နင် ဂရုစိုက်သာ နေတော့
Vol. 91 Ch. 1364
“ မင်း ပေါက်ကရတွေ ပြောနေတာ ရပ်လိုက်ရင် ကောင်းမယ်နော်… လက်ရှိငါက လက်ထောက် ဒါရိုက်တာပဲ ဆိုရင်တောင် ငါ့ဝင်ငွေက မင်းထက် သာတယ်..” ချီဝန်ကွမ်း ယုံကြည်ချက် အပြည့်ဖြင့် ချေပလိုက်၏။
“ ဟွာရှန်းဆေးရုံကိုများ တတိယတန်းစား ဆေးရုံလို့ မင်းထင်နေတာလား…”
“ မင်း ဘယ်လောက် ဝင်ငွေ ရှိလဲ…” လင်းရီ သူ၏ ကားသော့ကို ထုတ်ပြလိုက်ပြီး “ မင်း ဒါမျိုးကား စီးနိုင်လား…”
“ ဘူ… ဘူဂတီ …”
ချီဝန်ကွမ်းသည် လင်းရီလက်ထဲရှိ ကားသော့ကို မြင်တော့ ခေတ္တမျှ အေးခဲသွားခဲ့ပြီး “ မင်း အဲ့လောက် လက်ဖွာတယ်ပေါ့…”
“ ငါ့ဘာငါ လက်ဖွာတာ မင်းနဲ့ ဘာဆိုင်လို့… ဒါပေမယ့် မင်း ဒီလိုကားမျိုး တစ်ခါမှ မမောင်းဖူးဆိုတာတော့ ငါပြောနိုင်တယ်…”
ပြောပြီးနောက် လင်းရီသည် လီချူးဟန်၏ ပခုံးကို ပွေ့ဖက်ရင်း ထွက်ခွာရန် ဟန်ပြင်လိုက်၏။
သို့သော် ထိုအချိန်၌ သူ့အနီးသို့ လူများ စတင် ဝိုင်းအုံလာသည်ကို လင်းရီ သတိပြုမိလိုက်သည်။
“ ဒါရိုက်တာလင်းလည်း ဒီနေ့ အစည်းအဝေးကို ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး… ဂုဏ်ယူစရာပါပဲ..”
လင်းရီ ရောက်လာနှုတ်ဆက်သည့် လူကို သေသေချာချာလေး ကြည့်လိုက်၏။ သူ မည်သူ့ကိုမျှလည်း မမှတ်မိချေ။ သို့တိုင်အောင် လာနှုတ်ဆက်ကြသူတိုင်းအား အားတက်သရော ပြန်လည် နှုတ်ဆက်လိုက်လေသည်။
“ ကျွန်တော်လည်း အားတာနဲ့ ဒီ တစ်ချက် လာကြည့်လိုက်တာ… ဒါပေမယ့် ပြောနေတာတွေက အဓိပ္ပယ် ရှိတာ သိပ်မပါတော့ ဆက်နားမထောင်ဖို့ ဆုံးဖြတ်လိုက်တယ်…”
လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ စင်ပေါ်၌ ယခုလေးတင် မိန့်ခွန်း ပြောသွားသည့်လူက ချီဝန်ကွမ်းပင်။ သူကိုယ်၌ကလည်း အနီးအနားတွင် ရှိနေသည်။ ဒါ မျက်နှာ ဖြတ်ရိုက်လိုက်တာပဲ မဟုတ်ဘူးလား…
“ ပြစ်ချက် တချို့ ရှိတာတော့ အဟုတ်ပဲ… ဘာပဲ ပြောပြော သူကငယ်သေးတယ်လေ… လူတိုင်းက ဒါရိုက်တာလင်းလိုမျိုးမှ မဟုတ်ကြတာ.. မင်းက ဒီလောက် ငယ်ငယ်နဲ့ အဆင့်က အရမ်းမြင့်နေပြီ…”
“ အမှန်ပဲ… ဘာပဲဆိုဆို လူတွေခြား ကွာဟမှုဆိုတာ ရှိရိုးထုံးစံပဲလေ…” လင်းရီ ပြုံးလိုက်ပြီး “ ကျွန်တော် လုပ်စရာလေး ရှိသေးလို့ ခွင့်ပြုပါဦးနော… “
“ ဒါပေါ့ ဒါပေါ့… ဖြည်းဖြည်းသွားပါ ဒါရိုက်တာလင်း…”
လင်းရီ ထွက်ခွာသွားသည်ကို ကြည့်ရင်း လာရောက်နှုတ်ဆက်ကြသည့် ဆေးပညာရှင်များသည် မသိစိတ်အလျောက် ချီဝန်ကွမ်းအား ကြည့်လိုက်ကြ၏။ သူတို့၏ အကြည့်များထဲတွင် သဘောထားကွဲလွဲမှုတချို့ ပါဝင်နေပြီး တစ်စုံတစ်ရာကို မနှစ်သက်နေကြဟန်ပင်။
ချီဝန်ကွမ်း၏ အမူအရာသည် အကျည်းတန်သွားခဲ့၏။
ဒီကောင်က ငါ့ကို လူရှေ့ မရှောင် အရှက်ခွဲသွားခဲ့တာပဲ….
ဒေါသူပုန်ထလျက်ဖြင့် ချီဝန်ကွမ်းသည် ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး ပွဲကျင်းပသည့် နေရာ အပြင်ဘက်သို့ လှည့်ထွက်လာသည်။ ထို့နောက် နေရာလပ် တစ်နေရာသို့ သွား၍ ‘ ဒုတိယ ဒေါ်လေး ‘ဟု ရေးမှတ်ထားသည့် နံပါတ်တစ်ခုအား နှိပ်လိုက်၏။
“ ဟယ်လို ဒေါ်လေး … အလုပ်ရှုပ်နေလား…”
“ ဗျူရိုမှာ ခုလေးတင် အစည်းအဝေးပြီးတာပဲ… ဘာကိစ္စရှိလို့…”
ချီဝန်ကွမ်း၏ ဒုတိယ အန်တီက ဝမ်လီရှား ဖြစ်ပြီး သူ ဟွာရှသို့ ပြန်ရောက်ပြီးနောက် ယခုလို ဟွာရှန်း ဆေးရုံ၌ လက်ထောက်ဒါရိုက်တာ အဖြစ် ပြောင်းရွေ့နိုင်ရေး၌ သူမ၏ အကူအညီ တော်တော်များများ ပါဝင်ခဲ့လေသည်။
“ ဒေါ်လေး မှတ်မိသေးလား … မနှစ်တုန်းက ဆေးပညာ လောကကို သန့်ရှင်းရေး လုပ်ပြီး ဆရာဝန် တော်တော်များများ အလုပ်ဖြုတ်ခံလိုက်ရတဲ့ ကိစ္စလေ…”
“ မမှတ်မိဘဲ ဘယ်နေပါ့မလဲ… နင့် ဒေါ်လေးလည်း အဲ့ဒီ အခွင့်အရေးကို အသုံးချပြီး ရာထူးတိုးလာခဲ့တာပဲလေ..”
“ ကျွန်တော် ဒေါ်လေးကို လူတစ်ယောက် အကြောင်း တိုင်ကြားချင်လို့… သူ့နာမည်က လင်းရီ… သူက မနှစ်တုန်းက လာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ နှုတ်ထွက်သွားခဲ့တဲ့လူပဲ…” ချီဝန်ကွမ်း ပြောလိုက်ပြီး “ ကျွန်တော် ဒီနေ့ သူ့ကို မြင်လိုက်ရတယ်… သူက ဘူဂတီတွေ ဘာတွေနဲ့ဗျ… ဘယ်လောက်တောင် လောဘကြီးပြီး လာဘ်စားထားလဲ အဲ့တာသာ ကြည့်တော့…”
“ လင်းရီ ဟုတ်လား… နင်က လင်းရီကို မြင်ခဲ့တယ်ပေါ့… သူက ဟွာရှန်း ဆေးရုံမှာလား…”
“ ဒေါ်လေး ဘယ်လိုလုပ် သိတာ…”
ဝမ်လီရှား စိတ်ထဲ အနည်းငယ် ပျာယာခတ်သွားခဲ့ပြီး အလျင်စလို မေးလိုက်သည်။
“ ဒီတိုင်းပဲ…. နင်က သူ့ကို ဘာလို့ တိုင်ချက်ဖွင့်ချင်နေရတာ.. နင်တို့နှစ်ယောက် အချင်းများခဲ့ကြတာတော့ မဟုတ်ဘူးမလား…”
“ အချင်းများခဲ့တာတော့ မဟုတ်ဘူး.. ဒါပေမယ့် သူက ကျွန်တော့်ကို လူရှေ့သူရှေ့မှာ စော်ကားခဲ့တာ… သူ လာဘ်ယူထားတဲ့ ငွေတွေနဲ့ ဝယ်ထားတဲ့ ကားကိုတောင် ကြွားသွားသေးတယ်… ကျွန်တော် သည်းမခံနိုင်ဘူး ဒေါ်လေး… ဒေါ်လေးက ဒီကိစ္စတွေအတွက် တာဝန်ရှိတဲ့လူမလား… သူ့ကို သေချာပေါက် ပြင်းပြင်းထန်ထန် ကိုင်တွယ်ပေးရမယ်နော်….”
“ အိုက်ယား… နင်တော့ ဒုက္ခရောက်ဖို့ လက်တစ်ကမ်းလောက်ပဲ လိုတယ်… နင့်ကိုယ်နင် ဘယ်သူ့ကို အပြစ်ပြုမိမှန်းလည်း နင် သိရဲ့လား….”
“ သူက ဒီတိုင်း ဒေါက်တာပဲမလား… အပြစ်ပြုမိတော့ရော ဘာဖြစ်မှာမို့လို့..” ချီဝန်ကွမ်း ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
“ ငါ နင့်ကို ပြောပြလိုက်မယ်… သူက ဟွာရှန်းဆေးရုံ နှလုံးခွဲစိတ်ဌာနရဲ့ လက်ထောက် ဒါရိုက်တာ ဖြစ်ခဲ့ဖူးတယ်… စစ်တပ်ထဲက အကောင်ကြီးကြီး တစ်ယောက်ကိုတောင် သူကိုယ်တိုင်ပဲ ခွဲစိတ်ပေးခဲ့တာ.. ဆေးပညာ အရည်အချင်း တစ်ခုတည်းဆိုရင်တောင် နင်နဲ့ သူ့ကြား ကွာဟချက်က အဝေးကြီးပဲ… ဟွာရှ တစ်ခုလုံး… ဒါမှမဟုတ် ကမ္ဘာတစ်ခုလုံးနဲ့ ခိုင်းနှိုင်းပြီး ပြောရင်တောင် သူက တကယ့် ဒိတ်ဒိတ်ကျဲကြီး တစ်ယောက်လို့ ပြောလို့ရတယ်… နင် သူ့ကို သာမန် ဒေါက်တာလေးပဲလို့ ခေါ်နေရင် နင်ရူးနေတယ်လို့တောင် သူများက ထင်ကြဦးမယ်…”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူ့ အသက်ကြည့်ရတာက ၂၀ ကျော်လောက် ရှိသေးတာကို ဘယ်လိုလုပ် အဲ့လောက် ထူးချွန်နိုင်မှာလဲ…”
“ အင်း… ဒါပေမယ့် သူက ဉာဏ်ကြီးရှင်လေ…” ဝမ်လီရှား ပြောလိုက်ပြီး “ ပြီးတော့ နင် ပြောခဲ့တဲ့ လာဘ်ပေး လာဘ်ယူကိစ္စဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေး.. မနှစ်က အကျင့်ပျက် ခြစားတဲ့ နာမည်စာရင်းကို သူကိုယ်တိုင်ကပဲ ပေးခဲ့တာလေ…”
“ ဆိုတော့… သူက အဲ့ကိစ္စတွေရဲ့ တရားခံပေါ့…….“
“ ဒေါ်လေး နင့်ကို ပြောမယ်… သူက ဆရာဝန် လုပ်တယ်ဆိုတာ ဒီ နယ်ပယ်ကို သူ ဝါသနာပါလို့… ဒေါ်လေး ကြားမိတာတော့ သူ့ကိုယ်ပိုင် ကုမ္ပဏီတွေ အများကြီး ရှိတယ်ဆိုပဲ… ပြီးတော့ သူ့ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးကလည်း ယွမ် ၁၀၀ ဘီလီယမ် ကျော်တယ်… ဘူဂတီ မောင်းတာတောင် သိုသိုသိပ်သိပ် နေတယ်လို့ ပြောရမယ်… သူ့ကို သာမန်လူလို့ မထင်လိုက်လေနဲ့ တူမောင်ရေ.. သူ့ အတွေးတွေကို ဒေါ်လေးတို့လို သာမန်လူတွေက နားလည်နိုင်မှာ မဟုတ်ဘူး…”
ချီဝန်ကွမ်း နေရာ၌ သစ်ငုတ်တွယ်နေမိသကဲ့သို့ ငူငူငိုင်ငိုင်ကြီး ရပ်နေပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်နေလေသည်။
သူသည် ဘက်ပေါင်းစုံကနေ ခြေမွခံလိုက်ရသည်ဟု ခံစားနေရ၏။ အသက်ရှူချိန်ပင် မရလိုက်ပဲ အလဲထိုးခံလိုက်ရလေသည်။
“ ငါ့တူလေး…. သာမန်ဆိုရင်တော့ ဒေါ်လေးရဲ့ ကျိုးဟိုင်က လုပ်ပိုင်ခွင့်တွေနဲ့ နင့်ရဲ့ အနာဂတ် လမ်းကြောင်းက လုံးဝ အဆင်ပြေစေရမယ်လို့ ဒေါ်လေး အာမခံရဲတယ်… ဒါပေမယ့် ခုတော့ ဒေါ်လေးလည်း အာမ မခံနိုင်တော့ဘူး…”
“ ဗျာ… ဒေါ်လေး ဆိုလိုချင်နေတာက….”
“ လင်းရီကို ဒီတိုင်း ပိုက်ဆံပဲ ရှိတယ်လို့လည်း မထင်လိုက်နဲ့… သူ့ အဆက်အသွယ်တွေက နင်ထင်တာထက်ကို ပိုပြီး အားကောင်းတယ်.. “ ဝမ်လီရှား ထိုစကားပြောရင်းဖြင့် အနည်းငယ် ကျောချမ်းသွားခဲ့သည်။
“ သူ့ စကားတစ်ခွန်းတည်းနဲ့ နင့်ဒေါ်လေးတောင် ရာထူးက ပြုတ်သွားနိုင်တယ်.. နင်ဆိုရင် ပြောမနေနဲ့တော့…”
“ သူ… သူက အဲ့လောက်ထိကို အာဏာရှိတယ်ပေါ့…”
“ နင်က ဘယ်လိုထင်နေလို့…” ဝမ်လီရှား မေးလိုက်၏။
“ နင် ဘယ်လိုပဲ ကြည့်ကြည့် လင်းရီဆိုတာ လုံးဝ ပြိုင်ဘက်ကင်းပဲ.. သူ ဘယ်ကိုပဲ သွားသွား လူတွေက သူ့နား ချဉ်းကပ်ချင်နေကြတာကို နင် မမြင်ဘူးလား… အဲ့ဒါ သူ့ အစွမ်းအစတွေရဲ့ သရုပ်သကန်ပဲ.. ဒါကြောင့်မို့ သူ နင့်ကို လေးလေးနက်နက် မထားဖို့တာ ဆုတောင်းထားပေတော့… မဟုတ်လို့ကတော့ နင် ဆေးနယ်ပယ်မှာ ဆက်ပြီး အလုပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး…”
“ နားလည်ပြီ နားလည်ပြီ…”
ချီဝန်ကွမ်း ဖုန်းကို တုန်လှုပ်မှု အပြည့်ဖြင့် ပြန်ချလိုက်၏။ ရင်ထဲတွင်တော့ ကောင်းကင်ကြီး ပြိုလဲနေသည့် သယောင် ခံစားနေရသည်။
*********
ပွဲကျင်းပသည့် နေရာကနေ ထွက်လာခဲ့ပြီးနောက် လင်းရီနှင့် လီချူးဟန်တို့သည် ဒါရိုက်တာ မြောင်ကော်ဖုန်း၏ ရုံးခန်းသို့ ရောက်လာခဲ့ကြ၏။
လင်းရီ ဝင်လာသည်ကို မြင်တော့ မြောင်ကော်ဖုန်း မပြောပလောက်စွာ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူ အပြုံးလေးဖြင့် လင်းရီတို့ နှစ်ဦးကို ဆိုဖာပေါ် ထိုင်ရန် လက်ပြလိုက်လေသည်။
“ မင်းတောင် ဒီမလာဖြစ်တာ အတော်ကြာပြီနော် မစ္စတာလင်း…”
“ ကျွန်တော်လည်း ဒီခုတလော အလုပ်တွေ အရမ်းရှုပ်နေလို့လေ.. ကိစ္စလည်း ရှိတာနဲ့ ဒီကို တစ်ချက် လာကြည့်လိုက်တာ…”
“ ဒါရိုက်တာလင်း… ကျုပ် ကူညီနိုင်တာ ရှိရင် သေချာပေါက် ကူညီပေးမှာပေါ့…. ပြောသာပြောလိုက်…” မြောင်ကော်ဖုန်း အသင့်ဖြစ်စွာ ပြောလိုက်၏။
“ ကျွန်တော် အခု တုံးစန်း ကောင်တီက နွမ်းပါးမှု တိုက်ဖျက်ရေး ဌာနမှာ လှုပ်ရှားနေတာ… ဒါပေမယ့် အဲ့က ကျန်းမာရေး ကဏ္ဍက အခြေအနေ တော်တော် ဆိုးဝါးတယ်… ဒါကြောင့်မို့ အရည်အချင်းကောင်းမွန်တဲ့ ဆရာဝန်တွေကို စုစည်းပြီး အဲ့ဒီဘက်က ဆရာဝန်တွေကို အရည်အချင်း မြင့်တင်ပေးဖို့ ခရီးလေး တစ်ခု စီစဉ်ချင်တယ်… ဒါရိုက်တာမြောင်.. ခင်များ ကျွန်တော့်ကို ကူညီပေးမယ်မလား…”
“ ဒါ ကောင်းတဲ့ ကိစ္စပဲလေ.. ကျုပ်တို့ သေချာပေါက် ကူညီပေးရမှာပေါ့…” မြောင်ကော်ဖုန်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ လင်းရီက သူ့ထံ အကူအညီ လာတောင်းနေခြင်းပင်။ ဤသည်က တစ်သက်မှာ တစ်ခါမျှသာ ရရှိနိုင်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ခု ဖြစ်၏။
ထို့ကြောင့် ဘာတွေပဲ ဖြစ်လာပါစေ သူ ဤကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်ပေးဖို့ စိတ်ဆုံးဖြတ်ထား၏။
“ ဒါရိုက်တာလင်းမှာ တခြားစဉ်းစားထားတာတွေ ရှိရင်လည်း ပြောလေ… အဲ့တာမှ ကျုပ်စီစဉ်ပေးလို့ ရမှာပေါ့…”
“ ထွေထူးတော့ မရှိပါဘူး… အဲ့ဘက်က ဆရာဝန်တွေရဲ့ ဆေးပညာ အရည်အချင်းကို မြင့်တင်ပေးနိုင်သရွေ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်လည်း ပြီးမြောက်သွားလိမ့်မယ်… တကယ်လို့ ဆေးရုံက ဒါရိုက်တာ ဒါမှမဟုတ် ဧည့်ပါမောက္ခတွေ လိုက်ပါလာနိုင်ရင်တော့ ပိုကောင်းတာပေါ့…”
“ ဒါ အသေးအမွှားလေးပါ.. ဒါရိုက်တာလင်း စိတ်ချထားလိုက်… ကျုပ် သေချာလေး ကိုင်တွယ်လိုက်မယ်…”
“ ကျေးဇူးတင်ပါတယ် ဒါရိုက်တာမြောင်.. ဒါပေမယ့် ကျွန်တော့်ကို ကူညီပေးတယ်ဆိုပေမယ့် ဒီက တာဝန်ဝတ္တရားတွေကိုလည်း မပျက်ကွက်စေနဲ့ဦးနော်…”
“ အဲ့ကိစ္စ မပူပါနဲ့… ကျုပ် သေချာကြည့်ပြီး စီစဉ်လို့ရပါတယ်…”
လင်းရီ ခေါင်းညိမ့်ပြီး မြောင်ကော်ဖုန်းနှင့် ခေတ္တကြာ စကားဆက်ပြောလိုက်၏။ ထို့နောက် လီချူးဟန်နှင့်အတူ ပြန်ထွက်လာသည်။
နှစ်ယောက်လုံး ထွက်ခွာသွားပြီးနောက် မြောင်ကော်ဖုန်းသည် သူ့ဖုန်းကို ကောက်ကိုင်၍ ဟွာရှရှိ ထိပ်တန်း ဆေးရုံကြီးများ၏ ဒါရိုက်တာများထံ ဖုန်းခေါ်လိုက်သည်။ ပြည်ထောင်စု ကောလိပ် ဆေးရုံ၊ ဟွာရှီ ဆေးရုံ၊ ရှန်းယား ဆေးရုံ … စသဖြင့် နာမည်ကြီး ဆေးရုံများရှိ ရင်းနှီးသူများနှင့် ဖုန်းပြော၍ လင်းရီကို အကောင်းဆုံး ကူညီပေးရန် ပြင်ဆင်လိုက်တော့သည်။