ပစ်မှတ်ပြောင်းမယ်
Vol. 91 Ch. 1356
“ ဒါရိုက်တာလင်း.. မင်း ကောင်းကောင်း လုပ်ခဲ့တယ်… ပင်ပန်းသွားပြီ…” ဝမ်ယွင်ကျန်း ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်….”
ဝမ်ယွင်ကျန်း ကျေနပ်အားရစွာဖြင့် ခေါင်းညိမ့်လိုက်၏။ “ ဒါရိုက်တာကန့်…. ခုရော ဘယ်လိုထင်လဲ…”
“ တော်တော်လေး ကျေနပ်ပါတယ်.. ဒါပေမယ့် ငါတို့ဘက်က ဒီရဲ့ အခြေအနေတွေကို ခေါင်းဆောင်ကြီးဆီ ပြန်တင်ပြရဦးမှာ.. တစ်စုံတစ်ရာ မမှားယွင်းခဲ့ဘူးဆိုရင်တော့ အဆင်ပြေမှာပါ…”
“ ကောင်းပြီ.. ဒီနေ့ ဒီမှာပဲ အရင် ရပ်လိုက်ကြတာပေါ့… စားဖို့ သောက်ဖို့လည်း စားပွဲတွေ ဘွတ်ကင် လုပ်ထားပြီးပြီ… ဒီနေ့တော့ ကောင်းကောင်းသောက်ကြရမယ်နော်…”
“ ခေါင်းဆောင်ဝမ် ပြောတဲ့ အတိုင်းပါပဲ…”
အစည်းအဝေးပြီးနောက် လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။ ဝမ်ရင်း လင်းရီကို လက်ဝှေ့ရမ်းပြ၍ လူအုပ်နှင့်အတူ အပြင်သို့ ထွက်လာသည်။
နေ့လည်စာက ကောင်တီရှိ လူကြီးလူကောင်း တစ်ချို့အတွက်သာ ရည်ရွယ်ထားပြီး လင်းရီကလည်း ချောင်ရန် အုပ်စုမှ ကိုယ်စားလှယ်များကို ကြိုဆိုဧည့်ခံရန် အရည်အချင်း မမှီပေ။ ဒါ့အပြင် သူကိုယ်တိုင်ကလည်း လူရှုပ်ရှုပ်ယှက်ယှက်ဆိုပါက ခေါင်းကိုက်တတ်သည့် အကျင့်ရှိ၏။ ထို့ကြောင့် ရုံးခန်းသို့သာ လမ်းလျှောက်ပြန်ခဲ့လိုက်သည်။
“ ချီးတဲ့မှ… ဒီလို ရင်းနှီးမြုပ်နှံမှု အကြီးစားကြီးကို ဒီကောင် ဘယ်ကနေ သွားရလာခဲ့တာ…” လမ်းလျှောက်ရင်းဖြင့် ကျိုးဖုန်း မကျေမချမ်းဖြစ်စွာ ကျိန်ဆဲလိုက်သည်။
“ ဒီကိစ္စက တကယ်ကြီး နည်းနည်း ထူးတော့ထူးဆန်းတယ်…”
ထိုစကား ပြောလိုက်သူက ကျိုးဖုန်းနှင့် တစ်ရုံးခန်းတည်း။ သို့သော် လက်ထောက်ဒါရိုက်တာဖြစ်သည့် ဖန်ကျီချောင် ဖြစ်သည်။
သူ ယနေ့လို ရာထူးနေရာ ရရှိလာသည်ကလည်း ကျိုးဖုန်းကြောင့် ဖြစ်၏။ လက်အောက်ငယ်သား တစ်ယောက် မဟုတ်သော်လည်းပဲ ကျိုးဖုန်း ပြောသမျှကို မြေဝယ်မကျ နားထောင်တတ်လေသည်။
“ နောက်ပြီး အဲ့ဒီ လီစီကျင်းရောပဲ… ငါက ရာထူးတိုးပေးမလို့ကို ကောင်မက သူ့အတွက် ဘာက ကောင်းမှန်း နားမလည်ဘူး..”
“ အစ်ကိုဖုန်း … ငါတော့ မင်း လီစီကျင်းကို ချိန်နေတာ ရပ်သင့်ပြီလို့ ထင်တယ်… သူက မတန်ပါဘူး..”
“ ဘာကိစ္စ ရပ်ရမှာ.. ဒီလောက်ကြာပြီးမှ ကောင်တီထဲမှ တစ်ယောက် တွေ့ရတာကို ငါ လုံးဝ လက်မလျှော့နိုင်ဘူး… “ ကျိုးဖုန်း လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် ပြောလိုက်၏။
“ ဟိုကောင် လင်းရီကြောင့်သာ မဟုတ်ရင် သူ ငါ့ကို အဲ့လိုမျိုး ဆက်ဆံနေမှာ မဟုတ်ဘူး…”
“ မင်း သူ့ကို အဲ့လိုလည်း အပြစ်သွားတင်လို့ မရဘူးလေ.. လင်းရီက အမှန်လည်း တက်ကြွတယ်… ပြီးတော့ နှစ်ယောက်လုံးကလည်း တစ်ရုံးတည်းသားချင်းတွေ… လီစီကျင်း သူ့အပေါ် စိတ်ဝင်စားသွားတာ မထူးဆန်းပါဘူး… ငါတို့ အတင်းအကျပ် လုပ်ယူလို့မှ မရတာ….”
“ ငါ အခု ဒီလိုပုံစံ ဆက်သွားနေလို့တော့ မရတော့ဘူး… ငါ သူ့ကို ချိန်နေတာကြာလှပြီ… တစ်နည်းနည်းနဲ့ အမိဖမ်းနိုင်အောင်တော့ ကြံမှရမယ်…”
“ အစ်ကိုဖုန်း… ငါတို့ကောင်တွေက လူကြီးတွေလည်း ဖြစ်ကုန်ပါပြီကွာ… တစ်ယောက်ဆို တစ်ယောက်၊ ပိတောက်ဆို ပိတောက်တွေ လုပ်နေစရာ မလိုပါဘူး…” ဖန်ကျစ်ချောင် ပြောလိုက်ပြီး “ ကော်လုဆိုရင်ကော ဘယ်လိုလဲ…”
“ မားချန့် ဌာနက လက်ထောက်ဒါရိုက်တာလား…”
“ အင်း… ဟုတ်တယ် သူ….”
“ မဆိုးပါဘူး… ဒါပေမယ့် လီစီကျင်းလောက်တော့ မလှဘူး… ပြီးတော့ သူ့ ပုံစံကြည့်ရတာ နည်းနည်းလေး ဆတ်ကော့လတ်ကော့ နိုင်မယ့်ပုံပဲ… ငါ့ type မဟုတ်ဘူး… မဟုတ်ရင် ငါ လှုပ်ရှားပြီးတာ ကြာလှပေါ့…”
“ အဲ့တာကို ကိုယ်က မေ့ထားလိုက်… ကိုယ့်လက်ထဲရောက်မှ ကိုယ့်အကြိုက် ပုံစံပြန်သွင်းလို့လည်း ရသားပဲ… ပြီးတော့ အစ်ကိုဖုန်းသာ သူ့ကို ပိုင်နိုင်သွားခဲ့ရင် အကျိုးကျေးဇူးတွေက လုံးလုံး မသေးဘူးနော်…” ဖန်ကျစ်ချောင် ပြောလိုက်ပြီး “ ပြီးတော့ သူ့မိသားစုက သောက်ရမ်းလည်း ချမ်းသာတာ….”
“ ဟေ့ကောင်… လာနောက်မနေစမ်းနဲ့… မာစီးဒီး c-class မောင်းတာကို ချမ်းသာတယ်လို့ မင်းက ပြောနေတာလား… ယွမ် သုံးသိန်းလောက်ပဲ ရှိတာကို ငါလည်း တတ်နိုင်ပါတယ်ဟ….”
“ အစ်ကိုဖုန်း မင်း မသိတာတွေ ရှိသေးတယ်..” ဖန်ကျစ်ချောင် ပြောလိုက်ပြီး “ ငါ ဒီရက်ပိုင်းထဲ သူနဲ့ အပြင်သွားတုန်းက မမျှော်လင့်ပဲ သဲလွန်စ တစ်ခု တွေ့လိုက်ရတာ သူ့မိသားစုက ယွီဟန်က ချမ်းသာတဲ့ မိသားစု တစ်ခုကဆိုပဲ… ငါ တပ်အပ်တော့ မပြောနိုင်ဘူး ဆိုပေမယ့် သူတို့ရဲ့ ကြွယ်ဝမှုက ယွမ်သန်းရာချီလောက်တယ်…”
“ အာ… ယွမ်သန်းရာချီတောင်မှပေါ့ ဟုတ်လား…”
ကျိုးဖုန်း ကြက်သေသေသွားခဲ့၏။ “ မင်း ပြန်ပြောစမ်း… သူ့မိသားစုက ဘယ်လောက်တောင် ချမ်းသာတာ…”
“ ယွမ်သန်းရာချီ… ပြီးတော့ အဲ့တာက ခန့်မှန်းခြေပဲ ရှိသေးတာနော်… အဲ့ထက်ပိုများဖို့ပဲ ရှိတယ်… အဲ့အောက်တော့ မရှိဘူး…”
“ မဖြစ်နိုင်တာ… သူသာ အဲ့လောက် ချမ်းသာနေရင် ဒီလိုနေရာမျိုးမှာ အလုပ်လာလုပ်နေပါ့မဦးလားဟ….”
“ မနေ့က သူ(မ)ပြောတာတော့ သူ့ရဲ့ အစ်ကိုကြီးကပဲ မိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဆက်ခံမှာတဲ့… သူကကျ စီးပွားရေး ကိစ္စတွေလည်း စိတ်မဝင်စားဘူး.. စားလိုက်၊ အိတ်လိုက်၊ ဘာမှမလုပ်လိုက်နဲ့… ပုံမှန် ချမ်းသာတဲ့ ဒုတိယပုံစံမျိုးပဲ… ပြီးတော့ အစိုးရ အဆက်အသွယ် တစ်ချို့လည်း ရှိထားသေးတယ်ဆိုပဲတဲ့နော်… ဒီလာပြီး အတွေ့အကြုံ ဘယ်လောက်ဆိုတဲ့ မှတ်တမ်းကို လာယူရုံသပ်သပ်ပဲ.. အချိန်ပြည့်တာနဲ့ ယွီဟန်ကို ပြန်သွားတော့မှာ… ဟိုမှာ ရာထူးက ရေကန်အသင့် ကြာအသင့်နဲ့… “ ဖန်ကျစ်ချောင် အာပေါင်အာရင်း သန်သန်ဖြင့် ရှင်းပြနေပြီး သူ ပြောလေလေ ၊ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည်။
“ အစ်ကိုဖုန်း… မင်းသေချာလေး စဉ်းစားကြည့်…. မင်း အခုလို ကောင်တီမှာ အလုပ်တွေ ကြိုးစားနေတာ နောင်ကျ ယွီဟန်ကို ပြောင်းရွေ့ချင်လို့ပဲ မဟုတ်ဘူးလား… မင်းသာ သူ့ကို ပိုးပန်းနိုင်မယ်ဆိုရင် သူ့မိသားစုရဲ့ အကူအညီနဲ့ အသာလေးပဲ… မင်း အနာဂတ်က မမှားနိုင်တော့ဘူး…”
ကျိုးဖုန်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ပြီး သူ၏ စိတ်ခံစားချက်များကိုပင် မထိန်းချုပ်နိုင် ဖြစ်သွားခဲ့သည်။
“ မင်းပြောသလိုဆို ကော်လုကို ရရင် ရမယ့် အကျိုးအမြတ်တွေက လီစီကျင်းထက်ကို များနေတာပဲကွ….”
“ ဒါပေါ့… လီစီကျင်းက သူ့ထက် နည်းနည်းလေး ပိုလှပြီးမှ ကိုယ်လုံးကိုယ်ပေါက် ပိုသာတာပဲ ရှိတာ… ကော်လုလည်း မဆိုးပါဘူး… စကားတောင် ရှိသေးတယ်မလား… လှတာမက်ရင် ညစာခက်မယ်တဲ့… ဟုတ်တယ်ဟုတ်…”
“ သိပ်ဟုတ်တာပေါ့…”
ကျိုးဖုန်း၏ မျက်ဝန်းတစ်ခုလုံး အရောင်တဝင်းဝင်းနှင့် ဖြစ်နေပြီး “ သေစမ်းကွာ… သူ ဒီရောက်နေတာ နှစ်ဝက်တောင် ရှိနေပြီ… ငါ ဘာလို့ ခုမှ သတိပြုမိရတာလဲ… စောကတည်းကသိရင် သူ့ကို သေချာပေါက် ပိုးပန်းပါတယ်…”
“ အဲ့တာကလည်း ငါတို့တွေ တစ်ခါမှ တွေ့ခွင့် မကြုံသေးလို့လေ… ငါတောင် တော်တော်လေး တိုက်ဆိုင်သွားလို့ သိခဲ့ရတာ… မဟုတ်ရင် သိမှာ မဟုတ်ဘူး…”
ကျိုးဖုန်း သူ၏ နာရီကို ငုံကြည့်လိုက်သည်။
“ ၁၁ တောင် ကျော်နေပြီ… ထမင်းစားဖို့ အချိန်ရောက်တော့မယ်… ငါ သူ့ကို ထမင်းအတူစားဖို့ သွားပြောလိုက်တော့မယ်…”
“ ဒါဆိုလည်း ငါ့ အစ်ကိုဖုန်း အောင်မြင်ပါစေဖို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ… ဟားဟား…..”
“ အသေးမွှားလေးပါ…” ကျိုးဖုန်း ရယ်မောလိုက်ရင်း “ လီစီကျင်းလို စော်လေးတွေက နည်းနည်း လွှမ်းမိုးနိုင်ဖို့ ခက်တယ်… ဒါပေမယ့် ကော်လုဆိုရင်တော့ ငါ့မှာ ယုံကြည်ချက် အပြည့်ရှိပြီးသား…”
“ သူ နေ့တိုင်း ဘယ်လို ဝတ်စားတယ်… လမ်းဘယ်လိုလျှောက်တယ်ကို ကြည့်လိုက်… တစ်ချက်ကြည့်လိုက်တာနဲ့ မြေခွေးမလေးဆိုတာ လူတိုင်း ပြောနိုင်တယ်… “
“ အစ်ကိုဖုန်းရဲ့ လက်စွမ်းတွေနဲ့ဆိုရင် အသာလေးပါ ဟဲဟဲ..”
“ ဟားဟား… မြှောက်ပင့်နေစရာ မလိုဘူး… ငါနဲ့ တစ်ချက်လောက် လိုက်ကြည့်လှည့်….”
“ သွားစို့…”
မကြာမီ နှစ်ယောက်သားလုံး ရုံးခန်းရှေ့သို့ ရောက်လာခဲ့ကြပြီး လူနှစ်ယောက်မှ အိတ်ကြီးအိတ်ငယ် အသွယ်သွယ်ကို ကိုင်လျက် ကော်လု၏ ရုံးခန်းထဲသို့ ဝင်လာလေသည်။
ထို့နောက် များမကြာမီ ပစ္စည်းများအား ချပေးပြီးနောက် ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့၏။ ကျိုးဖုန်းတို့ နှစ်ယောက်လည်း များများ စဉ်းစားမနေဘဲ အထဲ ဝင်လာခဲ့ကြသည်။
ကျိုးဖုန်း ကော်လု၏ အသွင်သဏ္ဌာန်ကို သေချာလေး အကဲခတ်ကြည့်မိသည်။
သူမက အပြာရောင်ဂျင်းနှင့် အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို စီးနင်းထားပြီး အထဲတွင် ဘလောက် ရင်ရှိုက်အတိုတစ်ထည် ခံဝတ်ထားကာ ၎င်းအပေါ်တွင်တော့ လူ၏ အတွေးစိတ်ကူးများကို ရိုင်းစိုင်းသွားစေမည့် ပိုးဇာလွှာ ဂျက်ကတ်တစ်ထည်အား ဝတ်ဆင်ထားလေသည်။
ကော်လု၏ စားပွဲတွင် အရွယ်အစား အမျိုးမျိုးဖြင့် နေ့လည်စာဘူးများ ဆယ်ဘူးထက်မနည်း ရှိနေပြီး ဟင်းအမယ်တို့ကလည်း ဖွယ်ဖွယ်ရာရာပင်။
ထို့ပြင် ဘေး၌ အသီးများထည့်ထားသည့် အိတ်ကလည်း ရှိနေသေး၏။
ဒါကြီးက နေ့လည်စာပေါ့… လက်မဖွာ မလွန်းဘူးလား…
ကျိုးဖုန်း ရှော့ခ်ရသွားခဲ့သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် သူမက သူဌေးသမီးတစ်ယောက်ဖြစ်ကြောင်းကို အေးဆေးလေး ပြောနိုင်သည်။
နေ့လည်စာကို ဒီလောက် ခမ်းခမ်းနားနားကြီး လိုလို့လားဟ… ငါဘာလို့ သူ့ကို အရင်တုန်းက သတိမပြုမိခဲ့တာပါလိမ့်…
“ အိုးဟိုး ဒါရိုက်တာကော်… နေ့လည်စာ စားတော့မလို့လား… ဟင်းတွေကလည်း စုံလို့ပါလား….” ကျိုးဖုန်း လူကြီးလူကောင်းသဖွယ် ပြုံးလျက် ပြောလိုက်သည်။
“ သာမန်ပါပဲ သာမန်ပါပဲ…”
ကော်လု စားပွဲပေါ်ရှိ အစားအသောက်များအား ဟိုထုတ် ဒီထည့် ပြုရင်း ပြန်ပြောလိုက်၏။ ကျိုးဖုန်းကို အာရုံစိုက်လိုစိတ် သိပ်မရှိချေ။ ထိုအချင်းအရာကို ကျိုးဖုန်းသိသော်လည်း သူ မသိကျေးကျွံပြုကာ စကားဝိုင်း တစ်ခု ဖန်တီးရန် ကြိုးစားလိုက်၏။
“ ဒီလောက် အများကြီးကို ဒါရိုက်တာကော်က ကုန်နိုင်လို့လား…”
“ ကျွန်မစားဖို့ မဟုတ်ဘူး… သူများအတွက်…”
ကျိုးဖုန်း ပြုံးလိုက်သည်။ ကော်လုက အတော်လေး အလိုက်သိသည်ဟု သူ ခံစားမိလိုက်၏။
ဒီလောက် အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ဝယ်ထားတယ်ဆိုတော့ အထက်လူကြီးကို မျက်နှာလုပ်ဖို့ပဲ ဖြစ်ရမယ်… ကြည့်စမ်း… ချမ်းသာတဲ့ မိသားစုက လာတယ်ဆိုပေမယ့် လောက ဓမ္မတာကို နားလည်လိုက်တာများနော်… တော်လိုက်ပါဘိ တော်လိုက်ပါဘိ….
ကျိုးဖုန်း စိတ်ထဲ၌ ကော်လုအပေါ် အမှတ်ကောင်းများ ရက်ရက်ရောရောကြီး ပေးနေလေတော့သည်။
“ ဒီလောက် အများကြီး တစ်ပြိုင်တည်း ဝယ်ထားတယ်ဆိုတော့ တစ်ယောက်တည်း သယ်လို့ နိုင်မှာ မဟုတ်ဘူးမလား… ငါလည်း အားနေတာနဲ့ အတော်ပဲ… ကူညီပေးလို့ရတယ်နော်…”
တစ်ဖက်သူက နေ့လည်စာ စားပြီးပြီဆိုတော့ သူလည်း ရွေ့ဆိုင်းလိုက်ရုံသာ တတ်နိုင်တော့သည်။ သို့သော် အရေးကြီး ကိစ္စတော့မဟုတ်။ သူ ညနေကျ ညနေစာ အတူစားဖို့ကို ထပ်မံ ဖိတ်ခေါ်၍လည်း ရသည်။
တစ်လှမ်းခြင်း၊ တစ်ဆင့်ခြင်း လှုပ်ရှားရမည်။
“ ဒါရိုက်တာကျိုး နေ့လည်စာ သွားစားမှာကို ဒုက္ခပေးမိသလို ဖြစ်သွားမှာပေါ့…”
“ မဖြစ်ပါဘူး … ငါလည်း ဗိုက်မဆာသေးပါဘူး…”
ကော်လု ဆံပင်ကို နားအနောက်သို့ သပ်လိုက်၏။ ဆွဲဆောင်မှု ရှိစွာ ပြုံးလိုက်ရင်း “ ဒါဆိုလည်း ဒါရိုက်တာကျိုးကို ဒုက္ခပေးရတော့မယ်…”