နွမ်းပါးမှု တိုက်ဖျက်ရေး၏ ခြေလှမ်းသစ်
Vol. 91 Ch. 1359
“ နားလည်ပါပြီ အတွင်းရေးမှူးဝမ်… ကျုပ်တို့ အခု လာခဲ့ပါမယ်…”
လိုရင်းကို ပြောပြီးနောက် လီချင်းခိုင် ဖုန်းချပြီး လင်းရီအား ပြောလိုက်၏။
“ သွားစို့… အတွင်းရေးမှူးဝမ်က ငါတို့နှစ်ယောက်ကို လာခဲ့တဲ့… ဘာပြောချင်လို့လဲတော့ မသိဘူး….”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး လီချင်းခိုင်နှင့်အတူ ဝမ်ယွင်ကျန်း၏ ရုံးခန်းထဲသို့ ရောက်ရှိလာသည်။
သူ ဝမ်ယွင်ကျန်း၏ ရုံးခန်းထဲကို ရောက်တော့ သူနှင့် လီချင်းခိုင်သည်သာလျှင် သီးသန့်ခေါ်ဆိုခြင်း ခံရသူ မဟုတ်ကြောင်းကို လင်းရီ သတိပြုမိသွားခဲ့သည်။
ယွီချောင်းရှီနှင့် ကျိုးဖုန်းတို့လည်း ရှိနေကြ၏။
“ လင်းလေး… ရောက်လာပြီလားကွ… လာပါ ထိုင်ပါဦး…”
လင်းရီကို မြင်သည်တွင် ဝမ်ယွင်ကျင်းသည် ဦးလေးတစ်ယောက်နှယ် ကြင်နာစွာ ပြုံးပြပြီး ပြောလိုက်သည်။ သူ လင်းရီကို အင်မတန် သဘောတွေ့နေကြောင်းကို လူတိုင်း ပြောနိုင်သည်။
“ လူလည်း စုံပြီဆိုတော့ အလုပ်ကိစ္စလေး သွားလိုက်ရအောင်…”
ဝမ်ယွင်ကျန်းသည် သူ ထိုင်သည့် ပုံစံကို ချိန်ညှိလိုက်ရင်း “ အခု ရင်းနှီးမြုပ်နှံမှု စုဆောင်းရေးက နောက်ဆုံး အခန်းကို ရောက်လာနေပြီ… ဒါတွေ အားလုံးက လင်းလေးနဲ့ လောင်လီတို့ရဲ့ ကြိုးစားမှု ရလဒ်တွေပဲ… ကောင်တီကိုယ်စား ငါကနေပြီး မင်းတို့ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်…”
“ တကယ်တမ်းကျ ကျုပ်တောင် ဘာမှလုပ်ပေးလိုက်ရတာ မဟုတ်ပါဘူး… ကျုပ်က ဒီတိုင်း အကူအညီပေးရုံ သပ်သပ်ပါပဲ… လင်းရီကပဲ အကုန်လုံးကို လုပ်သွားခဲ့တာပါ…”
လင်းရီ၏ ကြိုးပမ်းအားထုတ်မှုအပေါ် နာမည်ကောင်းယူရန်ကို လီချင်းခိုင် တော်တော်လေး ရှက်နေမိသည်။ ထို့ကြောင့် သူ အပြုံးလေးဖြင့်ပဲ ရှင်းပြလိုက်၏။
“ ဌာနတွင်းမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ငါလည်း သိပါတယ်… မင်းတို့ အားလုံး တော်ကြပါပေတယ်…”
၎င်းကို ကြားတော့ ယွီချောင်းရှီနှင့် ကျိုးဖုန်းတို့၏ အမူအရာများ ချဉ်စူးသွားခဲ့ကြ၏။ သို့သော် သူတို့ ပြောနိုင်တာကလည်း ဘာမှ မရှိပေ။ အားတင်းပြုံး၍ လင်းရီကို ဂုဏ်ပြုပေးရန်သာ တတ်နိုင်ကြသည်။
“ ဒါပေါ့… ဒီကိစ္စ ပြောချင်ရုံလောက်နဲ့တော့ မင်းတို့အားလုံးကို ဒီ ဘယ်ခေါ်လိုက်ပါ့မလဲ…”
လေးယောက်သားလုံး ကျောများ မတ်သွားကြပြီး အာရုံစူးစိုက်လိုက်ကြ၏။
“ မင်းတို့ကို ဒီနေ့ ခေါ်လိုက်ရတာ အဓိကက ဘာကြောင့်လဲဆိုတော့ ငါ့မှာ နွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ ဆက်စပ်နေတဲ့ တစ်စုံတစ်ခု ရှိနေလို့ပဲ…” ဝမ်ယွင်ကျန်း ပြောလိုက်ပြီး “ ငါ ယုံကြည်တယ်… မကြာခင် ငါတို့ ကောင်တီရဲ့ စီးပွားရေး ကဏ္ဍက အရှိန်အဟုန်နဲ့ တိုးတက်လာတော့မယ်… ဒါပေမယ့် ပညာရေးနဲ့ ကျန်းမာရေးကလည်း မေ့ထားလို့ရတဲ့ အရာတွေ မဟုတ်ဘူး… သူတို့ကလည်း ဦးစားပေးရမယ့် အထဲ ပါတယ်… ဒါကြောင့်မို့ ငါတို့ကောင်တီရဲ့ နောက်လာမယ့် အစီအစဉ်တွေ ရေးဆွဲတဲ့ အခါမှာ ဒီ ကဏ္ဍ နှစ်ရပ်ကို အဓိက အာရုံစိုက်ထားကြရမယ်…”
ကျိုးဖုန်း ရင် တစ်ချက် ခုန်ပေါက်သွားခဲ့ပြီး မျက်နှာအမူအရာသည်လည်း သိသိသာသာ ရွှင်ပြလာခဲ့သည်။
သူတို့ ဦးလေးနှင့် ထမင်းစားတုန်းက ယခုကိစ္စကို စကားပြောခဲ့ကြသည်။
စက်မှုဇုန် ဆောက်လုပ်နေခြင်းနှင့်အတူ ကောင်တီ၏ စီးပွားရေး ပြဿနာသည် ဖြေရှင်းပြီးသား ဖြစ်လိမ့်မည်။
ထို့ကြောင့် အနာဂတ်တွင် သူတို့ ဖြေရှင်းရမည့် ပြဿနာက ပညာရေးနှင့် ကျန်းမာရေး ပြဿနာသာလျှင် ကျန်ရှိတော့သည်။
တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် သူ့မိဘများ အနားမယူခင်က တစ်ယောက်သည် ဆေးရုံတစ်ခုရှိ ဒေါက်တာ တစ်ယောက် ဖြစ်ပြီး တစ်ယောက်က ဆရာမ တစ်ယောက် ဖြစ်၏။ သူ့မိဘများ၏ အဆက်အသွယ်များနှင့် ဆိုလျှင် အကူအညီ အများအပြား ရရှိမည်မှာ မြေကြီး လက်ခတ်မလွဲပင်။
ယခင် ရင်းနှီးမြုပ်နှံမှု ကိစ္စ၌ သူသည် လင်းရီထံပါး၌ မျက်နှာပြစရာ မရှိအောင်ကို ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် ယခု အခါတွင်တော့ သူ၏ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆည်ရပေမည်။
နိုင်ငံရေး အောင်မြင်မှု မရှိပါဘဲနှင့်တော့ သူ့အဖို့ ယွီဟန်သို့ ပြောင်းရွေ့ရန်က အတော်လေး ခက်ခဲလိမ့်မည်။ ထို့ကြောင့် ယခု အခွင့်အရေးကို သူ အမိအရ ဆုပ်ကိုင်ရပေမည်။
“ အတွင်းရေးမှူးဝမ်… ဒီနှစ်ခုကို ကျွန်တော်နဲ့ စိတ်ချထားလိုက်ပါဗျ…” ကျိုးဖုန်း စေတနာ့ ဝန်ထမ်းကြီး ပြုလိုက်သည်။
“ မင်းမိသားစုက အဆက်အသွယ် တော်တော်လေး ကောင်းတယ်နဲ့တူတယ်…”
ယင်းက ဝမ်ယွင်ကျန်းကို အံ့အားသင့်သွားစေခဲ့၏။ ထိုသို့ဆိုပါက ယခု ပြဿနာသည်လည်း ပြဿနာ ဟုတ်တော့မည် မဟုတ်ပေ။
ကျိုးဖုန်း ဂုဏ်ယူစွာ ပြုံးလျက် ခေါင်းညိမ့်လိုက်၏။
“ ကျွန်တော့် မိဘတွေက ဒီနယ်ပယ် နှစ်ခုမှာ အလုပ်လုပ်ခဲ့ကြတဲ့ လူတွေလေ… သူတို့မှာ အဆက်အသွယ်တွေ တော်တော်များတယ်… ပင်စင်ယူသွားပြီဆိုပေမယ့် စကားလုံးတွေက ဝိတ်တော့ ရှိနေတုန်းပါပဲ..”
“ မဆိုးဘူး…”
ဝမ်ယွင်ကျန်း တွေးတွေးဆဆနှင့် ခေါင်းညိမ့်လိုက်၏။
“ ငါတို့ ဒီကိစ္စကို တစ်လှမ်းခြင်း တစ်ဆင့်ခြင်း သွားရမယ်… စိန်ခေါ်မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တာက ပိုကောင်းတယ်.. ကျန်းမာရေးကို အရင် ဦးစားပေး စလိုက်ကြတာပေါ့…”
ပြောပြီးနောက် ဝမ်ယွင်ကျန်းသည် လင်းရီကို ကြည့်လိုက်ပြီး “ လင်းလေး… ငါ မင်းရဲ့ အစွမ်းအစကို ယုံကြည်တယ်… မင်းတို့ နှစ်ယောက် ဒီကိစ္စကို အတူဆောက်ရွက်ပြီးတော့မှ ပြီးပြည့်စုံအောင် ကြိုးစားကြကွာ…”
“ အတူဆောင်ရွက်ရမယ်လား…”
ကျိုးဖုန်း ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး ပြုံးလိုက်၏။
“ အတွင်းရေးမှူးဝမ်… အဲ့လို လုပ်စရာ မလိုပါဘူးဗျာ… ကျွန်တော့်မှာ ရှိတဲ့ အဆက်အသွယ်တွေနဲ့ ဆိုရင် ဒီကိစ္စ ကျွန်တော့် တစ်ယောက်တည်းနဲ့တင် ပြီးတယ်.. ဒါရိုက်တာလင်းရဲ့ အကူအညီကို မလိုပါဘူး…”
“ လူများတော့ မင်းအတွက်လည်း ပိုလွယ်တာပေါ့…” ဝမ်ယွင်ကျန်း ပြောလိုက်ပြီး “ မဟုတ်လည်း မင်းတို့နှစ်ယောက် ခွဲပြီး လုပ်ကြပေါ့.... အဲ့လိုဆိုရင်လည်း မင်းတို့နှစ်ယောက်က ကောင်တီအတွက် ကောင်းတဲ့ ကိစ္စတွေ လုပ်နေကြတာပဲလေ… မင်းတို့ လုပ်နိုင်မယ်ဆိုရင် ငါဝမ်းသာပါပြီ…”
စစချင်းတုန်းကတော့ ဝမ်ယွင်ကျန်း ဤတာဝန်ကို လင်းရီတစ်ယောက်တည်းသို့ ပေးချင်ခဲ့သည်။
လင်းယွင်အုပ်စုကို တုံးစန်းကောင်တီ၌ စက်မှုဇုန် တည်ဆောက်ဖို့ ဆွဲဆောင်နိုင်ခဲ့သည်ကို ကြည့်ခြင်းဖြင့် ပေါ့သေးသေးလူ တစ်ယောက် မဟုတ်ကြောင်းကို အလွယ်တကူ သိနိုင်သည်။
သို့သော် ကျိုးဖုန်း၏ မိသားစုကလည်း အဆို နယ်ပယ်၌ အားကောင်းသည့် အဆက်အသွယ်များ ရှိနေလိမ့်မည်လို့ သူ မထင်ထားခဲ့ချေ။
ဤသည်က အချိုပေါ် သကာလောင်းလိုက်သလိုပါပင်။
“ ယုံကြည်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးဝမ်… တကယ်တမ်းကျ ကျွန်တော် ဒီလိုလုပ်ဖို့ကို စီစဉ်နေတာ အတော်လေး ကြာပြီ…. ကျွန်တော့်ဘက်က စိတ်မပျက်စေရပါဘူး…” ကျိုးဖုန်း ပြောလိုက်၏။
“ မင်းရဲ့ အလုပ်အပေါ် ထားတဲ့ သဘောထားက တော်တော်လေးကို ကောင်းတာပဲ…” ဝမ်ယွင်ကျင်း စိတ်ဝင်စားသွားခဲ့ပြီး “ ပြောစမ်းပါဦး… မင်း ဘယ်လိုတွေ စဉ်းစားထားလဲ…”
“ နောက် ဆယ်ရက်ကျော်ဆိုရင် အပြည်ပြည်ဆိုင်ရာ အသည်းရောင် ရောဂါ-ဘီ ကာကွယ်ရေးနေ့က ရောက်တော့မှာ… ကျွန်တော့်ဘက်က ထူးချွန်တဲ့ သမားတော်တစ်ချို့ကို ပင့်ဖိတ်ပြီးမှ ကျွန်တော်တို့ ကောင်တီက ဒေါက်တာတွေကို ဆေးဘက်ဆိုင်ရာ အသိပညာတွေ သင်ကြားထောက်ပြပေးဖို့ စီစဉ်ထားတယ်…”
“ အကြံကောင်းပဲ… ကောင်တီကို ဆေးဝါး အကူအညီတွေ တိုက်ရိုက် ရောက်လာအောင် လုပ်တာက ငါတို့ရဲ့ ရည်မှန်းချက် မဟုတ်ဘူး… လေ့ကျင့်ပေးခြင်းက အရေးကြီးတဲ့ အချက်ပဲ….”
ဝမ်ယွင်ကျန်း ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်ပြီး လင်းရီကို ကြည့်လိုက်သည်။
“ လင်းရီ… မင်းရော ဘယ်လိုထင်လဲ…”
“ ကျွန်တော်လား… ဒီကိစ္စ သေချာမစဉ်းစားရသေးတော့ ဘာလုပ်ရမလဲ မသိသေးဘူး.. သေချာလေး စဉ်းစားလိုက်ပါဦးမယ်…”
“ အချိန်ယူပါ.. အလျင်လို စရာ မလိုဘူး.. ပြန်ပြီး သေချာလေး အစီအစဉ်ဆွဲလိုက်… ကောင်းကောင်းလုပ်….”
ဝမ်ယွင်ကျန်း ပြောလိုက်ပြီး “ အနှစ်ချုပ်ရမယ်ဆိုရင် ဒါက ငါတို့ ကောင်တီရဲ့ နောက်လှမ်းမယ့် ခြေလှမ်းပဲ… ဘယ်လို လုပ်မလဲဆိုတာကတော့ မင်းတို့တွေ အပေါ် မူတည်သွားပြီ.. စည်းမျဉ်းတွေကို မဆန့်ကျင်သရွေ့ မင်းတို့ကို မီးစိမ်းပြပေးမယ်… ဆင်းရဲတွင်းကလွတ်ဖို့အတွက် မင်းတို့တွေ ဒီတိုက်ပွဲမှာ နိုင်အောင် တိုက်ကြရမယ်… ကောင်တီရဲ့ ပြည်သူတွေအတွက် မင်းတို့ ကြိုးပမ်းရမယ်... ”
“ ဟုတ်ကဲ့… တာဝန် ပြီးမြောက်စေရမယ်လို့ ကတိပေးပါတယ်…” ကျိုးဖုန်း စိတ်လှုပ်ရှားတကြီးဖြင့် ပြောလိုက်၏။
သူ့လက်ထဲမှာ ရှိတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် ဒီကိစ္စက သူ့အတွက် လွယ်လွယ်လေးပဲ..
အကျိုးရမှတ် အကုန်လုံးက ဒီတစ်ချီတော့ သူ့အတွက်ပဲ ဖြစ်ရမယ်…
ဘယ်သူ့အတွက်မှ မဖြစ်ရဘူးကွ…
“ ကောင်းပြီ.. အစည်းအဝေးပြီးပြီ… တခြား ပြဿနာတွေ ရှိလာတယ်ဆိုရင်လည်း ငါတို့ နောက်မှ ဆွေးနွေးကြတာပေါ့…”
ရုံးခန်းထဲတွင် အစည်းအဝေးလုပ်သဖြင့် သူတို့တွေ စကားများများ မပြောကြပေ။
လေးယောက်လုံးက တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြ၏။ ကော်ရစ်ဒါတွင် ကျိုးဖုန်းသည် လင်းရီကို ထူးမခြားနားစွာ တစ်ချက် ကြည့်လိုက်သည်။
“ ဒါရိုက်တာလင်း… ဒါက တော်တော်ခက်တဲ့ တာဝန်ပဲနော်… မင်း မြန်မြန် လုပ်ပြီး နောက်မှာ မကျန်နေခဲ့ရင် ကောင်းလိမ့်မယ်….”
“ မင်း ကိစ္စသာ မင်းပိုပြီး စိတ်ပူစမ်းပါ…” လင်းရီ ပြောလိုက်ပြီး “ ဒီလောက်အချိန်အကြာကြီး ဟန်ဆောင်ပန်ဆောင်တွေ လုပ်နေတာတောင် နားမလည်သေးဘူးဆိုတော့ မင်းရဲ့ ဦးနှောက်ပဲ နှေးကွေးနေသလား မသိ….”
လီချင်းခိုင် နဖူးထက်ရှိ ချွေးအေးများအား ခိုးသုတ်လိုက်၏။
လင်းရီက အကုန်ကောင်းတယ်… မကောင်းတာက စကားကို ကြမ်းကြမ်းတမ်းတမ်းကြီး ပြောတတ်တာပဲ…
ဒီမှာ သူ့ဦးလေး တစ်ယောက်လုံးကြီး ရှိနေသေးတယ်ဟ…..
“ မင်းက ဒီတိုင်း ကံကောင်းထောက်မပြီး ကုမ္ပဏီတစ်ချို့ ဆွဲသွင်းလိုက်နိုင်တာနဲ့ပဲ ကိုယ့်ကိုယ်ကို အကုန်လုပ်နိုင်ပြီ ထင်မနေနဲ့… “ ကျိုးဖုန်း အေးစက်စက် ပြောလိုက်သည်။
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ငါတွေးနေတာလည်း အဲ့လိုပဲ.. ငါ့ကိုယ်ငါ ဘက်စုံတော်တဲ့ ကောင်လို့ ထင်တယ်…. ငါမလုပ်နိုင်တာ ဘာမှကို မရှိတာ… မင်း ဘာထပ်ပြောချင်သေးလဲ…”
ကျိုးဖုန်း “ …. “
ယွီချောင်းရှီ “ …. “
မင်းက ဒီလို ပြောလိုက်မှတော့ ငါတို့က ဘာ ပြန်ပြောရတော့မှာတုန်း….