လင်းရီ ချက်ပြုတ်နေပြီ
Vol. 91 Ch. 1363
ပွဲကျင်းပသည့် နေရာအတွင်းသို့ ဝင်ရောက်လာပြီးနောက် လင်းရီ နောက်တန်းတွင် မတ်တပ်ရပ်နေရင်းဖြင့် နေရာတစ်ခုလုံးကို ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်သည်။
ခေတ္တကြာ ရှာဖွေပြီး နောက်ဆုံးတွင် ရှေ့တစ်တန်း၌ ချောင်ရှင်းနှင့် အတူ ထိုင်နေသည့် လီချူးဟန်ကို လင်းရီ ရှာတွေ့သွားခဲ့သည်။
စင်ပေါ်၌ အသက်သုံးဆယ် အရွယ်ရှိမည့် အမျိုးသားတစ်ဦးက မိန့်ခွန်းပြောကြားနေသည်။ သူ၏ လှုပ်ရှားမှုတိုင်းက သေသပ်မှု ရှိပြီး စကားတစ်ခွန်းတွင် အင်္ဂလိပ်စကားက သုံးလုံးလောက် ညှပ်ပြောနေပြီး….
အထင်ကြီးစရာပင်။
လင်းရီ ဝင်လာသည်ကို မြင်တော့ စင်အောက်တွင် နားထောင်နေသူအားလုံး ဘေးရှိ လူအချင်းချင်း တီးတိုး ဆွေးနွေးကြတော့၏။ တီးတိုးသံများက တစထက် တစ ကျယ်လောင်လာကာ နေရာတစ်ခုလုံး ဆူညံလာခဲ့သည်။
ရလဒ် အနေဖြင့် စင်ပေါ်တွင် စကားပြောနေသည့် လူသည် ကသိကအောက် ဖြစ်စွာ မျက်မှောင်ကြုတ်လိုက်မိပြီး မျက်နှာတစ်ခုလုံး ဒေါသခိုးဝေလာခဲ့တော့၏။
လင်းရီ များများစားစား အမှုထားမနေချေ။ သူနှင့် ရင်းနှီးသူများကို ခေါင်းညိမ့်ပြလိုက်ပြီး လီချူးဟန်ဘေးနား အပြုံးလေးဖြင့် ဝင်ထိုင်လိုက်၏။
မျက်နှာ အမူအရာ ကင်းမဲ့စွာဖြင့် လက်ချာ နားထောင်နေသည့် လီချူးဟန်သည် လင်းရီကို မြင်တော့ သူမ၏ ပျော်ရွှင်မှုများကို မည်သို့မျှ ချုပ်ထိန်းမရနိုင်ချေ။
ရေခဲတုံးလို မျက်နှာကြီးက ယခုအခါ ပျားရည်တမျှ ချိုမြိန်နေတော့၏။
“ ငါ မင်းကို လာတွေ့တာ…”
“ ဒါဆိုလည်း သွားစို့လေ… ငါလည်း ဆက်ပြီး နားထောင်စရာ မလိုတော့ပါဘူး..” လီချူးဟန် ပြောလိုက်သည်။
“ ဘာလို့ ဆက်နားမထောင်တော့တာ… ငါ့ကြောင့်နဲ့ မင်း အလုပ်တွေ မပျက်စေနဲ့လေ…”
“ စစချင်းတုန်းက ငါလည်း ဒီ တွေ့ဆုံပွဲကို မလာချင်ဘူး… ဒါပေမယ့် မွန်းလွဲပိုင်းမှာကျ ဆေးဘက်ဆိုင်ရာ ညီလာခံ တစ်ခုက ရှိသေးတယ်လေ… မတက်ချင်တာနဲ့ ဒီလာခဲ့လိုက်တာပဲ..”
“ အဆင်ပြေပါတယ်.. ဆက်ပြီး နားထောင်လိုက်ပါ…” လင်းရီ ပြောလိုက်ပြီး “ ဒီမှာ သူများတွေလည်း အများကြီးပဲ… မင်းက ဟွာရှန်းဆေးရုံရဲ့ အမျိုးသမီး ပုံရိပ်လေ… မင်းသာ ထထွက်သွားလိုက်မယ်ဆို ဆေးရုံကိုလည်း ထိခိုက်သွားမှာပေါ့…”
“ အွန်း… နင့်စကားမို့ နားထောင်လိုက်မယ်…” လီချူးဟန် ညင်သာစွာ ပြောလိုက်၏။
သုံးယောက်သား အချင်းချင်း တီးတိုး တွတ်ထိုးနေစဉ် စင်ပေါ်တွင် စကားပြောနေသည့် လူသည် မသိစိတ်အလျောက် လင်းရီကို ကြည့်လိုက်ပြီး အမူအရာ ပြောင်းလဲခြင်း မရှိပါဘဲ သူ ပြောစရာ ရှိသည်များကို ဆက်လက် ပြောကြားသွားခဲ့၏။
“ ဆေးရုံက ခုတလော အလုပ်တွေ ရှုပ်နေလား…” လင်းရီ သာမန်လျှံကာ မေးကြည့်လိုက်သည်။
“ ဒီလိုပါပဲ… “ လီချူးဟန် ပြောလိုက်ပြီး “ ငါက အဓိက ခွဲစိတ်မှုတွေ လုပ်တယ်… အသေးမွှား အများစုကိုကျ ချောင်ရှင်းနဲ့ ကျန်တဲ့လူတွေ လုပ်တယ်…”
“ ဟုတ်လား…” လင်းရီ ချောင်ရှင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး “ မင်းက အခု ခေါင်းဆောင် ခွဲစိတ်ဆရာဝန် လုပ်လို့ရနေပြီပေါ့…”
“ မလုပ်နဲ့ မလုပ်နဲ့ အစ်ကိုရီ… ညီမကို လာစ,မနေနဲ့… ညီမတို့ချင်း တစ်နေ့တည်းအတူတူ အလုပ်ဝင်ကြတာတောင် အစ်ကိုရီက နှစ်ဝက်တည်းနဲ့ ဌာန ဒါရိုက်တာ ဖြစ်လာတယ်.. ညီမက ခုမှ ခွဲစိတ် စားပွဲပေါ် စပြီး အလုပ်လုပ်နိုင်ရုံ ရှိသေးတာ… ဒီက မနှိုင်းယှဉ်ဝံ့ပါဘူးနော်..”
“ ဖြည်းဖြည်းပေါ့… ဒီလို အရာတွေဆိုတာ လောလို့ ရတဲ့ အရာတွေမှ မဟုတ်တာ…”
“ အစ်ကိုရီ ဒီလာခဲ့တာ ကိစ္စ တစ်ခုခု ရှိလို့လားဟင်…” ချောင်ရှင်း မေးလိုက်၏။
“ ဟုတ်တယ်… ငါ လတ်တလော တုံးစန်းကောင်တီမှာ နွမ်းပါးသူတွေကို ကူညီပေးနေတာ မင်းလည်း အသိ … အဲ့က အခြေခံ ကျန်းမာရေးက တကယ့်ကို အားနည်းတယ်… ငါ ဆေးရုံက ဒါရိုက်တာနဲ့ ဆွေးနွေးပြီးမှ ကျေးလက်ဘက်ကို ခရီးထွက်ပြီး အဲ့က ဆရာဝန်တွေရဲ့ အရည်အချင်းကို မြင့်တင်ပေးနိုင်မလားဆိုတာ ကြည့်ကြည့်မလို့…”
“ ငါကတော့ အဆင်ပြေတယ်နော်..” လီချူးဟန် ပြောလိုက်သည်။
“ ညီမလည်း အဆင်ပြေတယ်..” ချောင်ရှင်း ပြောလိုက်၏။
“ ဒါပေမယ့် အဲ့လို ကိစ္စကြီးကျ ညီမတို့ နှစ်ယောက်တည်းနဲ့ ဖြစ်မှာ မဟုတ်ဘူး…. ဒါပေမယ့် တကယ်လို့ အပေါ်ယံ သွားလည်ပေးရုံလောက် ဆိုရင်တော့ ညီမတို့ နှစ်ယောက်တည်းနဲ့တင် အဆင်ပြေတယ်… ဒါရိုက်တာလီရဲ့ ဂုဏ်သတင်းနဲ့သာဆိုရင် ကောင်တီက ဆေးရုံ ဒါရိုက်တာတောင် ညီမတို့ကို ကိုယ်တိုင်ကိုယ်ကျ လာကြိုပေးရဦးမယ်… ဒါပေမယ့် အဟုတ်လုပ်မှာဆိုရင်တော့ လုံလောက်မှာ မဟုတ်ဘူး…”
“ ရတယ်… ငါ ဒီကိစ္စ ခေါင်းဆောင်နဲ့ ပြောလိုက်မယ်…” လီချူးဟန် ပြောလိုက်သည်။
“ မလိုဘူး… ငါပဲ သွားလိုက်မယ်…”
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း….
နှစ်ယောက်သား စကား ပြောဆိုနေတုန်းမှာပဲ ပွဲကျင်းပရာ နေရာ တစ်ခုလုံး လက်ခုပ်တီးသံများ ပျံ့လွင့်သွားခဲ့သည်။
စင်ပေါ်ရှိ အမျိုးသားသည် ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်ပြီး သူ၏ မိန့်ခွန်းကို နိဂုံးချုပ်လိုက်၏။
“ နောက်ဆုံးတော့ ပြီးသွားပြီပေါ့… ထိုင်ရလွန်းလို့ ဖင်နဲ့ ကျောလည်း နာလှပြီ…” ချောင်ရှင်း ပျင်းရိစွာ အညောင်းဆန့်၍ ပြောလိုက်ပြီး “ ဒါရိုက်တာလီ.. ခဏကျရင် နောက်တစ်ယောက် ကလှည့် ရောက်လာဦးမှာ.. ကျွန်မတို့ တိတ်တိတ်လေး ထွက်သွားကြရင်ကော… ခုချိန် ထွက်သွားမယ်ဆို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူးနော်…”
“ ကောင်းသားပဲ… ငါလည်း ဆက် နားမထောင်ချင်တော့ဘူး..”
အကယ်၍ လင်းရီသာ ရောက်မလာခဲ့ဘူးဆိုပါက လီချူးဟန် နည်းနည်းကြာအောင် ထပ်နေမိဦးမည်။ သို့သော် ယခု သူမ ရင်ဘက် တစ်ခုလုံးက တလှပ်လှပ်ဖြစ်နေပြီး ထိုင်ခုံ၌ ငြိမ်ငြိမ် မထိုင်နိုင်တော့ချေ။
“ မြန်မြန် မြန်မြန်… မြန်မြန်သွားကြမယ်… ဒါရိုက်တာချီ ဒီဘက်လှမ်းလာနေပြီ…”
လင်းရီ လှမ်းကြည့်လိုက်တော့ စောနက စင်ပေါ်တွင် စကားပြောဆိုနေသည့် အမျိုးသားက သူတို့ဘက် လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။
သို့သော် သူ မမေး မမြန်းနိုင်ခင်တွင် ချောင်ရှင်းသည် သူ့လက်မောင်းကို ဆွဲပြီး လီချူးဟန်ကို အခြား လက်တစ်ဖက်ဖြင့် တွဲထားကာ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးချင်နေလေသည်။
“ သူက ဘယ်သူမို့လို့…” လင်းရီ မေးလိုက်၏။
“ ဦးနှောက် ခွဲစိတ် ဌာနက လက်ထောက် ဒါရိုက်တာ အသစ်လေ… ချီဝန်ကွမ်း…” ချောင်ရှင်း ပြောလိုက်၏။
“ သူက အမြဲတမ်း ဒါရိုက်တာလီအနားလာပြီး အကူအညီတောင်းတတ်တယ်… ညီမတော့ သူ့ သဘောက ရိုးတယ်လို့ မထင်ဘူး… မြန်မြန် သွားကြစို့…”
ပြောပြီးနောက် ချောင်ရှင်းသည် သူတို့ လက်မောင်းနှစ်ဖက်အား ဖက်၍ အလျင် အမြန် ထွက်ခွာရန် ဟန်ပြင်လေသည်။ သို့သော် သူမ အနည်းငယ် နောက်ကျသွားခဲ့သည်။
“ ဒါရိုက်တာလီ… ခုနက ကျွန်တော် ပြောသွားခဲ့တာတွေကို ဘယ်လိုထင်လဲ…” ချီဝန်ကွမ်း အနားသို့လာရင်း မေးလေသည်။
“ အတော်လေး ကောင်းပါတယ်…” လီချူးဟန် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ပြီး သိပ် စကား အများကြီး မပြောချင်သည်မှာ သိသာသည်။ သူမ လင်းရီကို အထင် မလွဲသွားစေချင်ပေ။
ချီဝန်ကွမ်း လင်းရီထံသို့ ကြည့်၍ ပြုံးပြလိုက်၏။
“ ချောင်ရှင်း… ဒါ နင့် ကောင်လေးလား…”
“ ငါက အစ်ကိုလီလို ကောင်လေးမျိုး ရနိုင်မှာတဲ့လား.. သူက ဒါရိုက်တာလီရဲ့ ကောင်လေး…”
“ ဟင်… ဒါရိုက်တာလီရဲ့ ကောင်လေး ဟုတ်လား…” ချီဝန်ကွမ်း မသိမသာ မျက်မှောင်ကြုတ်မိသွားခဲ့ပြီး “ ဒါရိုက်တာလီမှာ ကောင်လေး ရှိလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့မိဘူး.. သူလည်းပဲ ဆေးနယ်ပယ်ကပဲလား..”
“ အရင်ကပေါ့… ခုတော့ မနှစ်ကတည်းက နှုတ်ထွက်လိုက်ပြီ…”
“ နှုတ်ထွက်လိုက်တယ်လား…” ချီဝန်ကွမ်း ရေရွတ်လိုက်ပြီး “ ကျွန်တော်က နိုင်ငံကို ပြန်လာတာ မကြာသေးဘူးဆိုပေမယ့် အမေရိကန်မှာ နေတုန်းက သတင်းတစ်ချို့ ကြားလိုက်ရတယ်.. မနှစ်က ဆေးပညာ လောကကို သန့်ရှင်းရေး နည်းနည်းလုပ်လိုက်သေးတယ်ဆိုပဲ … ဒေါက်တာတွေ တော်တော်များများကြီးကို နှုတ်ထွက်ကြတာ… မစ္စတာလင်းရော အဲ့အချိန်တုန်းက နှုတ်ထွက်သွားခဲ့တာများလား…”
“ ဆိုပါတော့…”
“ ဒါဆိုရင်တော့ ပြောစရာ မရှိတော့ပါဘူး..” ချီဝန်ကွမ်း ပြောလိုက်ပြီး “ ဒေါက်တာ တစ်ယောက်က စိတ်နေစိတ်ထား မြင့်မြတ်ရတယ်… လူတစ်ယောက်က ပရော်ဖက်ရှင်နယ် ကျင့်ဝတ်ကိုမှ မထိန်းသိမ်းနိုင်ဘူးဆိုရင် လုံးဝကို လက်ခံနိုင်စရာ မရှိဘူး… ဆေးကုတာနဲ့ အသက်တွေကို ကယ်တင်တာကို တာဝန် တစ်ခု အနေနဲ့ မှတ်ယူရမယ်… တကယ်လို့ အိတ်ကပ်ထဲ ပိုက်ဆံထည့်ဖို့လောက်ပဲ ချောင်းနေမယ်ဆိုရင်တော့ အနှေးနဲ့ အမြန် ပြဿနာတက်မှာက ပုံမှန်ပါပဲ.. နှုတ်ထွက်လိုက်တာက တကယ့်ကို သိပ်ကောင်းတဲ့ ရွေးချယ်မှုပဲ…”
“ ဒါရိုက်တာချီ… အစ်ကိုရီ နှုတ်ထွက်သွားတာက အဲ့ဒီ ကိစ္စနဲ့ ဘာမှမဆိုင်ဘူး…” ချောင်ရှင်း ပြောလေသည်။
“ ငါနားလည်တယ်… မင်း ရှင်းပြစရာ မလိုဘူး… ငါ နားလည်တယ်..” ချီဝန်ကွမ်း အပြုံးလေးဖြင့် ပြောလိုက်၏။
“ မင်း ဘာမင်း ကြိုက်သလို နားလည်… မင်း ပျော်ရင် ပြီးရော… ဘယ်လိုပဲ ဖြစ်ဖြစ် ဒါရိုက်တာလီက ငါ့ကောင်မလေးပဲ…”
ခစ်….
ချောင်ရှင်း မနေနိုင်ဘဲ ရယ်မောမိသွားခဲ့၏။
အစ်ကိုရီက အနုနည်းနဲ့ သူ့ကို သတ်နေတာပဲ..
“ အတွေ့အကြုံ ရှိတဲ့ လူတစ်ယောက်အနေနဲ့ ငါမင်းကို တစ်ခု သတိပေးလိုက်မယ်…” လင်းရီ လေးနက်တည်ကြည်စွာဖြင့် “ ဒီနေ့ခေတ်မှာ ကောင်မလေးတွေက ဥစ္စာမက်ကြတာ များတယ်… ဆင်းရဲလွန်းတာက လက်တွဲဖော် ရှာတဲ့ နေရာမှာ ကောင်းကောင်းကြီး ဒုက္ခပေးလိမ့်မယ်.. မဟုတ်ရင် မင်း အသက် သုံးဆယ်ကျော်တဲ့ အထိ တစ်ကိုယ်တည်း လူပျိုကြီး လုပ်ပေတော့…. ဝမ်းနည်းဖို့ ကောင်းတယ်နော်… ငွေရှာဖို့က ပိုအရေးကြီးနေတာကိုး… မဟုတ်ရင် ကောင်မလေး ရှိခဲ့ရင်တောင် တစ်နေ့ ကိုယ့်အပေါ် ဖောက်ပြန်သွားနိုင်ချေက ခပ်များများဆိုတော့လေ… မင်းရော အဲ့သလို မထင်ဘူးလား…”
“ မင်း…..”
ချီဝန်ကွမ်း၏ မျက်နှာအမူအရာ အေးစက်သွားခဲ့သည်။
“ ငါကတော့ မင်း ထေ့လုံးတွေ သိပ်မသုံးရင် ကောင်းမယ်လို့ ထင်တယ်.. ငါက မေရာ ဆေးခန်းမှာ အလုပ်လုပ်ခဲ့ဖူးတယ်.. ပြီးတော့ အခု ဦးနှောက် ခွဲစိတ် ဌာနရဲ့ လက်ထောက် ဒါရိုက်တာ တစ်ယောက်… သုံးလေးနှစ်ဆို ခေါင်းဆောင် ရာထူးတိုးပြီးမှ ဖြည်းဖြည်းချင်း စီမံခန့်ခွဲရေး အဆင့်ထိ ရောက်လာတော့မှာ… အလုပ်အကိုင် နယ်ပယ်ချင်း ယှဉ်ရင် မင်း ငါ့ကို လာယှဉ်လို့ မရပါဘူး…”
“ ဒါပေမယ့် အဲ့လိုဆိုတော့ရော ဘာအသုံးဝင်လို့.. မင်း အသက်ငါးဆယ် မတိုင်ခင် ဒါရိုက်တာ ဖြစ်လာခဲ့ရင်တောင် မင်းရဲ့ ကျန်းမာရေး၊ မင်းရဲ့ ကြံ့ခိုင်မှုက ခွင့်ပြုမှာ မဟုတ်တော့ဘူး… မင်းမှာ ငွေနဲ့ အဆင့်အတန်း ရှိတယ်ဆိုရင်တောင် ဘယ်သူက မင်းကို စိတ်ဝင်စားမှာ… ပန်းခြံထဲမှာ ကနေတဲ့ အဘွားကြီးတွေဆိုရင်တော့ မပြောတတ်ဘူးပေါ့..” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။
“ ပြီးတော့ ငါ မင်းကို ကြောက်အောင်ဆိုပြီး ခြောက်လှန့်နေတာလည်း မဟုတ်ဘူး… မင်းရဲ့ ရုပ်ရည်နဲ့ဆိုရင် မင်း ဌာန ဒါရိုက်တာ ခေါင်းဆောင် ဖြစ်လာခဲ့ရင်တောင်မှ ပင်စင်ယူပြီးတဲ့ အမျိုးသမီးတွေပဲ မင်း ရှာလို့ရမယ်.. ပန်းခြံထဲက အဘွားကြီးတွေဆိုရင်တောင် မင်းကို ကြိုက်ကြမှာ မဟုတ်ဘူး… ညီကို… မင်းတော့ သည့်ထက် ဆယ်ဆ မက ကြိုးစားရတော့မယ်…”
ချောင်ရှင်း ရယ်မောချင်စိတ်ကို အတင်း ချုပ်တည်းနေရ၏။
အစ်ကိုရီက အံ့ဩစရာပဲ….