျန်းလည်း လင်းရီကို ကြည့်လိုက်၏။ သူ၏ မျက်ဝန်းတို့ကတော့ မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နှက်နေသည်။

ကျိုးဖုန်း၏ အမူအရာသည် အနည်းငယ် ကိုးရို့ကားယား နိုင်သွားခဲ့၏။ “ မင်း ဘာတွေ လုပ်ပြီးပြီလဲ… မင်းရဲ့ ရလဒ်ကို ဒါရိုက်တာကန့်ဆီ တင်ပြလိုက်…”

“ လင်းယွင် အုပ်စုက တုံးစန်းကောင်တီရဲ့ မြို့သုံးမြို့ လမ်းဆုံနေရာမှာ သူတို့ရဲ့ အဆန်းသစ်ဆုံး ချစ်ပ် ပရောဂျက် အတွက် စက်မှု ဇုန်တစ်ခု လာပြီး တည်ဆောက်ချင်နေတယ်… သူတို့ရဲ့ ကနေဦး ရင်းနှီးမြုပ်နှံမှု ပမာဏက ယွမ် ၂၀ ဘီလီယမ်ပဲ… ဒီ ပရောဂျက်လောက်ဆို အဆင်ပြေပြီလား…”

ဟစ်….

၂၀ ဘီလီယမ်….

ဤပမာဏကို ကြားတော့ အစည်းအဝေးခန်း တစ်ခုလုံးသည် အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့တော့၏။ သူတို့ အိပ်မက်မက်နေသလားဟုတောင် ထင်မိသွားကြသည်။

“ မင်း ဘာပြောလိုက်တယ်… မင်းက ယွမ် ၂၀ ဘီလီယမ် ရင်းနှီးမြုပ်နှံမှု ရအောင် လုပ်နိုင်ခဲ့တယ် ဟုတ်လား…”

“ ၂၀ ဘီလီယမ်ဆိုတာ ကနေဦး ရင်းနှီးမြုပ်နှံမှုပဲ ရှိသေးတာ… နောက်ဆက်တွဲ ရင်းနှီးမြုပ်နှံမှုတွေ ကျန်သေးတယ်… စုစုပေါင်းဆို ၅၀ ဘီလီယမ်တောင် ကျော်လောက်မယ်…” လင်းရီ ပြောလိုက်သည်။

“ နောက်ပြီးတော့ တခြား ကုမ္ပဏီတွေကလည်း သူတို့ရဲ့ စက်ရုံတွေကို ဒီမှာ လာတည်ဆောက်ပြီးတော့ ရင်းနှီးမြုပ်နှံကြလိမ့်မယ်… ခန့်မှန်းခြေ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု တန်ဖိုးက ၁၀၀ ဘီလီယမ် ကျော်တယ်… ငါ အကြမ်းဖျင်း ခန့်မှန်းထားတာတော့ ဒါက လူ သုံးသောင်းကနေ ငါးသောင်းလောက် အထိကို အလုပ်တွေ ပေးနိုင်တယ်… ဒါရိုက်တာကျိုးက ဒါကို ကျေနပ်ရဲ့လား…”

“ ဒါက….”

လူတိုင်း လည်လိမ်ခံထားရသည့် ဘဲများကဲ့သို့ ဖြစ်နေကြပြီး ခေါင်းများလည်း တဝီဝီ မြည်ဟည်းနေသည်။

အဲ့တာက ယွမ် ၁၀၀ ဘီလီယမ်တန် ရင်းနှီးမြုပ်နှံမှုကြီးလေ.. အဲ့လောက်ကောင်းတဲ့ ပိုင်မုန့်ကြီးက တုံးစန်းကောင်တီထဲ ကျလာလိမ့်မယ်လို့ သူတို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး..

“ အင်း… မင်း မဆိုးဘူး…”

လင်းရီ ကျိုးဖုန်းကို လျစ်လျူရှုထားလိုက်ပြီး ကန့်ကျွင်းဟွေ့နှင့် ကျန်သူများကို ကြည့်လိုက်သည်။

“ ခင်များတို့ အတွက်လည်း ကျွန်တော် အကျိုးအမြတ် တစ်ချို့ ရထားသေးတယ်… ကောင်တီရဲ့ ဘုံပိုင် မြေတွေကို တစ်မူ ယွမ် ၂၉၀,၀၀၀ နဲ့ ရောင်းပေးနိုင်တယ်… အကာအကွယ်ပေးမယ့် မူဝါဒလည်း ပေးနိုင်ပြီးတော့မှ တခြား အိမ်ခြံမြေ ကုမ္ပဏီတွေ ဈေးကွက်ထဲ ဝင်ခွင့်ပြုပေးမှာ မဟုတ်ဘူး… ခင်များတို့ ဘယ်လိုထင်လဲ…”

“ တစ်မူကို ယွမ် ၂၉၀,၀၀၀ .. “

“ ကာကွယ်ပေးမယ့် မူဝါဒ…. “

ပေါက်ကွဲစေမည့် သတင်းများက လင်းရီနှုတ်ဖျားကနေ တစ်ခုပြီး တစ်ခု ထွက်လို့ လာလေသည်။ အစည်းအဝေးခန်းထဲရှိ လူများဆို ရှော့ခ်ရလွန်း၍ နှလုံး ရောဂါ အန္တရာယ်ကိုပင် ကြောက်ရမလို ဖြစ်နေကြသည်။ ယွီချောင်းရှီပင် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။

ကောင်တီ၏ ဒု တာဝန်ခံ ဖြစ်သည့် သူပင် တစ်မူကို ယွမ် ၅၀၀,၀၀၀ ဆိုသည့် ဈေးသာလျှင် အနိမ့်ဆုံး သတ်မှတ်ပေးနိုင်ခဲ့သည်။ သို့‌သော် ဤကောင်လေးက တကယ်ကြီး တစ်မူကို ယွမ် ၂၉၀,၀၀၀ နှင့် ကမ်းလှမ်းနိုင်နေသည်လော။

အကာအကွယ်ပေးမည့် မူဝါဒကိုဆို ပြောနေရန်ပင် မလိုအပ်တော့ချေ။

ဒီကောင် ဘယ်ကနေ ရောက်လာခဲ့တာလဲဟ….

ဝမ်ယွင်ကျန်းသည်လည်း ထူးမခြားနား ဖြစ်နေသည်။ သူကိုယ်၌ပင် ယခုလို ပြုပေးနိုင်သည့် အစွမ်းအစ သူ့တွင် ရှိမနေချေ။

ဆိုတော့ …. လင်းရီ ဘယ်လိုတွေများ လုပ်လိုက်တာလဲ…

“ ဒါရိုက်တာလင်းရဲ့ ကမ်းလှမ်းချက်တွေက မင်းတို့ထက် အများကြီး သာတယ်… အို.. အဝေးကြီးလို့ ပြောရမယ်..” ကန့်ကျွင်းဟွေ့သည် ယွီချောင်းရှီနှင့် ဝမ်ယွင်ကျန်းတို့အား ကြည့်ပြီး ပြောလိုက်၏။ သူ၏ စကားလုံးတို့က သလင်းကျောက်ထက်ပင် ကြည်လင်နေသည်။

“ အဟွတ်… အဲ့တာကကျ….”

နှစ်ယောက်သား ကိုးရို့ကားယား အနေအထားများဖြင့် ထိုင်ခုံတွင် ထိုင်နေကြ၏။ ဖင်ကို အပ်နှင့် ဆွခံနေရသကဲ့သို့ ဣန္ဒြေမရနိုင် ဖြစ်နေသည်။

ယွမ် ၂၉၀,၀၀၀ နှင့် သူတို့ ကမ်းလှမ်းပေးနိုင်သည့် ပမာဏကြား ကွာဟမှုက ဧရာမကြီး ဖြစ်နေသည်။

ဆိုတော့ သူတို့ ဒါရိုက်တာတွေကပဲ ကျန်တဲ့ ငွေတွေကို အိတ်ကပ်ထဲ ထည့်ဖို့ ကြံနေတဲ့ အသွင် မရောက်သွားဘူးလား…

ဒီ သေသင့်တဲ့ ကောင်ကတော့ကွာ….

All Chapters